အခန်း ၁၁၁၆
Vol. 75 Ch. 1116
အပိုင်း ( 1116 ) ခက်လွန်းတယ်။
ယခုလေးတင်၊ အနီရောင်ဝတ်လူငယ်လေးက လုမင်၏အသက် သုံးဆယ်အောက်မှန်လျှင် ဒူးထောက်ပြီး အညစ်အကြေးများကို စားမည်ဟု အမှန်တကယ် ပြောခဲ့သည်။ ထိုစကားကို သိုင်းအုပ်ချုပ်သူများအပါအဝင် လူတိုင်း ကြားရ၏။ လုမင်က မတိုက်ခိုက်မီ သိုင်းအုပ်ချုပ်သူများ၏ နာမည်ကိုသုံးကာ အနီဝတ် လူငယ်လေးအား ဖိနှိပ်ခဲ့သည်။ ထို့ကြောင့် အနီရောင်ဝတ်လူငယ်လည်း လုံးဝ မခုခံဝံ့တော့ပေ။
"စိတ်ဝင်စားစရာပဲ"
"စိတ်ဝင်စားစရာပဲ။ ဒီလူငယ်က တကယ်ရဲရင့်တယ်"
လျှောက်လမ်း ပတ်ပတ်လည်ရှိ ဧကရာဇ်များလည်း လုမငိကို စိတ်ဝင်တစားကြည့်ရင်း ပြောဆိုလိုက်ကြသည်။
"ဒီမှာ စားစရာကောင်းတွေ ပေါပါတယ်။ ဒါပေမဲ့ စားကောင်းသောက်ဖွယ်တွေအစား အခုလို အညစ်အကြေးတွေကို ကြိုက်တဲ့သူကိုတော့ ပထမဆုံး တွေ့ဖူးတာဘဲ"
လုမင်က တံခါးဝရှေ့သို့ တစ်ဖန် ပျံတက်သွားရင်း ရေရွတ်လိုက်သည်။
သွေးအေးနန်းတော်မှ သူများလည်း ဒေါသထွက်လွန်း၍ သွေးအန်လုနီးပင်။
လျိုယွီရှင်းလည်း မျက်စိမျက်နှာပျက်ကာ အံကိုကြိတ်ပြီး လုမင်အား စိုက်ကြည့်လိုက်သည်။
တစ်ဖက်တွင်၊ လျိုယွီရှင်းအနားရှိ လူငယ်တချို့က လုမင်ကို ကြောက်ရွံ့စွာဖြင့် ကြည့်နေကြတော့သည်။
အနီရောင်ဝတ်လူငယ်ပင် လုမင်ကို မခုခံနိုင်ခြင်းက သူတိုါကို အံ့ဩသွားစေသည်။
"ဟေ့၊ ငါ့ကို ဘာဖြစ်လို့ စိုက်ကြည့်နေတာလဲ။ မင်းလည်း သတိထားနေပါ... မဟုတ်ရင် ငါ မင်းတင်ပါးကို ရိုက်ရလိမ့်မယ်"
လုမင်က လျိုယွီရှင်း၏ အိတုန်နေမည့် တင်ပါးကိုကြည့်ကာ ရယ်မောပြီး တံခါးသို့ လျှောက်သွားသည်။
လျိုယွီရှင်း၏မျက်နှာ နီရဲသွား၏။
အခွင့်အရေးရပါက လုမင်ကို နောင်တရစေမည်ဟု တိတ်တဆိတ် ကျိန်ဆိုခဲ့လေသည်။
လုမင်က ဂိတ်ပေါက်မှ ဖြတ်သွားကာ သက်တန့်လမ်း ဆယ့်ရှစ်ခုသို့ ရောက်လာခဲ့သည်။ ပါရမီရှင်တချို့က လုမင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။
သူတို့အားလုံး လွန်စွာ သိချင်မိကြသည်။ ဤကဲ့သို့သော ပါရမီရှင်မျိုး ဘယ်အချိန်က ပေါ်လာခဲ့သနည်း။
တဖြည်းဖြည်းနှင့် သက်တန့်လမ်းတစ်ရာ့ရှစ်ခုတွင် လူများ ပို၍များလာသည်။ နောက်ဆုံးတွင် လူပေါင်း ငါးရာထက်မနည်း ရှိခဲ့၏။ ၎င်းတို့အားလုံးက ထိပ်တန်း ပါရမီရှင်များ ဖြစ်သည်။
