အခန်း ၁၀၉၂
Vol. 73 Ch. 1092
အပိုင်း ( 1092 ) ဧကရာဇ်နဂါးစောင့်တပ်သို့ ဝင်ရောက်ခြင်း။
နောက်တစ်နေ့နံနက်တွင် လုမင်က ဧကရာဇ်နဂါးအစောင့်တပ်၏ မှတ်ပုံတင်ရာ နေရာသို့ သွားခဲ့သည်။ သူရောက်လာသောအခါ အနည်းငယ် အံ့ဩသွား၏။ မှတ်ပုံတင်ဧရိယာတွင် လူတန်းရှည်ကြီးများ ရှိနေပြီ။
အင်အားစုငယ်များမှ လူအချို့အတွက် ဧကရာဇ်နဂါးစောင့်မှာ အလုပ်ကောင်းတစ်ခု ဖြစ်သည်။ ဧကရာဇ်နဂါးအစောင့်တပ်များနှင့် ပူးပေါင်းခြင်းဖြင့် ရှေးဟောင်းသန့်စင်မင်းဆက်မှ ကျင့်ကြံမှု အရင်းအမြစ်များ ပို၍ ရရှိနိုင်လိမ့်မည်။
"ဝိညာဉ်သန္ဓေသား နယ်ပယ်အောက်ကလူတွေ မြန်မြန် ထွက်သွားပါ။ ဝိညာဉ်သန္ဓေသား နယ်ပယ်အောက်က ဘယ်သူ့ကိုမှ လက်မခံဘူး"
မှတ်ပုံတင်ဧရိယာတွင် ရေနဂါးပုံနှင့် ခရမ်းရောင် ၀တ်စုံရှည်များကို ၀တ်ဆင်ထားသော အမျိုးသားတချို့ ရှိနေသည်။ ၎င်းတို့က ဧကရာဇ်နဂါးအစောင့်များ ဖြစ်၏။
သူတို့၏ အရှိန်အဝါများက အားကောင်းလှပေသည်။ လုမင်က တစ်ချက်ကြည့်လိုက်သောအခါ သူတို့အားလုံးက အဆင့်ခုနစ် ဝိညာဉ်သန္ဓေသားနယ်ပယ်အထက်တွင် ရှိနေကြကြောင်း သိလိုက်ရသည်။
၎င်းတို့၏ ဘေးနားမှာလည်း မျက်လုံးကိုမှိတ်ကာ ထိုင်နေသော လူကြီးတစ်ဦး ရှိသေးသည်။ သူသည်လည်း ဧကရာဇ်နဂါးအစောင့်များ၏ ဝတ်စုံကို၏။ သို့ရာတွင် သူ၏ အရှိန်အဝါများက ပို၍ပင် နားမလည်နိုင်အောင် ဖြစ်ခဲ့သည်။ သို့သော်လည်း ၎င်းက လုမင်၏ အာရုံများမှ မဖုံးကွယ်နိုင်သေးပေ။ လုမင်ဟာ ထိုလူကြီးက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်တွင်ဖြစ်ကြောင်း သိလိုက်သည်။
"ဝိညာဉ်သန္ဓေသားနယ်ပယ် အထက်အဆင့် ရှိသူတွေပဲ ပါဝင်နိုင်တာဘဲ။ လိုအပ်ချက်က မြင့်လိုက်တာကွာ၊ သွားကြရအောင်"
တစ်ချို့လူများက သက်ပြင်းချပြီး ခေါင်းယမ်းကာ ထွက်ခွာသွားကြသည်။
"မင်းရဲ့ သက်သေခံကတ်ပြားကို ထုတ်ယူပြီး မင်းရဲ့ အချက်အလက်တွေကို မှတ်တမ်းတင်လိုက်ပါ။ အဲဒါကို ငါတို့ စိစစ်မယ်။ ပြီးရင်တော့ စမ်းသပ်မှုတစ်ခု လုပ်မယ်။ ဒီတစ်ကြိမ်မှာ ဧကရာဇ်နဂါးအစောင့်အရှောက် အရေအတွက်က ကန့်သတ်ထားတာပြီး စာရင်းသွင်းထားတဲ့သူကတော့ အရမ်းများနေတာကြောင့် အားလုံးကို စုဆောင်းလို့ မရဘူး။ သန်မာသူတွေပဲ အဆုံးထိ ရပ်တည်နိုင်လိမ့်မယ်။ ကိုင်း… မှတ်ပုံတင်ခြင်း အခုစပြီ"
လူကြီးတစ်ယောက်က ပြောလိုက်သည်။
ထို့နောက်တွင် တစ်ယောက်ပြီးတစ်ယောက် စာရင်းသွင်းလိုက်၏။
