အခန်း ၁၀၈၆
Vol. 73 Ch. 1086
အပိုင်း ( 1086 ) အထိတ်တလန့် ဖြစ်ကြခြင်း။
အခြား ကျွမ်းကျင်သူများ၏ အမူအရာများမှာ အကြည့်ရဆိုးသွားသည်။ သို့သော်လည်း မည်သူမျှ ရှေ့သို့ မတိုးဝံ့တော့ပေ။ လုမင်နှင့် အခြားသုံးယောက်၏ တိုက်ခိုက်နိုင်စွမ်းက သန်မာလွန်းလှသည်။ သူတို့ လှုပ်ရှားဝံ့ပါက သေဆုံးရမည်မှာ အသိသာကြီးပင်။
ခဏချင်းတော့ လုမင်နှင့် အခြားသူများကို မတိုက်ခိုက်ဝံ့တော့ပါ။
သို့သော်လည်း သူတို့၏ မျက်လုံးများက အလင်းရောင် လင်းလက်လာပြီးနောက် လုမင်တို့ လေးဦးကိုကျော်ကာ အတွင်းသို့ ပြေးဝင်သွားကြသည်။ အတွင်းပိုင်းသို့ ဦးတည်သော တံခါးတစ်ခု ရှေ့တွင် ရှိသေးသည်။
"ဝုန်း ဝုန်း ဝုန်း"
လုမင်က အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ သူ၏ တတိယသွေးမျိုးဆက်က ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွား၏။ သူက မျှော်စင်လေးကို ကာကွယ်ထားသော အလင်းစက်ဝိုင်းအား ခုတ်ပိုင်းလိုက်တော့သည်။
ဒါဇင်နှင့်ချီကာ တိုက်ခိုက်ပြီးနောက် အလင်းစက်ဝိုင်းဟာ နောက်ဆုံးတွင် ကျိုးပေါက်သွားခဲ့သည်။
လုမင်လည်း ဝမ်းသာအားရဖြင့် မျှော်စင်လေးကို သိမ်းပိုက်လိုက်လေသည်။
"ပူလှချေလားဟ"
ရုတ်တရက်၊ လုမင်ဟာ သူ့လက်ဝါးက လောင်ကျွမ်းပြီး ညှော်နံ့များ ထွက်လာသကဲ့သို့ ခံစားလိုက်ရ၏။
လုမင်လည်း မျှော်စင်လေးကို တောင်နှင့်မြစ် ပန်းချီကားထဲသို့ အမြန်ထည့်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ရန်ပိုထျန်းနှင် အခြားသူများကလည်း ဝင်္ကပါများကို ဖြိုဖျက်ကာ ရတနာများ ရယူခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့လေးယောက်က အတွင်းကို ပြေးဝင်လာ၏။ အတွင်းပိုင်းတွင် နောက်ထပ် ခန်းမတစ်ခု ရှိနေသည်။
"ဝုန်း"
ခန်းမထဲကို ဝင်လိုက်သည်နှင့် ကျွမ်းကျင်သူအများအပြားက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။
ခန်းမကြီး၏ လေထဲမှာတော့ လွင့်မျောနေသော အရာတစ်ခုသာ ရှိ၏။ ၎င်းက ကြည်လင်တောက်ပပြီး အဆုံးမဲ့ ဖိအားများကို ထုတ်လွှတ်နေသော ကျောက်စိမ်းပြားတစ်ခု ဖြစ်သည်။ ဤဖိအားက တုန်လှုပ်စရာကောင်းလွန်းကာ အရာအားလုံးကို ကျော်လွန်သွား၏။ ယင်းက မိုးနှင့်မြေ၏ သင်္ကေတတစ်ခုလိုကဲ့သို့ပင်။ ၎င်းမှာ ယခင် ဧကရာဇ်လက်နက်များထက် အဆများစွာ ပို၍ ကြောက်စရာကောင်းခဲ့သည်။
