အခန်း ၁၁၀၇
Vol. 74 Ch. 1107
အပိုင်း ( 1107 ) ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲ။
"ဝုန်း"
လုမင်က ဝူစန်းကို နောက်တစ်ကြိမ် ဆောင့်နင်းလိုက်သည်။ သူက ဝူစန်း၏ ကျင့်ကြံခြင်းအခြေခံကို တံဆိပ်ခတ်ထားသောကြောင့် စွမ်းအင်လည်း မစုဆောင်းနိုင်ပေ။ ထို့ကြောင့် မချိတင်ကဲ အော်ညည်းလိုက်သံကြီး ပေါ်လာသည်။
လူအုပ်ကြီးပင် ကြက်သီးတဖြန်းဖြန်း ထသွား၏။
ဤတရားစီရင်သူတပ်မှူးက ပြတ်ပြတ်သားသား ရက်စက်လွန်းလှသည်။ ဝူစန်းကိုပင် ဖိနှိပ်ကာ ရိုက်နှက်ဝံ့၏။
လုမင်က ဝူစန်းကို ကုပ်မှဆွဲကာ ပထမသုံးယောက်အနားသို့ ပစ်ပေါက်ထားလိုက်သည်။
ပထမ ထျန်းဝူဂိုဏ်းသားသုံးယောက်လည်း တန်လှုပ်ချောက်ချားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ သူတို့ဘေးမှ ဝူစန်းကို ကြည့်မိသောအခါ လွန်စွာ အံ့အားသင့်မှုများ ပေါ်လာခဲ့၏။
မူလက လုမင်၏ ကန်ချက်မိသောအခါ ခွေးကျကျ၍ အခြေအနေ သူတို့ကိုယ်ကို အကြီးအကျယ် မျက်နှာပျက်ရဟည်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ယခု ဝူစန်း၏ ဖြစ်အင်ကို မြင်လိုက်ရသော အခါမှာတော့ သူတို့က ပို၍ပင် အခြေအနေကောင်းကဲ့သို့ ရုတ်တရက် ခံစားလိုက်ရတော့သည်။
ဝူစန်းကဲ့သို့ ပါရမီရှင်တစ်ဦးသည်ပင် ဖိနှိပ်ခံခဲ့ရလျှင် သူတို့ ဖိနှိပ်ခံရသည်မှာ အဆန်း မဟုတ်တော့ချေ။
"အား"
ဝူစန်းက အရိုင်းစိတ်ဝင်သွားသော သားရိုင်းကြီးတစ်ကောင်ကဲ့သို့ ဒေါသတကြီး အော်လိုက်သည်။ အထူးသဖြင့်၊ သူ့ပတ်ဝန်းကျင်မှ လူအများ၏ ထူးခြားသောအကြည့်များကို မြင်ရသောအခါ ရှက်လွန်းသဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေရန် မစောင့်နိုင်တော့ပေ။
ဟုတ်သည်၊ ယင်းက အတွေးတစ်ခုမျှသာဖြစ်ချေသည်။ သူ့တွင် ကြီးကျယ်ခမ်းနားသော အနာဂတ်ရှိ၍ မသေချင်သေးပေ။
"မင်း ဘယ်ကိုသွားမလို့လဲ"
ဤအခိုက်တွင် လုမင်၏ မနီမဝေး ကောင်းကင်ယံမှ လူတစ်ယောက်ကို ကြည့်လိုက်သည်။
ထိုလူက ရှီဖန် ဖြစ်ချေသည်။ ဝူစန်းသည်ပင် ဖိနှိပ်ခံခဲ့ရတာ မြင်ရပြီးနောက်ကြောက်လွန်းသဖြင့် သေးပါလုနီး ဖြစ်သွားသည်။ နောက်ဆုံးတွင် သူက လုမင်ကို ဖိနှိပ်နိုင်ရန် တစ်နည်းတစ်ဖုံ လျှို့ဝှက်ကြံစည်ခဲ့သည် မဟုတ်လော။
သူက ရယ်မလို၊ ငိုမလိုရုပ်ဖြင့် အားတင်းပြုံးကာ လှည့်ပြောလိုက်သည်။
"မင်လု၊ မင်း... မင်း ဘာလုပ်ချင်လို့လဲ"
