အခန်း ၁၁၀၄
Vol. 74 Ch. 1104
အပိုင်း ( 1104 ) တိုက်ရိုက် ဖိနှိပ်ခြင်း။
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ နှစ်ဖက်ကြားမှ ရိုးရှင်းသော စကားအနည်းငယ်ကို ကြားရရုံဖြင့် ဘာဖြစ်သွားသည်ကို ခန့်မှန်းရန် မခက်ခဲတော့ပေ။
မိန်းမပျိုနှင့် အခြားသူများက ထျန်းရှအကယ်ဒမီ၏ လျှို့ဝှက်နယ်မြေတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအကြောင်း ပြောနေမည် ဖြစ်သည်။
မြင့်မြတ်အိမ်တော်တွင် လျှို့ဝှက်နယ်မြေတွင်၊ ထျန်းဝူဓားဂိုဏ်း၏ မျိုးဆက်ဟောင်းများမှ အသန်မာဆုံး ပါရမီရှင်နှစ်ဦးကို လုမင်က သတ်ပစ်လိုက်၏။ လက်ရှိမျိုးဆက်၏ အသန်မာဆုံး ပါရမီရှင်နှစ်ဦးကိုလည်း လုမင်က သတ်ပစ်ခဲ့သေးသည်။ သူတို့နှစ်ဦးတောင် အသက်အဆောင်ကြောင့် ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စက ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားခဲ့သည်။ လုရှောက်ချင်းဟူသော နာမည်သည် အလယ်ပိုင်းတိုက်ကြီးတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့၏။
မိန်းမပျိုလည်း ထိုအကြောင်းများကို သဘာဝအတိုင်း ကြားဖူးမည်ဖြစ်ရာ ဆွေးနွေးပြောဆိုခဲ့မိမည်။ ထိုစကားများကို ထျန်းဝူဓားဂိုဏ်း၏ တပည့်များက ကြားသွား၍ မိန်းမပျိုတို့ကို ခက်ခဲစေရန် ပြုလုပ်ခဲ့ခြင်းပင်။
"ပါးစပ်ပိတ်ထားစမ်း၊ လုရှောက်ချင်းက ငါ့ ထျန်းဝူဓားဂိုဏ်းက ဂိုဏ်းတူအစ်ကိုတွေအပေါ်မှာ ဘယ်လို ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးခဲ့တယ်ဆိုတာ ဘယ်သူသိမှာလဲ။ မင်းကများ အားအားနေ ဒီအကြောင်းကို လျှောက်ပြောဝံ့တယ်။ မင်း သေချင်နေတာပဲ"
"သတ်"
ထျန်းဝူဓားဂိုဏ်း၏ တပည့်များက အော်ဟစ်ကာ ပို၍ပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။
"ရပ်လိုက်စမ်း။ တရားစီရင်သူတွေ ရောက်လာပြီ"
လုမင်က အော်ငေါက်ပြီး ဆင်းသက်သွားသည်။
ထျန်းဝူဓားဂိုဏ်းမှ တပည့်သုံးယောက်က လုမင်ကို လှည့်ကြည့်လိုက်၏။ သူတို့၏ မျက်လုံးများက ရှုံ့ချမှုများ ပြည့်နှက်နေပေသည်။
"ထျန်းဝူဓားဂိုဏ်း အလုပ်လုပ်နေတယ်။ မဆိုင်သူ ဝင်မရှုပ်နဲ့"
ထျန်းဝူဓားဂိုဏ်း၏ တပည့်တစ်ယောက်က အလွန်လွှမ်းမိုးနိုင်သော အမူအရာဖြင့် အော်လိုက်သည်။ သူက တရားစီရင်သူများကို မျက်လုံးထဲပင်မထည့်ပင်။
