အခန်း ၁၁၁၃
Vol. 75 Ch. 1113
အပိုင်း ( 1113 ) ရက်ရောစွာ လှူတန်းခြင်း။
ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ လာရောက်ကြသော ခေါင်းဆောင်နှစ်ဦးမှာ ဝမ့်မိသားစု ဘိုးဘေးနှင့် ကျန်းမိသားစု ဘိုးဘေးတို့ ဖြစ်သည်။
ကောင်းကင်အလောင်းကောင်ဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးချိုင့်ဝှမ်းတို့မှာလည်း အဓိပဓိနှစ်ဦးစီ ဦးဆောင်ခဲ့၏။
အားလုံး နေရာယူပြီးနောက်၊ ဧကရာဇ်မရှိသော ဆေးဘုရင်တောင်ကြားကဲ့သို့ အင်အားစုငယ်အချို့ ရောက်လာကြကာ လျှောက်လမ်းတစ်ဖက်စီမှ ဒုတိယထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။
ဟုတ်ပေသည်၊ စားပွဲတွင် နေနိုင်ကြသူအားလုံးက အစွမ်းထက် အင်အားစုများ ဖြစ်သည်။ အနည်းဆုံးတော့ သူတို့တွင် အဓိပဓိ တန်ခိုးရှင်များ ရှိ၏။ သာမန် အင်အားစုများကတော့ စားပွဲတွင် နေရာယူရန် အရည်အချင်း မပြည့်မီခဲ့ပေ။
နာရီဝက်ခန့်ကြာတော့ အားလုံး စုံလင်သွားကြသည်။
"အခမ်းအနား စတင်မယ်"
စကားသံ ပေါ်လာပြီးနောက် ကြီးမားသော ပလ္လင်ကြီးက တောက်ပလာခဲ့သည်။ အဆုံးမဲ့အလင်းများ တောက်ပလာပြီးနောက် မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
ရှဲ့ချီထျန်းက ခြေလှမ်း ကိုးဆယ့်ကိုးလှမ်း လှမ်းကာ ယဇ်ပလ္လင်အောက်ခြေသို့ တက်လှမ်းသွားတော့သည်။
တော်ဝင်ရှဲ့မိသားစုနှင့် မှူးကြီးမတ်ရာများက လေးနက်သော အမူအရာများဖြင့် ပလ္လင်ကို မျက်နှာမူလိုက်ကြသည်။ ရှမ်းဟွမ်တိုက်ကြီး၏ အင်အားစုအသီးသီးမှ ကျွမ်းကျင်သူအားလုံးလည်း မတ်တပ် ထရပ်လိုက်တော့သည်။
"ပထမဆုံး အခမ်းအနား၊ ပထမဆုံး ရှေးဧကရာဇ်ကို ဦးညွတ်ပါ"
ရှဲ့ချီထျန်းက ယဇ်ပလ္လင်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။
အခမ်းအနားက ကောင်းကင်ဘုံအတွက်မဟုတ်ဘဲ ဘိုးဘေးများအတွက် ဖြစ်ပေသည်။
တန်ခိုးရှင်လမ်းစဉ် လျှောက်လှမ်းသူတိုင်းက မိုးကောင်းကင်ကို ဆန့်ကျင်နေခဲ့ရသည်။ ထိုအတွက် သဘာဝအတိုင်း ကောင်းကင်ဘုံကို မရှိခိုးပေ။
"ပထမဆုံး ရှေးဧကရာဇ်အတွက်"
တော်ဝင်မိသားစုနှင့် မှုးကြီးမတ်ရာများလည်း ရှဲ့ချီထျန်းနည်းတူ ဦးညွှတ်လိုက်၏။
အခြား အင်အားစုများကတော့ ကြည့်ရုံကြည့်နေကာ ဦးမညွတ်ကြပေ။
လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းကဆိုလျှင် လူတိုင်း ဦးညွတ်ကြရမည် ဖြစ်သည်။ ယခုမူ၊ အဓိက အင်အားစုအားလုံးက ၎င်းတို့၏ လေးစားမှုများ ပျောက်ကွယ်သွားခဲ့ပြီ။ လာရောက်ပေးသည်ကပင် လုံလောက်ပြီ ဖြစ်သည်။ သဘာဝအတိုင်း တော်ဝင်မိသားစုကို မည်သူမျှ ဦးညွှတ်ကြမည် မဟုတ်ပေ။
ရှဲ့ချီထျန်းနှင့် အခြားသူများ ဦးညွှတ်နေကြစဉ်တွင် အလင်းတစ်ခုက ယဇ်ပလ္လင်မှ ကောင်းကင်သို့ လွင့်ပျံသွားခဲ့သည်။ ထို့နောက်တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။
ဤပုံရိပ်က လွန်ခဲ့သော နှစ်တစ်သန်းမှ ရှေးဟောင်းသူတော်စင်မင်းဆက်၏ ပထမဆုံး ဧကရာဇ် ဖြစ်သည်။ သူက ရှေးဟောင်းသူတော်စင်မင်းဆက်ကို တည်ထောင်ခဲ့သူလည်း ဖြစ်ချေသည်။
ထို့နောက်တွင် ရှဲ့ချီထျန်းက ဒုတိယဧကရာဇ်ဧကရာဇ်အား အရိုအသေပေးခြင်း အခမ်းအနားကို ပြောဆိုကာ ထပ်မံဦးညွှတ်ခဲ့သည်။
အလားတူပင်၊ အခြားပုံရိပ်တစ်ခု ပေါ်လာပြန်သည်။ ၎င်းက ရှေးဟောင်းသူတော်စင်မင်းဆက်၏ ဒုတိယမြောက် ဧကရာဇ်ပင်။
ထို့နောက်တွင် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ ယဇ်ပလ္လင်ပေါ်မှ ရှေးဟောင်း သူတော်စင်မင်းဆက်၏ ရှေးအစဥ်အဆက်မှ ဧကရာဇ် ပုံရိပ်များလည်း တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
ယဇ်ပလ္လင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါ်ထွက်လာခဲ့သည်။ ထိုမြင်ကွင်းမှာ အတိတ်မှ သူတော်စင်ဧကရာဇ်များ ပြန်လည်ရှင်သန်လာသကဲ့သို့ပင်။
နောက်ဆုံးတွင် ပလ္လင်ပေါ်၌ ပုံရိပ် တစ်ရာ့ရှစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းက ကွယ်လွန်သွားသော သူတော်စင်ဧကရာဇ် တစ်ရာ့ရှစ်ပါးကို ကိုယ်စားပြုထားခဲ့ပေသည်။
ရှေးဟောင်းသူတော်စင်မင်းဆက်က နှစ်တစ်သန်းခန့်ရှိပြီဖြစ်ပြီး သူတော်စင်ဧကရာဇ် တစ်ရာကျော် ရှိခဲ့သည်။
"အဲ၊ အရင်သူတော်စင်ဧကရာဇ်ရဲ့ ပုံရိပ်မရှိဘူးပဲ"
"အရင် သူတော်စင်ဧကရာဇ်က အသက်ရှင်နေသေးလို့များလား"
တစ်စုံတစ်ယောက်က ထူးခြားမှုကို သတိပြုမိသွားသည်။
အမှန်လည်း၊ ယခင် သူတော်စင်ဧကရာဇ်၏ ပုံရိပ်ရှိမနေပေ။ အကယ်၍ ယခင် ဧကရာဇ်သာ ကွယ်လွန်သွားခဲ့ပါက၊ သူ၏ပုံရိပ်က ဤနေရာတွင် ပေါ်လာမည်မှာ သေချာသည်။ သို့တိုင်၊ ယခု ပေါ်မလာခြင်းက ယခင် သူတော်စင်ဧကရာဇ် အသက်ရှင်နေသေးသည်ဟု ဆိုလိုခြင်းပင် မဟုတ်လော။
အုပ်စိုးရှင်အင်အားစုများ၏ မျက်လုံးများလည်း လေးနက်သွားခဲ့သည်။