'ဒါက ဘယ်လိုရတနာမျိုးလဲဟ… အံ့သြစရာပဲ'
လုမင် အနည်းငယ် အံ့အားသင့်သွားသည်။
ရန်ပိုထျန်းနှင့် အခြားသူများလည်း မျက်လုံး အရောင်လက်သွား၏။ ထို့နောက်မှာတော့ သူတို့၏ မျက်လုံးများက တောက်လောင်နေသော မီးတောက်များဖြင့် တောက်ပလာတော့သည်။
၎င်း၏ အသွင်အပြင်ဖြင့် အကဲဖြတ်လျှင်ပင် ဧကရာဇ်ဝိညာဥ်လက်နက်ကို လုံးဝ သာလွန်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းက သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ကျော်လွန်သွားသော တန်ခိုးရှင်တစ်ဦး အသုံးပြုခဲ့သည့် လက်နက်တစ်ခု ဖြစ်နိုင်သည်။ ထျန်းရှအကယ်ဒမီက မှားယွင်းပုံမရပေ။ ဤသည်မှာ အမှန်ပင် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို သာလွန်ခဲ့သော တန်ခိုးရှင်ကြီး၏ နေအိမ်ဖြစ်သည်။
သိုင်းအုပ်ချုပ်သူနယ်ပယ်ကို သာလွန်နေသူ တန်ခိုးရှင်ကြီး အသုံးပြုခဲ့သည့် ဝိညာဉ်လက်နက်က မည်မျှ ကြောက်စရာကောင်းမည်နည်း။
"ဝှစ် ဝှစ်"
တစ်ချိန်တည်းမှာပင် သူတို့လေးယောက်စလုံး ကျောက်စိမ်းပြားဆီသို့ ပြေးသွားသည်။
"ထွက်သွား"
"သတ်"
သူတို့၏ တိုက်ခိုက်မှုများက အသန်မာဆုံး ကျွမ်းကျင်သူများကို ရည်ရွယ်သည်။ ကျွမ်းကျင်သူအားလုံး မျက်နှာပျက်သွားကြ၏။ ၎င်းတို့က တိုက်ခိုက်မှုများကို အမြန် တားဆီးလိုက်သည့်တိုင် ဒဏ်ရာများဖြင့် ပြန်လည်ဆုတ်ခွာသွားရတော့သည်။
"ချီးပဲ"
ထိုလူများအားလုံး ဒေါသတကြီးဖြစ်ကာ မှုန်ကုပ်ကုပ်ဖြစ်သွားကြသော်လည်း ဘာမျှ မတတ်နိုင်ခဲ့ပေ။
သူတို့ အမှန်တကယ် အကူအညီမဲ့ခဲ့ကြသည်။ ၎င်းတို့အားလုံးသည် ယခင်မျိုးဆက်များမှ ကျွမ်းကျင်သူများ ဖြစ်၏။ သူတို့ခေတ်တုန်းက သူတို့အားလုံးဟာ ထိပ်သီး တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့က မြင့်မားသော အနေအထားတွင် ရပ်တည်ကာ မျိုးဆက်တူ ပါရမီရှင်များကို နှိမ့်ချရှုမြင်ခဲ့ပေသည်။ သို့သော်လည်း ဆယ်စုနှစ်အနည်းငယ် ကြာမြင့်ပြီးနောက် လက်ရှိမျိုးဆက်၏ ရွှေရောင်ခေတ်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ ပါရမီရှင်တစ်ဦးစီက ၎င်းတို့ထက် အဆပေါင်းများစွာ ထက်မြက်၏။ ယခုလည်း မျိုးဆက်သစ်လူငယ်များမှ ပါရမီရှင်များဟာ ၎င်းတို့အား ကြိမ်းမောင်း နှိပ်ကွပ်နေကြပြီ ဖြစ်သည်။ ဤအရာက သူတို့ကို စိတ်ပျက်အားငယ်သော ခံစားချက်မျိုး မွေးဖွားလာစေခဲ့လေသည်။