"ဒါက ဖြောင့်မတ်တဲ့ တရားစီရင်သူတပ်မှူးပဲ၊ သူက ထျန်းဝူဓားဂိုဏ်းရဲ့ တပည့်တွေကို ထိဝံ့ပါ့မလား"
"မဖြစ်နိုင်ဘူး၊ သူဘယ်လောက်ပဲ ထူးချွန်ပါစေ ဟွမ်မိသားစုလို အင်အားစုငယ်လေးတွေကိုပဲ ကိုင်တွယ်နိုင်မှာ။ ဒီထျန်းဝူဓားဂိုဏ်းကတော့ အုပ်စိုးရှင် အင်အားစုကြီးပဲလေ။ သူ သေချင်နေလို့မဟုတ်ရင် ထျန်းဝူဓားဂိုဏ်းရဲ့ တပည့်တွေကို ဘယ်တော့မှထိမှာ မဟုတ်ဘူး"
"ဟုတ်တယ်၊ ထျန်းဝူဓားဂိုဏ်းရဲ့ တပည့်တွေက သူ့ကို လျစ်လျူရှုထားတာ မတွေ့ဘူးလား"
ဤအခိုက်တွင် လူအုပ်ထဲမှ လူတော်တော်များများက လုမင်ကို အသိအမှတ်ပြုကြသည်။ သို့သော်၊ ထျန်းဝူဓားဂိုဏ်း၏ တပည့်များကို သူ ထိဝံ့မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
ထျန်းဝူဓားဂိုဏ်းကဲ့သို့ တပ်လေးတစ်တပ်က ထျန်းဝူဓားဂိုဏ်း၏ တပည့်များကို ထိဝံ့ပါမည်လော။ ယင်းက သေမင်း၏ နားရွက်ကို တံတွေးဆွတ်ခြင်းပင် မဟုတ်ပါလား။
"သတ်"
ထျန်းဝူဓားဂိုဏ်း၏ တပည့်သုံးယောက်က လုမင်ကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့သည်။ ဓားအလင်းများက သက်တန့်ကဲသို့ တလက်လက်တောက်ကာ ပိုမို ကြမ်းတမ်းလာခဲ့၏။ အဆင့်ခုနစ် ဝိညာဉ်သန္ဓေသားနယ်ပယ် အဘိုးကြီးလည်း မတားဆီးနိုင်ဘဲ အပြတ်အသတ် ဖိနှိပ်ခံနေရတော့သည်။
ဓားအလင်းတစ်ခုက အဘိုးကြီး၏ ရင်ဝကို ထိမှန်သွားခဲ့သည်။ သူ့ရင်ဝတွင် ထုတ်ချင်းခတ်လုနီး ဓားဒဏ်ရာကြီးတစ်ခု ပေါ်လာသည်။
"သခင်လေး၊ သခင်မလေး၊ မြန်မြန်ထွက်သွားတော့"
အဘိုးကြီးက အော်ဟစ်ပြီး လူငယ်နှင့် မိန်းကလေး ထွက်ပြေးနိုင်စေရန် အစွမ်းကုန် ပေါက်ကွဲလိုက်သည်။
"သွားမှာလား၊ ဒီနေ့ ဘယ်သူမှ သွားလို့မရဘူး။ ငါ့ ထျန်းဝူဓားဂိုဏ်းအကြောင်း မဟုတ်မဟတ်ကောလဟာလတွေ လျှောက်ဖြန့်ဝံ့မှတော့ မင်းတို့အားလုံး သေသင့်ပြီ"
ထျန်းဝူဓားဂိုဏ်း၏ တပည့်တစ်ယောက်က အေးစက်စက်ဖြင့် အော်လိုက်သည်။ သူက ဓားအလင်းတစ်ခုကဲ့သို့ အဘိုးကြီးကို ကျော်ဖြတ်သွား၏။ ၎င်းက မိန်းကလေးကို တိုက်ခိုက်လိုက်တော့သည်။
"မဟုတ်ဘူး"
အဘိုးကြီးက အော်ဟစ်လိုက်သည်။ သို့ရာတွင်...၊ သူ့ကိုယ်သူ ကာကွယ်ရန်ပင် အစွမ်းမဲ့နေပြီဖြစ်ရာ အခြားသူအား မည်သို့ ကာကွယ်နိုင်မည်နည်း။
