အခန်း ၁၀၈၇
Vol. 73 Ch. 1087
အပိုင်း ( 1087 ) ရှည်လျားသော အိပ်မက်၊ အိပ်မက်ထဲမှ အမျိုးသမီး။
လုမင်သည် ဘယ်နေရာကို လွင့်မျောနေမှန်း မသိသော်လည်း ထာဝရအမှောင်ထုထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားခဲ့ရသည်။ တဖြေးဖြေးနှင့် သူ့စိတ်က ပိုပိုပြီး ရှုပ်ထွေးလာခဲ့၏။ သူ၏ မှတ်ဉာဏ်အားလုံး ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်သည်။
အတိတ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက မှုန်ဝါးဝါးနှင့် တဖြည်းဖြည်း ပျောက်ကွယ်သွားသည့်နှယ်ပင်။
တဖြည်းဖြည်းနှင့် လုမင်သည် အရာအားလုံးကို မေ့လျော့လာသည်။
အချိန် မည်မျှကြာမြင့်သည်မသိ၊ လုမင် ရုတ်တရက် ထထိုင်လိုက်သည်။
ရုတ်တရက် ကုတင်တစ်ခုပေါ်တွင် ထိုင်နေမိသည်ကို တွေ့လိုက်ရ၏။
"ဒါက ဘယ်မှာလဲ၊ ငါ ဘာဖြစ်သွားတာလဲဟ။ အခုလေးတင် အိပ်မက်ရှည်ကြီးတစ်ခုကို မက်နေပုံပဲ"
လုမင်က စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် တံခါးပွင့်လာပြီး လှပသော မိန်းကလေးတစ်ဦး ဝင်လာသည်။ ထိုမိန်းကလေးက အသက်ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်ခန့်ရှိကာ အလွန်လှပ၏။ လုမင် နိုးလာသည်အား မြင်ရသောအခါ သူမက ဝမ်းသာအားရ ဖြစ်သွားဟန်ဖြင့် ချက်ချင်းပြုံးပြကာ ပြောလိုက်သည်။
"အစ်ကိုမင်၊ နောက်ဆုံးတော့ ရှင်နိုးလာပြီ။ ရှင် ကျွန်မကို တကယ် ကြောက်သွားစေခဲ့တာ"
"ယောက်အာရယ်…"
လုယောက်၏ စိုးရိမ်နေသော အမူအရာကိုကြည့်ကာ လုမင်၏ နှလုံးသားထဲတွင် နွေးထွေးသွားသည်။ ထို့နောက်တွင် သူက မေးလိုက်သည်။
"ယောက်အာ၊ ငါဘာဖြစ်သွားတာလဲ။ လွန်ခဲ့တဲ့ သုံးရက်လောက်က ငါ့ရဲ့သွေးမျိုးဆက်ကို နိုးထစေဖို့ သွားခဲ့တာကိုတော့ မှတ်မိတယ်။ အဲဒါပြီးနောက် ဘာဖြစ်သွားမှန်း မသိတော့ဘူး"
"အစ်ကိုမင်၊ လွန်ခဲ့တဲ့သုံးရက်က ရှင့်ရဲ့ သွေးမျိုးဆက်ကို နိုးထသွားစေဖို့ သွားခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်မှာ ရှင် ရုတ်တရက် မူးလဲသွားတယ်။ ရှင် သတိလစ်နေတာ သုံးရက်ရှိပြီလေ။ ဒီသုံးရက်အတွင်းမှာ အိပ်မက်ဆိုးတွေ မက်နေတာလို့တော့ ထင်တယ်။ တိရီလိုမျိုး ထူးထူးဆန်းဆန်း နာမည်တွေကိုလည်း အော်နေတာပဲ။ အစ်ကိုမင် အဆင်ပြေရဲ့လား"
