အခန်း ၁၀၈၄
Vol. 73 Ch. 1084
အပိုင်း ( 1084 ) မြင့်မြတ်အိမ်တော် နန်းတော်အတွင်းမှ တိုက်ပွဲ။
ကျိမိသားစု၊ ဟန်ချင်းတောင်၊ နတ်ဆိုးတောင်နှင့် ထျန်းရှအကယ်ဒမီတို့အတွက်မူ၊ တံဆိပ်ပြားက ၎င်းတို့အတွက်ပင် မလုံလောက်သောကြောင့် ရောင်းချကြမည် မဟုတ်ပေ။
လုမင်၊ ရဟန်းနှင့် တိရှန်တို့သာ အတိုင်းအတာတစ်ခုအထိ ရရှိခဲ့ကြသည်။
"အစ်ကိုလု…"
စန္ဒကူးနတ်သမီးက လုမင်ကို ကြည့်လိုက်သည်။
"ငါ့ရဲ့ ဝင်ခွင့်က ထျန်းရှအကယ်ဒမီနဲ့ ဆေးဘုရင်တောင်ကြားကို ပေးပါမယ်"
လုမင်က ပြုံးသည်။
ဆေးဘုရင်တောင်ကြားနှင့် ထျန်းရှအကယ်ဒမီမှ လူများလည်း ဝမ်းသာသွား၏။ ယခု သူတို့တွင် နောက်ထပ် ဝင်ခွင့်သုံးခု ရှိလာပြီ။
အဆုံးတွင် တိရှန်က နေရာသုံးခုကို ရောင်းချခဲ့သည်။ မသမာသော ရဟန်းကလည်း အားလုံးကို ပြုံးပြလိုက်၏။ နောက်ဆုံးတွင် သူက ကြီးမားသော အမြတ်များဖြင့် ထိုဝင်ခွင့်သုံးခုကို ရောင်းချခဲ့သည်။
ဤနည်းဖြင့် ရန်ပိုထျန်း၏ ဝင်ခွင့်သုံးခုမှလွဲ၍ စုစုပေါင်း သုံးဆယ့်သုံးယောက်အထိ ဝင်နိုင်ခဲ့ပေသည်။
"ဝမ်"
ထိုအချိန်တွင် ဧရာမတောင်ကြီး၏ အလင်းများက အလွန်တောက်ပပြီး အလင်းတန်းကြီး တစ်ခုကဲ့သို့ ကောင်းကင်ကို ပစ်လွှတ်လိုက်သည်။
အလင်းများက ကောင်းကင်ယံမှ နန်းတော်ကြီးကို ထိမှန်ကာ တုန်ဟီးသံများ မြည်လာခဲ့၏။
"ဝုန်း"
နန်းတော်ကြီးက တဖြည်းဖြည်း ပေါ်လာတော့သည်။ အစပိုင်းတွင် အစစ်အမှန်ကဲ့သို့ ပုံရိပ်ယောင်တစ်ခုနှယ် ဖြစ်နေသော်လည်း တဖြည်းဖြည်းနှင့် အစစ်အမှန်ဖြစ်လာခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် နန်းတော်သည် လုံးဝ အစစ်အမှန်ဖြစ်လာခဲ့၏။ ၎င်းက လေထဲတွင် လွင့်မျောနေသော မြို့ကြီးတစ်မြို့ကဲ့သို့ ရှေးကျသော ရောင်ဝါများ ပြည့်နှက်နေတော့သည်။
"ဝှစ်"
ရန်ပိုထျန်းက ပထမဆုံး ရွှေ့လျားခဲ့သည်။ သူသည် ဟင်းလင်းပြင်ကို ဖြတ်သွားသကဲ့သို့ ခန္ဓာကိုယ်ကိုယိမ်းနွဲ့ပြီး နန်းတော်ရှေ့တွင် ပေါ်လာခဲ့၏။ ထို့နောက်တွင်ကား သူဟာ အတွင်းသို့ ပြေးဝင်လိုက်တော့သည်။
"သွားရအောင်၊ ရန်ပိုထျန်း ငါတို့ကို ကျော်သွားလို့ မဖြစ်ဘူး"
ဝင်ခွင့်ရသော အခြားသူများက ရန်ပိုထျန်း ရိတ်သိမ်းသွားမည်ကိုစိုးရိမ်ကာ အော်ဟစ်ပြီး ရှေ့သို့ ပြေးသွားသည်။
