အခန်း ၁၀၈၈
Vol. 73 Ch. 1088
အပိုင်း ( 1088 ) သူတော်စင်နယ်ပယ် သူတော်စင်။
"ပုံရိပ်ယောင်နည်းလမ်း၊ ပုံရိပ်ယောင်လား။ မဖြစ်နိုင်ဘူး။ ကျုပ်က ကျုပ်ပဲ၊ ကျုပ်မှာ ဖြစ်ခဲ့သမျှကို ကျုပ်မှတ်မိတယ်။ ဒါက ဘယ်လိုလုပ်ပြီး ပုံရိပ်ယောင်တွေ ဖြစ်မှာလဲ။ စီနီယာ၊ ခင်ဗျား နောက်နေတာပဲ ဖြစ်မယ်"
လုမင် မျက်မှောင်ကြတ်လိုက်သည်။
"ငါက ဘာဖြစ်လို့ နောက်ပြောင်နေရမှာလဲ။ မင်းက လုမင်၊ လက်တွေ့ကမ္ဘာမှာ လုယောက်က မင်းရဲ့ သွေးမျိုးဆက်ကို လုယူသွားခဲ့တယ်။ အဲဒီနောက် အဓိပဓိကျိုးယန်ရဲ့ အကြွင်းအကျန်ဝိညာဉ်က အကူအညီကြောင့် မင်း နဝမနဂါး သွေးအနှစ်သာရနဲ့ ပေါင်းစပ်ပြီး နဝမနဂါးသွေးမျိုးဆက်ကို နိုးထလာခဲ့တာလေ။ မင်း မေ့သွားပြီလား"
လိပ်ကလေးက အော်လိုက်သည်။
"ဘာ၊ ယောက်အာက ကျုပ်ရဲ့ သွေးမျိုးဆက်ကို လုယူခဲ့တာလား။ မဖြစ်နိုင်ဘူးလား၊ အဲဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ခင်ဗျား မဟုတ်တာ မပြောနဲ့"
လုမင် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ သို့သော်လည်း လိပ်ကလေး၏ စကားကို ကြားပြီးနောက်တွင် သူ့အိပ်မက်က မှေးမှိန်လာရာမှ ပြန်လည် ရှင်းလင်းလာပုံရသည်။
"ပေါက်တတ်ကရ၊ နောက်ဆုံးမှာ မင်းတိုးတက်ပြီး ကမ္မတိုက်ပွဲမှာတောင် ပထမရခဲ့တာလေ။ အရှေ့ပိုင်းကန္တာရရဲ့ ထိပ်တန်း ပါရမီရှင်တစ်ထောင်စာရင်းမှာ နံပါတ်တစ် ဖြစ်လာခဲ့တာ။ နောက်ပြီးတော့ မင်းက ဖူရုပ်သေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်ပဲ။ အခုဆိုရင် ဖူရုပ်သေးဂိုဏ်းကို ဧကရာဇ်ရီက ဝိုင်းထားလို့ အန္တရာယ်ကျရောက်နေခဲ့ပြီ။ သူတို့ကို မင်းဂရုမစိုက်ဘူးလား"
လိပ်ကလေးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ သူ့ထံမှ စကားလုံးတိုင်းမှာ လုမင် ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွား၏။ သူ၏ မျက်လုံးများက ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်လာတော့သည်။
"ဖူရုပ်သေးဂိုဏ်း၊ ထိပ်တန်း ပါရမီရှင်တစ်ထောင် စာရင်း"
လုမင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ အိပ်မက်က ပေါ်လာတော့မည်ကဲ့သို့ ပိုမိုရှင်းလင်းလာသည်ကို သူခံစားမိ၏။
"ခင်... ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ။ ကျုပ် အရင်က မက်ခဲ့တဲ့ အိပ်မက်ထဲမှာ... ကျုပ်မှာလည်း လိပ်တစ်ကောင်လည်း ရှိခဲ့တယ်"