လုယောက်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"ငါ အဆင်ပြေပါတယ်။ အဲဒါက အိပ်မက်ဆိုးတစ်ခုပဲ"
လုမင်က အနည်းငယ် ပြုံးလိုက်သည်။
အမှန်တကယ် သူ အိပ်မက်မက်ခဲ့သည်။ ယင်းက အလွန်ရှည်လျားသော အိပ်မက်တစ်ခုပင်။ သို့ရတွင် အကြောင်းတစ်ခုခုကြောင့် ထိုအိပ်မက်က သူ့စိတ်ထဲမှာ ပိုပိုပြီး မှုန်ဝါးလာသည်။ ယခုဆိုလျှင် သူ မမှတ်မိသလောက်ပင် ဖြစ်နေပြီ။
ထိုအိပ်မက်ထဲတွင် လုယောက်က သူ့ကို ထားသွားကြောင်း ယောင်ဝါးဝါးသာ ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် သူက ရတနာတစ်ခုကိုရရှိ၍ တန်ခိုးရှင်ကြီးဖြစ်လာစေရန် တိုက်ကြီးပေါ်၌ စွန့်စားခန်း ထွက်သွားခဲ့လေသည်။
ယခုအခါ ထိုအကြောင်းများက မရေရာသော အတွေးတစ်ခုအဖြစ်သာ ကျန်ခဲ့သည်။ သို့သော်လည်း ထိုအကြောင်းကို သူပိုတွေးလေလေ အိပ်မက်က ပို၍ မှုန်ဝါးလာလေလေပင်။
'ထူးဆန်းလိုက်တဲ့ အိပ်မက်ပဲ'
လုမင် သဘောကျစွာ ပြုံးလိုက်သည်။
သူက မကျင့်ကြံနိုင်သော ဖန်ဟိုမြို့မှ အသုံးမကျသည့် သခင်လေးတစ်ဦးမျှသာ ဖြစ်သည်။ ဤမျှ ထူးဆန်းသောအိပ်မက်ကို သူ ဘယ်လိုလုပ်ပြီး မြင်မက်နိုင်သနည်း။
"ယောက်အာ၊ ငါ့ရဲ့ သွေးမျိုးဆက် နိုးထမှုက မအောင်မြင်ခဲ့ဘူးလား"
လုမင်က မေးသည်။
"အစ်ကိုမင်…"
လုယောက်က တစ်ခုခုပြောချင်သော်လည်း ရပ်လိုက်သည်။
"ပြောပါ။ ငါအဆင်ပြေပါတယ်"
လုမင် ပြုံးလိုက်၏။
"အစ်ကိုမင်၊ အဲဒါက မအောင်မြင်ပေမယ့် အဆင်ပြေပါတယ်။ အစ်ကိုမင်ရဲ့ သွေးမျိုးဆက်ကို မနိုးထနိုင်ရင်တောင် ယောက်ရဲ့ နှလုံးသားထဲက အစ်ကိုရဲ့ နေရာကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ ကျွန်မအဖေက ရှင့်အမေနဲ့ တိုင်ပင်ပြီးပြီလေ၊ လဝက်လောက်ကြာရင် ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို ကျင်းပမယ်"
လုယောက်က မျက်လွှာချကာ ပြောလိုက်သည်။ ပြောပြီးသောအခါတွင် သူမက အနည်းငယ်ရှက်သွားပြီး မျက်နှာမှာလည်း အနည်းငယ်နီမြန်းသွား၏။
"မင်္ဂလာဆောင်ကို လဝက်အကြာမှာ ကျင်းပမှာလား"
လုမင် အနည်းငယ် တုန်လှုပ်သွားသည်။ ဤအခိုက်တွင်၊ ဘာကြောင့်မှန်းမသိဘဲ သူ့ရင်ထဲတွင် ဖော်မပြနိုင်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။ ဤပုံရိပ်က အလွန်မှုန်ဝါးနေပြီး မျက်နှာကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထိုပုံရိပ်က သူ့အိမ်မက်ထဲတွင် မြင်တွေ့ခဲ့ဘူးသော လူတစ်ယောက် ဖြစ်သည်။
