အခန်း ၁၁၁၁
Vol. 75 Ch. 1111
အပိုင်း ( 1111 ) နှစ်တစ်သန်း အမျိုးသားပွဲတော် စတင်ပြီ။
"တပ်မှူးက အစွမ်းထက်တယ်။ တပ်မှူးက တန်ခိုးကြီးတယ်"
"တပ်မှူးမင်က တန်ခိုးကြီးပါပေတယ်"
"..."
ပထမတော့ ထျဲရှင်းနှင့် သူလူများသာ အော်ကြသည်။ နောက်ပိုင်းမှာတော့ အခြား တရားစီရင်ရေးခန်းမ၏ တပ်မှူးနှင့် နောက်လိုက်များလည်း စိတ်အားတက်ကြွလာပြီး လိုက်ပါ ကြွေးကြော်ကြတော့သည်။
လုမင်က သူ့လက်ကို မြှောက်ပြလိုက်မှ လူအုပ်ကြီးမှ ငြိမ်သက်သွားသည်။
"တရားစီရင်သူ ညီအစ်ကိုတို့၊ ဒီတစ်ခေါက် မင်းတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
လုမင်က လက်ယှက်ပြီး ပြောလိုက်သည်။
တရားစီရင်သူ တပ်မှူးကိုးဦး၏ အလံများသည်လည်း အဟန့်အတားတစ်ခု ဖြစ်ချေသည်။
"တပ်မှူးမင်က ယဉ်ကျေးလွန်းပါပြီ။ မင်းကြောင့် ငါတို့ရဲ့ တရားစီရင်သူတွေ ခေါင်းမော့နိုင်ခဲ့တာ၊ ငါတို့ရဲ့ မကျေနပ်မှုတွေကို ထုတ်ဖော်ခွင့်ရခဲ့တာပါ။ ဒီအတွက် မင်းကိုတောင် ငါတို့က ကျေးဇူးတင်သင့်တယ်"
"မှန်ပါတယ်။ ငါတို့က မင်းကို ကျေးဇူးတင်သင့်တာ"
အားလုံးက တစ်ယောက်ပြီး တစ်ယောက် လက်ယှက်ကာ ပြောလိုက်ကြသည်။
"လူတိုင်းပဲ ယဉ်ကျေးလွန်းပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ဒီကိုရောက်လာမှတော့ အားလုံးကို ကောင်းကောင်း ဧည့်ခံပေးပါ့မယ်။ ထျဲရှင်း... မင်း လူနည်းနည်းခေါ်ပြီး စားစရာတွေ သွားဝယ်စမ်း"
လုမင်က ကျောက်ကြမ်းတချို့ကို ထုတ်ယူကာ ထျဲရှင်းအား ပေးလိုက်သည်။
"ကောင်းပါပြီ"
ထျဲရှင်းလည်း ကျောက်ကြမ်းများကိုယူကာ သူ့လူတချို့ကိုခေါ်ပြီး အလျင်အမြန် ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ လူအုပ်ကြီးလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ ခဏကြာတော့ အားလုံး ထွက်သွားကြကာ မည်သူမျှ မရှိတော့ပေ။
သို့ရာတွင်၊ ယနေ့ ဖြစ်ပျက်ခဲ့သော သတင်းက တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
ဤတစ်ကြိမ်က ဟွမ်မိသားစုနှင့် မတူပေ။ ဟွမ်မိသားစုနှင့် ယခင်အဖြစ်အပျက်က လူအနည်းစု၏ အာရုံစိုက်မှုကိုသာ စွဲဆောင်နိုင်ပြီး အတင်းအဖျင်းပြောရုံမျှသာ ဖြစ်ခဲ့သည်။
ယခုတစ်ကြိမ်ကမူ၊ ထျန်းဝူဓားဂိုဏ်းနှင့် ဆန့်ကျင်ဘက်ပြုခဲ့ခြင်း ဖြစ်၏။