"ကောင်းပြီ၊ စလိုက်ကြရအောင်။ မင်းတို့ ထွက်သွားရင် ဒါမှမဟုတ် ဒီလမ်းပေါ်က ပြုတ်ကျရင် ကျရှုံးမယ်ဆိုတာ မှတ်ထားပါ"
ရှဲ့ချီထျန်းက ပြောလိုက်သည်။
"ဝှစ် ဝှစ်"
ချက်ချင်းပင် တစ်စုံတစ်ယောက်က ပြေးသွားသည်။ လမ်းတိုင်းတွင် လူတစ်ယောက်စီ ရှိ၏။
သက်တံအလင်းဖြင့် ဖွဲ့တည်ထားသော လမ်းကြောင်းပေါ်သို့ ပြေးသွားသောအခါ လမ်းပေါ်၌ ပုံရိပ်များ ပေါ်လာပြီး လမ်းကြောင်းပေါ်ရှိ ပါရမီရှင်များကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။
လက်ဝါးရိုက်ချက်များ ပေါက်ကွဲထွက်လာသည်တွင် လမ်း ဆယ့်ရှစ်ခုမှ လူငယ် ဆယ့်ရှစ်ဦးစလုံး အဝေးသို့ လွင့်သွားကြ၏။
ကျရှုံးသွားခဲ့ပြီ။
တခဏချင်းမှာပင်၊ လူငယ် ဆယ့်ရှစ်ယောက်စလုံး ရှုံးသွားသည်။
"ဒါက ဝိညာဉ်နတ်ဘုရားရဲ့ အင်အားပဲ။ တကယ်ပဲ ဒါက ဝိညာဉ်နတ်ဘုရားရဲ့ ခွန်အားပေါ့"
"လမ်းကို ဝိညာဉ်နတ်ဘုရားတွေက တားဆီးနေတယ်။ ဒါကြီးကို ငါတို့ ဘယ်လိုဖြတ်ကျော်ရမှာလဲ၊ ဒါက ခက်ခဲလွန်းတယ်"
လူများစွာ၏ အမူအရာက သိသိသာသာပြောင်းလဲပြီး မျက်နှာပျက်သွားသည်။
လမ်းတစ်လျှောက်တွင် ဝိညာဉ်နတ်ဘုရားများက ၎င်းတို့အား ဟန့်တားထား၏။ ဝိညာဉ်သန္ဓေသားနယ်ပယ်ရှိ ထိုလူငယ်များကို မည်သို့ တွန်းလှန်နိုင်မည်နည်း။
"စိစစ်မှုအဆင့်မှာတင် လူအများအပြား ဖယ်ရှားခံမဲ့ပုံပဲ"
"အင်း၊ ဝိညာဉ်နတ်ဘုရားက တားဆီးနေမှတော့ လူဘယ်နှစ်ယောက်လောက် ဖြတ်ကျော်နိုင်မှာလဲ"
"ဒါက ပုံမှန်ပါပဲ။ သူတော်စင်ထိပ်တန်းဆယ်ယောက်သာ သူတော်စင်ဧကရာဇ်ရဲ့ ရှေးဟောင်းနန်းတော်ထဲကို ဝင်နိုင်တယ်လို့ ပြောထားခဲ့တယ် မဟုတ်လား။ ဒီလူတွေက ဖြတ်ကျော်သွားရင်တောင် စောစောစီးစီး ကျရှုံးဖို့များတယ်။ သူတို့က အရေအတွက်သက်သက်ပါပဲ"
သူတို့ပတ်ဝန်းကျင်မှ လူတော်တော်များများက စိတ်လှုပ်ရှားစွာ ဆွေးနွေးလိုက်ကြသည်။
သက်တန့်လမ်းတစ်ခုစီတွင်၊ လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ရပ်နေသော ပုံရိပ်တစ်ခုစီ ရှိသည်။ ၎င်းတို့က အစစ်အမှန်မဟုတ်သော်လည်း ပြင်းထန်သော အရှိန်အဝါများ ရှိနေကြသေးသည်။
"ငါ ဖြတ်ကျော်နိုင်သရွေ့ အခွင့်အရေး ရှိနိုင်တယ်"
လူငယ်တချို့၏ မျက်လုံးများက အရောင်တဖျပ်ဖျပ် လက်သွားသည်။
"ဝှစ်... ဝှစ်..."
