← Chapters

အခန်း ၁၀၉၇

Vol. 74 Ch. 1097

အခန်း ၁၀၉၇

Vol. 74 Ch. 1097

အပိုင်း ( 1097 ) တရားစီရင်ရေးတပ်သို့ လွှဲပြောင်းလိုက်သည်။

'ကြည့်ရတာ ဒီအထောက်အထားကို နောက်ထပ် မသုံးနိုင်တော့ဘူး'

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ သူသည် ရှဲ့ကျန်း၊ ရှီကျန်းနှင့် ရှီဖန်တို့ကို တခါတည်းသတ်ရန် တွေးလိုက်၏။

ထိုအချိန်တွင်…

"ဟားဟားဟား၊ အဋ္ဌမအစ်ကို... ဘယ်လိုဖြစ်တာလဲ။ ဘာဖြစ်လို့ ဒီလောက် အသက်ဝင်နေတာလဲ"

ကျယ်လောင်သော ရယ်မော ပြောဆိုလိုက်သံ ထွက်ပေါ်လာသည်။ ထို့နောက်တွင် ကောင်းကင်ယံမှ ဆူညံသံများ ပေါ်လာခဲ့၏။ ကြီးမားသော စစ်တပ်ကြီးတစ်ခုက ၎င်းတို့ဆီသို့ ပြေးလာနေသကဲ့သို့ပင် ဖြစ်သည်။

လူတစ်ရာခန့်က မီးတောက်နီရောင် စစ်မြင်းများကို စီးနင်းထားကြသည်။ ဤစစ်မြင်းများကို မီးနီရောင် အကြေးခွံများက ဖုံးအုပ်ထားသည်။ ၎င်းတို့ ဦးခေါင်းပေါ်တွင်လည်း နဂါးချိုနှစ်ချောင်း ရှိ၏။ မီးတောက်များက သူတို့၏ ခန္ဓာကိုယ်အနှံ့ ကခုန်နေကာ ထူးထူးကဲကဲ အားကောင်းလွန်းလှသည်။

မြင်းနဂါးများ ဖြစ်ချေသည်။ ဒဏ္ဍာရီအရ၊ အစစ်အမှန်နဂါး သွေးမျိုးဆက်ပါသော အစွမ်းထက် မြင်းနဂါးများက ရေနဂါးထက် အားမနည်းကြပေ။

ဤလူတစ်ရာခန့်က မြင်းနဂါးများကို ကိုယ်စီ စီးနင်းထားခဲ့သည်။

၎င်းတို့ကို ဦးဆောင်လာသူကတော့ လူငယ်တစ်ဦး ဖြစ်ပေသည်။ သူက ပိန်ပိန်ပါးပါးနှင့် အရပ်အမောင်းကောင်းသည်။ ၎င်းက အနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ အနီရောင်မီးလျှံဖိနပ်ကို စီးထားခဲ့၏။ သူ၏ ဆံပင်များကို လျော့လျဲလျဲ စည်းနှောင်ထားကာ မျက်လုံးများကလည်း လျှပ်စီးလက်နေပုံရသည်။ သူ့ထံမှ အစွမ်းထက် အရှိန်အဝါများလည်း ထွက်နေခဲ့ပေသည်။

"ဒသမမင်းသား"

လူတော်တော်များများက အော်လိုက်သည်။

"ဟီး ဟီး ဟီး"

မြင်းနဂါးများက စစ်စခန်းအထက် ‌ကောင်းကင်ယံတွင် ရပ်တန့်လိုက်ကြသည်။

"ဒသမမင်းသားကို နှတ်ခွန်းဆက်ပါတယ်"

ရှီကျန်း၊ ရှီဖန်နှင့် အခြားသူများလည်း ထိတ်လန့်တကြားဖြင့် ဒသမမင်းသားကို ဒူးတစ်ဖက်ထောက်ကာ ဦးညွတ်လိုက်ကြသည်။

"ဒသမညီ၊ မင်း ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ"

ရှဲ့ကျန်း၏မျက်နှာက အနည်းငယ် အကြည့်ရဆိုးသွားသည်။ သူ့ရှေ့မှ လူငယ်ကိုကြည့်သော သူ့မျက်လုံးများ နက်ရှိုင်းသောနေရာတွင် ဒေါသနှင့် ကြောက်ရွံ့မှုအရိပ်အယောင်များ ဖြစ်လာခဲ့၏။

