အခန်း ၁၀၉၈
Vol. 74 Ch. 1098
အပိုင်း ( 1098 ) ဆင်းရဲသော တစ္ဆေအုပ်စု။
သုံးရက်အကြာတွင် တရားဝင် ပြောင်းရွှေ့အမိန့်စာကို ရခဲ့သည်။ လုမင်က တရားစီရင်ရေးတပ်တွင် ဦးစီးချုပ်အဖြစ် လူတစ်ရာကျော်အဖွဲ့ကို ဦးဆောင်ရမည် ဖြစ်၏။ စွန်းလင်းသည်လည်း သူနှင့်အတူ လိုက်ပါသွားရပေလိမ့်မည်။
အမိန့်စာကို ရရှိပြီးနောက် လုမင်လည်း စွန်းလင်းနှင့်အတူ ထွက်ခွာလာခဲ့သည်။
လုမင်ကတော့ ဤအတွက် စိတ်မပျက်ပါ။ တရားစီရင်ရေးတပ်က သူ့ကို ပိုပြီး လွတ်လပ်မှုရှိစေသောကြောင့် ကောင်းသည်။ သူတော်စင်မြို့တောါအတွင်း၌ သူနှစ်သက်သလို သွားလာနိုင်လိမ့်မည်။ သို့မှ အချက်အလက်များကို ပို၍ စုဆောင်းလာနိုင်မည် ဖြစ်သည်။
တစ်ဖက်တွင်မူ၊ စွန်းလင်းက စိတ်ဓာတ်ကျနေသည်။ သူ့မျက်နှာက စိတ်မချမ်းမြေ့သဖြင့် မှုန်ကုပ်နေတော့သည်။
မကြာမီ၊ သူတို့နှစ်ဦးက တရားစီရင်ရေး တပ်စခန်းဖြစ်သည့် တရားစီရင်ဆရးခန်းမသို့ ရောက်ရှိလာခဲ့သည်။
သူတော်စင်မြို့တော်တွင် တရားစီရင်ရေး ခန်းမများစွာ ရှိသည်။ လူတစ်ရာပါသော အဖွဲ့တစ်ခုစီတိုင်းကို ဦးစီးချုပ်တစ်ဦးက ဦးဆောင်ကြ၏။ ၎င်းတို့က သူတော်စင်မြို့တော်၏ ဧရိယာတစ်ခုကို ထိန်းချုပ်ထားခဲ့ကြပေသည်။
လုမင်ဦးဆောင်သော တရားစီရင်ရေးတပ်က သူတော်စင်မြို့တော်၏ အရှေ့မြောက်ဘက်ရှိ ဧရိယာတစ်ခုကို အဓိကတာဝန်ယူခဲ့သည်။
လုမင် ရောက်လာသောအခါ မျက်နှာမသာမယာဖြစ်နေသော လူတချို့ကို မြင်လိုက်ရသည်။ သူတို့အပြင်တော့ အခြား မည်သူ့ကိုမျှ မတွေ့ရပေ။
ထိုလူများက လုမင်တို့ ရောက်လာခြင်းကို မြင်ရသော်လည်း မျက်နှာအမူအရာ မထူးခြားဘဲ ထိုင်မြဲအတိုင်း ဆက်ထိုင်နေခဲ့သည်။
လုမင် မျက်မှောင်ကြုတ်သွား၏။
"မင်းတို့ လူတွေက ဒါပဲလား။ အခြားသူတွေကော ဘယ်မှာလဲ"
သူတို့ထဲမှ တစ်ယောက်က လုမင်ကိုကြည့်ကာ ငေါက်လိုက်သည်။
"မင်းက ဘယ်သူလဲ။ ခွင့်ပြုချက်မရှိဘဲ တရားစီရင်ရေးခန်းမထဲကို ၀င်ဝံ့တယ်၊ ဒါက ကြီးလေးတဲ့ပြစ်မှုဆိုတာ မင်းသိရဲ့လား"
"ငါက ဦးစီးအသစ်ပဲ။ တခြားသူတွေ ဘယ်မှာလဲ"
လုမင်က တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ အေးစက်စက်ဖြင့် ပြောလိုက်၏။
"ဦးစီးအသစ်လား"
ထိုလူများ၏ မျက်လုံးများက လောဘဇောနှင့် ရုတ်တရက် လင်းလက်သွားကြသည်။
ထို့နောက်တွင် သူတို့ထဲမှ တစ်ယောက်က ချက်ချင်း အော်ပြောလိုက်၏။