တော်ဝင်ရှဲ့မိသားစုက အားနည်းသွားပြီး လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း၊ ၎င်းတို့ကို လျှော့တွက်လို့မရသေးပေ။
"အဟက်၊ အဲဒီ အဘိုးကြီးက တကယ်ပဲ ရှိသေးတယ်"
ကောင်းကင်နတ်ဘုရားတပ်မဟာ၏ သိုင်းအုပ်ချုပ်သူက တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။
"ပူဇော်ပွဲအခမ်းအနားပြီးပြီ၊ အရက်နဲ့ ဆေးတွေလှူတန်းစေ"
ရှဲ့ချီထျန်းက ပြောလိုက်သည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်က ပွင့်သွား၏။ ကြီးမားသော ပလ္လင်ကြီးက ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ထို့နောက်တွင်၊ ပလ္လင်တည်ရှိရာမှ စားပွဲများနှင့် ကုလားထိုင်များ ပေါ်လာခဲ့သည်။ တော်ဝင်ရှဲ့မိသားစုဝင်များအပြင် မှူးမတ်များနှင့် ဝန်ကြီးများလည်း စားပွဲနှင့် ကုလားထိုင်များတွင် ဝင်ထိုင်လိုက်၏။
"အရက်နဲ့ ဆေးတွေ လှူမယ်"
အသံတစ်သံက ဧရိယာတစ်ခုလုံး ပျံ့သွားသည်။
တစ်ချိန်တည်းမှာပင် နန်းတော်ထဲမှ အိုးကြီးများပေါ်ထွက်လာခဲ့၏။
ဤအိုးကြီးများက တောင်လုံးတမျှ ကြီးမားလွန်းလှသည်။ ဤအိုးကြီးများ၏အောက်တွင် ကိုယ်အပေါ်ပိုင်း ဗလာကျင်းနှင့် ကြံ့ခိုင်သော အမျိုးသားတစ်ဦးစီ ရှိနေခဲ့၏။ ၎င်းတို့က အိုးကြီးတစ်လုံးစီကို သယ်ဆောင်ကာ လေထဲမှ လျှောက်လာကြခြင်း ဖြစ်တော့သည်။
"ဝုန်း ဝုန်း…"
ဤအိုးကြီးများက အလွန်လေးလံပုံရသည်။ လူထွားကြီးများက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဟင်းလင်းပြင်သည် တုန်ခါသွား၏။
တစ်ချက်ကြည့်လိုက်ပါက လူထွားကြီးများ ထမ်းပိုးလာသော တောင်လုံးတမျှ အိုးကြီးများက တစ်ရာ့ရှစ်လုံး ရှိသည်။ သူတို့က လေထဲမှ လျှောက်လှမ်းလာရာ သူတော်စင်မြို့တော်အထက် ကောင်းကင်ယံတွင် ပေါ်လာခဲ့ကြသည်။
ကြံ့ခိုင်သော အမျိုးသား တစ်ရာ့ရှစ်ဦး ပေါ်လာပြီးနောက် နောက်ထပ် မိန်းမပျို တစ်ရာ့ရှစ်ဦး ပေါ်လာခဲ့သည်။ သူတို့အားလုံးက ပါးလွှာသော အဝတ်အစားများကို ဝင်ထားကြ၏။ တစ်ဦးစီက ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် လှပသော မိန်းမလှများ ဖြစ်ကြသည်။
မိန်းမလှလေး တစ်ရာ့ရှစ်ယောက် ခရမ်းရွှေရောင် ဘူးသီးခြောက်အိုး တစ်လုံးစီကို သယ်ဆောင်ထားခဲ့သည်။
"ဝိညာဉ်အရက်နဲ့ ဆေးတွေဟေ့၊ ခဏနေရင် မြန်မြန်ယူမှ"
ထျဲရှင်းနှင့် အခြားသူများလည်း ကောင်းကင်ကိုကြည့်ကာ မျက်လုံးများ တောက်ပသွားကြသည်။