ဒသမမင်းသား ရှဲ့ယန်က အစွမ်းထက် ပါရမီရှင်တစ်ဦးပင်။ ၎င်းက လက်ရှိဧကရာဇ်၏ သားသမီးများအားလုံးတွင် အထူးချွန်ဆုံး ဖြစ်သည်။ သူဟာ အလယ်ပိုင်းတိုက်ကြီးတွင် ကျော်ကြားသော ဒုတိယတန်းစား ပါရမီရှင်လည်း ဖြစ်သေးသည်။ ယခုဆိုလျှင် သူ၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ရှဲ့ကျန်းက သူနှင့်ယှဉ်လျှင် အဆမည်မျှ ဝေးကွာမှန်းပင် မသိနိုင်ပေ။

တော်ဝင်မိသားစုတွင် ရှဲ့ယန်က ရှဲ့နျန်ကျွင်းပြီးလျှင် ဒုတိယ ဖြစ်သည်။

"အဋ္ဌမအစ်ကို၊ မင်းတောင်မှ ဒီကိုလာလို့ရရင် ငါက ဘာဖြစ်လို့ မရမှာလဲ။ ဒါထက် မင်းက ဒီမှာ ဘာလုပ်နေတာတုံး။ ကြည့်ရတာ တစ်ခုခုဖြစ်နေပုံရတယ်။ ဒီမှာ ဘာတွေဖြစ်နေတာလဲ၊ ငါ့ကိုပြောစမ်း"

ဒသမမင်းသားရှဲ့ယန်က ဧကရာဇ်နဂါး အစောင့်တစ်ယောက်ကို လက်ညိုးညွှန်ကာ အမိန့်ပေးလိုက်သည်။

သူ၏ လေသံက သံသယကင်းစွာဖြင့် မြင့်မြတ်ကာ အရှိန်အဝါကြီး၏။

ထိုဧကရာဇ်နဂါးအစောင့်လည်း လျစ်လျူရှုပြီး ဖုံးကွယ်ရန် မဝံ့ရဲသဖြင့် ဇာတ်လမ်းတစ်ခုလုံးကို ပြောပြလိုက်တော့သည်။

"ဟားဟားဟား၊ လတ်စသတ်တော့ ဒီလိုကို၊ အဋ္ဌမအစ်ကို... မင်းကတော့ ဆိုးပြီးရင်း ပိုဆိုးလာနေတော့တာပဲ။ အဆင့်ခုနစ် ဝိညာဉ်သန္ဓေသားနယ်ပယ်က ဒုအလံကိုင်ကိုတောင် မရိုက်နိုင်ဘူး၊ ဒါပေမဲ့ မင်းရှုံးတာက ပြဿနာမရှိပါဘူး။ ပြဿနာရှိတာက မင်း မအောင်မြင်နိုင်တာနဲ့ နောက်ခံအားကိုးပြီး တစ်ဖက်လူကို သတ်ချင်နေတယ်။ ဒီသတင်းပျံ့သွားရင် ငါ့တော်ဝင်မိသားစုကို အခြားသူတွေက လှောင်ရယ်ကြလိမ့်မယ်။ ဒါကို မင်းသိရဲ့လား"

ရှဲ့ယန်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"ဟားဟား၊ ဒသမညီက ငါ့ကို အထင်လွဲနေတာပဲ၊ ငါက သူ့ကို သတ်ဖို့ မရည်ရွယ်ပါဘူး။ အခုလည်း ကိုယ်ရံတော် ရှီကျန်းက ငါ ဒဏ်ရာရသွားတာကိုမြင်လို့ စိုးရိမ်စိတ်နဲ့ အလိုလို ရပ်တည်ခဲ့တာပါ။ အားလုံးက နားလည်မှုလွဲနေတာပဲ"

ရှဲ့ကျန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ခဏကြာပြီးမှ သူဟာ အကြည့်ဆိုးသော အပြုံးကို ထုတ်ဖော်လိုက်လေသည်။

"အေးပါ၊ ဒါက နားလည်မှုလွဲတယ်ဆိုမှတော့ လွဲတာပေါ့၊ ဒါပေမဲ့ ဒီအလံကိုင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက မဆိုးဘူး။ သူ့ထက် တစ်ဆင့်မြင့်တဲ့ လင်းယုန်ငါးကောင်ကိုတောင် ဖမ်းဆီးလာနိုင်တယ်။ လူတော်တစ်ယောက်ပဲ"