မိန်းကလေး၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမက ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်တစ်၌သာ ရှိပေသည်။ ပြိုင်ဘက်ကတော့ အဆင့်ငါး ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံခြင်းအခြေခံရှိကာ တိုက်ခိုက်နိုင်စွမ်းမြင့်မားသော ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။ ကွာခြားချက်က ကြီးမားလွန်းရာ မိန်းကလေး လုံးဝ မခုခံနိုင်တော့ပေ။
"သေစမ်း"
ထျန်းဝူဓားဂိုဏ်းသားက ကြမ်းကြုတ်သော အမူအရာဖြင့် ဟိန်းဟောက်လိုက်သည်။ သူက မိန်းကလေးကို လျှပ်စီးလက်သကဲ့သို့ ဓါးဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
သို့သော်၊ ဓားအလင်းက လမ်းတစ်ဝက်မှာပင် ရပ်သွားသည်။
အကြောင်းမူ၊ လူတစ်ယောက်က ထျန်းဝူဓားဂိုဏ်းသား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ တားဆီးထားခဲ့သောကြောင့်ပင်။
သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားသူက သဘာဝအတိုင်း လုမင် ဖြစ်သည်။
အရေးကြီးသောအခိုက်အတန့်တွင်၊ လုမင်က မိန်းကလေး၏ရှေ့တွင် ပြန်ပေါ်လာပြီး တားဆီးလိုက်ခြင်း ဖြစ်ချေသည်။
လုမင်ဖြစ်ကြောင်း မြင်ရသောအခါ ထျန်းဝူဓားဂိုဏ်းသား၏ မျက်လုံးများက အံ့အားသင့်ပြီး သတ်ဖြတ်ချင်စိတ်တို့ ပေါက်ကွဲထွက်လာသည်။ သူက လုမင်ကိုကြည့်ကာ ကြမ်းမောင်းလိုက်၏။
"အတင့်ရဲလိုက်တာ၊ မင်းလို တပ်မှူးတစ်ယောက်ကများ ငါ့ရဲ့ တိုက်ခိုက်မှုကို အနှောင့်အယှက်ပေးဝံ့တယ်။ ငါ မင်းကိုပါ သတ်မယ်"
ထျန်းဝူဓားဂိုဏ်းသား၏ ခန္ဓာကိုယ်မှ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ သူ၏ နောက်လက်တစ်ဖက်က ဓားတစ်လက်ကဲ့သို့ လေထုကိုဖြတ်သန်းကာ လုမင်၏လည်မြိုသို့ တိုးဝင်သွား၏။
"ဖြောင်း"
လုမင်က အနှီထျန်းဝူဓားဂိုဏ်းသား၏ အစာအိမ်တည့်တည့်ကို ကန်ထုတ်လိုက်သည်။ ထိုလူ အော်ဟစ်ကာ မီတာဒါဇင်ချီပြီး လွင့်ထွက်သွား၏။ သူ၏ခန္ဓာက မြေပြင်ပေါ်ကို ခွေးကျကျကာ အော်ညည်းသံများ ထွက်ပေါ်လာတော့သည်။
"မင်း... မင်း လက်တုံ့ပြန်ဝံ့တယ်လား"
၎င်းထျန်းဝူဓားဂိုဏ်းသားက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ လုမင်က အမှန်တကယ် ပြန်ပြီးတိုက်ခိုက်ဝံ့သလော။ သူက ထျန်းဝူဓားဂိုဏ်း၏ တပည့်ဖြစ်သည်။