"သွန်းလောင်းမယ်"
အသံတစ်ခု ကြားလိုက်ရသည်။
"ဟား"
လူထွားကြီးများက မာန်သွင်းကာ အရက်အိုးကြီးများကို စောင်းပြီး ပြိုင်တူ သွန်လောင်းချလိုက်၏။ ချက်ချင်းဆိုသလိုပင် အိုးကြီးများထဲမှ ဝိညာဉ်အရက်များ သွန်ကျလာတော့သည်။
အိုးတစ်လုံးစီက တောင်ကြီးတစ်ခုကဲ့သို့ ကြီးမားပေရာ အရက် ကီလိုဂရမ်မည်မျှ ပါရှိသည်ကိုပင် မသိရပေ။ ဤအခိုက်တွင် အိုးကြီးတစ်ရာ့ရှစ်လုံးက ကောင်းကင်မှ ရေတံခွန်တစ်ရာ့ရှစ်ခု ကျဆင်းသွားသကဲ့သို့ တစ်ပြိုင်နက်တည်း ကျဆင်းသွားခဲ့သည်။ ဤမြင်ကွင်းက အလွန်တရာ ကြီးကျယ်ခမ်းနားလှပေသည်။
ထို့အပြင်၊ ၎င်းတို့အားလုံးက သာမန်အရက်များမဟုတ်ဘဲ ဝိညာဉ်အရက်များ ဖြစ်သည်။ ၎င်းတို့ကို ဝိညာဉ်ဆေးဝင်ပင်များမှ ပြုလုပ်ထား၍ သိုင်းပညာရှင်များ ကျင့်ကြံခြင်းအတွက် အလွန်အသုံးဝင်သည်။
"ဝုန်း ဝေါ"
ဝိညာဉ်အရက်များက ကောင်းကင်မှ သွန်ကျလာသောအခါ ကြွယ်ဝသော အရက်ရနံ့များက သူတော်စင်မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွား၍ လူအများအား အရူးအမူး ဖြစ်စေခဲ့ပေသည်။
"ဟားဟားဟား၊ ငါ့ဟာ"
"ငါ့ဟာပဲကွ"
သူတော်စင်မြို့တော်တွင်၊ မရေမတွက်နိုင်သော ကျင့်ကြံသူများက ကောင်းကင်သို့ ပျံတက်ပြီး ဝိညာဥ်အရက်များကို ဆွဲယူရန် ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။
ဤလုပ်ငန်းစဉ်အတွင်း၌၊ သူတို့က ဝိညာဉ်အရက်များကိုရရှိရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်သည်။ သို့သော်လည်း၊ အခြားသူများကို တိုက်ခိုက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းများကို ခွင့်မပြုပေ။ မဟုတ်ပါက ကရုဏာမရှိပဲ အသတ်ခံရမည် ဖြစ်သည်။
ယင်းက သံမဏိစည်းမျဉ်းပေ။
ထို့အတွက် မည်သူကမျှ တိုက်ခိုက် သတ်ဖြတ်ခြင်း မပြုပါ။ သူတို့က ဝိညာဉ်အရက်များကိုရရှိရန် ကိုယ်ပိုင်နည်းလမ်းများကိုသာ အသုံးပြုခဲ့ကြသည်။
"ဝှူး"
လုမင်က သူ့ပါးစပ်ကိုဟကာ စုပ်ယူလိုက်သည်။ သူ့ပါးစပ်က ရေဝဲတစ်ခုကဲ့သို့ ဝိညာဉ်အရက် တစ်စုကို စုပ်ယူသွားကာ မျိုချလိုက်၏။
အရက်က သူ့ပါးစပ်အတွင်းသို့ ဝင်သွားသောအခါ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသော နွေးထွေးသည့် စီးကြောင်းတစ်ခုကဲ့သို့ ပျံ့နှံ့သွားတော့သည်။ ဤခံစားချက်က အလွန်အဆင်ပြေသည်။
"ဒီဝိညာဉ်ဆေးစွမ်းအားက ငါ့အတွက် သိပ်အသုံးမဝင်ဘူး"