ထိုလူက မိန်းမတစ်ယောက်။
လုမင်၏ နှလုံးသားထဲတွင် ခံစားချက်တစ်ခုက လှိုင်းထလာသည်။
ထိုပုံရိပ်က သူ့အတွက် လွန်စွာ အရေးကြီးပုံရ၏။
"သူမက ဘယ်သူလဲ၊ ငါ ဘာဖြစ်လို့ နာကျင်မှုကို ခံစားရတာလဲ။ ဒါက တကယ်ကော အိပ်မက်ဟုတ်ရဲ့လား"
လုမင်လည်း အံ့အားသင့်စွာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။
"အစ်ကိုမင် ဘာဖြစ်နေတာလဲ။ ယောက်အာကို ကြောက်အောင်မလုပ်ပါနဲ့"
လုယောက်က ထိတ်ထိတ်ပြာပြာဖြစ်သွားကာ ခပ်တိုးတိုးလေး အော်လိုက်သည်။
လုမင် သတိပြန်ဝင်လာခဲ့၏။ သူက ပြုံးကာ ပြောလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး၊ ငါ အဲဒီအိပ်မက်အကြောင်းကို ပြန်တွေးနေမိတာ"
"အစ်ကိုမင်၊ ဒါက အိပ်မက်တစ်ခုပဲလေ။ သိပ်ပြီးမစဉ်းစားပါနဲ့၊ ဆေးသောက်လိုက်ဦး"
လုမင်က ဆေးတစ်ခွက်ကိုယူကာ လုမင်အား တိုက်ကျွေးလိုက်သည်။
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ လူနှစ်ယောက် ဝင်လာသည်။
တစ်ယောက်က ရင့်ကျက်စွာ ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ လှပသော ဆယ်ကျော်သက် မိန်းကလေးတစ်ဦးပင်။
"အမေ၊ ချင်ယွဲ့"
လုမင်က ဆီးကြိုနှုတ်ဆက်လိုက်သည်။
"မင်အာ၊ ကောင်းကောင်းအနားယူထားပါ။ လဝက်ကြာရင် မင်း သတို့သားဖြစ်လိမ့်မယ်"
လီပင်းသည် အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
"ဟုတ်ပါတယ် သခင်လေး၊ ချင်ယွဲ့က ဂုဏ်ပြုပါတယ်"
ဘေးနားမှ ကောင်မလေးကလည်း ခပ်တိုးတိုးလေး ပြောလေသည်။
"ချင်ယွဲ့"
လုမင်က ချင်ယွဲ့ကို ကြည့်လိုက်သည်။ ထိုအိပ်မက်ထဲတွင် ချင်ယွဲ့က ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်လာပုံရ၏။ သို့သော်လည်း ခံစားချက်က ခံစားချက်တစ်ခုမျှသာ ဖြစ်ခဲ့သည်။ လုမင်ဟာ အိပ်မက်က အနည်းငယ် ပို၍ မှုန်ဝါးသွားသည်ဟု ခံစားလိုက်မိသည်။ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည်။
"မင်အာ၊ နိုးလာပြီဆိုရင် ကောင်းကောင်း အနားယူပါ။ သိပ်အများကြီး မစဉ်းစားနဲ့"
လီပင်းက ပြောလိုက်သည်။ ထို့နောက်တွင် ချင်ယွဲ့၊ လုယောင်တို့နှင့်အတူ အခန်းတွင်းမှ ပြန်ထွက်သွားတော့သည်။
"ဒီအိပ်မက်က အတော် ထူးဆန်းလွန်းတယ်။ အဲဒီပုံရိပ်က ဘယ်သူလဲ"