၎င်းက သဘာဝအတိုင်း ကြီးမားသော လှိုင်းများကို ဖြစ်စေခဲ့တော့သည်။
သတ္တိကောင်းသော တပ်မှူးမင်လု၏ ဂုဏ်သတင်းကလည်း သိသိသာသာ ထိုးတက်ခဲ့သည်။ လူအချို့ဆိုလျှင် သူ့ကို လွန်ခဲ့သည့် နှစ်သုံးသောင်းအတွင်း အမိုက်ဆုံး တပ်မှူးဟုပင် ခေါ်ဝေါ်သမုတ်ခဲ့ကြပေသည်။
မကြာမီပင်၊ အစားအသောက်နှင့် အရက်အမြောက်အမြားကို ဝယ်ယူပြီး ထျဲရှင်း ပြန်ရောက်လာခဲ့သည်။ တရားစီရင်ရေးခန်းမတွင် စားပွဲကြီးတစ်ခု ကျင်းပခဲ့၏။ တရားစီရင်သူပေါင်း တစ်ထောင်ကျော်က ပျော်ပျော်ပါးပါး အရက်သောက်ကာ စကားစမြည်ပြောဆိုခဲ့ကြသည်။
အားလုံး လူစုခွဲတော့ ညဉ့်အတော်နက်ချေပြီ။
"ထျဲရှင်း၊ ဒီမှာ ကျောက်ကြမ်းငါးသိန်း ရှိတယ်။ အဲဒါတွေကို ယူသွားပြီး မင်းရဲ့ ညီနောင်တွေနဲ့ ဝေမျှလိုက်ပါ"
အခြား တရားစီရင်သူများ ထွက်သွားပြီးနောက် လုမင်က ထျဲရှင်းကို သိုလှောင်လက်စွပ်တစ်ကွင်း ပေးလိုက်သည်။
"တပ်မှူး၊ ဒါက မသင့်တော်ပါဘူး။ ဒါတွေကို ရဖို့အတွက် မင်းအသက်ကို စွန့်စားခဲ့ရတာ။ ငါတို့က ဘာမှ မကူညီခဲ့ရပါဘူး"
ထျဲရှင်းက သူ့လက်များကို ကမန်းကတန်း ခါယမ်းလိုက်သည်။
တခြားသူများကလည်း ခေါင်းယမ်းကြလေသည်။ သူတို့က ဆင်းရဲသော်လည်း၊ ကိုယ့်ကျင့်တရားတော့ ကောင်းမွန်ဆဲပင်။
"ယူလိုက်ပါ၊ မင်းတို့သာ ငါ့နောက်ကနေ ရပ်တည်မပေးရင် ထျန်းဝူဓားဂိုဏ်းက ဒီလောက်ထိ ကြောက်နေမှာ မဟုတ်ဘူး။ ငါဆုံးဖြတ်ထားပြီးပြီ"
လုမင်က ထျဲရှင်းကို သိုလှောင်လက်စွပ် ပေးထားပြီးနောက် သူ့အခန်းထဲသို့ တစ်ယောက်တည်း ပြန်လာခဲ့လိုက်သည်။ တံခါးကိုပိတ်ပြီးနောက် လုမင်သည် တောင်နှင့်မြစ် ပန်ချီကားထဲသို့ ဝင်ရောက်သွား၏။
သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်ကြမ်းအပုံလိုက်ကြီးက သူ့ရှေ့တွင် ပေါ်လာတော့သည်။
စုစုပေါင်း သုံးသန်း ရှိသည်။
"ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်ကို ချိုးဖြတ်ဖို့ အချိန်တန်ပြီ"
အတွေးတစ်ခုဖြင့် လုမင်က နဝမနဂါးသွေးမျိုးဆက်ကို ဆင့်ခေါ်လိုက်သည်။ နဝမနဂါးက ပါးစပ်ကိုဟကာ ကျောက်ကြမ်းတစ်သိန်းကို မျိုချပြီး သန့်စင်လိုက်၏။
ကျောက်ကြမ်းများကို သန့်စင်လိုက်သည်နှင့် လုမင်၏ ကျင့်ကြံခြင်းအခြေခံက လျင်မြန်စွာ မြင့်မားလာတော့သည်။