လုမင်၏ မျက်လုံးများက ပို၍ ရှုပ်ထွေးလာသည်။ အိပ်မက်က တဖြည်းဖြည်း ပေါ်လွင်လာသည်နှင့်အမျှ... အိပ်မက်နှင့် လက်တွေ့ကြားတွင် သူ့ ဦးခေါင်းက ချာချာလည်လာသည်။ ယခုအချိန်တွင် မည်သည့်အရာက အစစ်အမှန်ဖြစ်ကြောင်း သူ မသိတော့ပေ။
အရာအားလုံးက အိပ်မက်တစ်ခုသာ ဖြစ်ကောင်းဖြစ်နေနိုင်သည်။
လိပ်ကလေးက အချိန်အတော်ကြာအောင် တုံ့ဆိုင်းသွားနေဟန် ရသည်။ နောက်ဆုံးတွင် သူ့မျက်လုံးကို ပြူးကာ အော်ဟစ်လိုက်၏
"ငါ့နာမည်က တန်တန်လို့ခေါ်တယ်၊ မင်း ခွေးကောင် ပေးထားတဲ့နာမည်ပေါ့။ အဲဒါက သိပ်တော့ အဆင်မပြေဘူး"
"တန်...တန်"
လုမင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူက တစ်ခုခုကို တွေးနေပုံရ၏။
"နောက်ပြီး မင်းရဲ့ချစ်သူ... မင်းရဲ့ဇနီးလောင်း ရှဲ့နျန်ချင်းကို ဂရုမစိုက်ဘူးလား။ သူ့အဖေက ဖမ်းဆီးသွားပြီးနောက် အခု သူ့ဘဝက မသေချာတော့ဘူး။ မင်း သူ့ကို ဒီလိုပဲ စွန့်လွှတ်လိုက်တော့မှာလား"
တန်တန်က ထပ်အော်လိုက်သည်။
"ဒုန်း ဒုန်း ဒုန်း"
ရှဲ့နျန်ချင်းဟူသောအမည်သည် လုမင်၏စိတ်ထဲတွင် မိုးထစ်ချုန်းသလို မြည်ဟီးသွား၏။
ဖျောက်ဖျက်၍မရနိုင်သော ထိုပုံရိပ်၊ တွေးလိုက်မိတိုင်း သူ့နှလုံးသားကို နာကျင်စေသော ထိုပုံရိပ်က လုမင်၏ စိတ်ထဲတွင် ရုတ်တရက် ကြည်လင်ပြတ်သားလာတော့သည်။
"နျန်ချင်း... နျန်ချင်း၊ ဟုတ်တယ်။ ဟုတ်ပြီ... ငါက ထျန်းရှန်အကယ်ဒမီရဲ့ မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေကို ရောက်နေတာပဲ။ ဒါက ပုံရိပ်ယောင်တွေ"
လုမင်၏ မျက်လုံးများက ရုတ်တရက် တောက်ပသည်။
"အမှန်နဲ့ အမှား...၊ အမှားက အမှား... အမှန်က အမှန်။ အရာအားလုံးက ပုံရိပ်ယောင်တွေပဲ။ ငါ့နှလုံးသားက မတုန်လှုပ်ဘူး"
လုမင်က ရုတ်တရက် အော်ဟစ်ကာ ကောင်းကင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
"ဂျုန်း"
လုမင်၏ လက်သီးချက်ကြောင့် ပတ်ဝန်းကျင် မြင်ကွင်းများက ကွဲကြေသွားပုံရသည်။ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွား၏။
လုမင်ဟာ သူက စင်္ကြံန်လမ်းမတစ်ခုတွင် ရပ်နေမိကြောင်း တွေ့လိုက်ရသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ပုံရိပ်ယောင်တွေလဲ"
လုမင် အလွန်အံ့သြတုန်လှုပ်သွားပြီး အသက်ပြင်းပြင်းရှူလိုက်မိသည်။