လုမင်လည်း ကြောင်တက်တက်ဖြင့် ကုတင်ပေါ်တွင် ပြန်လည် လဲလျောင်းလိုက်သည်။
အချိန်များက မြန်စွာ ကုန်လွန်သွားခဲ့သည်။ တစ်နေ့ထက်တစ်နေ့ လုမင်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့၏။
သူ့စိတ်ထဲမှ အိပ်မက်က ပို၍ မှုန်ဝါးလာခဲ့ပြီ။ မကြာမီ လုံးလုံးလျားလျား မေ့သွားလိမ့်မည်သု သူယုံကြည်ခဲ့သည်။
သို့သော်လည်း သူကိုယ်တိုင် ဘာကြောင့်မှန်း မသိပေ။ ထိုအိပ်မက်ကို တွေးလိုက်မိတိုင်း လုမင်၏ နှလုံးသားထဲမှ စူးစူးရှရှ နာကျင်မှုကို ခံစားရစေသည်။
"အဲဒီပုံရိပ်က ဘယ်သူလဲ။ ဘာဖြစ်လို့ ဒီလောက်ထိ လက်တွေ့ဆန်သလို ခံစားရတာလဲ"
လုမင်က ခပ်တိုးတိုးလေးပြောလိုက်သည်။ ထိုမိန်းမ၏ ပုံရိပ်က စိတ်ထဲမှ ဖျောက်ဖျက်ပစ်ရန် အမှန်တကယ် ခက်ခဲလှပေသည်။
လုမိသားစု၏ အိမ်နောက်ဖေးတွင် တသွင်သွင် စီးဆင်းနေသော စမ်းချောင်းငယ်တစ်ခု ရှိသည်။ စမ်းချောင်းဘေးတွင် မဏ္ဍပ်တစ်ခု ရှိ၏။ မဏ္ဍပ်ထဲတွင် လူငယ်တစ်ဦးနှင့် မိန်းမပျိုတစ်ဦးတို့ ပွေ့ဖက်ကာ ရှိနေခဲ့ကြသည်။
"အစ်ကိုမင်၊ မနက်ဖြန်ကျရင် ယောက်အာတို့ လက်ထပ်ရတော့မယ်။ ကျွန်မတို့ ဘယ်တော့မှ မခွဲခွာရတော့ဘူး"
လုယောက်က ခပ်တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ မျက်လုံးများက မျှော်လင့်ချက်နှင့် ရှက်စိတ်များ ပြည့်နှက်နေလေသည်။
လုမင်လည်း လုယောက်ကို ပွေ့ဖက်ရင်း သူ့စိတ်ထဲတွင် အလွန်အေးချမ်းသလို ခံစားခဲ့ရသည်။ တိုက်ခတ်နေသော လေပြေညှင်းကလည်း ပန်းပွင့်များ၏ မွှေးရနံ့ကို သယ်ဆောင်လာလေသည်။
'ဒါက...တကယ်ကောင်းတယ်'
လုမင်က ကောင်းကင်ကို မော့ကြည့်ကာ စဉ်းစားလိုက်သည်။
မလေ့ကျင့်နိုင်လျှင်ပင် ယခုကဲ့သို့ အေးချမ်းသောဘဝတွင် နေနိုင်လျှင် အင်မတန်ကောင်းမည် မဟုတ်ပါလား။
လုမင်သည်လည်း ထိုသို့သောဘဝမျိုးကိုသာ လိုချင်သည်။
ထိုအိပ်မက်ကတော့ နောက်ဆုံးတွင် အိပ်မက်တစ်ခုသာ၊ အိပ်မက်ဆိုမှတော့ လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားပါစေ။
ထိုပုံရိပ်တစ်ခုသာ ဖျောက်ဖျက်၍မရဘဲ ရံဖန်ရံခါ လုမင်၏ စိတ်ထဲတွင် ပြန်ပေါ်လာတတ်သည်။
"လုမင်... ထတော့"
ရုတ်တရက် အသံတစ်သံက လုမင်၏ နားထဲသို့ တိုးဝင်လာသည်။
လုမင် အံ့သြသွား၏။ သူ ခေါင်းကိုလှည့်၍ လှည့်ကြည့်လိုက်သော်လည်း မည်သူကိုမျှ မတွေ့ပေ။ လုယောက်ကလည်း ဘာမျှ မကြားသကဲ့သို့ သူ့ရင်ခွင်ထဲတွင် ရှိနေဆဲ ဖြစ်သည်။
