အခန်း ၁၁၀၅
Vol. 74 Ch. 1105
အပိုင်း ( 1105 ) လုရှောက်ချင်းလုပ်နိုင်ရင် ငါလည်း လုပ်နိုင်တယ်။
ဤကန်ချက်က လျှပ်စီးလက်သကဲ့သို့ မြန်သည်။ ပြိုင်ဘက်က တုံ့ပြန်မိချိန်တွင် သူ့ခြေကန်ချက်က ကျရောက်သွား၏။ ထိုသူလည်း အခြားနှစ်ယောက်ဘေးကို ခွေးကျပြုတ်ကျသွားတော့သည်။
"အား၊ ခွေးကောင်... မင်းသေပြီ။ ငါ့ထျန်းဝူဓားဂိုဏ်းက အကြီးအကဲတွေကော ဂိုဏ်းတူအစ်ကိုဝူချန်ခုန်းနဲ့ ဝူစန်းတို့ပါ ရောက်နေပြီ။ သူတို့က ဒီကနေ မဝေးဘူး၊ သတင်းပျံ့သွားတာနဲ့ မင်း သေပြီပဲ"
ထျန်းဝူဓားဂိုဏ်း၏ တပည့်တစ်ဦးက အော်ဟစ်ကာ လုမင်ကို ခြိမ်းခြောက်လိုက်သည်။
"ဒုန်း"
လုမင်က ထိုတပည့်မျက်နှာကို ဆောင့်နင်းကာ မြေပြင်နှင့် ခပ်ကြမ်းကြမ်း ပွတ်ဆွဲလိုက်၏။
"ဝူချန်ခုန်းနဲ့ ဝူစန်းစား။ သူတို့က မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေမှာ လုရှောက်ချင်း အသတ်ခံခဲ့ရတဲ့ အမှိုက်နှစ်ကောင်ပဲလေ။ တကယ်လို့သာ အသက်အဆောင်ကြောင့်သာမဟုတ်ရင် သူတို့သေသွားတာကြာပြီ။ အဲဒီအမှိုက်နှစ်ကောင်ကို ငါစောင့်နေမယ်။ လုရှောက်ချင်းက သူတို့ကို သတ်နိုင်ရင် ငါလည်း လုပ်နိုင်တယ်"
လုမင်က ထျန်းဝူဓားဂိုဏ်း၏ တပည့်သုံးယောက်ကို ငုံ့ကြည့်ကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ၏ အေးစက်စက်အသံက ဧရိယာအနှံ့ ပဲ့တင်ထပ်သွားသည်။
လူတိုင်း အံ့ဩသွားကြ၏။ ဤတပ်မှူးက အတော်မိုက်ပုံရသည်။ သူက ဝူချန်ခုန်းနှင့် ဝူစန်းကို ဤနေရာတွင် အမှန်တကယ်ထိုင်စောင့်နေမည်လော။ လုရှောက်ချင်းနည်းတူ သူတို့ကို သတ်ဖြတ်တော့မည်လော။
လုရှောက်ချင်းက ဘုရင်ငယ်ငါးပါးနှင့် ယှဉ်နိုင်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။ ဤတရားစီရင်သူက သူနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
သို့သော်လည်း လုမင်၏ ရဲစွမ်းသတ္တိကိုတော့ သူတို့ မချီးကျူးဘဲ မနေနိုင်တော့ပေ။ လုမင်က ထျန်းဝူဓားဂိုဏ်းသား၏ မျက်နှာကို နင်းထားပြီး ဤနေရာတွင် ထိုင်စောင့်ဝံ့သည်။