"ဒီရတနာက ငါ့ဥစ္စာပဲ"
ရန်ပိုထျန်း၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပလာသည်။
"ရယ်စရာကောင်းလိုက်တာ၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်လဲ"
ထိုပါ့ရှီက ရန်ပိုထျန်းကို မျက်နှာသာမပေးဘဲ အေးစက်စက်ဖြင့် ငေါက်လိုက်၏။
"အမိတ္တဘ၊ ဒီရတနာက ဒီနိမ့်ကျတဲ့ရဟန်းနဲ့ အတူရှိဖို့ ကံကြမ္မာရှိမယ် ထင်ပါတယ်။ လူတိုင်းပဲ ဒီရဟန်းနဲ့ မတိုက်ခိုက်ကြပါနဲ့"
မသမာသော ရဟန်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ သို့ရာတွင် အရောင်တလက်လက်တောက်နေသော မျက်လုံးများက သူ့ကို သစ္စာဖောက်နေခဲ့ပေသည်။
လုမင်ကတော့ သူတို့နှင့် အပိုစကားပြောရန် ပျင်းလွန်းသဖြင့် ကျောက်စိမ်းပြားဆီသို့ ပြေးသွားခဲ့သည်။
"ဝုန်း"
လုမင်ကို ရွှေရောင်လက်ဝါးပုံရိပ်တစ်ခုက လွှမ်းမိုးလာသည်။
ယင်းက မသမာသော ရဟန်းဖြစ်ချေသည်။
"ဒကာတော်၊ ဒီရတနာလေးက ဒီရဟန်းနဲ့ အတူရှိဖို့ ကံကြမ္မာရှိတာပါ၊ ဘာဖြစ်လို့ ဒီရဟန်းနဲ့ တိုက်ခိုက်ချင်နေရတာလဲ"
မသမာသောရဟန်းက ပြောလိုက်သည်။
"မင်းကြီးဒေါ်နဲ့ ကံကြမ္မာပါလိုက်၊ ရဟန်းစုတ်... ထွက်သွား"
လုမင်က ရွှေရောင်လက်ဝါးကို ဓားဖြင့် ခုတ်ချလိုက်၏။
"ဒကာတော်၊ စိတ်မဆိုးရဘူးလေ"
ရဟန်းက အော်လိုက်သည်။ သူက ကြောက်မက်ဖွယ် အင်အားမျိုးနှင့် ရွှေရောင်လက်ဝါးရိုက်ချက်များကို ထုတ်ဖော်လိုက်၏။ ရဟန်း၏ ခန္ဓာကိုယ်မှာလည်း ဗုဒ္ဓတစ်ပါးကဲ့သို့ ရွှေရောင်အလင်းများ တောက်ပနေတော့သည်။
"ရဟန်းယုတ်၊ ငါ့ရှေ့မှာ ဟန်ဆောင်တာကို ရပ်လိုက်စမ်း။ အရင်က မင်းဟာ တိုက်ပွဲကြီးတစ်ခုဖြစ်အောင် မြင့်မြတ်အိမ်တော် တံဆိပ်ပြားအတုကို အသုံးပြုခဲ့တယ်။ မင်းလုပ်ခဲ့တာတွေကို တခြားသူတွေ မသိဘူးလို့ မထင်လိုက်နဲ့"
လုမင်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
ဤစကားများ ပေါ်လာသည်နှင့် ရဟန်း၏မျက်နှာမှာ ချက်ချင်း အေးခဲသွား၏။
တိုက်ခိုက်နေသော ရန်ပိုထျန်းနှင့် ထိုပါ့ရှီလည်း ရပ်လိုက်ကြကာ မသမာသောရဟန်းကို အေးစက်စက်ဖြင့် ကြည့်လိုက်ကြတော့သည်။