"မင်း ဘာတွေကြည့်နေတာလဲ။ ငါဒီမှာကွ၊ စမ်းချောင်းထဲမှာ"
ထိုအသံသည် ထပ်၍ ထွက်ပေါ်လာပြန်သည်။ လုမင် အံ့အားသင့်သွားပြီး စမ်းချောင်းထဲကို အမြန်ကြည့်လိုက်၏။ စမ်းချောင်းထဲတွင် လိပ်ကလေးတစ်ကောင်က မျက်လုံးပြူးပြူးလေးဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။
"မင်း ငါ့ကို စကားပြောနေတာလား"
လုမင်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားကာ မယုံကြည်နိုင်မှုများ လှစ်ဟလာခဲ့သည်။
"မင်းဘာကြည့်တာလဲ၊ ငါမဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ"
လိပ်ကလေးက မာန်မဲလိုက်သည်။
"အစ်ကိုမင်... ဘာဖြစ်နေတာလဲ။ ရှင် ဘယ်သူနဲ့ စကားပြောနေတာလဲ"
လုယောက်က လုမင်ကို အံ့အားသင့်သွားဟန်ဖြင့် ကြည့်သည်။
လုမင်လည်း သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်၏။ သူက ပြုံးပြရင်းမှ ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူးကွာ၊ ယောက်အာ... မင်းအရင်ပြန်နှင့်ပါ။ မနက်ဖြန်ကျရင် ကိုယ် မင်းကို လာခေါ်မယ်"
"ကောင်းပါပြီရှင်၊ ကျွန် စောင့်နေမယ်"
လုယောက်လည်း ခေါင်းညိတ်ပြကာ လှည့်ထွက်သွားတော့သည်။
ထိုအခါမှ လုမင်က လိပ်လေးကို တစ်ဖန်ပြန်ကြည့်ကာ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
"လိပ်ကလေး၊ မဟုတ်သေးဘူး... ဒီလိပ်က တကယ်ကြီး စကားပြောလို့ရတယ်။ ဒါက ဒဏ္ဍာရီလာ ဘုရင်အဆင့် လိပ်တစ်ကောင်ပဲ ဖြစ်ရမယ်။ စီနီယာ... စီနီယာကို ဂျူနီယာလုမင်က ဂါရဝပြုပါတယ်"
လုမင်က လိပ်လေးကို ဦးညွှတ်လိုက်သည်။
သူသိသလောက်တော့ ဘုရင်အဆင့်ကိုရောက်သည့် ဒဏ္ဍာရီလာ နတ်ဆိုးသားရဲများသာ စကားပြောနိုင်သည်။
ယခုတော့ လုမိသားစု၏ အိမ်နောက်ဖေးတွင် ဘုရင်အဆင့် သားရဲတစ်ကောင် ရှိနေခဲ့၍ သူ ထိတ်လန့်သွားတော့သည်။
နေအင်ပါယာ တစ်ခုလုံးတွင်ပင် ဘုရင်အဆင့် သားရဲတစ်ကောင်မျှ ရှိမည်မဟုတ်ပေ။
"မင်းကြီးဒေါ်ကို ဘုရင်အဆင့်ပါလား။ ငါက ထိပ်တန်းစစ်သားရဲဆယ်ကောင်ရဲ့ ခေါင်းဆောင် ကမ္ဘာ့လိပ်ကွ။ ဘုရင်အဆင့်ဆိုတာ ငါ့ဖိနပ်ကို သယ်ဆောင်ထားဖို့တောင် မထိုက်တန်ဘူး ကောင်လေး။ လုမင်... မင်း ပုံရိပ်ယောင်တွေထဲမှာ နစ်မြုပ်နေပြီ။ မြန်မြန်ထစမ်း၊ မင်းတစ်သက်လုံးနေချင်လို့လား"
လိပ်ကလေးက အော်လိုက်သည်။