ထို့နောက်တွင် နောက်ထပ် ဆယ့်ရှစ်ယောက် ပြေးထွက်သွား၏။
"ဝုန်း... ဝုန်း"
ဤပုံရိပ် ဆယ့်ရှစ်ခုက တစ်ချိန်တည်းမှာ လက်ဝါးနှင့် ရိုက်ချလိုက်သည်။ သူတို့၏ လက်ဝါးများက လှိုင်းလုံးကြီးကဲ့သို့ အရှေ့ကို ရိုက်ခတ်သွား၏။
၎င်းတို့အနက်မှ ဆယ့်ခုနစ်ဦးက လက်ဝါးရိုက်ချက်မိကာ လွင့်စဉ်ပြီး ဖယ်ရှားခံခဲ့ရတော့သည်။
ကျန်တစ်ယောက်မှာ တတိယတန်းစား ပါရမီရှင်တစ်ယောက် ဖြစ်သည်။ ထို့အပြင်၊ သူက တတိယတန်းစား ပါရမီရှင်များကြား၌ အားကောင်းသော ကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် လွန်စွာ နီးကပ်နေခဲ့ပြီ။ သူက လက်ဝါးကို တွန်းထားရသော်လည်း လွင့်စဉ်သွားခြင်း မရှိပေ။ ထိုအစား၊ သူသည် အခွင့်အလမ်းကို ဆုပ်ကိုင်ပြီး အလွန်အစွမ်းထက်သော နည်းလမ်းဖြင့် ဖြတ်ကျော်သွားခဲ့သည်။
သူက ထိုပုံရိပ်၏ အတားအဆီးကို ဖြတ်ကျော်သွားခဲ့ပြီ။
"ဟားဟားဟား၊ ငါလုပ်လုပ်ပြီ။ ငါအောင်မြင်သွားပြီ"
ထိုလူငယ်က ဝမ်းသာအားရဖြင့် ရှေ့သို့ အမြန်ပြေးသွားသည်။ သို့သော်လည်း သူ ကြာကြာမပျော်နိုင်ဘဲ နောက်ထပ် ပုံရိပ်သုံးခု သူ့ရှေ့တွင် ထပ်မံ ပေါ်လာခဲ့၏။ ပုံရိပ်သုံးခုစလုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်တွင် ရှိသည်။
အားကြီးသော လက်ဝါးရိုက်ချက် သုံးခုက လူငယ်ဆီသို့ တိုးဝင်လာခဲ့၏။
"မင်း ဒီလိုကစားလို့ မရဘူးကွ..."
လူငယ် အော်ဟစ်ပြီး လွင့်စဉ်သွားတော့သည်။
"ဝိညာဉ်နတ်ဘုရားသုံးပါးတောင်ဟ... ငါတို့ ဘယ်လိုဖြတ်သန်းကြမလဲ"
လူတော်တော်များများ သက်ပြင်းချလိုက်သည်။ တစ်ဦးကို ကျော်ဖြတ်ရန်ပင် ခက်နေပြီဖြစ်သော်လည်း ယခု သုံးယောက် ရှိနေပြန်သည်။ သူတို့ ဘယ်လိုလုပ်ပြီး ဖြတ်ကျော်နိုင်မည်နည်း။
"မင်းက ဝိညာဉ်နတ်ဘုရား မဟုတ်ဘူးဆိုရင် ကျော်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
တစ်စုံတစ်ယောက်က ခေါင်းခါယမ်းလိုက်သည်။
သို့ရာတွင်၊ အရှုံးမပေးဘဲ စမ်းကြည့်ချင်သူများလည်း ရှိသေးသည်။
လမ်းကြောင်းတိုင်းက တူညီမှုရှိကြောင်း သက်သေပြခဲ့သည်။ အစတွင် ပထမအဆင့် ဝိညာဉ်နတ်ဘုရားတစ်ဦးတည်းသာရှိသော်လည်း နောက်တွင် ပထမအဆင့် ဝိညာဉ်နတ်ဘုရား သုံးပါးရှိလိမ့်မည်။
ဟုတ်သည်၊ ဤဝိညာဉ်နတ်ဘုရားများ၏ ခွန်အားက ပထမအဆင့် ဝိညာဉ်နတ်ဘုရားများကြားတွင် သာမန်ဟု သတ်မှတ်၍ရသည်။
လူအတော်များများ ကျဆုံးခဲ့ပေသည်။