လုမင်လည်း သူ့အလှည့်မရောက်မီ နှစ်နာရီခန့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ရသည်။
လုမင်က သူ့လက်ကို တစ်ချက်လှုပ်လိုက်ရာ အထောက်အထား တံဆိပ်ပြားတစ်ခု ပေါ်လာသည်။ ၎င်းကို ဧကရာဇ်နဂါးအစောင့်ထံ လွှဲပြောင်းပေးလိုက်၏။
ဤအမှတ်အသားကို မင်လုထံမှ ယူဆောင်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းက လှံနက်ဂိုဏ်း၏ ဂိုဏ်းသားအမှတ်အသားပင်။
"လှံနက်ဂိုဏ်း၊ မင်လု"
လုမင်က ပြောလိုက်သည်။
လူကြီးက လုမင်၏ အထောက်အထားကို စစ်ဆေးပြီး မှတ်ပုံတင်ခဲ့သည်။
"မင်းရဲ့ အထောက်အထားကို စိစစ်ဖို့လူတွေ ငါတို့ စေလွှတ်မယ်။ တကယ်လို့ လိမ်လည်မှု တစ်ခုခု ရှိရင် မင်းကို ချက်ချင်း သတ်ပစ်မယ်။ နားလည်လား"
လူကြီးက အေးစက်စက်ဖြင့်ကာ ပြောသည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့... နားလည်ပါတယ်"
လုမင်က ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်သည်။
"ကောင်းပြီ၊ ဟိုမှာစောင့်နေပါ။ စမ်းသပ်မှုကို ပြီးမှ ဆက်လုပ်မယ်"
လူကြီးက ပြောလိုက်၏။
လုမင်လည်း ဘေးနားကို လျှောက်လာကာ စိတ်ရှည်ရှည်ဖြင့် စောင့်ရပြန်တော့သည်။
နောက်ထပ် နှစ်နာရီကြာပြီးသောအခါ မှတ်ပုံတင်မှု ပြီးဆုံးသွားသည််။ စာရင်းပေးသူ နှစ်ထောင်ကျော်အထိ ရှိနေခဲ့ပေသည်။
"ကိုင်း၊ ငါနဲ့လိုက်ခဲ့ကြ"
ဤအခိုက်တွင်၊ ဝိညာဉ်နတ်ဘုရားနယ်ပယ် အဘိုးကြီးက ထရပ်ပြီး ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားကာ ထူးခြားမှုမရှိဟန်ဖြင့် ပြောလိုက်သည်။ လုမင်နှင့် အခြားသူများလည်း သူ့နောက်မှ လိုက်သွားကြ၏။
ခဏကြာတော့ စစ်စခန်းတစ်ခုသို့ ရောက်သွားကြတော့သည်။
စစ်စခန်းအလယ်တွင် ကြီးမားသော ကျောက်စာတိုင်တစ်ခုရှိသည်။
"ဒီကျောက်စာတိုင်က မင်းတို့ရဲ့ ကျင့်ကြံခြင်းအခြေခံကို စမ်းသပ်နိုင်တယ်။ မင်းတို့ လုပ်ရမှာက မင်းတို့ရဲ့စွမ်းအင်ကို ကျောက်စာတိုင်ထဲ ပို့လွှတ်လိုက်ရုံပဲ။ ဒါဆိုရင် ကျင့်ကြံခြင်းအခြေခံကို ငါတို့ သိလိမ့်မယ်။ ဒီတစ်ကြိမ်မှာ စာရင်းသွင်းသူ နှစ်ထောင်ရှိပေမယ့် ငါတို့က လူနှစ်ရာပဲ လိုတယ်။ ဒါကြောင့်၊ မြင့်မားတဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ထိပ်တန်းနှစ်ရာအတွင်း ဝင်နိုင်သူတွေကိုပဲ လက်ခံမယ်။ အခု စမ်းသပ်မှုစတင်ပြီ"
အဘိုးကြီးက ကြေညာလိုက်သည်။
ထို့နောက် စမ်းသပ်မှုဖြေဆိုရန် တစ်ဦးပြီးတစ်ဦး လျှောက်သွားကြ၏။
