← Chapters

အခန်း ၁၀၈၅

Vol. 73 Ch. 1085

အခန်း ၁၀၈၅

Vol. 73 Ch. 1085

အပိုင်း ( 1085 ) ဧကရာဇ်ဝိညာဉ်လက်နက်များ။

သူတို့လေးယောက်၏ မျက်လုံးများက တောက်ပလာသည်။ တပြိုင်နက်တည်း၊ ၎င်းတို့ ပြိုင်ဘက်များကို စွန့်လွှတ်ကာ နှစ်ဖက်စလုံးရှိ စင်များဆီသို့ ပြေးသွားကြ၏။

အချိန်တိုအတွင်း ပြိုင်ဘက်များကို ဘာမျှမလုပ်နိုင်မှန်း သူတို့ ကောင်းစွာသိကြသည်။ အကယ်၍ ဆက်လက်တိုက်ခိုက်နေလျှင် လူများ ပိုမိုများပြားလာသည်နှင့် အခြေအနေများလည်း ပို၍ရှုပ်ထွေးလာလိမ့်မည်။ ထို့ကြောင့်ပင် သူတို့လေးယောက်က စင်ပေါ်ရှိ ရတနာများကို တပြိုင်နက်တည်း လုယူခဲ့ကြသည်။

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့ထံမှ အဖြူရောင်အလင်းများ ဖြာထွက်လာကာ ကျောက်စိမ်းပုလင်းများ၊ ကျောက်စိမ်းသေတ္တာများ၊ သတ္တုသေတ္တာများနှင့် စင်ပေါ်ရှိ အခြားအရာများကို ဖုံးလွှမ်းလိုက်၏။ သူတို့အားလုံးကို တောင်နှင့်မြစ် ပန်းချီကားထဲသို့ ထည့်သွင်းလိုက်တော့သည်။

ယခုချိန်တွင် ဘယ်လိုအရာများဖြစ်မလဲဟု တွေးတောနေရန် အချိန်မရှိ‌ပေ။ ၎င်းတို့ကို အရင်ယူထားရမည် ဖြစ်သည်။

လေးယောက်စလုံးက အရူးအမူး ရှာဖွေခဲ့ကြသည်။ အသက်ရှူချိန် အနည်းငယ်မျှသာကြာပြီး စင်ပေါ်ရှိ ပစ္စည်းအားလုံး ပြောင်ရှင်းသွား၏။

အထူးသဖြင့် မသမာသောရဟန်းသည် စင်တစ်ခုလုံးကိုပါ သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ယင်းက အားလုံးကို ဆွံ့အစေခဲ့၏။ သို့ရာတွင် လုမင်နှင့် အခြားသူများလည်း သူကဲ့သို့ စင်များကိုပါ သိမ်းယူလိုက်တော့သည်။

ထိုအချိန်တွင် စင်္ကြံထဲမှ နောက်ထပ်ရုပ်ပုံအချို့ ပြေးထွက်လာသည်။ နှစ်ဘက်စလုံးမှ ဗလာလွတ်နေသော ခန်းမကြီးကို ကြည့်ကာ အံ့ဩသွားကြ၏။

"ဝှစ် ဝှစ်"

ထိုအချိန်တွင် လုမင်နှင့် အခြားသူများက ခန်းမ၏ အနက်ရှိုင်းဆုံးအပိုင််းသို့ ပြေးသွားခဲ့ကြသည်။ ထိုနေရာတွင် တံခါးတစ်ခု ရှိသည်။

"လိုက်"

တိရှန် အပါအဝင် ကျန်လူများလည်း လုမင်နှင့် အခြားသူများနောက်မှ ပြေးလိုက်သွား၏။

တံခါးတွင်းကို အပြေးအလွှား ဝင်လာပြီးနောက် အခြားခန်းမတစ်ခုကို ရောက်ရှိလာကြသည်။ သို့သော်၊ ဤခန်းမက ပို၍ကြီးပြီး ဗလာအလွတ်ဖြစ်နေသည်။