ထိုပုံရိပ်ယောင်မျိုးက သန်မာလွန်းပေသည်။ ၎င်းက သူ၏ စစ်မှန်သောမှတ်ဉာဏ်ကို ဖျောက်ဖျက်ကာ သူ့အား ပုံရိပ်ယောင်အတွင်းမှ ထာဝရ ရုန်းမထွက်နိုင်အောင် ဖြစ်စေနိုင်သည်။
ဒီတစ်ခါတော့ အလွန်အန္တရာယ်များသည်။ တန်တန်ကြောင့်သာမဟုတ်လျှင် သူ ပုံရိပ်ယောင်များကြားတွင် ထာဝရပိတ်မိနေလိမ့်မည်။ သို့ဆိုလျှင် သေဆုံးခြင်းနှင့် မခြားပေ။
ယင်းကိုတွေးပြီး လုမင် အနည်းငယ် ကြောက်လန့်သွားသည်။ သူ့နောက်ကျောတွင် အေးစက်သော ချွေးများဖြင့် စိုစွတ်သွား၏။
"ကောင်လေး၊ ဒီနေရာက အသေးအမွှားမဟုတ်ဘူး။ သိုင်းအုပ်ချုပ်သူတွေတောင် ဒါမျိုး မလုပ်နိုင်ဘူး။ မင်း သတိထားပါ။ ငါပုန်းနေတော့မယ်"
တန်တန်က ပြောပြီးသည်နှင့် တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။
လုမင်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။ သူတို့ကို ရေဝဲတစ်ခုက မျိုသွားသည်ကို သတိရသော်လည်း ဤအနီးနားတွင် သူတစ်ဦးတည်းသာ ရှိနေသည်။ ရန်ပိုထျန်း၊ ထိုပါ့ရှီ၊ စန္ဒကူးနတ်သမီးနှင့် အခြားသူများကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။
ဤသည်က ရှေ့တည့်တည့်ကို ဦးတည်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။
လုမင်လည်း ခဏလောက်စဉ်းစားပြီး ရှေ့ကို ဆက်လျှောက်သွားတော့သည်။
အတန်ကြာ လျှောက်လာပြီးနောက် လျှို့ဝှက်ခန်းတစ်ခုသို့ သူရောက်လာသည်။ ဤလျှို့ဝှက်ခန်းသည် ကျယ်ပြန့်၏။ လျှို့ဝှက်ခန်းအထက် လေထဲတွင် လွင့်မျောနေသော ပုတီးစေ့တစ်ခုကို လုမင် တွေ့လိုက်ရသည်။
လုမင်က လျှို့ဝှက်ခန်းထဲသို့ လှမ်းဝင်လာသောအခါ ပုတီးစေ့မှ စူးရှတောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့၏။
အလင်းတန်းများကြား၌ ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က လေထဲတွင် တင်ပျဉ်ခွေထိုင်နေကာ ပုတီးစေ့ကတော့ ပုံရိပ်၏ မျက်ခုံးနှစ်ခုကြားတွင် ရှိပေသည်။
ပုံရိက်က အလွန်ကြီးမားခြင်း မရှိသော်လည်း သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါက မိုးနှင့်မြေကို ပြိုကွဲစေနိုင်သည်။ လုမင်လည်း ကောင်းကင်တာအိုကို ရင်ဆိုင်နေရသည့်နှယ် ခံစားလိုက်ရ၏။ ကြီးမားကျယ်ပြန့်သော ကောင်းကင်တာအိုက လေထုထဲတွင် ပြည့်နေသကဲ့သို့ပင်။