"ဦးစီးအသစ်ရောက်လာပြီဟေ့၊ ညီနောင်တို့ ထွက်လာခဲ့ကြတော့။ သူတို့မှာ ငွေတွေရှိနိုင်တယ်"
သူ့အသံက ကျယ်လောင်ကာ ခဏချင်း ပြန့်နှံ့သွားခဲ့သည်။ သူ့စကားသံအဆုံးတွင် လေတိုးသံများ ပေါ်လာခဲ့၏။ ထိုလူများက တရားစီရင်ရေးခန်းမ၏ နေရာအသီးသီးမှ ပြေးထွက်လာကာ အနည်းဆုံး လူရှစ်ဆယ်မှ ကိုးဆယ်အထိ ရှိခဲ့သည်။
ဤလူများသည် ပေါ်လာသည်နှင့် တပြိုင်နက် လုမင်နှင့် စွန်းလင်းတို့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။ ၎င်းတို့က ဆယ်စုနှစ်များစွာ ဆာလောင်နေပြီးနောက် စွဲမက်ဖွယ်ကောင်းသော အလှလေးကို ရုတ်တရက် မြင်တွေ့ခဲ့ရသည့် အမျိုးသားများကဲ့သို့ပင်။
"ဟားဟားဟား၊ နောက်ထပ် ကံမကောင်းအကြောင်းမလှတဲ့ ဦးစီးတစ်ယောက် ထပ်ရောက်လာပြန်ပြီ။ မင်းက အချိန်ကောင်းကို ရောက်လာတာပံ။ အခု မင်းရဲ့ ကျောက်ကြမ်းတွေနဲ့ ရတနာတွေအားလုံးကို ထုတ်ယူပြီး ငါတို့ ညီအစ်ကိုတွေဆီ မျှဝေပေးလိုက်ပါ"
ဂေါ်ရီလာကဲ့သို့ ထွားကြိုင်းသော လူတစ်ယောက်က ရှေ့ထွက်လာသည်။ သူက အင်အားပြည့်ဝပုံရသော ကြွက်သားများကို လှစ်ဟလာကာ လုမင်ကို စိုက်ကြည့်လိုက်၏။
"ဟားဟားဟား၊ မင်းက ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ခုနစ်ပဲရှိပေမဲ့ တကယ်ကြီး ဦးစီးချုပ်အဖြစ် ရောက်လာတယ်။ မင်း ဘယ်လို တည်ရှိမှုမျိုးကို စော်ကားလိုက်သလဲတော့ ငါမသိဘူး။ ဘယ်သူပဲဖြစ်ဖြစ်၊ မင်း ဒီကိုရောက်လာမှတော့ မင်းမှာရှိတဲ့ ကျောက်ကြမ်းနဲ့ ရတနာတွေကို လွှဲပေးလိုက်တော့"
အသက်ခြောက်ဆယ်ကျော်ရှိ ဆံဖြူ အဘိုးကြီးတစ်ဦးကလည်း လှောင်ပြောင်ပြောဆိုလိုက်သည်။
"ဟားဟားဟား၊ ကျောက်ကြမ်းတွေ ရပြီဆိုတာနဲ့ ငါတို့ နှလုံးသားတွေ ကျေနပ်သွားတဲ့အထိ သွားစားကြရအောင်"
"သေချာတာပေါ့၊ ချီးတဲ့မှပဲ။ ဒါမျိုး ငါ မစားရတာ ကြာပြီ"
အခြားသူများကလည်း ပွဲခံရတော့မည်ကဲ့သို့ ဝမ်းသာအားရ ရှိနေခဲ့ကြသည်။ သူတို့အားလုံးက လုမင်ကို အဆီပျံနေသော အသားတုံးကြီးကဲ့သို့ ဝိုင်းကြည့်နေခဲ့ကြလေသည်။
စွန်းလင်း၏ မျက်နှာက ဖြူဖျော့သွားသည်။ လုမင် အံသြသွား၏။
ဤသည်က တရားစီရင်ရေးခန်းမလား။
လုမင်လည်း သူ့ကိုယ်သူ ဓားပြများကြား ရောက်နေသကဲ့သို့ ခံစားခဲ့ရသည်။ဤလူများက သူ့ကို လုယက်ချင်နေကြ၏။ သို့သော်လည်း သေချာကြည့်ပြီးနောက် ဤနေရာဟာ တရားစီရင်ရေးခန်းမ အမှန်ဖြစ်သည်။