ခန်းမ၏ တစ်ဖက်ခြမ်းတွင် တံခါးတစ်ပေါက်နှင့် အလင်းရောင်ဖျော့ဖျော့ ရှိလေသည်။

အားလုံး၏ မျက်လုံးများ အရောင်လက်သွားကာ အရှိန်ပြင်းပြင်းဖြင့် ပြေးသွားသည်။

၎င်းက ခန်းမတစ်ခုပင် ဖြစ်သေးသော်လည်း ထူးခြားစွာပင် ကျယ်ဝန်းသည်။ ခန်းမတွင်းမှ လေထဲတွင် အလင်းရောင်လေးခု လင်းလက်တောက်ပနေပေသည်။

၎င်းတို့က လေထဲတွင် လွင့်မျောနေသော လက်နက်လေးမျိုး ဖြစ်သည်။ ၎င်းတို့သည် အရောင်အမျိုးမျိုးရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေတော့သည်။

"ဒါတွေက... ဧကရာဇ် ဝိညာဉ်လက်နက်တွေပဲ"

ရန်ပိုထျန်းက အော်ဟစ်ကာ အလင်းရောင်တစ်ခုဆီသို့ ပြေးသွားသည်။

လုမင်၏ မျက်လုံးများလည်း တောက်ပလာသည်။ ဧကရာဇ် ဝိညာဉ်လက်နက်များမှာ ဝိညာဉ်လက်နက်များ၏ ဧကရာဇ် ဖြစ်သည်။ သိုင်းအုပ်ချုပ်သူများကဲ့သို့ပင် ၎င်းတို့က ဝိညာဉ်လက်နက်တို့၏ အထွတ်အထိပ်တွင် ရပ်တည်နေခဲ့ကြပေသည်။

ဧကရာဇ် ဝိညာဉ်လက်နက်များက အဆင့်ကိုး ဝိညာဉ်လက်နက်များ ဖြစ်သည်။ ၎င်းတို့က အလွန်အဖိုးတန်ကာ အချို့သော သိုင်းအုပ်ချုပ်သူများပင်လျှင် မပိုင်ဆိုင်နိုင်ပေ။ အကြောင်းမူ၊ ဧကရာဇ်လက်နက်များက သိုင်းအုပ်ချုပ်သူများကို တိုက်ခိုက်ရာတွင် ကူညီပေးနိုင်သော ပိုင်နက်နယ်မြေများ ရှိကြသောကြောင့်ပင် ဖြစ်သည်။

ယင်းက သိုင်းအုပ်ချုပ်သူများကိုပင် သွားရေတမြားမြား ကျစေခဲ့ပေသည်။

သူတို့လည်း ချက်ချင်းပင် ဧကရာဇ်ဝိညာဥ်လက်နက်များဆီသို့ ပြေးသွားကြသည်။

လုမင်က မီးတောက်နေသကဲ့သို့ အနီရောင် မျှော်စင်ငယ်လေးဆီ ပြေးသွားသည်။ မျှော်စင်က မီးကျောက်စိမ်းဖြင့် ပြုလုပ်ထားပုံရကာ အံ့ဖွယ်ကောင်းသော အပူလှိုင်းများ ထုတ်လွှတ်နေခဲ့သည်။

"ဧကရာဇ်လက်နက်‌တွေ"

သူတို့နောက်တွင် အခြား ကျွမ်းကျင်သူများလည်း ရောက်လာသည်။ ဧကရာဇ်ဝိညာဥ်လက်နက်များကို မြင်သောအခါတွင် သူတို့ မျက်လုံးများက ချက်ချင်းပင် နီရဲသွား၏။ ၎င်းတို့၏ မျက်လုံးများက လောဘများ ပြည့်နှက်ကာ ဧကရာဇ်လက်နက်များဆီသို့ ဦးတည်သွားတော့သည်။

သူတို့ထဲတွင် တချို့က လုမင်ကို လှမ်းရိုက်လိုက်သည်။

၎င်းတို့ထဲတွင် တစ်ဦးက အသက် လေးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်ပြီး အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံခြင်းအခြေခံ ရှိသည်။ နောက်တစ်ဦးကတော့ တိရှန်ပင်။

သို့ရာတွင် လုမင်က ခြေတစ်လှမ်း ပိုမြန်သည်။ သူက အလင်းစီးကြောင်းကဲ့သို့ မျှော်စင်လေးရှေ့တွင် ပေါ်လာကာ လှမ်းဆွဲလိုက်၏။ သို့သော်လည်း လုမင်က လှမ်းဆွဲလိုက်သောအခါ မျှော်စင်လေးမှ အလင်းစက်ဝိုင်းတစ်ခု ပေါ်လာတော့သည်။ လုမင်က ဖမ်းယူလိုက်သော်လည်း အရာမထင်ဘဲ ဖြစ်ခဲ့ရသည်။