ယင်းက ခုခ့မရသလို တားဆီး၍လညမရပေ။ အကြောင်းမှာ ဤပုံရိပ်ရှေ့တွင် လုမင်က ကမ္ဘာတစ်ခုလုံးကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
လုမင်သည်လည်း အုပ်ချုပ်သူများ၏ အရှိန်အဝါနှင့် ဖိအားကို ခံစားဘူးပေသည်။ သို့သော် ဤပုံရိပ်နှင့် နှိုင်းယှဥ်ကြည့်လျှင်တော့ ကလေးသာသာ ဖြစ်သည်။
ဤပုံရိပ်၏ရှေ့တွင် အုပ်ချုပ်သူများက ပုရွက်ဆိတ်တစ်ကောင်သာသာ ဖြစ်ပုံရပေသည်။
ဂလု။
လုမင်လည်း တံတွေးတစ်လုတ်ကို မျိုချလိုက်ပြီး ပုံရိပ်အားကြည့်ရန် ခက်ခက်ခဲခဲ ခေါင်းကိုမော့လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ပေါ်လာပြီးနောက် ပုံရိပ်က သူ့အရှိန်အဝါကို ထိန်းချုပ်လိုက်ပုံ ရလေသည်။ ၎င်းက မျက်လုံးဖွင့်ပြီး လုမင်အား ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် လုမင်က သူ့အား လုံးဝမြင်တွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
"မင်းက ငါဖန်တီးထားတဲ့ ပုံရိပ်ယောင်ကို ဖြတ်ကျော်နိုင်ခဲ့တာပဲ။ မဆိုးဘူး"
ပုံရိပ်က ပြောသည်။
"မျိုးဆက်သစ်လုမင်က ဆရာကြီးကို နှုတ်ခွန်းဆက်ပါတယ်"
လုမင်က ဦးညွှတ်လိုက်သည်။ ထျန်းအကယ်ဒမီ၏ အုပ်ချုပ်သူအထက် တည်ရှိမှု၏ ဒဏ္ဍာရီက သူ့ရှေ့ပုံရိပ် ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း သူသိခဲ့ပေသည်။
သူ တိတ်တဆိတ် တုန်လှုပ်သွားမိသည်။ မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေက တည်ရှိခဲ့သည်မှာ နှစ်ပေါင်း သန်းနှင့်ချီ၍ ကြာသွားပြီ။ သူ့ရှေ့မှ လူက နှစ်ပေါင်းသန်းချီကြာအောင် အမှန်တကယ် အသက်ရှင်နေထိုင်ခဲ့သလော။ ယင်းက တကယ်ကို စိတ်ကူးမယဉ်နိုင်ပေ။
လုမင်၏အတွေးများကို မြင်ရဟန်ဖြင့် လူရိပ်က ပြောလိုက်သည်။
"ကောင်လေး၊ အရမ်းကြီး မစဉ်းစားနဲ့။ ငါက နှစ်သန်းပေါင်းများစွာ အသက်မရှင်နိုင်ပါဘူး။ မင်းမြင်တဲ့ အရာက ငါချန်ထားခဲ့တဲ့ မြင့်မြတ်တဲ့နှလုံးသားနဲ့ ငါ့ရဲ့ အရိပ်အမြွက်တစ်ခုပဲ။ တကယ့် ငါကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျဆုံးခဲ့ပါပြီ"
"မြင့်မြတ်တဲ့နှလုံးသားလား"
လုမင် အံ့ဩသွား၏။
မြင့်မြတ်သောနှလုံးသားဟူသည်ကို သူ လုံးဝ နားမလည်နိုင်ပေ။