ထျန်းဝူဓားဂိုဏ်း၏ အခြားတပည့်နှစ်ယောက်လည်း မြေပြင်ပေါ်တွင် လဲလျောင်းနေကာ ဘာမျှ မပြောဝံ့တော့ပေ။ သူတို့၏ မျက်နှာများကိုပါ လုမင်က တက်နင်းလိုက်မည်အား ကြောက်မိသည်။ သို့သော်လည်း သူတို့၏ နှလုံးသားထဲမှာတော့ လုမင်ကို တူးတူးခါးခါး မုန်းတီးခဲ့ကြပြီ။ လုမင်ကို အပိုင်းပိုင်းဖြတ်ပြီး သတ်ရန် သူတို့ မစောင့်နိုင်တော့ပေ။
ထျဲရှင်းနှင့် အခြားသူများမှာတော့ ချွေးများက ရေချိုးထားသကဲ့သို့ ရွှဲနေပြီ ဖြစ်သည်။
ထျဲရှင်းက လုမင်၏နံဘေးသို့ တိတ်တဆိတ်လျှောက်လာကာ ပြောလိုက်သည်။
"တပ်မှူး၊ ဒါ ... ဒါက သိပ်လွန်နေပြီ မဟုတ်လား။ ထျန်းဝူဓားဂိုဏ်းက ကျွမ်းကျင်သူတွေ ရောက်လာရင် ဘယ်လိုလုပ်မလဲ…”
"ဘာကြောက်စရာရှိလို့လဲ။ ငါတို့က တရားစီရင်ရေးခန်းမကပဲလေ။ ငါတို့က သူတော်စင်ဧကရာဇ်ကိုယ်စား ဥပဒေကို ပြဋ္ဌာန်းဖို့ တည်ရှိတာ၊ ဘာကိုကြောက်နေရမှာလဲ"
လုမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဒါ…"
ထျဲရှင်းနှင့် အခြားသူများလည်း ဘာပြောရမည်မှန်း မသိတော့ပေ။ သူတို့လည်း အံကြိတ်ပြီး လုမင်နှင့် ဆက်စောင့်ရန်သာ တတ်နိုင်ခဲ့သည်။
ဤနေရာတွင် ဖြစ်ပျက်ခဲ့သော သတင်းများကမူ လေပွေကဲ့သို့ ပျံ့နှံ့သွား၏။
"ဘာ၊ ဒီလိုမျိုး ရှိခဲ့တာလား။ တကယ်ပဲ ဒီလောက် အစွမ်းထက်တဲ့ တပ်မှူးမျိုး ရှိတယ်ပေါ့။ သွားကြည့်ရအောင်"
ဤသတင်းကိုကြားတော့ လူအများဟာ မယုံနိုင်ကြပေ။ ထို့ကြောင့် သိလိုစိတ်ဖြင့် ချက်ချင်း ပြေးလွှားသွားခဲ့သည်။
အုပ်စိုးရှင်အင်အားစုများမှ တပည့်များနှင့် ပါရမီရှင်များစွာတို့လည်း သတင်းကြားရသောအခါ အတော် အံ့ဩသွား၏။
နှစ်တွေကြာလာသည်နှင့်အမျှ တော်ဝင်မိသားစု၏ ဩဇာအာဏာက တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ထို့ကြောင့် တရားစီရင်ရေးခန်းမသည် လက်တွေ့တွင် အသုံးမဝင်တော့ပေ။ ထိပ်သီးအင်အားစုများနှင့် ကျွမ်းကင်ကျင်သူများ၏ တပည့်များက သူတို့အလိုရှိသမျှကို လုပ်ဆောင်နိုင်သည်။ တရားစီရင်ရေးတပ်က သူတို့ကို ဘာမျှ လုပ်ဝံ့ကြမည်မဟုတ်ချေ။
ယခုမူ၊ ထျန်းဝူဓားဂိုဏ်း၏ တပည့်များကို ရိုက်နှက်ဝံ့သူ အမှန်တကယ် ပေါ်လာပြီ ဖြစ်သည်။ ဤအရာက လူအများ၏ စူးစမ်းချင်စိတ်ကို နှိုးဆွနိုင်ကာ အားလုံးက စောင့်ကြည့်ရန် ပြေးသွားကြတော့သည်။
………
အဋ္ဌမမင်းသား ရှဲ့ကျန်း၏ နေအိမ်တွင်...