မြင့်မြတ်အိမ်တော်တွင် ရတနာများ ရှိနေပါက ဦးစွာ ဝင်ရောက်သူမှာ သဘာဝအတိုင်း အကျိုးကျေးဇူးအများဆုံး ရရှိနိုင်လိမ့်မည်။
"ဝှစ် ဝှစ်"
အလင်းစက်ဝိုင်းများနှင့် ရာနှင့်ချီသော ပုံရိပ်များက နန်းတော်ဆီသို့ ပြေးသွားခဲ့ကြသည်။
လုမင်နှင့် အခြားသူများလည်း ထိုအထဲတွင် ပါဝင်သည်။
နန်းတော်ရှေ့တွင် တစ်ဝက်ပွင့်နေသော တံခါးတံခါးတစ်ခု ရှိ၏။ ရန်ပိုထျန်းက ပြေးဝင်သွားပြီးချိန်တွင် အခြားသူများလည်း အမြန်ပြေးသွားသည်။
မည်သို့မျှမဖြစ်ဘဲ လူ ဒါဇင်ချီကာ တံခါးပေါက်ထဲသို့ ပြေးဝင်သွားခဲ့ကြလေသည်။
အခြားသူများမှာတော့ ခွဲတမ်းမရှိသောကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေခဲ့ကြသည်။
"ငါကတော့ ဒီလိုမထင်ဘူး၊ အထဲကိုဝင်ဖို့ တံဆိပ်ပြားတစ်ခု မလိုနိုင်ဘူးလေ။ ထျန်းရှအကယ်ဒမီက သတင်းကို တမင်တကာ ဖြန့်ထားတာလို့ ထင်တယ်"
တစ်စုံတစ်ယောက်က စူးရဲသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ထျန်းရှအကယ်ဒီမှာ လူဘယ်နှစ်ယောက် ဝင်ဖူးလို့ ဒီအကြောင်းတွေကို သိမှာလဲ။ အဲဒါက တကယ်မဟုတ်ဘူးလို့ ထင်တယ်"
တချို့ကလည်း ထောက်ခံ ပြောဆိုကြ၏။
"ငါမယုံဘူးကွ"
တစ်ချို့လူများဆိုလျှင် ကြာကြာမထိန်းနိုင်ဘဲ နန်းတော်ထဲသို့ ပြေးသွားပြီ ဖြစ်သည်။
သို့သော် ပျံသန်းသွားကြသသူတိုင်း သနားစဖွယ် အော်ဟစ်ကာ ခန္ဓာကိုယ်များ ပြာအဖြစ်သို့ ပေါက်ကွဲသွားရသည်။
အခြားသူများ အံသြသွား၏။
ဂလု။
ထျန်းရှအကယ်ဒမီ ပြောသည်ကို မယုံဘူးဟု ပြောကြသူအားလုံး နဖူးမှ ချွေးများ ဘူးသီးလုံးလောက် လိမ့်ဆင်းလာသည်။ သူတို့ မျက်နှာများလည်း လူသေကောင်ပမာ ဖြူဖျော့သွား၏။
သူတို့သာ ရှေ့ကို အလျင်စိလို ပြေးသွားပါက၊ ယခု သေရမည်မှာ သူတို့ ဖြစ်လိမ့်မည်။
………
လုမင်နှင့် အခြားသူများသည် ပြေးဝင်လာသည်နှင့် ကြီးမားသော စင်္ကြံတစ်ခုကို တွေ့လိုက်ရသည်။ စင်္ကြံသည် အလွန်ရှည်လျားပြီး ရှေ့ဘက်သို့ ဦးတည်ခဲ့၏။
"ဘယ်လောက်တောင် ပြင်းထန်တဲ့ဖိအားလဲ"
ဤနေရာသို့ ရောက်လာသည်နှင့် အားလုံး မြေပြင်ပေါ်ကို ဆင်းသက်လိုက်ရသည်။ ဤနေရာက တားမြစ်နယ်မြေဖြစ်ကာ ပျံသန်းခြင်းမှ တားမြစ်ထားသော ဖိအားကြီးတစ်ခု ရှိနေခဲ့၏။