ရှဲ့ယန် ပြုံးလိုက်သည်။

ရှဲ့ကျန်းလည်း လက်သီးကို တင်းတင်းဆုပ်ကာ လက်အဆစ်မြည်သံများပင် ပေါ်လာသည်။ သူ အမှန်တကယ် ဒေါသထွက်သွား၏။ သူက အသက်ပြင်းပြင်းရှူရင်း သူ့ကိုယ်သူ တည်ငြိမ်စေကာ ပြုံးလျက် ပြောလိုက်သည်။

"ဟုတ်ပါတယ်။ ဒီဒုအလံကိုင် မင်လုရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်မဆိုးဘူး။ ဒါကြောင့် သူ့ကို တရားစီရင်ရေးတပ်ကို လွှဲပေးဖို့ ငါစီစဉ်ထားတယ်။ အမျိုးသားပွဲတော်ကလည်း မကြာခင် စတော့မှာလေ။ အဲဒီအချိန်ကျရင် သူတော်စင်မြို့တော်ထဲမှာ ရှုပ်ထွေးလာမှာ သေချာတယ်။ ဒါကြောင့် တရားစီရင်ရေးတပ်မှာ လူအင်အား လိုအပ်နေတယ်"

ထိုစကားကိုကြားပြီးနောက် ရှီဖန်နှင့် ရှီကျန့်တို့၏ မျက်လုံးများက တောက်ပသွားကြသည်။ ၎င်းတို့က အေးစက်သော အပြုံးများကို လှစ်ဟလာခဲ့၏။

အခြားသူများကတော့ လုမင်ကို သနားဟန်ဖြင့် ကြည့်လိုက်ကြတော့သည်။

လုမင်လည်း နှလုံးခုန်သံမြန်သွားသည်။ ဤအကြည့်များ၏ အဓိပ္ပါယ်က အဘယ်နည််း။

"ဟားဟားဟား၊ သူက အဋ္ဌမအစ်ကိုရဲ့ လူပဲလေ။ မင်း ကြိုက်သလို စီစဉ်လို့ ရတယ်။ သွားကြစို့"

ရှဲ့ယန်က ရယ်မောကာ သူ့လူများကိုဦးဆောင်ပြီး သားတောင်သို့ ဆက်လက် ချီတက်သွားခဲ့သည်။

ရှဲ့ယန် ထွက်သွားပြီးနောက် ရှဲ့ကျန်း၏အမူအရာမှာ သုန်မှုန်သွားသည်။ သူက လုမင်ကို အေးစက်စက်ဖြင့် ကြည့်ကာ ပြောလိုက်၏။

"ဒုအလံကိုင်မင်၊ ပြန်သွားပြီး အမိန့်ကိုစောင့်ပါ။ မင်း တရားစီရင်ရေးတပ်ကိုသွားပြီး အလုပ်လုပ်ရမယ်။ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းကိုပြဖို့ အချိန်ကျပြီ"

ရှဲ့ကျန်းက ပြောပြီးသောအခါ အခြားသူများ၏ အမူအရာများက ထူးဆန်းလာသည်။ သူတို့က လုမင်ကို ပို၍ပင် သနားဟန်ဖြင့် ကြည့်လိုက်ကြတော့သည်။

"မင်းလည်း သူနဲ့အတူ တရားစီရင်ရေးတပ်ကို သွားရမယ်"

ထို့နောက် ရှဲ့ကျန်းက စွန်းလင်းကို လက်ညိုးညွှန်လိုက်သည်။

"ဒုတ်"

စွန်းလင်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွား၏။ ထို့နောက်တွင် သူက ချက်ချင်းဒူးထောက်ပြီး ပြောလိုက်သည်။

"မဟုတ်ဘူး၊ အဋ္ဌမမင်းသား၊ ကျွန်တော် တောင်းပန်ပါတယ်။ မလုပ်ပါနဲ့... ကျွန်တော့်ကို တရားစီရင်ရေးတပ်ကိုတော့ မပို့ပါနဲ့။ ကျွန်တော်က သူနဲ့ အတူတူနေနေရုံပဲ၊ ကျွန်တော် သူ့ကို မသိပါဘူး"

"ဟမ့်၊ မင်းက ဒီမင်းသားရဲ့ အမိန့်ကို မနာခံချင်တာလား"