"အရူး"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။ ဤလူက သူ့ကိုသတ်ချင်နေ၍ တုံ့ပြန်မှုပြုတာ ပုံမှန် မဟုတ်လော။ ထျန်းဝူဓားဂိုဏ်းမှ လူက လူတစ်ယောက်ကိုသတ်လျှင်ပင် မည်သူမျှ လက်တုံ့မပြန်ဝံ့လောက်အောင် အင်မတန် သာလွန်မြင့်မြတ်နေသလော။
သူ့ဦးခေါင်းကို မြည်းကန်ခံခဲ့ရခြင်း ဖြစ်မည်။
ဤအခိုက်အတန့်တွင်၊ ထျန်းဝူဓားဂိုဏ်းမှ အခြားတပည့်နှစ်ယောက်က တိုက်ခိုက်မှုများ ရပ်တန့်သွားကြသည်။ သူတို့နှစ်ဦးစလုံး လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်ကြ၏။
နိမ့်ကျသော တရားစီရင်သူတစ်ယောက်က ထျန်းဝူဓားဂိုဏ်း၏ တပည့်တစ်ဦးကို အမှန်တကယ် တိုက်ခိုက်ဝံ့သလော။ သူတို့နှစ်ဦးစလုံး တခဏချင်း သတိပြန်မဝင်နိုင်အောင် ကြောင်သွားသည်။
ကြည့်ရှုနေသူများလည်း အံ့အားသင့်ကာ အေးခဲသွား၏။ အချိန်အတော်အကြာမှ တစ်စုံတစ်ယောက်က သတိပြန်ဝင်လာခဲ့သည်။
"ဘုရားရေ၊ ဒီတပ်မှူးပ တကယ်ကို အံ့သြဖို့ကောင်းတယ်။ သူက ထျန်းဝူဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ကိုတောင် တကယ်ကြီး ထိဝံ့တယ်ကွ"
"အေး၊ ဒါက ငါ မျှော်လင့်ထားတာထက် ကျော်လွန်နေခဲ့ပြီ။ အာဂသတ္တပဲ"
"သတ္တိကောင်းပါတယ်၊ ဒါပေမယ့် ဦးနှောက်မရှိဘူး။ နောက်ဆက်တွဲ အခြေအနေတွေကို သူ ဘယ်လိုဖြေရှင်းမှာလဲ"
လုမင်၏ လုပ်ရပ်ကြောင့် အားလုံး တုန်လှုပ်သွားကြသည်။
ယခင်က လုမင် လှုပ်ရှားဝံ့မည် မည်သူမျှ မထင်ခဲ့ကြပေ။ သို့ရာတွင် အမှန်တရားက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
"ကောင်လေး၊ မင်း သေချင်နေတာပဲ"
နောက်ဆုံးတွင် ထျန်းဝူဓားဂိုဏ်း၏ တပည့်နှစ်ဦး သတိပြန်ဝင်လာခဲ့သည်။ တစ်ယောက်က ဒေါသတကြီးဖြစ်ကာ အော်ဟစ် ကြိမ်းမောင်းလိုက်၏။ သူဟာ လုမင်ကို ဓားတစ်ချက်တည်းနှင့် သတ်လိုသကဲ့သို့ ဓားနှင့်လူ တစ်သားတည်းဖြစ်ကာ လုမင်အား ခုတ်ပိုင်းလိုက်တော့သည်။
"ဖြောင်း"
သို့သော်၊ လုမင်၏ ခြေကန်ချက်က သူ့ကို နှုတ်ဆက်နေဆဲပင်။
ဤကန်ချက်က ပထမလူကဲ့သို့ ဝမ်းဗိုက်ကိုသာ ပြင်းပြင်းထန်ထန် ကန်မိသွားသည်။ အနှီ ထျန်းဝူဓားဂိုဏ်းသား အော်ဟစ်ကာ ပထမလူအနားသို့ လွင့်ထွက်သွား၏။ သူသည်လည်း ခွေးကျကျကာ အော်ညည်းရပြန်တော့သည်။
လူနှစ်ယောက်၏ ဖြစ်အင်က အတူတူသာ ဖြစ်ခဲ့သည်။