ထို့အပြင်၊ မပျံသန်းနိုင်ရုံသာမကဘဲ ၎င်းတို့၏ ခန္ဓာကိုယ်အပေါ်မှ ဖိအားများကလည်း အလွန်ကြီးမားသောကြောင့် ၎င်းတို့မြန်နှုန်းကို အဆတစ်ရာကျော် လျော့ကျသွားစေခဲ့သည်။
"ဒါက ဆွဲငင်အားပဲ"
လုမင်က စူးစမ်းကြည့်ပြီးသောအခါ ဆွဲအားဖြစ်ကြောင်း သိလိုက်ရသည်။ ဤနေရာတွင် ဆွဲအားက အပြင်ဘက်ကထက် အဆတစ်ရာ ပိုကြီးမားပေသည်။
လူတိုင်းက စွမ်းအင်များကို ဖြန့်ကျက်ကာ ရှေ့သို့ လှမ်းတက်ခဲ့ကြသည်။
သို့သော်၊ ဆွဲငင်အားက ပြင်းထန်လွန်းသည်။ သူတို့၏ အမြန်နှုန်းက သာမန်လူတစ်ယောက်နှင့် မခြားပေ။ သူတို့၏ မူလအမြန်နှုန်းနှင့် ယှဉ်လျှင် အဆများစွာ ဝေးကွာလွန်းသည်။
ထို့ပြင် ဤစင်္ကြံက မိုင်တစ်ရာထက်မနည်း ရှည်လျားပုံရ၏။
သို့သော်လည်း သူတို့သည် ဤနေရာသို့ ဝင်လာပြီးကတည်းက သတ္တိရှိရှိ ရှေ့သို့သာ လှမ်းတက်နိုင်ခဲ့သည်။
တဖြည်းဖြည်းနှင့် သူတို့ကြားမှ အကွာအဝေးက တိုးလာသည်။
ရန်ပိုထျန်းက ရှေ့မှ လျှောက်သွားသည်။ ရှေ့သို့ လျှောက်လှမ်းနေစဉ်တွင် သူ့ခန္ဓာကိုယ်က အရောင်တောက်နေခဲ့၏။
ထိုပါ့ရှီ၏ ကြွက်သားများက ဖုထစ်လာကာ သားရဲတစ်ကောင်ကဲ့သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေ့ကို လှမ်းသွားသည်။
ထို့ပြင် လုမင်၏ အမြန်နှုန်းကလည်း ထိုပါ့ရှီပြီးလျှင် ဒုတိယလိုက်ပြီး အလွန်မြန်သည်။ မသမာသော ရဟန်းအတွက်မူ၊ သူ့ခန္ဓာကိုယ်ကို ရွှေရောင်အလင်းများ လွှမ်းခြုံနေပြီး လုမင်ဘေးမှ လျှောက်လာသည်။
သူတို့နှစ်ဦးက အနည်းငယ်ကြာမှ ဝင်လာသောကြောင့် ရန်ပိုထျန်းထက် အနည်းငယ် နောက်ကျခဲ့ပေသည်။
သူတို့နောက်တွင် ပိန်ပိန်ပါးပါး လူငယ်များ ရှိသည်။ ၎င်းတို့က သက်ဆိုင်ရာ အင်အားစုများ၏ ယခင်မျိုးဆက်များမှ အသန်မားဆုံးများ ဖြစ်ချေသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံက အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
အံ့သြစရာကောင်းတာကတော့ တိရှန်က ထိုလူများနှင့်အတူ လျှောက်နိုင်နေခြင်းပင်။ သူ့တွင် ဟင်းလင်းပြင်တာအို ရှိသောကြောင့်လည်း သူရင်ဆိုင်ရသော ဖိအားက အများကြီး လျော့နည်းသွားသည်။
စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းကဲ့သို့ ဒုတိယတန်းစား ပါရမီရှင်များကတော့ သူတို့နောက်မှ လိုက်ခဲ့ကြပေသည်။