အဆင့်နှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းမှ အဆင့်နှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်၊ နောက် အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ် အစောပိုင်းအဆင့်…
မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားသည်။
ကျောက်ကြမ်းသုံးသန်းကို သန့်စင်ပြီးနောက် လုမင်၏ ခန္ဓာကိုယ်ရှိ ယွမ်ချီစွမ်းအင်များက အကန့်အသတ်မဲ့ ဖြစ်လာခဲ့သည်။ မရေတွက်နိုင်သော အစစ်အမှန်နဂါးများ ဟိန်းဟောက်နေသကဲ့သို့ အသံများ ထွက်ပေါ်နေခဲ့၏။ ခဏကြာမှ တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားခဲ့သည်။
"နောက်ဆုံးတော့ ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်ကို ငါ ရောက်ပြီ။ ဒါပေမဲ့ ကျောက်ကြမ်း သုံးသန်းလောက်ကို ငါ အသုံးပြုခဲ့ရတယ်"
လုမင် မျက်လုံးဖွင့်လိုက်သည်။ သူ၏ မျက်လုံးများမှာတော့ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ လက်လက်နေပေသည်။
စားသုံးမှုက များပြားသော်လည်း အမြတ်များမှာ ကြီးမားသည်။
တိုတောင်းသော အချိန်သုံးရက်အတွင်း၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အလယ်အဆင့်မှ တတိယအဆင့် ဝိညာဉ်တော်ဘုရားနယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိခဲ့ပေသည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းကလည်း တစ်ဖန် ထပ်မံတိုးတက်လာခဲ့သည်။
ဆယ်ရက်ကျော်အတွင်း ကျင်းပမည့် ပြိုင်ပွဲနှင့် ပတ်သက်၍လည်း သူ ယုံကြည်မှု မြင့်မားနေခဲ့ပြီ။
'ဖူရုပ်သေးဂိုဏ်းကို ဧကရာဇ်ရီက ပိတ်လှောင်ထားတာ နှစ်နှစ်နီးပါး ရှိပြီ။ ဖူရုပ်သေးဂိုဏ်းက ငါးနှစ်ပဲ ခံနိုင်တာ။ ငါ့အတွက် အချိန် သုံးနှစ်ကျော်လောက်ပဲ ကျန်တော့တယ်။ ဒီအချိန်လောက်နဲ့ ဧကရာဇ်ရီကို ငါ တိုက်ခိုက်နိုင်ပါ့မလား'
လုမင်၏ အတွေးများက ဖူရုပ်သေးဂိုဏ်းအကြောင်းသို့ ရောက်ရှိသွားခဲ့သည်။ ထိုအကြောင်းကို တွေးမိသောအခါ ဖိအားများကို ခံစားရ၏။
သုံးနှစ်အတွင်း ဧကရာဇ်ရီကို ကိုင်တွယ်နိုင်သည့်အဆင့်သို့ ရောက်ရှိရန်က လွန်စွာ ခက်ခဲသည်။ လုမင်၏ လက်ရှိတိုးတက်မှုအရ ယင်းမှာ မဖြစ်နိုင်သလောက်ပင်။
