အခန်း ၁၁၀၈
Vol. 74 Ch. 1108
အပိုင်း ( 1108 ) ထျန်းဝူဓားဂိုဏ်းကို ငွေညှစ်ခြင်း။
"အတင့်ရဲလိုက်တာ"
"သေချင်နေတာပဲ"
"တကယ်ကို သေသင့်တယ်"
ထျန်းဝူဓားဂိုဏ်းမှ အဘိုးကြီး သုံးယောက်က အေးစက်စက်ဖြင့် အော်ဟစ်လိုက်ကြသည်။ သူတို့ ခန္ဓာကိုယ်များမှ အစွမ်းထက် ဓားစိတ်ဆန္ဒ အရှိန်အဝါများ ပြည့်နှက်သွား၏။
"ဟားဟား၊ မင်းက မဖြစ်သင့်တဲ့လူကိုမှ အပြစ်ပြုခဲ့မိတာကိုး၊ ဒီတစ်ခါတော့ မင်းသေပြီ"
ရှဲ့ကျန်းနှင့် ရှီကျန်းက တိတ်တဆိတ် လှောင်ပြောင်လိုက်ကြသည်။
"ကောင်လေး၊ မင်းကိုယ်မင်း သတ်သေလိုက်ပါ။ မင်းရဲ့ တရားစီရင်ရေးခန်းမကလူတွေလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်၊ ဒါဆိုရင် ဒီကိစ္စကို ခွင့်လွှတ်ပေးလိုက်မယ်။ မဟုတ်ရင် မင်းတင်မကဘူး၊ မင်းရဲ့ နောက်ကွယ်က မိသားစုနဲ့ အင်အားစုတွေပါ အပြစ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
ပထမဆုံး စကားစလာသော အဘိုးကြီးက ပြောလိုက်သည်။ သူ၏လေသံကား သာလွန်မြင့်မြတ်ပြီး ငြင်းဆန်မရသော အငွေ့အသက်များ ပြည့်နေခဲ့၏။
သူ့အကြည်က ထျဲရှင်းနှင့် အခြားသူများဆီသို့ ကျရောက်လာရာ အားလုံး ကြက်သီးတဖြန်းဖြန်းထသွားတော့သည်။
"ဟားဟားဟား"
လုမင်က ရုတ်တရက် ရယ်မောပြီး ဝူစန်း၏မျက်နှာကို တစ်ဖန် ဆောင့်နင်းလိုက်သည်။ ဝူစန်းထံမှ နာကျင်စွာ အော်ဟစ်လိုက်သံ ထပ်မံ ထွက်လာခဲ့၏။
သူက ထျန်းဝူဓားဂိုဏ်းမှ အဘိုးကြီးများကိုကြည့်ကာ ပြောလိုက်သည်။
"အပြစ်ပေးမှာလား၊ ဒီကိစ္စကို ခွင့်လွှတ်ပေးမှာလား။ ရယ်စရာကောင်းလိုက်တာ၊ မင်းမှာ ငါတို့ကို အပြစ်ပေးဖို့ ဘာအခွင့်အရေးရှိလို့လဲ။ ငါတို့ကသာ အပြစ်ပေးနိုင်တဲ့သူတွေပဲ"
"ထျန်းဝူဓားဂိုဏ်းသားတွေက သူတော်စင်မြို့တော်မှာ လူတွေကို အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်ခဲ့ကြတယ်။ ငါတို့ တရားစီရင်ရေးတပ်က သူတော်စင်ဧကရာဇ်ကိုယ်စား ဥပဒေကို ပြဌာန်းနေတာပဲ။ ဒါပေမဲ့ မင်းတို့ ထျန်းဝူဓားဂိုဏ်းက တရားစီရင်ရေးခန်းမကို ပြောင်စိန်တိုက်ခိုက်ဝံ့တယ်။ မင်းတို့က တော်ဝင်မိသားစုကို ဂရုမစိုက်တာလား။ သူတော်စင်ဧကရာဇ်ကို အထင်သေးနေတာလား။ တော်ဝင်မိသားစုမှာ ဘယ်သူမှမရှိဘူးလို့ မင်း တကယ်ထင်နေတာလား"
ထိုစကားများ ထွက်လာပြီးနောက် အဘိုးကြီးသုံးဦး အံ့အားသင့်သွားသည်။ လုမင်၏ ခြေထောက်အောက်တွင် ရှိနေဆဲဖြစ်သော ဝူစန်းကို ပြန်ကြည့်ပြီးနောက် သူတို့မျက်နှာများ မှုန်ကုပ်သွား၏။