လူတိုင်းက ရှေ့ကို ဆက်လျှောက်ခဲ့ကြ၏။ တဖြည်းဖြည်း၊ သူတို့သည် ဤနေရာရှိ ဆွဲငင်အားနှင့် ကျင့်သားရလာပြီး ၎င်းတို့၏ အမြန်နှုန်းကလည်း ပိုမြန်လာတော့သည်။
ဤခရီးက နှစ်ရက်ကြာခဲ့သည်။
ရန်ပိုထျန်းသည် စင်္ကြံလမ်းမှ ပထမဆုံး ပြေးထွက်သွား၏။
"ရပ်လိုက်စမ်း"
ထိုပါ့ရှီက အော်ဟစ်ပြီး ရန်ပိုထျန်း၏အနောက်မှ အနီးကပ် လိုက်သွားခဲ့သည်။ ထို့နောက်တွင် လုမင်နှင့် ရဟန်းတို့လည်း စင်္ကြံလမ်းမှ ထွက်လာခဲ့၏။
"ဝုန်း ဝုန်း"
စင်္ကြံမှ ထွက်လိုက်သည်နှင့် ပြင်းထန်သော ပေါက်ကွဲသံများကို ကြားလိုက်ရသည်။ စင်္ကြံလမ်းရှေ့တွင် ခန်းမကြီးတစ်ခုရှိ၏။ ထိုပါ့ရှီနှင့် ရန်ပိုထျန်းက ထိုနေရာတွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။
ဓားလှံနှင့်တင်းပုတ်တို့က အဆက်မပြတ် တိုက်မိကာ ဆူညံသံများ ပေါ်လာသည်။
ခန်းမနှစ်ဘက်တွင် စင်တန်းများ ရှိ၏။ စင်များပေါ်တွင် ကျောက်စိမ်းပုလင်းများ၊ ကျောက်စိမ်းသေတ္တာများနှင့် သေတ္တာအချို့ ရှိပေသည်။ သူတို့နှစ်ဦးက ဤအရာများအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ဤသည်မှာ သိုင်းအုပ်ချုပ်သူထက် သာလွန်သော တည်ရှိမှု၏ ဒဏ္ဍာရီလာ အထွတ်အမြတ်နေရာတစ်ခု ဖြစ်ပေသည်။ သို့ဖြစ်ပေရာ၊ အတွင်းမှာရှိသော အရာများက မည်မျှ အဖိုးတန်မည်နည်း။
မဆိုင်းမတွဘဲ လုမင်နှင့် မသမာသောရဟန်းက နှစ်ဖက်စလုံးရှိ စင်များဆီသို့ အပြေးအလွှား ပြေးသွားကြသည်။
"ထွက်သွား"
"မင်း သေချင်နေတာဘဲ"
ရန်ပိုထျန်းနှင့် ထိုပါ့ရှီလည်း အော်ဟစ်ကာ ၎င်းတို့နှစ်ဦးကို တိုက်ခိုက်လိုက်၏။
ထိုပါ့ရှီက ရဟန်းကို တိုက်ခိုက်သည်။ သူ့တင်းပုတ်ကို ဝှေ့ယမ်းလိုက်သည်နှင့် လေထုသည် ပြိုကျသွားရ၏။ ၎င်းက တောင်တစ်လုံးနှင့် ရဟန်းကို ကောက်ရိုက်လိုက်သကဲ့သို့ ဖြစ်သည်။
"ငါ့ဆံပင်၊ ငါ့ဗုဒ္ဓက သနားဂရုဏာကြီးပါတယ်"
မသမာသောရဟန်းက ဗုဒ္ဓအမည်ကို ရွတ်ဆိုလိုက်သည်။ သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းများ တောက်ပလာကာ ဗုဒ္ဓဝင်စားသူကဲ့သို့ ဖြစ်လာခဲ့သည်။ သူက ရွှေရောင်လက်ဝါးရိုက်ချက် ထုတ်ဖော်ကာ တင်းပုတ်ကို တားဆီးလိုက်၏။ နှစ်ယောက်သား စတင် တိုက်ခိုက်ကြတော့သည်။