ရှီကျန်းက ခြံဝင်းထဲတွင် လက်ဖက်ရည်သောက်နေသော ရှဲ့ကျန်းဆီသို့ အမြန်လျှောက်လာသည်။
"ကိုယ်ရံတော်ရှီ၊ မင်း ဘာဖြစ်လို့ ဒီလောက်အလျင်လိုနေတာလဲ"
ရှဲ့ကျန်းက မေးလိုက်သည်။
"အဋ္ဌမမင်းသား၊ မင်လုအကြောင်း သတင်းပါ"
ရှီကျန်း ပြောလိုက်သည်။
"အိုး၊ အဲဒီမျက်မမြင်ကောင် သေသွားပြီလား။ မသေခဲ့ရင်တောင် လွယ်လွယ် ရှင်သန်နိုင်မှာ မဟုတ်ဘူး၊ ဟုတ်တယ် မဟုတ်လား။ ဒီကောင်က ဒီမင်းသားကို ဒဏ်ရာရအောင် လုပ်ဝံ့တယ်။ သောက်ကန်းခွေးကောင်"
ရှဲ့ကျန်းက လက်ဖက်ရည်တစ်ငုံသောက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
"သူမသေသေးပါဘူး။ ဒီကောင်က တကယ် ရဲတင်းတယ်။ ဟွမ်မိသားစုရဲ့ သခင်လေးဟွမ်ကဲက မြို့ထဲမှာ တစ်ယောက်ယောက်ကို သတ်ခဲ့တယ်။ အဲဒါကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံ ဖျက်ဆီးခံလိုက်ရပြီ"
ရှီကျန်းက ပြောလိုက်၏။
"ဟင်၊ ဟွမ်ကဲရဲ့ ကျင့်ကြံခြင်းအခြေခံ ဖျက်ဆီးခံလိုက်ရပြီလား။ ဟွမ်မိသားစုက မင်လုကို လာမသတ်ဘူးလာ"
ရှဲ့ကျန်းက စိတ်ဝင်တစား မေးသည်။
"ဟုတ်ပါတယ်။ ဝိညာဉ်နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦးနဲ့ ပြီးပြည့်စုံတဲ့ ဝိညာဉ်သန္ဓေသားနယ်ပယ် ဘီလူးအိုကြီးတစ်ယောက် ရောက်လာခဲ့တယ်။ သူတို့က တရားစီရင်ရေးတပ်ရဲ့ တပ်မှူးကိုတောင် ခေါ်သွားပါသေးတယ်"
ရှီကျန်းက ခေါင်းညိတ်ပြီးတော့ ပြောလေသည်။
"အိုး၊ ဒီလိုဆိုရင် မင်လု မသေသေးဘူးလား။ “
ရှဲ့ကျန်း သိချင်နေမိသည်။ သူ့အမြင်တွင် မင်လုက ဟွမ်မိသားစုမှ ဝိညာဉ်နတ်ဘုရား၏ ရိုက်သတ်ခြင်းကို ခံလိုက်ရသင့်သည်။
"မဟုတ်ဘူး၊ မင်လုရဲ့ တိုက်ခိုက်နိုင်စွမ်းက အံ့မခန်းပါပဲ။ သူက ဝိညာဉ်နတ်ဘုရားရဲ့ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးခဲ့ပြီး သူတော်စင်ဧကရာဇ်ရဲ့ နာမည်ကိုတောင် အသုံးပြုခဲ့တယ်..."