လုမင်က သူတို့ကို ဖိအားပေးရန် တော်ဝင်မိသားစုနှင့် သူတော်စင်ဧကရာဇ်တို့၏အမည်ကို ဆွဲယူ အသုံးပြုခဲ့သည်။
သူတို့က တော်ဝင်မိသားစုနှင့် သူတော်စင်ဧကရာဇ်ကို အမှန်တကယ် ဂရုမစိုက်သော်လည်း အပြင်ကိုတော့ ထုတ်မပြောနိုင်သေးပေ။ နောက်ဆုံးတွင် ရှေးဟောင်းသူတော်စင်မင်းဆက်က အသန်မာဆုံး အင်အားစုတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
ထို့အပြင်၊ ၎င်းတို့က ရှေးဟောင်း သူတော်စင်မင်းဆက်၏ အင်အားပိုင်နက် အမြုတေဖြစ်သည့် သူတော်စင်မြို့တော်တွင် ရှိနေကြဆဲပင်။ ထျန်းဝူဓားဂိုဏ်းက မည်မျှပင် မာနထောင်လွှားနေစေကာမူ ပြဿနာမရှာဝံ့ပေ။
"ကောင်လေး၊ ဘယ်လိုလုပ်မှ မင်း သူတို့ကို လွှတ်ပေးမှာလဲ"
ပထမအဘိုးကြီးက ဝူစန်းနှင့် အခြားလူများကို စိုက်ကြည့်ရင်း အေးစက်စက်ဖြင့် ပြောလိုက်သည်။
ဝူစန်းက သိုင်းအုပ်ချုပ်သူဖြစ်လာရန် အလားအလာရှိသည့် ဒုတိယတန်းစား ပါရမီရှင်တစ်ဦး ဖြစ်သည်။ ဝူစန်းကို အဆုံးရှုံးခံရန် မဖြစ်နိုင်၍ သူ့ကို အရင်ကယ်ရန် ဆုံးဖြတ်ခဲ့ပေသည်။
"သူတို့ကိုလွှတ်ဖို့လား။ ဒါက ရပါတယ်၊ ဒါပေမယ့် သူတို့က ပြစ်မှုကျူးလွန်တဲ့အတွက် အပြစ်ပေးသင့်တယ်။ ဒီအတွက် ကျောက်ကြမ်းတွေနဲ့ ရွေးပါ၊ ဟိုသုံးယောက်အတွက် တစ်ယောက်ကို ကျောက်ကြမ်းငါးသိန်းပေးရမယ်။ ဝူစန်းကိုတော့လား.... သူ့ကို ကျောက်ကြမ်း နှစ်သန်းပေးရမယ်"
လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။
ထိုစကားများ ထွက်လာသည်နှင့် ကြည့်နေကြသူအားလုံး မျက်နှာအမူအရာ ပြောင်းလဲသွား၏။
ငွေညှစ်ခြင်း။ ဤသည်က ဗြောင်ကျကျ ငွေညှစ်နေခြင်းပင်။ ဤတရားစီရင်ရေးတပ်၏ တပ်မှူးက ထျန်းဝူဓားဂိုဏ်းကိုပင် ငွေညှစ်ရန်ဝံ့သည်။ လောဘက သူ၏ မြင်နိုင်စွမ်းကို ဖုံးကွယ်နေခဲ့ပြီ။
ထျန်းဝူဓားဂိုဏ်း၏ အဘိုးကြီးသုံးဦးလည်း ဒေါသအမျက် ချောင်းချောင်းထွက်ပြီး မျက်လုံးများပင် နီရဲလာခဲ့သည်။
သူတို့သက်တမ်းတစ်လျှောက်၊ ထောင်စုနှစ်အနည်းငယ် နေထိုင်ခဲ့ကြသော်လည်း ဤမျှ အတင့်ရဲသူမျိုးကို မမြင်ဘူးခဲ့ပေ။ တစ်စုံတစ်ယောက်က ထျန်းဝူဓားဂိုဏ်းကို အမှန်တကယ် ငွေညှစ်ဝံ့နေသည်။ ယင်းက တကယ်ကို သေမင်းကို ထိပ်ပုတ်လိုက်ခြင်းပင်။
"ခွေးတိရိစ္ဆာန်၊ ငါမင်းကိုသတ်မယ်"
ပထမအဘိုးကြီးက သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအင်အားတစ်ခု ထွက်ပေါ်လာပြီး လုမင်ကို ခုတ်ချလိုက်၏။
စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရား။
ဤအဘိုးကြီးက စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဖြစ်ပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း ဝူစန်းထက် အဆများစွာ အားကောင်းသည်။
လုမင် မျက်ခုံးပင့်လိုက်သည်။ သူ၏ဦးခေါင်းထက်တွင် အနီရောင် မျှော်စင်လေးတစ်ခု ထွက်ပေါ်လာပြီး လျင်မြန်စွာ ကြီးထွားလာခဲ့၏။
ဤမျှော်စင်လေးက မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေမှ လုမင် ရရှိခဲ့သော ဧကရာဇ်ဝိဉာဉ်လက်နက် ဖြစ်သည်။ ရက်ပေါင်းများစွာ သန့်စင်ပြီးနောက်၊ လုမင်ဟာ ၎င်းကို အပြည့်အဝ ပေါင်းစပ်နိုင်ခဲ့ပြီ။ မျှော်စင်လေး၏ ဧကရာဇ်လက်နက် အရှိန်အဝါကိုလည်း လုံးလုံးလျားလျား ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ပေရာ အပြင်လူများက လုံးဝ မသိနိုင်တော့ပေ။
လုမင်က ဤအခွင့်အလမ်းကို အသုံးပြုကာ မျှော်စင်လေး၏စွမ်းအားကို စမ်းသပ်လိုခဲ့သည်။
ကမ္ဘာပေါ်တွင် မရေမတွက်နိုင်သော မျှော်စင်သဏ္ဍာန် ဝိညာဉ်လက်နက်များ ရှိ၏။ လုမင်က ၎င်း၏ အရှိန်အဝါကို ဖုံးကွယ်ထားသရွေ့ အသိအမှတ်ပြုခံရမည်ကို မကြောက်ပေ။
လုမင်က မျှော်စင်လေးကို ဖမ်းယူကာ ဓားအလင်းဆီသို့ ရိုက်ထုတ်လိုက်၏။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားအလင်းက ပြိုကျသွားတော့သည်။ တစ်ဖက်တွင် လုမင်၏ ခန္ဓာကိုယ်က လုံးဝ မလှုပ်ရှားပေ။
'ဧကရာဇ်ဝိညာဥ်လက်နက်က စွမ်းအင်စားသုံးမှုနှုန်း တကယ်မြင့်မားတာပဲ။ သူ့ရဲ့စွမ်းအားကိုလည်း ငါ များများစားစား မထုတ်ဖော်နိုင်ဘူး'
လုမင် တွေးလိုက်သည်။ ဤတိုက်ခိုက်မှုတွင် သူ၏ ယွမ်ချီစွမ်းအင် အများအပြားကို အသုံးပြုခဲ့ရပေသည်။
သို့သော်လည်း ဤသည်မှာ သိုင်းအုပ်ချုပ်သူများပင်လျှင် တပ်မက်ရသော ဧကရာဇ်လက်နက် ဖြစ်သည်။ ထိုအတွက် သူ၏စွမ်းအားကို အပြည့်အဝ မပြသနိုင်ခြင်းမှာ သဘာဝပင်။
လုမင်လည်း မချိသာဘဲ မျှော်စင်လေးကို ပြန်သိမ်းလိုက်သည်။
သူက မကျေနပ်သော်လည်း တခြားသူများကတော့ အံ့ဩနေကြပြီ။
လုမင်က စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရား၏ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်သည်။ သူက သန်မာလွန်းပေသည်။
ဤအခိုက်တွင် လုမင်က လူထုအမြင်တွင် ပို၍ နားမလည်နိုင်အောင် ဖြစ်လာသည်။