လူအုပ်ကြီးက လန့်ဖျတ်သွားသည်။ လုမင်သည် လွန်စွာ အတင့်ရဲလွန်း၏။ ပထမ တစ်ချက်က မတော်တဆတုံ့ပြန်မှုဟု ဆိုရမည်ဆိုလျှင် ဤတစ်ချက်က တမင်တကာ ကန်ချင်၍ ပိတ်ကန်ထုတ်လိုက်ခြင်း ဖြစ်သည်။ သူက ထျန်းဝူဓားဂိုဏ်းကို လုံးဝ မကြောက်ပေ။
လူအုပ်ကြားတွင် လုမင်နှင့်အတူ လိုက်ပါလာသော တရားစီရင်သူအားလုံး ချွေးသီးချွေးပေါက် ထွက်လာကြသည်။
သူတို့ နှလုံးသားထဲတွင် သက်ပြင်းချလိုက်ကြ၏။ သူတို့ လူပေါင်းမှားချေပြီ။
ထျန်ဝူဓားဂိုဏ်း၏ နောက်ဆုံးတပည့်မှာ တုန်လှုပ်သွားခဲ့သည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းသည် လွန်စွာ ကြောက်စရာကောင်း၏။ ပေါ့ပေါ့ပါးပါး လှုပ်ရှားရုံဖြင့် သူနှင့် အဆင့်တူသော ဂိုဏ်းတူညီနောင်နှစ်ဦးကို တုံးခနဲ လဲစေခဲ့သည်။ ဤသည်က သူ့ကို မလှုပ်ဝံ့အောင် ဖြစ်စေခဲ့ပေသည်။
"ကောင်လေး၊ မင်း ငါတို့ ထျန်းဝူဓားဂိုဏ်းရဲ့ ပါရမီရှင်တွေကို ထိဝံ့တယ်လား။ မင်းသေပြီ၊ မင်းတင်မကဘူး... မင်းနဲ့ မင်းရဲ့ နောက်ကွယ်က အင်အားစု၊ မင်းရဲ့မိသားစုနဲ့ မင်းတို့အားလုံး အမြစ်ပြတ် သုတ်သင်ခံရပြီပဲ။ မင်းစောင့်ကြည့်နေ၊ မင်းရဲ့ ဆန်ကုန်မြေလေး တရားစီရင်ရေးတပ်လည်း နာပြီ"
ကျန်ထျန်းဝူဓားဂိုဏ်းသားက အော်ဟစ်ကြိမ်းမောင်းပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
"ငါ မင်းကို ထွက်သွားခွင့်ပေးသေးလို့လား"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်၏။
ထို့တပည့်က အေးခဲသွားခဲ့သည်။ သူက လုမင်ကိုကြည့်ကာ စိတ်ထိန်းပြီး မေးသည်။
"မင်း... မင်း အဲဒါ ဘာကိုဆိုလိုတာလဲ"
သူက ကိုယ့်ဘာသာ ထွက်သွားတော့မည်ကို လုမင်က မရပ်သေးဘဲ ဆက်လုပ်ချင်သေးပါသလော။
"တော်စမ်း၊ ငါ့နယ်မြေထဲမှာ ရာဇဝတ်မှု ကျူးလွန်ပြီးမှ ထွက်သွားချင်နေတာလား။ ငါ့ကို ဘာထင်လို့ထင်လဲ။ တရားစီရင်ရေးတပ်ကိုကော ဘယ်လိုထင်လို့လဲ"
လုမင်က ငေါက်ငမ်းကာ ရှေ့သို့ တိုးသွားသည်။
"မင်း... မင်း မလာနဲ့နော်။ ငါ... ပြောပြီးပြီ၊ မင်း... သေပြီ"
ထျန်းဝူဓားဂိုဏ်း၏ နောက်ဆုံးတပည့်က အော်ဟစ်လိုက်သည်။ သို့သော်လည်း နီးကပ်လာသော လုမင်ကိုကြည့်ကာ လွန်စွာလန့်ဖျတ်ပြီး စကားဖြောင့်အောင် မပြောနိုင်တော့ပေ။
"ဖြောင်း"
လုမင်က ပိတ်ကန်ထုတ်လိုက်သည်။