လုမင် ခေါင်းခါယမ်းလိုက်သည်။ အများကြီးတွေနေလျှင်ပင် အသုံးမဝင်ပါ။ ယခုအချိန်တွင် အစွမ်းကုန် ကြိုးစားရန်သာ ရှိသည်။
လုမင်က ထရပ်ကာ ခါးညောင်းဆန့်လိုက်သည်။ သူ့ကျောရိုးမှ တဖျစ်ဖျစ်မြည်သံများ ထွက်လာခဲ့၏။ ထို့နောက်မှာတော့ အပြင်ကို လှမ်းထွက်လာတော့သည်။
နောက်ရက်များမှာတော့ လှုပ်ရှားမှုများ မရှိပါ။
နေ့စဉ် ကျင့်ကြံခြင်းအပြင် သူတော်စင်မြို့တော်အတွင်း၌ လှည့်လည်ရန်သာ ရှိခဲ့သည်။
ထျန်းဝူဓားဂိုဏ်းကိစ္စ ဖြစ်ပွားခဲ့ပြီးနောက် အုပ်စိုးရှင် အင်အားစုအသီးသီး၏ တပည့်များသည် သူတော်စင်မြို့တော်တွင် ပို၍ ပညာရှိစွာ နေလာခဲ့ကြသည်။ အထူးသဖြင့် လုမင်၏ အုပ်ချုပ်မှုအောက်ရှိ နယ်မြေထဲတွင် အကြောင်းပြချက်မရှိဘဲ ပြဿနာမရှာဝံ့တော့ပေ။
ပြဿနာများ ရှိကြလျှင်ပင် ပြောင်ပြောင်တင်းတင်း စိန်ခေါ်တိုက်ခိုက်ခဲ့ကြသည်။
လုမင်၏ နေ့ရက်များက အေးအေးချမ်းချမ်း ရှိခဲ့ကြပေသည်။
မကြာမီ ဆယ်ရက်ကြာသွားသည်။ ရှေးဟောင်း သူတော်စင်မင်းဆက်၏ နှစ်တစ်သန်း အမျိုးသားပွဲတော်နေ့ကလည်း နီးကပ်လာခဲ့ပြီ။
ဤကာလအတွင်း၌ သူတော်စင်မြို့တော်သည် ထူးထူးခြားခြား တက်ကြွလျက်ရှိသည်။ လမ်းမများ၌ နေရာအသီးသီးမှ ကျွမ်းကျင်သူများကို မြင်တွေ့နိုင်ပေသည်။
မြောက်ပိုင်းလွင်ပြင်၏ ကျင့်ကြံသူအားက အရပ်ထောင်ထောင်မောင်းမောင်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်သည်။ အမျိုးသမီးများပင် အရပ်အမောင်းကောင်းပေသည်။ သူတို့သုံးသည့် လက်နက်များကလည်း ချွန်းများ၊ တူကြီးများ သို့မဟုတ် ပုဆိန်ကြီးများ ဖြစ်ကြသည်။ အားလုံးက လက်နက်ကြီးများကို ကိုင်ဆွဲကာ လေးလံမှု အရှိန်အဝါများ ထွက်ပေါ်နေခဲ့ကြပေသည်။
မှိန်ဖျော့ဖျော့ အရိန်အဝါရှိသော ကျင့်ကြံသူတချို့လည်း ရှိသေးသည်။ သူတို့က တစ္ဆေချီ သို့မဟုတ် သွေးစွမ်းအင်များ ပြည့်နေခဲ့ကြသည်။ သူတို့အနားမှ ဖြတ်သွားသူတိုင်းကို အေးစက်သည့် ခံစားချက်အား ပေးစွမ်းခဲ့ပေသည်။
၎င်းတို့အားလုံးက တောင်ပိုင်း အမှောင်ကမ္ဘာမှ ကျင့်ကြံသူများ ဖြစ်သည်။
ကတုံးပြောင်နှင့် သင်္ဃန်းရုံထားကြသည့် ရဟန်းတချို့လည်း ရှိသေးသည်။ သဘာဝအတိုင်း ၎င်းတို့က အနောက်ပိုင်းကန္တာရမှ ရဟန်းများ ဖြစ်သည်။
တစ်ဖက်မှာတော့ လုမင်ဟာ အရှေ့ပိုင်းကန္တာရမှ လူများစွာကို မတွေ့ခဲ့ရပေ။
........