ရှီကျန်းက နောက်ဆုံးအကြိမ် ဖြစ်ပျက်ခဲ့သည်များကို အတိုချုံး ပြောပြခဲ့သည်။
"သေစမ်း၊ ဒီကောင်က တကယ်ပဲ တော်ဝင်မျိုးရိုးနာမည်ကိုတောင် သုံးခဲ့တယ်။ ချီးပဲ၊ သူကံကောင်းသွားတယ်"
နားထောင်ပြီးနောက် ရှဲ့ကျန်း၏ မျက်နှာက သုန်မှုန်သွားသည်။
ထို့နောက်တွင် သူ့အမူအရာ ချက်ချင်းပြောင်းသွားပြီး ဆက်မေးလိုက်၏။
"မင်လု... မင်း မင်လုကြောင့် ဒီကို အလောတကြီးလာခဲ့တာ မဟုတ်လား။ သူ ဘာဖြစ်သွားတာလဲ"
"ဟားဟား၊ ဒီတစ်ခါတော့ သူ သေရမှာ သေချာတယ်။ သူက တကယ်ကြီး ထျန်းဝူဓားဂိုဏ်းရဲ့ တပည့်ကို ရိုက်နျက်ခဲ့တယ်လေ…"
ရှီကျန်းက ထျန်းဝူဓားဂိုဏ်း၏ တပည့်များ ပြဿနာဖြစ်ကြပုံမှ လုမင် စောင့်နေသည်အထိ ရှဲ့ကျန်းကို ပြောပြလိုက်သည်။
"ဒီ မင်လုက တကယ့်ကို ရဲတင်းတာပဲ။ ဟားဟားဟား၊ ဒီတစ်ခါတော့ သူ ဘယ်လိုသေသွားမလဲ ကြည့်ရသေးတာပေါ့။ သွားကြရအောင်၊ ဒီလိုပွဲကောင်းတစ်ပွဲကို ငါတို့ လက်လွှတ်မခံနိုင်ဘူး။ သွားကြည့်ကြစို့"
ရှဲ့ကျန်းလည်း စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်ကာ ရှီကျန်းနှင့်အတူ ပြေးထွက်သွားတော့သည်။
………
သူတော်စင်မြို့တော်၏ အရှေ့မြောက်ဘက်ရှိ စားသောက်ဆိုင်ရှေ့တွင်…
လုမင်က ထျန်းဝူဓားဂိုဏ်းသားတစ်ဦး၏ မျက်နှာကို ခြေတစ်ဖက်တင်ပြီး တိတ်တဆိတ် စောင့်ဆိုင်းနေဆဲပင်။
ကောင်းကင်ယံတွင်လည်း လူများက ပိုများလာကာ ပြည့်နေပြီ ဖြစ်သည်။
"ဝူစန်းရောက်လာပြီ"
ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာကာ နေရာတစ်ခုလုံးကို လှုပ်ရှားစေခဲ့၏။
ဦးတည်ချက်တစ်ခုမှ လူအများက ဘေးသို့ရှဲကာ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။ ထိုအရပ်မှ ကောင်းကင်ယံတွင် လူရိပ်နှစ်ခု လျှောက်လှမ်းလာခဲ့၏။
၎င်းတို့ထဲမှ တစ်ဦးမှာ ထျန်းဝူဓားဂိုဏ်း၏ ဒုတိယတန်းစား ပါရမီရှင် ဝူစန်း ဖြစ်သည်။
ဝူစန်း၏နောက်တွင် ရှီဖန် ရှိနေသည်။ ယင်းက လုမင်ကို ခဏတာ အံ့အားသင့်စေခဲ့၏။ ထို့နောက်တွင်မှ၊ ရှီဖန်က ဝူစန်းကို သတင်းပို့လိုက်ခြင်းဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။
အမှန်တော့ ယင်းက သိပ်ပြီးမထူးဆန်းပေ။
လုမင်က ထျန်းဝူဓားဂိုဏ်း၏ တပည့်များကို ရိုက်နှက်လိုက်မှန်း သတင်းကြားရသည်နှင့် ရှီဖန်ဟာ သူ့အခွင့်အရေး ရောက်လာပြီမှန်း သိခဲ့သည်။
သူသည် ယခင်ကတည်းက ဝူစန်းကဲ့သို့ ပါရမီရှင်များနှင့် မိတ်ဖွဲ့လိုသော်လည်း အခွင့်မသာခဲ့ပေ။ ယခုတော့ အခွင့်ကောင်းရောက်လာပြီဖြစ်ရာ တုံ့ဆိုင်းမနေဘဲ ဝူစန်း၏ နေအိမ်သို့ အမြန်ပြေး၍ သတင်းပို့တော့သည်။ မျှော်လင့်ထားသည့်အတိုင်း ဝူစန်းက ဒေါသတကြီးနှင့် ပြေးလာခဲ့သည်။