"မင်းက ငါ့ကို လုယက်ချင်တာလား"
လုမင်၏ မျက်နှာပေါ်တွင် နားလည်ရခက်သော အပြုံးတစ်ခု ပေါ်လာသည်။
"မင်း အဲဒီလို အဓိပ္ပာယ်ဖွင့်ဆိုချင်ရင်လလည်း ရပါတယ်။ အခု မြန်မြန်ပေးတော့၊ ငါ့လက်သီးက ပေါ့သေးသေးမဟုတ်ဘူး"
ဂေါ်ရီလာကဲ့သို့ ထွားကြိုင်းသောလူက လုမင်ကို ကြမ်းကြုတ်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
လုမင်၏ မျက်နှာပေါ်ရှိ အပြုံးက ပို၍ ပီပြင်လာခဲ့၏။ သူက စူးရှသော မျက်လုံးများနှင့် ကြည့်ကာ ပြောလိုက်သည်။
"အဲဒါဆို ဟုတ်ပြီ၊ မင်းကို အခု ငါက လုယက်ပြီ။ မင်းတို့ရဲ့ သိုလှောင်လက်စွပ်အားလုံးကို လွှဲပေးလိုက်"
"ဘာရယ်၊ မင်းဘာပြောလိုက်တာလဲ"
လုမင်၏ စကားများ ထွက်လာသည်နှင့် တပြိုင်နက် နေရာ တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက လုမင်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။ ခဏအကြာမှာတော့ မပြုံးဘဲနှင့် ဝါးလုံးကွဲ ရယ်မောကြတော့သည်။
"ဟားဟားဟား၊ ငါ နားကြားမှားနေတာလား။ အဆင့်ခုနစ် ဝိညာဉ်သန္ဓေသားနယ်ပယ် ဒီကောင်က ငါတို့ကို တကယ်ပဲ လုယက်ချင်နေတာလား"
"သူက ကိုယ့်ကိုယ်ကိုယ် ဘာထင်နေတာလဲ။ သူက ဘယ်သူမှ မစော်ကားသင့်တဲ့ ဦးစီးချုပ်လို့ တကယ်ပဲ ထင်နေတာလား"
"ငါ ရယ်သေပြီ"
"ဝုန်း"
ထွားကြိုင်းသော ဂေါ်ရီလာကဲ့သို့လူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်များ ထွက်လာခဲ့၏။ သူက လက်ကို ဝှေ့ယမ်းကာ လုမင်အား ဖမ်းဆုပ်လိုက်တော့သည်။
ဤလူ၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သည်။ ၎င်းက ဤလူအုပ်စုထဲတွင် ထိပ်တန်းတစ်ယောက်ပင်။
"မင်းမှာ ဘာအရည်အချင်းရှိလဲ ကြည့်ရသေးတာပေါ့"
ဂေါ်ရီလာကဲ့သို့ ထွားကျိုင်းသော အမျိုးသားက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ပြောလိုက်သည်။
လုမင်၏ အကြည့်များက အေးစက်သွားသည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ ၎င်းက ထွားကျိုင်းသော အမျိုးသား၏ လက်ကောက်ဝတ်ကို လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ဖမ်းဆုပ်လိုက်သည်။ သူ့ထံမှ သန်မာသောအင်အားများ ထွက်ပေါ်လာကာ ထွားကျိုင်းသောလူကို ဖိချလိုက်၏။
"ဒုန်း"