တစ်ဖက်တွင် ရန်ပိုထျန်းက လုမင်အား တိုက်ခိုက်ခဲ့သည်။
ဓားလှံဖြင့် တိုက်ခိုက်လိုက်သည်တွင် ဟင်းလင်းပြင်က ပြတ်ကျသွား၏။ ၎င်းက ဟင်းလင်းပြင်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ဓားလှံကိုရစ်ပတ်ကာ ပို၍ အားကောင်းလာစေတော့သည်။
လုမင်ကို တာအိုအရောင်ငါးမျိုးက ရစ်ပတ်ထားပြီး နဂါးခုနစ်ကောင်စွမ်းအား ပေါက်ကွဲခဲ့သည်။ တတိယသွေးမျိုးဆက်ကို ထုတ်ဖော်လိုက်ချိန်တွင် စွမ်းအင်အရိပ်အမြွက်များက သူ့ခန္ဓာထဲကို စီးဝင်လာသည်။ သူ့ဆံပင်များက သွေးနီရောင်ပြောင်းကာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေခဲ့၏။ သူ့လက်ထဲတွင် တတိယသွေးမျိုးဆက်မှ ဖန်တီးထားသော သွေးရောင်ဓားတစ်လက် ပေါ်လာကာ ဓားလှံကို ရင်ဆိုင်လိုက်တော့သည်။
လုမင်၏ တတိယသွေးမျိုးဆက်က သွေးတစ်စက် ဖြစ်သည်။ ထိုသွေးစက်သည် ဓား၊ လှံ၊ ဓားမြှောင် သို့မဟုတ် ဓားရှည်အဖြစ်သို့ ပြောင်းလဲနိုင်၏။ ၎င်းက မည်သည့်အရာမဆို ပြောင်းလဲသွားနိုင်သည်။
"ချွမ်"
လုမင်၏ သွေးနီရောင်ဓားက ရန်ပိုထျန်း၏ဓားလှံနှင့် တိုက်မိသွားခဲ့သည်။
"ထျန်"
ကြောက်မက်ဖွယ်ရာ တုန်ခါသံကို ကြားလိုက်ရသည်။ နှစ်ယောက်သား အနည်းငယ် ယိမ်းယိုင်သွားပြီးနောက် နောက်တစ်ကြိမ် တိုးဝင် တိုက်ခိုက်လိုက်၏။
"ဝုန်း ဝုန်း ဝုန်း"
ခန်းမကြီးထဲတွင် သူတို့လေးယောက်က အချင်းချင်း တိုက်ခိုက်နေပြီး မည်သူက အသာစီးရမလဲ မပြောနိုင်သေးပေ။
'အဆင့်နှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်'
ရန်ပိုထျန်း၏ ကျင့်ကြံခြင်းက ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီမှန်း လုမင် သဘောပေါက်လိုက်သည်၊၊ သို့သော် သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်း၏။
၎င်းက လုမင် တွေ့ဖူးသမျှတွင် အသန်မာဆုံးသော ကျွမ်းကျင်သူ ဖြစ်သည်။
သူတို့လေးယောက်က ပင်မခန်းမတွင် တိုက်ခိုက်ခဲ့ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဒါဇင်နှင့်ချီကာ တိုက်ကွက်များ ဖလှယ်ခဲ့၏။
မနီးမဝေးမှလည်း ခြေသံများ ပေါ်ထွက်လာခဲ့ပြီ။ အခြားသူများလည်း နီးလာပြီဖြစ်ကြောင်း ထင်ရှားသည်။