"မင်းကကော ဘာလုပ်ချင်တာလဲ။ ဧကရာဇ်နဂါးအစောင့် ဖြစ်ပါလျက်နဲ့ မင်းက တရားစီရင်ရေးခန်းမကို ဖိနှိပ်ဖို့ ထျန်းဝူဓားဂိုဏ်းသားကို တကယ်ကြီး ခေါ်ဆောင်လာတယ်။ အပြင်လူနဲ့ပေါင်းပြီး ကိုယ့်လူကို ရန်လုပ်ချင်နေတာ။ မင်းကများ ငါ့ကို ဘာလုပ်ချင်တာလဲလို့ မေးဝံ့တယ်လား"
လုမင်က လှောင်ပြောင်ကာ ယွမ်ချီစွမ်းအင် ပေါက်ကွဲပြီး လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်သည်။
ရှီဖန်၏မျက်နှာက ကြောက်ရွံ့မှုဖြင့် ဖြူရော်သွားကာ ဆုတ်ပြေးရန် ကြိုးစားလိုက်၏။ သို့သော်လည်း ကြောက်စရာကောင်းသော စွမ်းအားက သူ့ကို ရစ်ပတ်ထားကာ တကိုယ်လုံး မလှုပ်ရှားနိုင်တော့ပေ။ နောက်အခိုက်တွင်၊ သူက ဆွဲယူခံရပြီး မြေပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားခဲ့သည်။
"အား၊ မဟုတ်ဘူး"
ရှီဖန် အော်လိုက်သည်။
"ဒုန်း၊ အား…"
လုမင်က ရှီဖန်၏ဒန်တျန်ကို ခြေဖြင့် ဆောင့်နင်းလိုက်၏။ ရှီဖန်၏ ခန္ဓာကိုယ်က ပုစွန်တုပ်ကွေးကဲ့သို့ ကွေးကောက်သွားကာ ရင်ခေါင်းသံဖြင့် အော်ဟစ်လိုက်တော့သည်။
"ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ၊ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ.... မင်း ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးလိုက်ပြီ"
ရှီဖန်က ကြုံးအော်လိုက်သည်။
သူ၏ ဒန်တျန်က လုမင်၏ ဖျက်ဆီးခံလိုက်ရချေပြီ။
"ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးတာက မင်းကို အပြစ်ပေးလိုက်တာပဲ။ အခု ထွက်သွားတော့"
လုမင်က ပြောဆိုကာ ရှီဖန်ကို ဘောလုံးကဲ့သို့ ကန်ထုတ်လိုက်သည်။ သူ၏ ခြေကန်ချက်ကြောင့် ရှီဖန်သည် အဝေးမှ လေထဲတွင် အစက်အပြောက်အဖြစ် ကွယ်ပျောက်သွား၏။ သူ ဘယ်နေရာထိ လွင့်စဉ်သွားမည်မှန်း မည်သူမျှ မသိနိုင်တော့ပေ။ သူ သေမလား၊ ရှင်မလားကိုတော့ လုမင်က စဉ်းစားနေရန် ပျင်းလှသည်။
"အိမ်း၊ ရိတ်သိမ်းမှုက မဆိုးဘူး။ ဒါထက် မင်းတို့က ဘာလုပ်နေတာလဲ။ ဒီကောင်တွေကို တရားစီရင်ရေးခန်းမဆီကို ခေါ်လာခဲ့"
လုမင်က ထျဲရှင်းနှင့် အခြားသူများကို ကြည့်လိုက်သည်။
"ခေါ်... ခေါ်လာရမှာလား၊ တရားစီရင်ရေးခန်းမကိုလေ"
ထျဲရှင်းနှင့် အခြားသူများ တုန်လှုပ်ချောက်ချားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်စိမျက်နှာပျက်သွားသည်။