ရှဲ့ကျန်း၏ မျက်လုံးများက အေးစက်သွား၏။

စွန်းလင်း၏ မျက်နှာလည်း ဖြူဖျော့သွားကာ နေရာတွင် ငူငူကြီး ဖြစ်သွားလေတော့သည်။

"သွားကြစို့"

ရှဲ့ကျန်းက လေထဲသို့ပျံတက်ကာ သူ့အိမ်တော်သို့ ပြန်သွားသည်။ အခြားသူများလည်း သူ့အနောက်မှ အမြန်လိုက်သွားကြတော့သည်။

"ဟင်း၊ မင်လု... မင်းကြောင့် ငါသေရတော့မယ်"

စွန်းလင်းက ခါးသီးသောအမူအရာဖြင့် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ။ ဘာဖြစ်လို့ တရားစီရင်ရေးတပ်မှာ မပါဝင်ချင်တာလဲ။ တရားစီရင်ရေးတပ်... နာမည်အရဆိုရင် ဒါက အာဏာပိုပြီးရှိသင့်တယ်"

လုမင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

ဂိုဏ်းများတွင်လည်း ကိုယ်ပိုင် တရားစီရင်ရေး ခန်းမများ ရှိသည်။ တရားစီရင်ရေးခန်းမတွင် လုပ်ပိုင်ခွင့် အာဏာအများကြီးရှိ၏။ သူတို့က ဂိုဏ်း၏ကိုယ်စား ဥပဒေကို ပြဋ္ဌာန်းကာ လူတိုင်းက လေးစားကြရသည်။

သို့တိုင် စွန်းလင်းက သူ့အား ရားစီရင်‌ရေးတပ်သို့ ပို့လွှတ်မှာကို ဘာကြောင့် ကြောက်ရွံ့နေသနည်း။ ရှဲ့ကျန်းက လုမင်ကို တရားစီရင်ရေးတပ်သို့ ပို့လွှတ်မည်ဟု ပြောသောအခါ အခြားသူများက အဘယ်ကြောင့် သနားဟန်ဖြင့် ကြည့်ကြပါသနည်း။

"ဟင်း… မင်းမသိလို့ပါ။ အရင်တုန်းကတော့ တရားစီရင်ရေးတပ်မှာ အာဏာအများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီအာဏာက အခု အသုံးမဝင်တော့ဘူး"

စွန်းလင်းက သက်ပြင်းချကာဆပြာလိုက်သည်။

"တရားစီရင်ရေးတပ်က ရှေးဟောင်းသန့်စင်မင်းဆက်ရဲ့ တရားစိုးမိုးရေးအဖွဲ့အစည်းပါပဲ။ သူတို့က သူတော်စင်မြို့တော်မှာ ဥပဒေကို ပြဋ္ဌာန်းဖို့နဲ့ သူတော်စင်မြို့တော်ရဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ တာဝန်ရှိကြတယ်။ သူတော်စင်မြို့တော်မှာ အပြစ်ကျူးလွန်ရင် ဘယ်အင်အားစုကပဲဖြစ်ဖြစ် တရားစီရင်ရေးတပ်က ချက်ချင်း ဖြေရှင်းကြလိမ့်မယ်"

လုမင် ခေါင်းညိတ်ပြလိုက်သည်။ ယင်းက အာဏာကြီးမားလွန်းသည် မဟုတ်လား။

"ရှေးဟောင်းသန့်စင်မင်းဆက်က ကမ္ဘာကို အုပ်စိုးခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းတုန်းကဆိုရင်တော့ တရားစီရင်ရေးတပ်ကို လူတိုင်း ကြောက်ကြလိမ့်မယ်။ အဲဒီအချိန်က အင်မတန် တန်ခိုးထွားပြီး ရာဇ၀တ်မှုကျူးလွန်တဲ့သူကို ဖိနှိပ်တာ ဒါမှမဟုတ် သတ်ပစ်ကြနိုင်တယ်။ အဲဒါကြောင့် လူတိုင်းက တရားစီရင်ရေးတပ်မှာ ပါဝင်ချင်ခဲ့ကြတယ်လေ။ တရားစီရင်ရေးတပ်မှာ ပါဝင်နိုင်သမျှ လူတိုင်းက မင်းကို ကြောက်ကြရလိမ့်မယ်"