"ကမ္ပည်းဝင်္ကပါ"

လုမင် မျက်ခုံးပင့်လိုက်၏။ ဤမျှော်စင်လေးကို ကမ္ပည်းဝင်္ကပါတစ်ခုက ကာကွယ်ထားသည်။ သို့သော်လည်း လုမင်သည် အချိန်တစ်ခုပေးသရွေ့ ၎င်းကို ချိုးဖျက်နိုင်မည်ဟု ခံစားခဲ့မိသည်။

"ဝုန်း"

လုမင်က လက်ဝါးကို လက်ဝါးစောင်းအဖြစ် ပြောင်းပြီး မျှော်စင်လေးကို ခုတ်လိုက်သည်။

"ဒုန်း"

အလင်းစက်ဝိုင်းက တုန်ခါသွား၏။ သို့သော်၊ ပိတ်ဆို့ထားဆဲပင်

ဤအခိုက်တွင် တိရှန်နှင့် တုပ်ခိုင်သောလူတို့ အနားရောက်လာသည်။

"ဧကရာဇ်ဝိဉာဉ်လက်နက်က ငါ့အတွက်"

ကြံ့ခိုင်သောလူက မျက်လုံးများ နီမြန်းလာကာ မျှော်စင်လေးကို တိုက်ခိုက်လိုက်သည်။

တိရှန်ကလည်း ဓားချက်ထုတ်ဖော်ကာ အလင်းစက်ဝိုင်းကို ခုတ်ချလိုက်၏။ သို့သော်၊ ပေါက်ကွဲသံနှစ်ခု ပေါ်လာပြီးနောက် အလင်းစက်ဝိုင်းက မပျက်မစီးရှိနေဆဲပင်။

"ထွက်သွား"

လုမင်က အေးစက်စက်ဖြင့် အော်လိုက်သည်။ သူက ကြံ့ခိုင်သောလူနှင့် တိရှန်ကို သွေးပုဆိန်ဖြင့် ခုတ်ချလိုက်၏။ နှစ်ယောက်စလုံး ထိတ်လန့်သွားကာ တပြိုင်နက်တည်း ခုခံရန် ကြိုးစားခဲ့သည်။

သွေးပုဆိန်က တောင်ကျရေကဲ့သို့ ကြီးမားသော အရှိန်ဖြင့် ထိုးဆင်းလာသည်။ ၎င်းက အရာအားလုံးကို ဖြိုခွင်းနိုင်သော သတ်ဖြတ်ခြင်း အသွင်ကို ဆောင်ယူခဲ့၏။ ပေါက်ကွဲသံနှင့်အတူ နှစ်ယောက်စလုံး အနောက်ဆုတ်သွားရတော့သည်။

"သတ်"

လုမင်က တိရှန်ကိုကြည့်ကာ တိုက်ခိုက်လိုက်သည်။

သူက ဤနေရာတွင် တိရှန်ကိုသတ်ရန် ကြံစည်ခဲ့၏။ တိရှန်က တိရီ၏ အသန်မာဆုံး မျိုးဆက်တစ်ဦး ဖြစ်သည်။ တိရှန်ကို သတ်လိုက်သမျှ ဧကရာဇ် နှလုံးသွေးယိုစီးလိမ့်မည်။

"ဝုန်း"

သွေးပုဆိန်က ကြီးမားသောအင်အားဖြင့် တိရှန်၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်သည်။

တိရှန်၏မျက်နှာက အလွန်လေးနက်သွားသည်။ သူ့ခန္ဓာကိုယ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် ရေလှိုင်းများကဲ့သို့ တုန်လာခဲ့၏။

"မဟာဟင်းလင်းပြင် ခုတ်ပိုင်းခြင်း"

တိရှန်က လေးလေးနက်နက် ပြောလိုက်သည်။ သူက ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခုတ်ပိုင်းလိုက်၏။ ဟင်းလင်းပြင်က တုန်ခါသွားကာ ကြောက်စရာကောင်းသော အက်ကြောင်းကြီးဖြင့် လုမင်ဆီသို့ ဖြတ်သွားတော့သည်။