ယနေ့အခါ၊ နောက်ဆုံးတွင်ကား ရှေးဟောင်း သူတော်မင်းဆက်၏ နှစ်တစ်သန်း အမျိုးသား အခမ်းအနားကို စတင်ခဲ့ပြီ ဖြစ်သည်။
"ဝမ်"
ကောင်းကင်ယံမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အားကောင်းသော အတက်အကျများလည်း ပေါ်လာခဲ့၏။
လုမင်၊ ထျဲရှင်းနှင့် အခြားသူများလည်း တရားစီရင်ရေး ခန်းမမှထွက်ကာ စောင့်ကြည့်ရန် ကောင်းကင်သို့ ပျံတက်သွားကြသည်။
မြို့တော်အထက် ကောင်းကင်ယံတွင် ရောင်စုံအလင်းများ ပြည့်နေသည်အား မြင်တွေ့ခဲ့ကြရပေသည်။ အလင်းထဲတွင် ဟင်းလင်းပြင်က တွန့်လိပ်ပြီး ပုံပျက်နေခဲ့ရသည်။
"ဝုန်း ဂျုန်း ဂျုန်း"
နောက်ဆုံးတွင် ကြီးမားသော လျှောက်လမ်းတစ်ခုပ ကောင်းကင်ယံ၌ ပေါ်လာခဲ့သည်။
လျှောက်လမ်းကို သတ္တု၊ ကျောက်စိမ်းတို့နှင့် ပြုလုပ်ထားခြင်း မရှိပါ။ ၎င်းတွင် ရောင်စုံအလင်းများသာ ပြည့်နေခဲ့သည်။ နဂါးများနှင့် ဖီးနစ်များလည်း ပျံသန်းနေကြ၏။ ချီလင်များလည်း လျှောက်သွားနေကြသေးသည်။ ဟုတ်သည်၊ ၎င်းတို့က အစစ်အမှန်တော့ မဟုတ်ပါ။ ဝင်္ကပါမှ ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် လျှောက်လမ်း၏ အရှေ့နှင့် အနောက်ဘက်တွင် စားပွဲများနှင့် ကုလားထိုင်များ ပေါ်လာသည်။
စားပွဲများနှင့် ကုလားထိုင်များကို ကျောက်စိမ်းဖြင့် ပြုလုပ်ထား၏။ ၎င်းတို့တွင် နဂါးနှင့် ဖီးနစ်ရုပ်ပုံများကို ထွင်းထုထားလေသည်။ ယင်းက လွန်စွာ အဖိုးတန်သော ဇိမ်ခံပစ္စည်းများဖြစ်ကာ အများအပြား ရှိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်သောင်းကျော််ရှိမှန်း မြင်ရပေလိမ့်မည်။
၎င်းတို့အားလုံးကို သူတော်စင်မြို့တော်အထက် လေထဲတွင် ဆိုင်းငံ့ထားခဲ့သည်။
အရှေ့နှင့်အနောက်ဘက်တွင် စားပွဲကုလားထိုင်များ ပေါ်လာပြီးသောအခါ မြောက်ဘက်တွင် ကျောက်လှေကားတစ်ခုပေါ်လာသည်။ လှေကားသည် ကိုးဆယ့်ကိုးထစ် ရှိ၏။ လှေကား၏ အဆုံးတွင်ကား ကြီးမားသော ရှေးဟောင်းပလ္လင်တစ်ခု ပေါ်လာခဲ့သည်။
ပလ္လင်က ရှေးကျပြီး ထူထဲကာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရသလိုပင်။ ၎င်းက မီတာတစ်သောင်းမြင့်ပြီး တိမ်များကြားထဲ တိုးဝင်နေခဲ့သည်။
"သူတော်စင်ဧကရာဇ် ကြွလာပြီ"
ရုတ်တရက် တော်ဝင်နန်းတော်တွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက တခဏချင်းပင် မြို့တော်တစ်ခုလုံး ပျံ့နှံ့သွား၏။
တော်ဝင်နန်းတော်တွင်းမှ နတ်တေးသံများ ပျံ့လွင့်လာလေသည်။ သန့်စင်မွန်မြတ်သော သူတော်စင်အလင်းများက လေထဲတွင် ပြည့်ကာ ကောင်းကင်သို့ ပျံ့နှံ့လာခဲ့သည်။
ထို့နောက်တွင်၊ လူတစ်စုက လေထဲသို့ ပျံတက်လာသည်။
အရှေ့ဆုံးမှလူက ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ တိုင်းခန်းလှည့်လည်နေသော ဘုရင်တစ်ပါးကဲ့သို့ပင်။ သူ့ကို ကြည့်ရသည်မှာ အသက်ငါးဆယ်ကျော်သာ ရှိသေးပုံရပြီး အရပ်အမောင်းကောင်းပြီး ကြံ့ခိုင်သည်။ သူ့ခန္ဓာကိုယ်က သန့်စင်သောအလင်းများ လွှမ်းခြုံနေကာ မျက်လုံးအစုံကတော့ ကြယ်များကဲ့သို့ တောက်ပနေပေသည်။ သူ့ထံမှ အဆုံးမဲ့ ဘုန်းအရှိန်အဝါများ ဖြာထွက်နေခဲ့သည်။
၎င်းက ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုဖြစ်သည့် လက်ရှိဧကရာဇ် ရှဲ့ချီထျန်းသာ ဖြစ်တော့သည်။