စွမ်းအင်ကို ကျောက်စာတိုင်ထဲသို့ သွန်းလောင်းနေသမျှကာလပတ်လုံး ကျောက်စာတိုင်က လင်းလက်လာလိမ့်မည်။ ဤအလင်းရောင်မှတဆင့် ထိုသူ၏ ကျင့်ကြံခြင်းအခြေခံကို ပြောနိုင်မည် ဖြစ်သည်။
စမ်းသပ်မှုများ တစ်ခုပြီးတစ်ခု ပြုကြသောအခါ ၎င်းတို့အများစုက ဝိညာဉ်သန္ဓေသားနယ်ပယ် ပထမအဆင့်တွင်ဖြစ်ကြောင်း လုမင် တွေ့ရှိခဲ့သည်။ ဝိညာဉ်သန္ဓေသားနယ်ပယ် ဒုတိယအဆင့်ရှိသူများက အလွန်နည်းပါးပြီး တတိယအဆင့် ရှိသူများဆိုလျှင် ပို၍ နည်းပါးကြပေသည်။
မကြာမီ၊ လုမင်၏အလှည့်သို့ ရောက်လာသည်။
'ဒီတော့ စွမ်းအင်နည်းနည်း ပို့လွှတ်လိုက်ရုံပေါ့'
လုမင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ဤစမ်းသပ်မှုတွင် လူနှစ်ရာသာ လက်ခံမည် ဖြစ်သည်။ ထိုအတွက် အမှားအယွင်းမရှိကြောင်း အာမခံနိုင်ရန် လုမင်က စွမ်းအင်အနည်းငယ်ကို ထည့်သွင်းပို့လွှတ်ရန် စီစဉ်ထားခဲ့သည်။
လုမင်က ကျောက်စာတိုင်ဆီသို့ လျှောက်သွားကာ သူ့လက်ဝါးအပ်ပြီး စွမ်းအင်သွန်းလောင်းလိုက်သည်။
"ဝမ်"
ကျောက်စာတိုင်က တုန်ခါကာ ငွေရောင်မီးအလင်း ခုနစ်ခု လင်းလက်သွား၏။
"လုံလောက်ပြီ"
လုမင်လည်း သူ၏စွမ်းအင်ကို ပြန်လည် ရုပ်သိမ်းလိုက်တော့သည်။
ငွေရောင်အလင်း ခုနစ်ခုက ဝိညာဉ်သန္ဓေသားနယ်ပယ် သတ္တမအဆင့် ကျင့်ကြံခြင်းအခြေခံကို ကိုယ်စားပြုသည်။
ဤနည်းအားဖြင့်၊ အမှားအယွင်းမရှိသင့်ဘဲ သူ့ကို သေချာပေါက် လက်ခံကြလိမ့်မည်။
"ဝိညာဉ်သန္ဓေသားနယ်ပယ် သတ္တမအဆင့်"
ဝိညာဉ်နတ်ဘုရားနယ်ပယ် အဘိုးအို၏ မျက်လုံးများက တောက်ပလာသည်။
မှတ်ပုံတင်ရန်လာရောက်သူများသည် အများအားဖြင့် အင်အားစုလေးများမှ ဖြစ်၍ ၎င်းတို့၏ ကျင့်ကြံခြင်းအခြေခံမှာ မမြင့်မားလှပေ။ ကျင့်ကြံခြင်းအခြေခံ မြင့်မားသူများကလည်း ပုံမှန်အားဖြင့် ဧကရာဇ်နဂါးအစောင့်တပ်များသို့ မ၀င်ရောက်နိုင်သောကြောင့် အဆင့်ခုနစ် ဝိညာဉ်သန္ဓေသားနယ်ပယ်သို့ ရောက်ရှိနိုင်သူမှာ အများအပြား မရှိပါချေ။
"အိမ်း၊ မဆိုးဘူး"
ဝိညာဉ်နတ်ဘုရားနယ်ပယ်ရှိ အဘိုးကြိးက ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။
စမ်းသပ်မှုက ဆက်လက်ပြုလုပ်ခဲ့ပေသည်။
မကြာမီပင်၊ အားလုံး စမ်းသပ်မှုများ အားလုံးပြီးသွားသည်။
လုမင်လည်း ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ခုနစ်သို့ ရောက်ရှိသူက သုံးယောက်သာရှိကြောင်း သတိပြုမိခဲ့သည်။ အဆင့်ရှစ်သို့ ရောက်နိုင်သူက တစ်ဦးသာ ရှိထားခဲ့ပေသည်။