လုမင်က ပြုံးကာ ဆေးအရက် ဖမ်းယူခြင်းကို ရပ်လိုက်သည်။
ဝိညာဉ်အရက်များက ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများအတွက် များစွာ အသုံးမဝင်ပေ။ ဝိညာဉ်နတ်ဘုရား နယ်ပယ်အောက်မှ ကျင့်ကြံသူများအတွက်သာ ကြီးကြီးမားမား အရေးပါသည်။ ကျင့်ကြံခြင်း အဆင့်နိမ့်လေလေ၊ အကျိုးသက်ရောက်မှုက ပိုများလေပင်။
ဝိညာဉ်ပင်လယ်နယ်ပယ်နှင့် သိုင်းဘုရင်နယ်ပယ်များဆိုလျှင် ကျင့်ကြံခြင်းအခြေခံကို ၎င်းတို့၏ ကျင့်ကြံခြင်းအခြေခံ တိုးမြှင့်စေပြီး စွမ်းအင် ဖြည့်ဆည်းပေးနိုင်သည်။
ကောင်းကင်ယံတွင် တောင်ကြီးများကဲ့သို့ ကြီးမားသော အိုးတစ်ရာ့ရှစ်လုံး ရှိခဲ့သည်။ ၎င်းတွင် ဝိညာဉ်အရက် ကီလိုဂရမ် မည်မျှပါရှိကြောင်း မသိပေ။
သူတော်စင်မြို့တော်တစ်ခုလုံးတွင် ဝိညာဉ်အရက်မိုးများ ရွာသွန်းနေခဲ့သည်။
သို့သော်လည်း တစ်စက် တစ်ပေါက်မျှတော့ မြေပြင်ပေါ်သို့ မကျပေ။ ၎င်းတို့အားလုံးကို ကျင့်ကြံသူများက ဆွဲယူသွားခဲ့ကြသည်။
မကြာမီ၊ ကောင်းကင်ယံ၌ ဝိညာဥ်အရက်တစ်စက်မျှ မကျန်တော့ပေ။
"ဆေးတွေ လှူတန်းမယ်"
နောက်ထပ် အသံတစ်ခု ထပ်မံပေါ်လာသည်။
မိန်းမပျို တစ်ရာ့ရှစ်ယောက်က လက်ထဲမှ ဘူးသီးခြောက် အိုးအဖုံးကိုဖွင့်ကာ လောင်းချလိုက်၏။
ချက်ခြင်းပင် ဘူးသီးခြောက် အိုးထဲမှ ဆေးများ သွန်ကျလာကာ မြို့တော်တစ်ခုလုံး ပြန့်ကျဲသွားတော့သည်။
ထိုဘူးသီးခြောက်အိုးများက သေးငယ်ပုံရသော်လည်း အတွင်းပိုင်းမှာ သိုလှောင်လက်စွပ်ကဲ့သို့ပင်။ ဆေးဝါး မည်မျှ သိမ်းဆည်းထားကြောင်း မသိရသော်လည်း မြေပြင်ပေါ်ကိုအဆက်မပြတ် ကျဆင်းလာခဲ့သည်။
လူအများလည်း မျက်လုံးများ တောက်ပလာကာ အကောင်းဆုံး ယှဉ်ပြိုင်လုယက်ကြတော့သည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးဝါးတစ်ဒါဇင်ခန့် သူ့လက်ထဲသို့ ရောက်လာခဲ့သည်။
လုမင် ကြည့်လိုက်သောအခါ ဤဆေးများက သူ့အတွက် များစွာ အသုံးမဝင်ကြောင်း တွေ့လိုက်ရသည်။ သို့ရာတွင်၊ ၎င်းတို့က ဝိညာဉ်နတ််ဘုရား နယ်ပယ်အောက်မှ ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်သည်။
၎င်းတွင် ဆေးအမျိုးအစား စုံလင်စွာ ရှိ၏။ ဒဏ်ရာ ကုသဆေးများ၊ စွမ်းအင် ပြန်လည်ဖြည့်တင်းဆေးများ၊ အဆိပ်ဖြေဆေးများ၊ ကျင့်ကြံခြင်းအခြေခံ တိုးမြှင့်ခြင်းဆေးများ... စသည်ဖြင့် ရှိသည်။
ဤဝိညာဉ်ဆေး ပမာဏက ကြောက်စရာကောင်းလွန်းလှပေသည်။