ဂေါ်ရီလာကဲ့သို့ ထွားကြိုင်းသော အမျိုးသားက မြေပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျကာ တရားစီရင်ရေး ခန်းမတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားရသည်။ တရားစီရင်ရေးခန်းမတွင် ရေးထိုးထားသော ဝင်္ကပါကြီးများကြောင့် မဟုတ်ပါက ခဏချင်း ပေါက်ကွဲသွားလိမ့်မည်။
ဂေါ်ရီလာကဲ့သို့ ထွားကြိုင်းသော အမျိုးသားလည်း မြေပြင်ပေါ်သို့ ပစ်ကျသွားကာ သနားစဖွယ် အော်ညီးလိုက်မိသည်။ သူ၏ ကျင်ကြံခြင်းနှင့် စွမ်းအင်က လုမင်၏လက်ထဲတွင် လုံးဝ မယှဉ်သာပေ။ ဤအခိုက်တွင် သူ့တကိုယ်လုံး အက်ကွဲသကဲ့သို့ဖြစ်ပြီး မြေပေါ်တွင် လဲကျခဲ့ရသည်။ သူ့တွင် မည်သည့်ခွန်အားမျှ မကျန်ရှိတော့ပေ။
လုမင်ကို ထိတ်လန့်တကြားဖြင့်ကြည့်ရင်း အားလုံး တိတ်ဆိတ်သွားကြသည်။ ဝိညာဉ်သန္ဓေသားနယ်ပယါ ပြီးပြည့်စုံခြင်းအဆင့်မှ ကျွမ်းကျင်သူပင် အပြတ်အသတ် ဖိနှိပ်ခံလိုက်ရ၏။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။
"ညီအစ်ကိုတို့၊ အတူတူ တိုက်ခိုက်ကြမယ်။ ဒီလူရဲ့ ခိုက်နိုင်စွမ်းက အရမ်းအားကောင်းတယ်၊ ဒါကြောင့် သူ့မှာ ရတနာအများကြီးရှိမှာ အသေချာပဲ။ တိုက်ခိုက်ကြစို့"
ဆံပင်ဖြူအဘိုးကြီးက အော်ဟစ်လိုက်၏။ ထို့နောက် အခြားသူများနှင့်အတူ ပျားအုံမှ ပျားများကဲ့သို့ လုမင်အား ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
"ဖြန်း"
လုမင်က အလင်းတန်းတစ်ခုကဲ့သို့ ရှေ့သို့လှမ်းကာ ပါးဖြတ်ရိုက်လိုက်သည်။
"ဖြန်း... ဖြန်း…"
တရားစီရင်ရေးခန်းမတွင်၊ လျင်မြန်သော ပါးရိုက်သံများ၊ ငိုကြွေးသံများနှင့် ကွဲကြေသံများ ရောထွေးကာ ဆက်တိုက် ပေါ်လာတော့သည်။
တစ်မိနစ်မပြည့်မီတွင် တရားစီရင်ရေးခန်းမတစ်ခုလုံးမှ လူအားလုံး လဲကျသွားသည်။ သူတို့က မြေပြင်ပေါ်တွင် လဲလျောင်းနေကာ နာကျင်စွာ အော်ဟစ်နေကြ၏။ သူတို့၏ မျက်နှာတစ်ဖက်စီက ဖောင်းကားနေကာ သနားစရာဖြစ်၊ ရယ်စရာလည်းကောင်းနေတော့သည်။
စွန်းလင်းလည်း ဤမြင်ကွင်းကို အံသြစွာဖြင့် ကြည့်နေခဲ့မိသည်။ သူ့ပါးစပ်ဆိုလျှင် ဟထားလွန်း၍ ကြက်ဥတစ်လုံးပင် မြိုချနိုင်လိမ့်မည်။
လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ခုနစ် ဝိညာဉ်သန္ဓေသား နယ်ပယ်၌သာ ရှိနေခဲ့သည် မဟုတ်လား။ ဤတိုက်ခိုက်နိုင်စွမ်းက အားကောင်းလွန်းသည် မဟုတ်ပါလား။