ဤသည်က လုမင်ကို အနည်းငယ်ပြုံး၍ သူ့နှာခေါင်းကိုသူ ပွတ်သွားစေခဲ့သည်။ သူ၏ စွမ်းဆောင်မှုက ထင်ပေါ်လွန်းသွားပြီ မဟုတ်ပါလား။
"ကိုင်း၊ စမ်းသပ်မှုပြီးသွားပြီ။ ထိပ်တန်းနှစ်ရာမှာ အဆင့်သတ်မှတ်ခံထားရတဲ့ သူတွေက အခုလောလောဆယ် စစ်တန်းလျားမှာ နေနိုင်ပြီ။ ရက်နည်းနည်းအတွင်းမှာ ငါတို့သတင်းပို့မယ်"
ဝိညာဉ်နတ်ဘုရားနယ်ပယ် အဘိုးကြီးက ညွှန်ကြားခဲ့သည်။
ထိပ်တန်းနှစ်ရာတွင် အဆင့်မသတ်မှတ်ထားသူများကတော့ သက်ပြင်းချကာ ထွက်ခွာသွားရတော့သည်။
လုမင်နှင့် တခြားလူများလည်း သူတို့အခန်းဆီ ရောက်လာခဲ့ကြသည်။
နောက်ရက်အနည်းငယ်အတွင်းတွင်၊ လုမင်က စစ်တန်းလျားတွင်နေကာ သတင်းကိုစောင့်ရင်း လေ့ကျင့်နေခဲ့၏။
သုံးရက်အကြာမှာတော့ လုမင်အား လက်ခံကာ ဧကရာဇ်နဂါးအစောင့်အဖွဲ့ဝင်ဖြစ်လာကြောင်း သတင်းပို့လာတော့သည်။
"မင်းတို့ လေးယောက်က အရမ်းတော်တယ်။ မင်းတို့အတွက် ဒုအလံကိုင် ရာထူးကို ငါ ယာယီ စီစဉ်ထားပြီးပြီ။ မင်းတို့ ကောင်းကောင်းလုပ်နိုင်ရင် နောင်အခါ ရာထူးတိုးဖို့က ပြဿနာ မဟုတ်ဘူးလေ။ မင်းတို့ရဲ့ ရာထူးနဲ့ အစောင့်အကြပ်တွေအားလုံး စီစဉ်ပြီးသွားပြီ။ မကြာခင် အကြောင်းကြားလိမ့်မယ်"
ဝိညာဉ်နတ်ဘုရားနယ်ပယ် အဘိုးအိုက ကြေညာပြီးနောက် ဒုအလံကိုင် တံဆိပ်ပြားတစ်ခုစီကို ပေးခဲ့သည်။
ဧကရာဇ်နဂါးအစောင့်များတွင် 'အလံ' က တရားဝင်ရာထူးဟု အဓိပ္ပာယ်ရသည်။
အလံတစ်ခုတွင် လူငါးရာ ရှိသည်။ အဓိကအလံကိုင်များက ဧကရာဇ်နဂါးအစောင့်ငါးရာကို ကွပ်ကဲနိုင်ကြ၏။ ဒုအလံကိုင်များကလည်း သေးငယ်လှသည် မဟုတ်ပေ။
အကြောင်းမူ၊ သူတို့၏ ကျင့်ကြံခြင်းအခြေခံက နက်ရှိုင်းကြသောကြောင့် ဖြစ်သည်။ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ခွန်အားက အရာအားလုံးကို ကိုယ်စားပြုပေသည်။
မကြာမီ၊ တစ်စုံတစ်ယောက်က ဧကရာဇ်နဂါးအစောင့်များကို ကိုယ်စားပြုသော ၀တ်စုံများအား လုမင်ထံ ပေးအပ်ခဲ့ကာ စောင့်ကြပ်ရမည့် ရာထူးများကိုလည်း သတင်းပေးခဲ့သည်။
'ရှစ်ယောက်မြောက်မင်းသားရဲ့ ကိုယ်ရံတော်'
လုမင်၏ မျက်ခုံးများက တွန့်ချိုးသွားသည်။ သူ၏ ယာယီတာဝန်က အဋ္ဌမမင်းသား၏ ကိုယ်ရံတော် ဖြစ်ပေသည်။
ဤသည်က လုမင်ကို အနည်းငယ် ထူးဆန်းသွားစေခဲ့သည်။ အကြောင်းမှာ၊ သူသိသည့်အတိုင်းဆိုလျှင် အဋ္ဌမမြောက်မင်းသားက ရှဲ့ကျန်း မဟုတ်လော။