ဝူစန်းက တစ်လှမ်းချင်း ဆင်းလာသည်။ သူ ခြေလှမ်းလိုက်တိုင်း လေဟာပြင်သည် တုန်ဟီးသွား၏။ ကောင်းကင်ကြီးပင် ဝူစန်း၏ဒေါသကို မခံနိုင်ဟန်ဖြင့် တုန်ခါနေခဲ့ရသည်။
ဝူစန်း၏ မျက်လုံးများကတော့ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နေသည်။ သူက သွားကြားထဲမှ ထွက်သော လေသံနှင့် ပြောလိုက်သည်။
"တရားစီရင်ရေးခန်းမရဲ့ အမှိုက်ကများ၊ ထျန်းဝူဓားဂိုဏ်းရဲ့ တပည့်တွေကို ဘယ်လိုတောင် ရိုက်ဝံ့တာလဲ။ ကောင်းတယ်၊ သိပ်ကောင်းတယ်"
"မင်းပဲလား၊ ဝူချန်ခုန်းကော ဘယ်မှာလဲ။ လုရှောက်ချင်းက မင်းနဲ့ မင်းရဲ့ညီနောင်တွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တယ်ကို ငါကြားတယ်။ ငါလည်း ဒီနေ့ လုရှောက်ချင်းအတိုင်း မင်းတို့အားလုံးကို အနိုင်ယူမလို့ပဲ။ ကံမကောင်းချင်တော့… မင်းတစ်ယောက်တည်းကိုပဲ ရိုက်ရတော့မယ်"
လုမင်က ဝူစန်းကိုကြည့်ကာ လျစ်လျူရှုစွာ ပြောလိုက်သည်။
လူအုပ်ကြီး အံ့အားသင့်သွား၏။ ဤတပ်မှူးက မာနကြီးလွန်းသည်။ တစ်ယောက်တည်းနှင့် မလုံလောက်ဘူးလား။ သူက ဝူချန်ခုန်းနှင့် ဝူစန်းတို့ကို လုရှောက်ချင်းကဲ့သို့ အနိုင်ယူလိုသလော။ သူ့ကိုယ်သူ ဘယ်သူလို့ထင်သနည်း။
ဝူစန်းက ဒုတိယတန်းစား ပါရမီရှင်တစ်ဦးဖြစ်သည်။ သူက နာမည်ကျော်ကြားပြီး ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ပင် ရောက်ရှိနေခဲ့ပြီ။ သူကဲ့သို့ ပါရမီရှင်များကို သာမန်ဝိညာဉ်နတ်ဘုရားများနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ လုမင်က ဟွမ်မိသားစု၏ ဝိညာဉ်နတ်ဘုရားထံမှ တိုက်ခိုက်မှုကို ခုခံနိုင်ရုံဖြင့် ကောင်းကင်ကို အံတုနိုင်ပြီဟု ထင်နေပါသလော။
သူက နုံအလွန်းလှသည်။
လူတော်တော်များများလည်း ခေါင်းခါယမ်းလိုက်ကြလေသည်။ အံ့သြဖွယ်ကောင်းလွန်းသော ဤတပ်မှူးကြီး ယနေ့တွင် သေကြရတော့မည်ဟု သူတို့ထင်ခဲ့သည်။
ထျဲရှင်းနှင့် အခြားသူများလည်း မျက်နှာပျက်နေခဲ့ကြသည်။ သို့သော်၊ စကားတစ်ခွန်းမှ မပြောဝံ့ကြပေ။ သူတို့အားလုံး အံတင်းတင်းကြိတ်ကာ လုမင်၏အနောက်တွင် ရပ်နေခဲ့ကြသည်။
သူတို့တွင် ရွေးချယ်စရာ မရှိပေ။
"ဟားဟားဟား၊ ဒီလိုဆိုမှတော့ မင်းငါ့ကို ဘယ်လိုရိုက်မလဲ ကြည့်ကြသေးတာပေါ့"
ဝူစန်းက ဒေါသထွက်လာကာ ရယ်မောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"ဝုန်း"
မိုးနှင့်မြေက ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။ ဓားအရှိန်အဝါများက ကောင်းကင်သို့ ပျံတက်သွားကာ လေနှင့် တိမ်များကို ဖြစ်ပေါ်စေခဲ့၏။ သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ထွက်ပေါ်လာတော့သည်။ အလင်းတန်းတိုင်းက ဓားအလင်းများကဲ့သို့ ဖြစ်သည်။