"အပိုစကားတွေမပြောနဲ့။ သူတို့ကိုခေါ်လာမှ ဆွေးနွေးညှိနှိုင်းလို့ရမှာပေါ့။ မဟုတ်ရင်၊ မင်းတို့ လွှတ်ပေးလိုက်ရင်တောင် ထျန်းဝူဓားဂိုဏ်းက ဒီကိစ္စကို အလွတ်ပေးမယ် ထင်လို့လား။ တော်ပြီ၊ သူတို့ကို ခေါ်လာခဲ့ကြတော့"
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက ဝူစန်းကိုဆွဲယူကာ တရားစီရင်းရေးခန်းမသို့ ဦးဆောင် လျှောက်လှမ်းသွားတော့သည်။
ထျဲရှင်းတို့လည်း ရွေးချယ်စရာမရှိဘဲ အခြား ထျန်းဝူဓားဂိုဏ်းသား သုံးယောက်ကိုခေါ်ကာ လုမင်၏အနောက်မှ လိုက်သွားခဲ့ရသည်။
"အတော် စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဟေ့။ ထျန်းဝူဓားဂိုဏ်းရဲ့ စရိုက်အရ ဒီကိစ္စကို လွှတ်ထားမှာ မဟုတ်ဘူး။ သွား ကြည့်ကြရအောင်"
"ဒီတပ်မှူးက တကယ်တော်ပါတယ်။ ဒါပေမဲ့ ထျန်းဝူဓားဂိုဏ်းရဲ့ အကြီးအကဲတွေရောက်လာရင် သူ ဘယ်လိုဖြစ်မယ်ဆိုတာ ငါသိချင်တယ်"
"သွားပြီး ကြည့်ကြမယ်ဟေ့"
ပတ်ဝန်းကျင်မှ လူတစ်သောင်းခန့်လည်း လုမင်အနောက်မှ လိုက်သည်။ ဤလှုပ်ရှားမှုက ကြီးမားပေရာ တရားစီရင်ရေးခန်းမသို့ သွားရာလမ်း၌ လူများက ပို၍တိုးပွားလာတော့သည်။
လုမင်နှင့် အခြားသူများ ထွက်ခွာသွားပြီး ခဏအကြာတွင် ရှဲ့ကျန်းနှင့် ရှီကျန်းက အပြေးအလွှားရောက်လာသည်။ ဝူစန်းသည်ပင် လုမင်၏ ဖိနှိပ်ခြင်းခံလိုက်ရကြောင်း ကြားရသောအခါ နှစ်ဦးစလုံး အံ့အားသင့်ပြီး မယုံနိုင် ဖြစ်သွားခဲ့၏။
သူတို့အမြင်တွင် လုမင်က ဝူစန်း၏ သေလောက်အောင် အရိုက်ခံရမည်၊ သို့မဟုတ် တခါတည်း အသေ သတ်ခံခံရမည်မှာ သေချာသည်။ သို့ရာတွင် ရလဒ်က သူတို့မျှော်လင့်ထားသည်နှင့် လုံးဝ ဆန့်ကျင်ခဲ့ပေသည်။
"တရားစီရင်ရေးခန်းမကို သွားစို့"
ရှဲ့ကျန်းလည်း ရှီကျန်းနှင့်အတူ တရားစီရင်ရေးခန်းမသို့ အပြေးအလွှား ဆက်လက် ပြေးသွားပြန်တော့သည်။
လုမင်နှင့် အခြားသူများက ဝူစန်းနှင့် အခြားသူများကိုခေါ်ကာ ပြန်လာသည်အား မြင်ရပြီးနောက် တရားစီရင်ရေးခန်းမတွင် ကျန်ရစ်ခဲ့သော တရားစီရင်သူများ အံ့သြသွားခဲ့သည်။ ထို့နောက်တွင် သူတို့မျက်လုံးများက ပြူးကျယ်ပြီး ထခုန်မိမတတ် လန့်ဖျတ်သွား၏။
လုမင်က ထျန်းဝူ ဓားဂိုဏ်းသားများကို အမှန်တကယ် ရိုက်နှက်ခဲ့ပြီး ဝူစန်းကိုလည်း ဖိနှိပ်ခဲ့သည်။ ယင်းက ကျားအမြီးကို ပြေးဆွဲလိုက်ခြင်းနှင့် မခြားပေ။ ထို့နောက်၊ ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲများ ထိတ်လန့်သွားလျှင် သူတို့ မည်သို့ပြုရပါမည်နည်း။