"ဒါဆို မင်းက ပြဿနာတွေကို အစပြုခဲ့သူပေါ့။ ရဟန်းစုတ်၊ သေစမ်း"
ရန်ပိုထျန်းက ဟိန်းဟောက်ပြီး မသမာသောရဟန်းကို တိုက်ခိုက်လိုက်သည်။
ထိုပါ့ရှီကလည်း သူ့တင်းပုတ်ကြီးကိုကိုင်ကာ မသမာသောရဟန်းကို တိုက်ခိုက်လိုက်၏။
သူတို့နှစ်ဦး၏ မသမာသောရဟန်းကို သတ်ဖြတ်လိုစိတ်က အလွန်မြင့်မားသည်။ သူတို့လို လူများက တစ်ပါးသူ လှည့်စားခြင်းကို မည်သို့ ခံနိုင်ကြမည်နည်း။ ထိုစဉ်ကတည်းက ဒေါသတကြီးဖြစ်ကာ နောက်ကွယ်မှလူကို သိနိုင်ရန် သူတို့ ကြိုးစားနေခဲ့သည်။
"အမိတ္တဘ၊ ဒကာတို့ နားလည်မှုလွဲနေပြီ"
မသမာသောရဟန်းက အော်ဟစ်ကာ သူ့ကိုယ်သူကာကွယ်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
ထိုအချိန်တွင် လုမင်က လှုပ်ရှားပြီး ကျောက်စိမ်းပြားဆီသို့ ခုန်ဝင်သွား၏။
"ဝမ်"
ရုတ်တရက် ကျောက်စိမ်းပြားက တုန်ခါပြီး ကြောက်စရာကောင်းသော ရောင်ဝါများကို ထုတ်လွှတ်လာတော့သည်။ လုမင်လည်း မိုးနှင့်မြေကို ဆန့်ကျင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာကာ လဲကျသွား၏။
"ဝမ်"
ကျောက်စိမ်းပြားက အနည်းငယ်တုန်ခါပြီး အမြင့်မြတ်ဆုံး အလင်းရောင်များကို ထုတ်လွှတ်လာခဲ့သည်။ မရေမတွက်နိုင်သော ကမ္ပည်းစာများက ခန်းမထဲတွင် ပေါ်လာကာ ကွင်းဆက် သံကြိုးများကဲ့သို့ ဖြစ်လာသည်။
မသမာသောရဟန်း၊ ရန်ပိုထျန်းနှင့် ထိုပါ့ရှီလည်း လှုပ်ရှားမှုများကို ရပ်ကာ အလန့်တကြား လှည့်ကြည့်လိုက်၏။
ရုတ်တရက် ပြောင်းလဲသွားသော အဖြစ်အပျက်ကြောင့် သူတို့လည်း အလွန်တုန်လှုပ်သွားတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
ထိုအချိန်တွင် လူတစ်စုက အပြေးအလွှား ဝင်လာသည်။ စန္ဒကူး နတ်သမီး၊ ခုန်းရှင်းနှင့် တိရှန်တို့ပင် ဖြစ်ပေသည်။
ထိုအချိန်တွင် နောက်ကွယ်မှလူများအားလုံး ရောက်ရှိလာနေပြီ ဖြစ်သည်။ သူတို့လည်း ဤမြင်ကွင်းကို မြင်လိုက်ရတော့ အံ့သြထိတ်လန့်သွားကြသည်။
"ဝုန်း"
မြေပြင်ပေါ်တွင် ရေဝဲတစ်ခု ရုတ်တရက်ပေါ်လာ၏။ ရေဝဲက အနက်ရောင်ဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုနှင့် ဝါးမျိုခြင်း စွမ်းအားများကို ထုတ်လွှတ်လာတော့သည်။
"အား၊ မဟုတ်ဘူး၊ ငါ့ကို ကယ်ပါ!"