ဤအက်ကြောင်းက ဟင်းလင်းပြင်ကို ဖြတ်တောက်နိုင်သည့် စွမ်းအားရှိပြီး အရာအားလုံးကို ပိုင်းဖြတ်နိုင်ပုံရသည်။

ဟုတ်ပေသည်၊ ထိုအက်ကြောင်းက ဆက်စပ်မှု ဖြစ်သည်။ လုမင်၏ လက်ထဲမှ သွေးပုဆိန်က သွေးဓားအဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။ ဓားအလင်း ဖြာထွက်လာသည်နှင့် မဟာဟင်းလင်းပြင် ခုတ်ပိုင်းခြင်း အပါအဝင် ဟင်းလင်းပြင်ကို ဖြတ်တောက်ပစ်လိုက်၏။

ဤသည်မှာ ပဉ္စဂံနည်းလမ်း သတ်ဖြတ်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းမှု ဖြစ်သည်။ မည်သည့်လက်နက်ကို အသုံးပြုသည်ဖြစ်စေ၊ ၎င်း၏စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်လိမ့်မည်။

အကြောင်းမှာ၊ ဤပဉ္စဂံနည်းလမ်းသတ်ဖြတ်ခြင်းက လှုပ်ရှားပုံများနှင့် မပတ်သက်ဘဲ စိတ်ဆန္ဒကို အဓိကထားသောကြောင့် ဖြစ်သည်။ စိတ်ဆန္ဒ ပြည့်ဝသည်နှင့် မည်သည့်လက်နက်ဖြင့်မဆို ၎င်း၏စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။

တိရှန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားကာ အလျင်အမြန် ဆုတ်သွားသည်။

"သတ်"

လုမင်၏ သွေးနီရောင်ဆံပင်များက လွင့်ပျံလာကာ သတ်ဖြတ်မှု အရှိန်အဝါများလည်း တိုးလာသည်။ သူက ရှေ့သို့လှမ်းကာ တိရှန်ကို တိုက်ခိုက်လိုက်၏။

တိရှန်က အကောင်းဆုံး ခုခံရန် ကြိုးစားခဲ့သော်လည်း သူနှင့် မယှဉ်နိုင်ပေ။ သွေးတစ်ပွက်အန်ပြီး သူ့မျက်နှာက သေလုမျောပါး ဖြူရော်သွားခဲ့သည်။

တိရှန်က အလွန်အားကောင်းသူဟု ဆိုရမည်။ သူက ဟင်းလင်းပြင်တာအို၊ ဓားတာအိုနှင့် ရွှေရောင်မီးလျှံတာအိုကို ပေါင်းစပ်ထားသည်။ အထူးသဖြင့် သူ၏ ဟင်းလင်းပြင်တာအိုသည် စတုတ္ထအဆင့်သို့ ရောက်ရှိပြီးနောက်၊ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်ကာ ကြောက်စရာကောင်းလာသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ဝူချန်ခုန်းထက်ပင် အားကောင်းခဲ့ပေသည်။

သို့သော်လည်း လုမင်နှင့် နှိုင်းယှဥ်ကြည့်လျှင် သူက အလှမ်းဝေးနေဆဲ ဖြစ်သည်။ သူက လုမင်၏ပြိုင်ဘက် မဖြစ်နိုင်ပါချေ။

လုမင်၏ မျက်လုံးများက အေးစက်နေကာ တိရှန်ကို ထပ်မံတိုက်ခိုက်လိုက်သည်။

တိရှန်လည်း တခဏခြေလှမ်းကို အသုံးပြုရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားသည်။

"ဝှစ် ဝှစ်"

လုမင်က သူ့လက်နှစ်ဖက်ဖြင့် တံဆိပ်တော်တံခါးကို ဖွဲ့စည်းလိုက်သည်။ တိရှန် မျက်နှာပျက်သွား၏။ လုမင်က ရွယ်ဖုန်းနှင့် အခြားသူများကိုလည်း ဤနည်းလမ်းနှင့် သတ်ဖြတ်ခဲ့သည်ကို သူ မြင်ဖူးထားသည်။