ဤတရားစီရင်ရေးအဖွဲ့တွင် ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ်က ငါးဦးမှ ခြောက်ဦးအထိ ရှိသည်။ ကျန်သူများတွင်မူ ဝိညာဉ်သန္ဓေသားနယ်ပယ် စတုတ္ထအဆင့်နှင့် အထက် ကျွမ်းကျင်သူများ ဖြစ်၏။ သို့သော်လည်း တစ်မိနစ်မပြည့်မီတွင် ၎င်းတို့အားလုံး လုမင်၏ အရိုက်ခံခဲ့ကြရသည်။ သူတို့က လုမင်ရှေ့တွင် ကလေးငယ်များကဲ့သို့ပင်။ ဤသည်က ကြောက်စရာကောင်းလွန်းသည်။
"မင်းတို့ကများ ငါ့ကို တိုက်ခိုက်ဝံ့တယ်၊ သေချင်နေတာပဲ"
လုမင်က အေးစက်စက်ဖြင့် ငေါက်ငမ်းလိုက်သည်။ ယခုချိန်တွင် လုမင်က မုတ်ဆိတ်ဗရပျစ်နှင့် ခပ်ကြမ်းကြမ်း လူတစ်ယောက်အသွင် ရှိသည်။ ယခုအချိန်တွင် သူက အတော်လေး အထာကျကျ ဖြစ်ပုံရပေသည်။
သူက လေထဲကို ဖမ်းဆုပ်လိုက်ရာ သန်မာသောစွမ်းအင်များ ထွက်လာသည်။ လုမင်က ဤတရားစီရင်ရေးအဖွဲ့မှ လူများ၏ လက်ချောင်းများပေါ်ရှိ သိုလှောင်လက်စွပ်များကို စုပ်ယူလိုက်၏။
သူ့ကို လုယက်ချင်လျှင် ပြန်လည် လုယက်ခံရခြင်းအတွက် အသင့်ပြင်ထားရမည်။
ပထမအနေဖြင့် လုမင်ဟာ ထွားကျိုင်းသော ဂေါ်ရီလာ၏ သိုလှောင်လက်စွပ်ကိုယူပြီး ဝိညာဉ်အသိဖြင့် စစ်ဆေးကြည့်လိုက်သည်။ သူ အံသြသွား၏။
"ဒါ... မင်း နည်းနည်းတော့ မဆင်းရဲလွန်းဘူးလား"
လုမင်လည်း ထွားကြိုင်းသော ဂေါ်ရီလာကိုကြည့်ကာ ဆွံ့အသွားခဲ့သည်။
ဝိညာဉ်ကျောက်တုံး အနည်းငယ်မှလွဲ၍ ဂေါ်ရီလာ၏ သိုလှောင်လက်စွပ်တွင် အခြားဘာမျှ မရှိသလောက်ပင်။
ကျောက်ကြမ်း၊ မရှိပါ။
ပို၍ကောင်းသော ဝိညာဉ်လက်နက်၊ မရှိပြန်ပေ။
အဖိုးတန်ဆေးဝါးနှင့် အခြားအရာများဆိုလျှင်လည်း ဗလာချည်းဖြစ်ပြီး လုံး၀မရှိပါချေ။
နောက်ဆုံးတွင်၊ ၎င်းက ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ကျွမ်းကျင်သူတစ်ယောက်၏ သိုလှောင်လက်စွပ် ဖြစ်သည်။ ၎င်းက ဘယ်လိုလုပ်ပြီး ဤမျှ ဆင်းရဲရသနည်း။
ထို့နောက်တွင်၊ လုမင်က အခြားလူများ၏ သိုလှောင်လက်စွပ်များကို ကြည့်လိုက်သည်။ သူတို့ထဲတွင် အများစုက ဂေါ်ရီလာထက်ပင် ပို၍ ဆင်းရဲကြသေးသည်။
လုမင်လည်း အံ့ဩမဆုံးအောင် ဖြစ်သွားသည်။ ဆင်းရဲလွန်းသည်။ ဤလူများတွင် အားအနည်းဆုံးက ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်လေးတွင် ရှိ၏။ သို့တိုင် ၎င်းတို့က သိုင်းဘုရင်နယ်ပယ်မှ ကျွမ်းကျင်သူတချို့ထက် ပို၍ဆင်းရဲသည်ဟု ခံစားခဲ့ရလေသည်။