"ငါတို့ တရားစီရင်သူဆိုတာ သူတော်စင်ဧကရာဇ်ရဲ့ကိုယ်စား ဆောင်တာပဲ။ ငါတို့က ဘယ်သူ့ကို ကြောက်နေရမှာလဲ။ အားလုံး ငါညွှန်ကြားတဲ့အတိုင်း ဆက်လုပ်ပါ"
လုမင်က အသံကျယ်ကျယ်ဖြင့် ထျဲရှင်းနှင့် အခြားသူများကို အမိန့်ပေးလိုက်သည်။
ထို့နောက်တွင် လုမင်က ဝူစန်းနှင့် အခြားသူများကို တစ်တန်းတည်း ပစ်ချလိုက်၏။ သူက တရားစီရင်သူ ထိုင်ခုံကိုထုတ်ကာ ဝင်ထိုင်ရင်း မျက်လုံးကိုမှိတ်၍ အနားယူနေတော့သည်။
ပတ်ဝန်းကျင်မှ ကြည့်နေသူများလည်း တစ်ဦးကိုတစ်ဦး ချောက်ချားစွာဖြင့် ကြည့်လိုက်သည်။ ဤတရားစီရင်သူတပ်မှူးသည် လွန်စွာ သတ္တိကောင်း၏။ ဤအခြေအနေမျိုးမှာပင် စိတ်အေးလက်အေးဖြင့် ထိုင်ခုံတစ်လုံး၌ မျက်လုံးကိုမှိတ်ကာ အနားယူနေသေးသည်။
အချိန်ကြာလာသည်နှင့်အမျှ တရားစီရင်ရေးခန်းမအထက် ကောင်းကင်ယံတွင် လူများ ပြည့်ကြပ်လာခဲ့သည်။
နောက်ဆုံးတစ်ခေါက်က ဟွမ်မိသားစုနှင့်မတူဘဲ ဤတစ်ကြိမ်တွင် ထျန်းဝူဓားဂိုဏ်းမှ ဖြစ်၏။ ဤအဆင့်အင်အားစုမှ ဒုတိယပါရမီရှင်တစ်ဦး ဖိနှိပ်ခံရခြင်းမှာ လွန်စွာ တုန်လှုပ်စရာကောင်း၍ ပြပွဲကြည့်လိုသူများ ပို၍တိုးများလာတော့သည်။
ရှဲ့ကျန်းနှင့် ရှီကျန်းလည်း ရောက်လာခဲ့ကြသည်။
အုပ်စိုးရှင် အင်အားစုများပါ ရမီရှင်များပင် ရောက်လာခဲ့၏။ လူအုပ်ထဲတွင်၊ ကျင်းခုန်းလင်၊ ခုန်းရှင်းနှင့် စန္ဒကူးနတ်သမီးတို့ကိုလည်း မြင်တွေ့ကြရသည်။
သူတို့အပြင် ရွယ်လော့ကျစ်၊ ရင်ပီဖိုနှင့် အခြားသူများကိုလည်း မြင်ကြရ၏။ အနည်းဆုံး ခုနစ်ယောက် ရှိသည်။
မျက်လုံးကိုမှိတ်ကာ ထိုင်ခုံတွင် စိတ်အေးလက်အေးထိုင်နေသော လုမင်ကို မြင်သောအခါ သူတို့အားလုံး အံ့ဩသွားခဲ့သည်။
ဝူစန်းသည် သူတို့ကဲ့သို့ အစွမ်းထက်ပြီး ကျော်ကြားသော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း နိမ့်ကျသော တရားစီရင်သူမှ တပ်မှူး၏ ဖိနှိပ်ခြင်းအား ခံခဲ့ရသေးသည်။ ယင်းက သူတို့ကို တုန်လှုပ်စေခဲ့သည်။
'ရှေးဟောင်းသန့်စင်မင်းဆက်က တော်ဝင်မိသားစုဟာ မျှော်လင့်ထားခဲ့သလိုပါပဲ၊ သူတို့မှာ နက်ရှိုင်းတဲ့နောက်ခံ ရှိနေတုန်းပဲ။ ဘယ်ကထွက်လာမှန်းမသိတဲ့ တရားစီရင်ရေးတပ်ရဲ့ တပ်မှူးတစ်ယောက်တောင်မှ ဒီလောက်ထိ အစွမ်းထက်နေတယ်'
လူတချို့က သူတို့ဘာသာ စိတ်ထဲမှ တွေးလိုက်ကြသည်။
ရုတ်တရက် ကောင်းကင်ယံမှ ကြောက်စရာကောင်းသော ဖိအားတစ်ခု ကျရောက်လာသည်။