"ဟင်းလင်းပြင် ရှောင်တိမ်းခြင်း"

တိရှန်၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာကာ အော်လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်က ဝေဝါးလာခဲ့၏။ နောက်အခိုက်မှာတော့ ပေါက်ကွဲသံနှင့်အတူ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူ၏ ခန္ဓာကိုယ် အစစ်အမှန်ရ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ ဘယ်ကို ပြေးသွားခဲ့မှန်းတော့ မည်သူမျှ မသိကြတော့ပေ။

လုမင်က ခန်းမကြီးအပြင်ဘက်မှ ကာကွယ်ရေးစည်းကို ကြည့်လိုက်သည်။ မကြာမီ၊ တိရှန်းက ခန်းမအပြင်ဘက်တွင် အမှန်တကယ် ပြန်ပေါ်လာခဲ့၏။

ဟင်းလင်းပြင်တာအိုက အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်သည်။

လုမင်၏ မျက်လုံးများက အေးစက်စက်အလင်းများ တောက်ပလာသော်လည်း ဆက်မလိုက်တော့ပေ။ နောင်တွင် တိရှန်ကိုသတ်ရန် အခွင့်အလမ်းအများကြီး ရှိဦးမည် ဖြစ်သည်။

"ထွက်သွား"

လုမင် ကြံ့ခိုင်သောလူဆီကို ပြန်ပြေးသွားခဲ့သည်။ ဤအခိုက်တွင် ထိုလူက မျှော်စင်လေးမှ ကမ္ပည်းကိုချိုးဖြတ်ရန် အကောင်းဆုံး ကြိုးစားနေခဲ့၏။

လုမင်က လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ထိုလူ သွေးအန်ပြီး လွင့်စဉ်သွားတော့သည်။ ၎င်းက လုမင်ကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်သည်။

တစ်ဖက်တွင် အခြား ကျွမ်းကျင်သူများက ရန်ပိုထျန်း၊ ထိုပါ့ရှီနှင့် မသမာသော ရဟန်းဆီသို့ ပြေးသွားသည်။

ရဟန်းနှင့် ထိုပါ့ရှီထံသို့ ပြေးဝင်သွားသော ကျွမ်းကျင်သူများသည် သွေးအန်ပြီး ဆုတ်သွားရ၏။ ရန်ပိုထျန်းဆီသို့ ပြေးသွားသော ကျွမ်းကျင်သူများကတော့ ကံပိုဆိုးကြသည်။ ၎င်းတို့က ရန်ပိုထျန်း၏ ဟင်းလင်းပြင်တာအို၌ ပိတ်မိသွားကာ တိုက်ရိုက် သေဆုံးသွားတော့သည်။

ယနေ့တွင် ရန်ပိုထျန်းက စိတ်ကောင်းဝင်မနေပေ။

မူလက သူသည် ဗဟိုတိုက်ကြီးတွင် မြင့်မားသော အနေအထားနှင့် အရှိန်အဝါကြီးမားသည်။ ဘုရင်ငယ်‌ငါးပါးမှ အခြားလေးဦးအပြင် မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။

သို့သော်လည်း မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်‌မြေသို့ ဤခရီးစဉ်တွင် ပထမဆုံး ထိုပါ့ရှီ ပေါ်လာသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ရန်ပိုထျန်းထက် အားမနည်းဘဲ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့၏။

နောက်ပိုင်းတွင် လုမင်နှင့် မသမာသောရဟန်းတို့ တစ်ယောက်ပြီးတစ်ယောက် ထပ်မံပေါ်လာသည်။ သူတို့က ရန်ပိုထျန်းထက် အားမနည်းသော အံ့ဖွယ် တိုက်ခိုက်နိုင်စွမ်းများကို ပြသခဲ့၏။ ထို့အပြင် ရန်ပိုထျန်းအနေဖြင့် သူတို့ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ဤအရာက သူ့ကို လွန်စွာ မကျေမနပ်ဖြစ်ပြီး စိတ်ဆိုးစေခဲ့သည်။

လုမင်ကတော့ ၎င်းကို တစ်ချက်သာကြည့်ပြီး မျှော်စင်လေးကိုသာ ဆက်လက် တိုက်ခိုက်လိုက်တော့သည်။

All Chapters