ရှဲ့ကျန်းဆိုသည်မှာလည်း နဂါးကိုးကောင်မြို့တွင် ရှဲ့နျန်ချင်းကို လာရောက်ခေါ်ဆောင်သွားသူ မဟုတ်ပါလား။
'တိုက်ဆိုင်လိုက်တာ။ ရှဲ့ကျန်းဆီကနေ ရှောင်ချင်းအကြောင်းမေးလို့ရတယ်'
လုမင်၏ နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့သည်။
အသစ်ဝင်လာခဲ့သော လူနှစ်ရာတွင် လုမင်နှင့်အတူ လူသုံးဆယ် ရှိသည်။ သူတို့အားလုံးက အဋ္ဌမမင်းသား၏ ကိုယ်ရံတော်များ ဖြစ်ချေသည်။
မကြာမီ၊ အသက်လေးဆယ်ကျော် ပိန်ပိန်ပါးပါး လူတစ်ယောက်ရောက်လာပြီး လုမင်နှင့် တခြားသူများရှေ့တွင် ရပ်လိုက်သည်။
"ငါက မင်းရဲ့အလံကိုင်ဦးစီးချုပ်ပဲ၊ ငါ့နာမည်က ရှီဖန်။ နောင်မှာ မင်းငါ့နောက်ကို လိုက်ရမယ်။ အခု မင်း ငါနဲ့အတူ အဋ္ဌမမင်းသားရဲ့စံအိမ်ဆီ လိုက်ခဲ့ပါ"
ပိန်ပိန်ပါးပါးလူက အားလုံးကို ဝေ့ကြည့်လိုက်သည်။ အထူးသဖြင့် လုမင်ကိုကြည့်သော သူ့အကြည့်တွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွား၏။
'ဒီရှီဖန်က ငါ့ကို ရန်ငြိုးထားပုံရတယ်၊ ဒါပေမယ့် ဒါက ပထမဆုံးအကြိမ်တွေ့ဖူးတာပဲလေ။ ထူးဆန်းလိုက်တာ'
လုမင်လည်း သူ့ကိုယ်သူ တွေးနေရင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
အဋ္ဌမမင်းသား၏အိမ်တော် အတွင်းမြို့တွင်ရှိကာ အလွန်ကျယ်ဝန်းသည်။ ၎င်းက မိုင်တစ်ရာ အချင်းဝက်ရှိပြီး ဧရာမ အိမ်တော်ကြီးကဲ့သို့ပင်။
ဧကရာဇ်နဂါးအစောင့်များက အဋ္ဌမမြောက်မင်းသား၏အိမ်သို့ တိုက်ရိုက်မဝင်ရောက်နိုင်ပါ။ အိမ်ကြီးအပြင်ဘက်ရှိ စစ်စခန်းတစ်ခုတွင်သာ နေထိုင်ခဲ့ရသည်။
အဋ္ဌမမင်းသား၏ စံအိမ်အပြင်ဘက်ရှိ စစ်စခန်းတွင် လုမင်နှင့် အခြားလူများ စုဝေးခဲ့ကြသည်။ ရှီဖန်က စင်မြင့်တစ်ခုပေါ်တွင်ရပ်ကာ သူတို့ကို အေးစက်စက်ဖြင့် ငုံ့ကြည့်လိုက်၏။
"အခု မင်းတို့ကို တချို့အရာတွေ ငါပြောပြမယ်။ ဧကရာဇ်နဂါးအစောင့်တွေဖြစ်လာရင် ပထမဆုံး လုပ်ရမှာက အမိန့်နာခံပြီး တော်ဝင်မိသားစုရဲ့ ဘေးကင်းမှုကို အသက်နဲ့လဲပြီး ကာကွယ်ဖို့ပဲ"
"ဒါ့အပြင် ဧကရာဇ်နဂါးအစောင့်တပ်မှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်ဆိုတာ သိထားပါ။ မင်းမှာ ခွန်အားရှိရင်တောင် ဧကရာဇ်နဂါးအစောင့်အရှောက်ထဲမှာ မင်းတို့ထက် သန်မာသူတွေ အများကြီးရှိတယ်။ သူတို့ထဲက ကျပန်း တစ်ယောက်ယောက်က မင်းကို ဖိနှိပ်နိုင်တယ်လိမ့်မယ်။ နားလည်လား"
ပြောဆိုပြီးနောက် ရှီဖန်က လုမင်ကို အေးစက်စက်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။