သူ၏ ကန့်သတ်ချက်သို့ ရောက်လာပြီဟု အခြားသူများက ထင်တိုင်း၊ သူပြသသည့် ခွန်အားက ၎င်းတို့၏ မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့ပေသည်။
"တရားစီရင်သူလေးတစ်ယောက်က ရတနာကောင်းကို ပိုင်ဆိုင်ထားတာပဲ၊ ဒါပေမယ့် မင်းရဲ့ရတနာနဲ့ ငါ့ရဲ့ တိုက်ခိုက်မှုကို ဘယ်လောက်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
ထျန်းဝူဓားဂိုဏ်း၏ အဘိုးကြီးက ဒေါသတကြီး အော်လိုက်သည်။ သူ့အငွေ့အသက်က ပို၍ပင် မြင့်မားလာခဲ့၏။ ဓားအလင်းသည် မီတာတစ်သောင်းအမြင့်သို့ ထိုးတက်သွားကာ ကြောက်ခမန်းလိလိ ဖြစ်လာတော့သည်။
"ကျားတစ်ကောင်လို အစွယ်မပြရင် ငါ့ကို ကြောင်တစ်ကောင်လို့ ထင်နေတော့မှာပေါ့။ ဒီလိုဆိုမှတော့... သေ"
လုမင်က ကြိမ်းမောင်းလိုက်သည်။ သူက လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ ထျန်းဝူဓားဂိုဏ်း၏ တပည့်တစ်ဦးဆီသို့ ထိုးဖောက်လိုက်၏။
"စွပ်"
လုမင်၏လှံရှည်က ထျန်းဝူဓားဂိုဏ်းသားတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖောက်ကာ မြေပြင်တွင် သံမှိုကဲ့သို့ စိုက်ဝင်သွားတော့သည်။
ထိုလူဟာ သေဆုံးချိန်အထိ လုမင်က သူ့ကို သတ်ဝံ့မည်ဟု ထင်မထားခဲ့ပေ။
"ကျောက်ကြမ်းတွေနဲ့ ပြန်ရွေးပါ။ မဟုတ်ရင် သူတို့အားလုံးကို သတ်ပစ်မယ်"
လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
လုမင်က ငွေအမြောက်အမြား ညှစ်ယူနိုင်သော ဤအခွင့်အရေးကောင်းမျိုးကို လက်လွတ်မခံပေ။
မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင်သက်သက်ကို စုပ်ယူပြီး ကျင့်ကြံခြင်းက နှေးကွေးလွန်းလှသည်။ အချိန်အတော်ကြာပြီးသည့်တိုင် လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်၏ အလယ်အလတ်အဆင့်တွင်သာ ရှိသေးသည်။ အကယ်၍ သူသည်သာ ကျောက်ကြမ်းများကို အသုံးပြုနိုင်ပါက ယခုထက် ပို၍မြန်မြန် တိုးတက်လာခဲ့မည် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် သူ့မှာ အရင်းအမြစ်များ ချို့တဲ့နေသေးသည်။
အနှစ်တစ်သန်း အမျိုးသားပွဲတော် မစတင်မီ လဝက်ခန့်သာ လိုသည်။ သူတော်စင်ဧကရာဇ် ချမှတ်ထားသည့် ပြိုင်ပွဲကလည်း စတင်ပေတော့မည်။ လုမင်၏ ရည်မှန်းချက်က ထိုပြိုင်ပွဲတွင် ထိပ်ဆုံးသုံးဦးသို့ ဝင်ရောက်ရန် ဖြစ်သည်။
သူတော်စင်ဧကရာဇ်က ထိပ်တန်းသုံးယောက်ကိုသာ အခြေအနေတစ်ခုစီ သဘောတူပေးနိုင်သည်။
သို့သော်၊ ထိပ်တန်းသုံးဦး ဖြစ်လာရန်က မလွယ်ပေ။