“ဒါပေမဲ့ အခု၊ ရှေးဟောင်းသန့်သင်မင်းဆက်က အားနည်းနေခဲ့ပြီ။ ဧကရာဇ်တွေက ကွဲထွက်ကုန်သလို တရားစီရင်ရေးတပ်ရဲ့ တည်ရှိမှုက ရယ်စရာဖြစ်နေကြပြီလေ"

“ဥပမာပြောရရင် အင်အားစုကြီးတွေရဲ့ တပည့်တွေက ပြစ်မှုကျူးလွန်တဲ့အခါ တရားစီရင်ရေးတပ်က လှုပ်ရှားသင့်လား၊ မလှုပ်ရှားသင့်ဘူးလား။ တကယ်လို့ မလှုပ်ရှားရင်လည်း ရှေးဟေင်းသန့်စင်မင်းဆက်ရဲ့ တော်ဝင်မိသားစုက မျက်နှာပျက်ရလိမ့်မယ်။ မလှုပ်ရှားရင်လည်း အင်အားစုကြီးရဲ့ ကျွမ်းကျင်သူတွေက တော်ဝင်မိသားစုကို ဖိအားပေးလိမ့်မယ်။ ဒီလို ဖိအားတွေအောက်မှာ တော်ဝင်မိသားစုက အခြားသူရဲ့ဒေါသကို ဖြေဖျောက်ဖို့အတွက် တရားစီရင်ရေးတပ်ကို ပုံချလေ့ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက တရားစီရင်ရေးတပ်ကိုသွားဖို့ ဆန္ဒရှိဦးတော့မှာလဲ"

စွန်းလင်းက အရှည်ကြီး ရှင်းပြလိုက်သည်။

လုမင်လည်း ဤတော့မှ နားလည်သွားခဲ့မိလေသည်။

အဓိက အကြောင်းအရင်းမှာ ရှေးဟောင်းသန့်စင်မင်းဆက်က အားနည်းသွား၍ အဓိက အင်အားစုများကို မစော်ကားဝံ့ခြင်းကြောင့် ဖြစ်သည်။

ဤသို့ဆိုလျှင် တရားစီရင်ရေးတပ်၏ အာဏာက အမှန်တကယ် အသုံးမဝင်တော့ပေ။ သူတို့ ဘာမှမလုပ်လျှင် ရှေးဟောင်းသန့်စင်မင်းဆက်ကို မျက်နှာပျက်စေမည်။ တစ်ခုခုလုပ်ခဲ့လျှင်လည်း အင်အားစုကြီးများက တရားစီရင်ရေးတပ်ကို ဖိအားပေးလိမ့်မည်။ ထိုအခါ တရားစီရင်ရေးတပ်က ဒေါသဖြေဖျောက်စရာ ဖြစ်လာရဦးမည် ဖြစ်သည်။

ထိုအတွက် ဘာပဲလုပ်လုပ် မီးပုံတွင်းသို့ ခုန်ဆင်းခြင်းနှင့် ခြားမည်မဟုတ်ပေ။ ယခုတော့ လုမင်ကို တရားစီရင်ရေးတပ်သို့ လွှဲပြောင်းပေးမည်ဟု ပြောသောအခါ အခြားသူများက ထူးထူးဆန်းဆန်း တုံ့ပြန်သည်မှာ အံ့ဩစရာ မဟုတ်တော့ပါချေ။

"ဟင်း… တရားစီရင်ရေးတပ်ကို ပြောင်းရွှေ့ပြီးတာနဲ့ အားလုံးပြီးပြီပဲ။ ဒါ့အပြင် အနှစ်တစ်သန်း အမျိုးသားပွဲတော်နေ့ကလည်း နီးလာပြီ။ အချိန်တန်ရင် သူတော်စင်မြို့တော်မှာ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးက အင်အားစုကြီးတွေ စုဝေးကြလိမ့်မယ်။ ဒါဆိုရင် ပြဿနာတွေက သေချာပေါက် ဖြစ်လာမှာပဲ။ အဲဒီအခါကျရင် တရားစီရင်ရေးတပ်က ဘာလုပ်ရမှာလဲ။ တကယ်ကို သေတာပဲ"

စွန်းလင်း သက်ပြင်းချလိုက်သည်။ ထို့နောက်မှာတော့ မျက်နှာမသာမယာဖြင့် လေထဲမှ ပျံသန်းထွက်ခွာသွားတော့သည်။

All Chapters