အားနည်းသော ကျင့်ကြံသူတချို့မှာ ရေဝဲကြီး စုပ်ယူခံရပြီး အော်သံတစ်ခုနှင့်အတူ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကြသည်။
"မကောင်းတော့ဘူး"
လုမင်နှင့် ကျန်သူများလည်း လေထဲမှပြေးထွက်သွားရန် ကြိုးစားလိုက်သည်။ သို့သော်... ဝါးမျိုခြင်းစွမ်းအားက အားကောင်းလွန်းကာ သူတို့ကို အောက်ဆွဲချသွားသည်။
"ကယ်ကြပါ"
ရင်ပီဖိုက အော်ဟစ်ကာ သူ၏ မူလခန္ဓာဖြစ်သော လင်းယုန်ငှက်ကြီးအဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူက အစွမ်းကုန်ခုခံရန် ကြိုးစားကာ တောင်ပံများကို တဖြန်းဖြန်းခတ်လိုက်၏။ သို့သော်လည်း အသုံးမဝင်သေးဘဲ ဆွဲချသွားတော့သည်။
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ သူ့ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ခုန်းရှင်းသည်လည်း ဆွဲယူခံလိုက်ရသည်။
စန္ဒကူးနတ်သမီးက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ ငွေရောင်အလင်းများနှင့်အတူ ဆေးလုံးများ ပျံထွက်လာပြီး အတောင်ကြီးတစ်စုံ ဖြစ်သွားခဲ့၏။ သူမက အတောင်ကိုခတ်၍ ပျံပြေးရန် ကြိုးစားသော်လည်း ဆွဲယူခံနေရဆဲပင်။
"ထွက်သွားစို့"
လုမင်က ဟိန်းဟောက်ကာ စန္ဒကူးနတ်သမီးဆီသို့ ပျံသန်းသွားသည်။ သူက သူမ၏ သွယ်လျသောခါးကို လက်တစ်ဖက်ဖြင့် ပွေ့ပြီး ခန်းမထဲမှ ဆွဲထုတ်ရန် ကြိုးစားလိုက်၏။ သို့သော် မဖြစ်နိုင်ခဲ့ပေ၊ ဝါးမျိုခြင်းစွမ်းအားက အားကောင်းလွန်း၍ လှုပ်ပင် မလှုပ်နိုင်ပါချေ။
"အစ်ကိုလု၊ ငါ့အတွက် စိတ်မပူပါနဲ့။ ကိုယ့်ဘာသာ ပြေးတော့"
စန္ဓကူးနတ်သမီးက လုမင်ကို တွန်းထုတ်ကာ ရေဝဲထဲသို့ နစ်မြုပ်သွားသည်။
ထိုအချိန်တွင် ရန်ပိုထျန်းနှင့် ကျန်လူများလည်း ခန်းမထဲမှ ထွက်သွားရန် အစွမ်းကုန် ကြိုးစားနေသည်။ သို့သော် အသုံးမဝင်ပါ။ ဝါးမျိုခြင်းစွမ်းအားက သန်မာလွန်း၍ ရုန်းမထွက်နိုင်ကြပေ။
လုမင်သည်လည်း အလားတူ အခြေအနေတွင် ရှိနေခဲ့သည်။ သူ့ခန္ဓာကိုယ်လည်း ရေဝဲထဲကို တဖြည်းဖြည်း မျောပါသွား၏။
"မဟုတ်ဘူး…"
လုမင်ဟာ အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပါမကျန် ဝါးမျိုခံလိုက်ရပြီ ဖြစ်ကြောင်း မြင်တွေ့ခဲ့ရသည်။ ယခုအခါ နောက်ဆုံးတွင်ကား၊ လုမင်၊ ရန်ပိုထျန်း၊ မသမာသောရဟန်းနှင့် ထိုပါ့ရှီတို့သာ ကျန်တော့သည်။
"ဝမ်"
ရုတ်တရက် ဝါးမျိုခြင်းစွမ်းအားက အဆပေါင်းများစွာ တဟုန်ထိုး တိုးတက်လာသည်။ လုမင်နှင့် အခြား သုံးဦးတို့လည်း ရေဝဲထဲကို ဝါးမျိုခံခဲ့ရ၏။
ကောင်းကင်ကြီး ချာချာလည်သွားကာ လုမင်၏ အမြင်အာရုံများ အမှောင်ကျသွားသည်။ ထို့နောက်မှာတော့ ဘာကိုမှ သူသတိမရတော့ပေ။