ရန်ပိုထျန်းနှင့် ထိုပါ့ရှီတို့က မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေတွင် ရှိစဉ်ကတည်းက အဆင့်နှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ယခုတော့ အချိန်တစ်ခုကြာသွားပြီဖြစ်ရာ သူတို့အားလုံး အောင်မြင်မှုတစ်ခု ရခဲ့ကြလောက်ပြီ။
ရန်ပိုထျန်းကဲ့သို့ ပါရမီရှင်တစ်ဦးသာ တတိယအဆင့် ဝိညာဉ်နတ်ဘုရား ဖြစ်လာပါက သူ့ကိုအနိုင်ယူရန် ပို၍ ခက်ခဲလာမည် ဖြစ်သည်။
ထို့အပြင်၊ အလယ်ပိုင်းတိုက်ကြီးနှင့် မြောက်ပိုင်းတို့မှာလည်း ထိုကဲ့သို့သော ပါရမီရှင်များ ရှိသေးသည်။ အနောက်ပိုင်းကန္တာရမှ ပါရမီရှင်များကလည်း ထိပ်တန်းသုံးဦးသို့ ဝင်နိုင်သူများ ရှိနိုင်သည်။
သို့သော်လည်း၊ လုမင်သည် သူ၏ ကျင့်ကြံခြင်းအခြေခံက အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်နိုင်ပါက ယုံကြည်မှုရှိလာပေလိမ့်မည်။
"မင်း အတင့်ရဲလှချေလား"
"ခွေးကောင်၊ မင်း သေချင်နေတာပဲ"
"သတ်"
လုမင်က ထျန်းဝူဓားဂိုဏ်းသားတစ်ဦးကို သတ်ဖြတ်လိုက်ခြင်းကြောင့် အဘိုးကြီးသုံးဦး ဒေါသ ပေါက်ကွဲသွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါများက ကောင်းကင်ကို ထိုးတက်သွား၏။ ရေခဲတွင်းကြီးကဲ့သို့ သတ်ဖြတ်ချင်စိတ်များကလည်း အလွန် အေးစက်နေတော့သည်။
အထူးသဖြင့် အခြားအဘိုးကြီးနှစ်ဦး၏ အရှိန်အဝါက ပထမ အဘိုးကြီးထက်ပင် ပို၍ ကြောက်စရာကောင်းသည်။ သူတို့က စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ကျော်သွားသည်မှာ သေချာသည်။
"တရားစီရင်ရေးအလံ၊ ထုတ်ကြ"
လုမင်က ရုတ်တရက် အော်လိုက်သည်။
"တရားစီရင်ရေးအလံ ရောက်ပြီ"
တရားစီရင်ရေးခန်းမအတွင်းမှ ထျန်းရှဲသည် အလံကြီးတစ်ခုကိုကိုင်ပြီး ပြေးထွက်လာသည်။ လုမင်က အလံကိုယူကာ မြေပြင်ကို ထိုးစိုက်လိုက်၏။
ထိုအလံတိုင်က ဆယ်မီတာရှည်သည်။ အလံတွင် ဓားနှင့်ဆေဘာပုံကို ရေးထိုးထား၏။ ဓားနှင့်ဆေဘာက အစစ်အမှန်ကဲ့သို့ အသက်ဝင်လွန်ပြီး အနှိုင်းမဲ့ ထက်မြက်သည်။
သို့သော်လည်း အလံက အလွန်ဟောင်းနွမ်းနေပုံကာ ဖုန်မှုန့်များပင် ဖုံးလွှမ်းထားသည်။ ၎င်းကို အသုံးမပြုတာ ကြာပြီဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
သို့သော်လည်း အလံကြီး ပေါ်လာသည်နှင့် တပြိုင်နက် ထျန်းဓားဂိုဏ်းမှ အဘိုးကြီး သုံးယောက်၏ လှုပ်ရှားမှုများက ရပ်သွားသည်။ တလူလူလွင့်နေသော အလံကိုကြည့်ကာ သူတို့၏ အမူအရာများက အေးခဲသွားတော့သည်။