"အင်း၊ မင်း နားမလည်တာက ဖြစ်သင့်တယ်။ မင်းက ဝေးလံခေါင်သီပြီး မြေဆွံ့နေတဲ့ ကျွန်းမှာ ရောက်နေမှတော့ မင်းမသိတာက ပုံမှန်ပါပဲ။ အုပ်ချုပိသူရဲ့ အထက်မှာ သူတော်စင်လို့ လူသိများတယ် သူတော်စင်နယ်ပယ် ရှိတယ်။ သူတို့က မြင့်မြတ်တဲ့နှလုံးသားကို ပေါင်းစည်းထားနိုင်ကြတယ်လေ"
လူရိပ်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။
"သူတော်စင်နယ်ပယ်၊ သူတော်စင်"
လုမင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ နောက်ဆုံးတွင် အုပ်ချုပ်သူအထက်မှ နယ်ပယ်က သူတော်စင်နယ်ပယ်ဖြစ်ကြောင်း သူသိသည်။
သူ့ရှေ့မှ လူရိပ်က သူတော်စင်နယ်ပယ် တန်ခိုးရှင်တစ်ဦး ဖြစ်လိမ့်မည်။
"အင်း၊ မင်းက ကံကောင်းပါတယ် ကောင်လေး။ ဒါပေမဲ့ ကံမကောင်းချင်တော့ မင်းက ကမ္ပည်းထိုးသူ မဟုတ်ဘူး။ ငါအသက်ရှင်နေစဉ်က ကမ္ပည်းတာအိုလမ်းစဉ်နဲ့ သူတော်စင်တစ်ယောက် ဖြစ်လာတာ။ မဟုတ်ရင် ငါ့အမွေကို မင်းဆီ လွှဲပြောင်းပေးနိုင်တယ်"
လူရိပ်က သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ကမ္ပည်းသခင် အမွေ"
လုမင်၏ မျက်လုံးများက တောက်ပလာသည်။
သူက ကမ္ပည်းသခင် မဟုတ်သော်လည်း၊ သူ၏ ဒုတိယခန္ဓာကိုယ်ကတော့ ဟုတ်သည်။ ထိုခန္ဓာတွင် အပိုအတွေးများမရှိဘဲ ကမ္ပည်းတာအိုကိုစိတ်နှစ်ကာ လေ့ကျင့်နေခဲ့၏။ ယခုဆိုလျှင် ၎င်းက အလွန်နက်ရှိုင်းသော အဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ။
သူ၏ ဒုတိယခန္ဓာကိုယ်သာ ဤနေရာတွင်ရှိလျှင် ကောင်းမည်။
"ဆရာကြီး၊ တခြားသူတွေကော ပုံရိပ်ယောင်ကို မဖြတ်ကျော်ခဲ့ဘူးလား"
လုမင်က မေးကြည့်လိုက်သည်။
"မဟုတ်ဘူး၊ သူတို့အားလုံး မအောင်မြင်ဘူးလေ၊ ဒါပေမယ့် ငါက သူတို့အတွက် ခက်ခဲစေမှာ မဟုတ်ပါဘူး။ သူတို့အားလုံး နိုးနေပြီ၊ မင်းကြည့်လိုက်ပါ"
သူတော်စင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လေထဲတွင် ပုံရိပ်များစွာ ပေါ်လာသည်။
ရန်ပိုထျန်း၊ ထိုပါ့ရှီ၊ မသမာသောရဟန်း၊ ခုန်းရှင်းနှင့် အခြားသူများအားလုံး လျှို့ဝှက်ခန်းတစ်ခု ရှိနေသည်။ သူတို့က အခန်းထဲတွင် လှည့်ပတ်ကြည့်နေကြ၏။
"အဲ၊ စန္ဒကူးနတ်သမီး"
လုမင်ဟာ စန္ဒကူးနတ်သမီးက ထူးခြားနေကြောင်း မြင်လိုက်ရသည်။ သူမက လျှို့ဝှက်ခန်းတစ်ခုတွင် တင်ပျဉ်ခွေထိုင်ကာ တစ်ကိုယ်လုံးကလည်း တောက်ပနေခဲ့၏။ အရေးကြီးဆုံးကတော့ သူမ၏ မျက်ခုံးနှစ်ခုကြားမှ ငွေရောင်ဝိညာဉ်မီးများ ကခုန် လှုပ်ရှားနေခြင်း ဖြစ်တော့သည်။