ကြောက်စရာကောင်းသော အရှိန်အဝါနှင့် ဖိအားကြောင့် သူတို့ခန္ဓာကိုယ်ကို တောင်ကြီးတစ်လုံးနှင့် ဖိထားသည့်နှယ် အားလုံး ခံစားခဲ့ရ၏။ ဤဖိအားအောက်တွင် လူတိုင်း၏မသိစိတ်မှ အလိုအလျောက် လမ်းဖွင့်ပေးလိုက်မိ၏။ အဖိုးကြီးသုံးယောက်က သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် လေထဲမှ လျှောက်လှမ်းလာတော့သည်။
အဘိုးကြီးသုံးဦးလုံးက အဖြူရောင်ဝတ်စုံ ဆင်တူဝတ်ကာ ကျောထက်တွင် ဓားကိုယ်စီ လွယ်ပိုးထားကြသည်။ အဆုံးမဲ့ ဓားစွမ်းအင်များက သူတို့ထံမှ ထွက်ပေါ်နေခဲ့၏။ အရှိန်အဝါတစ်ခုတည်းကပင် အံ့မခန်း ဖြစ်ခဲ့သည်။
လာကြပြီ။
လူတိုင်း တုန်လှုပ်သွားကြသည်။
ဤအဘိုးကြီးသုံးယောက်က ထျန်းဝူဓားဂိုဏ်းမှ စေလွှတ်လိုက်သော အကြီးအကဲများပင်။
တချိန်တည်းမှာပင် လုမင်က မျက်စိဖွင့်ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
လေထဲမှလျှောက်လာသော ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲသုံးဦးက တရားစီရင်ရေးခန်းမအပေါ်တွင် ရပ်သွားခဲ့ကြသည်။
"ခွေးကောင်၊ မင်းတော့ပြီးပြီပဲ၊ ဟားဟားဟား... မင်းသေပြီ"
အဘိုးကြီးသုံးဦး ရောက်လာသည်ကိုမြင်သောအခါ ဝူစန်းက ဝမ်းသာအားရ အော်လိုက်သည်။
"ခွပ်"
လုမင်က ဝူစန်း၏မျက်နှာကို ဆောင့်နင်းလိုက်၏။ သူ့မျက်နှာက မြေပြင်ကို ဆောင့်ကျသွားရာ ဖုန်မှုန့်နှင့် အညစ်အကြေးများ ပေကျံသွား၏။ သူ့နှလုံးသား ပေါက်ကွဲမတတ် စိတ်တိုကာ ခြေလက်များနှင့် အရူးတစ်ယောက်ကဲ့သို့ ရုန်းကန်လိုက်သည်။
ကြည့်ရှုနေသူများလည်း လန့်ဖျတ်သွားကြသည်။ ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲများအရှေ့မှာပင် လုမင်က ထိုသို့ပြုဝံ့ပါသေးသည်။
အဘိုးကြီးသုံးဦး၏ စူးရဲသောအကြည့်က လုမင်အပေါ်သို့ ကျရောက်လာသည်။
"အတင့်ရဲလိုက်တာ"
အဘိုးကြီးတစ်ဦးက ဒေါသတကြီးဖြင့် အော်လိုက်သည်။ သူက မှုန်ကုပ်ကုပ်ဖြင့် လုမင်ကိုကြည့်ကာ ငေါက်လိုက်၏။
"ကောင်လေး၊ မင်း ဘယ်သူ့ကို စော်ကားနေမှန်း သိရဲ့လား"
"ထျန်းဝူဓားဂိုဏ်းရဲ့ အမှိုက်တချို့ကိုလေ။ ဘာဖြစ်လို့လဲ၊ မင်းတို့က အမှိုက်နည်းနည်းကို ဆရာကြီးလို့ ခံစားရလို့လား"
လုမင်က နှုတ်ခမ်းကိုတွန့်ကွေးကာ ပေါ့ပါးပါး ပြောလိုက်သည်။
သူ့ကိုကြည့်ရသည်မှာ ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲများကို စိတ်ကူးထဲပင် မထည့်သကဲ့သို့ လုံးဝ ဣန္ဒြေမပျက်ပေ။