လုမင်သည် ကောင်းကင်အလောင်းကောင်ဂိုဏ်းမှ ရွယ်ကျန့်ရီနှင့် ရှီကျန့်၊ ကောင်းကင်ဧကရာဇ်ဘုရားကျောင်းမှ တုန်ဖန့်ယု၊ ကောင်းကင်နတ်ဆိုးတောင်ကြားမှ အိုတု၊ ဖုန်းရွယ်... အစရှိသူတို့ကို တွေ့ခဲ့သော်လည်း တစ်ယောက်ပြီးတစ်ယောက် ကျရှုံးသွားကြသည်။
သူတို့၏ အရည်အချင်းက အရှေ့ပိုင်းကန္တာရတွင် ထိပ်တန်းဟု သတ်မှတ်နိုင်သော်လည်း၊ ကျယ်ပြောလှသော အလယ်ပိုင်းတိုက်ကြီးတွင် သာမန်ဆန်လွန်းသည်။
ပထမ စမ်းသပ်မှုများကိုပင် မအောင်မြင်ခဲ့ပေ။
ဆဋ္ဌမအသုတ်တွင် ဒုတိယတန်းစား ပါရမီရှင်တစ်ဦး လှုပ်ရှားခဲ့သည်။ ထိုသူက လုမင်း၏ အသိအကျွမ်းဟောင်း ရွယ်လော့ကျစ်ပင် ဖြစ်ချေသည်။
ရွာ်လော့ကျစ်က ပထမဦးဆုံးသော ဝိညာဉ်နတ်ဘုရားကို တိုက်ရိုက် ဖြတ်ကျော်သွားခဲ့သည်။ ထို့နောက်တွင် ဝိညာဥ်နတ်ဘုရားသုံးပါးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ၎င်းက ရွယ်လော့ကျစ်အတွက် အခက်မကြုံခဲ့ပေ။ ရွယ်လော့ကျစ်က ခဏချင်းပင် ထိုသုံးဦးကို ဖြတ်ကျော်သွားခဲ့သည်။
သို့သော်လည်း၊ အံ့သြစရာကောင်းအောင် ရွယ်လော့ကျစ်က လမ်းဆုံး မရောက်မီတွင် ပိုများသော ပုံရိပ်များက လမ်းပေါ်တွင် ထွက်လာသည်။ ယခုတစ်ကြိမ်တွင် စုစုပေါင်း ပုံရိပ်ကိုးခု ပေါ်လာခဲ့၏။
ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအလွှာမှ ကျွမ်းကျင်သူကိုးဦး။
"ဝုန်း ဝုန်း ဝုန်း"
ပုံရိပ်ကိုးခုစလုံးက တပြိုင်နက်တည်း လက်ဝါးရိုက်ချက်များ ထုတ်ဖော်ခဲ့ကြသည်။ လက်ဝါးကိုးခုက ဆက်စပ်နေနေကာ တစ်ခုတည်းကဲ့သို့ ဖြစ်၏။
ရွယ်လော့ကျစ်၏ မျက်နှာလည်း လေးနက်ရချေပြီ။ သွေးရောင် အလင်းတစ်ခု လင်းလက်လာပြီး သူ့လက်ထဲတွင် သွေးရောင်ဓားအဖြစ်သို့ ပြောင်းသွားသည်။ သူက အဆက်မပြတ် ခုတ်ပိုင်းကာ လက်ဝါးကိုးခုကို ချိုးဖြတ်လိုက်၏။ သို့သော်လည်း ပထမ လက်ဝါးရိုက်ချက်ပြီးနောက် ပုံရိပ်ကိုးခု ထပ်မံထွက်ပေါ်လာပြန်သည်။ လက်ဝါးရိုက်ချက်များက စုစည်းကာ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပေါက်ကွဲခဲ့ပေသည်။
ပုံရိပ်ကိုးခုက တစ်ဦးတည်းကဲ့သို့ဖြစ်ကာ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုက အပြစ်ကင်းစင်သည်။
စူးစူးရှရှ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ရွယ်လော့ကျစ်က သွေးမျိုးဆက်ပေါင်းစပ်မှုကို ထုတ်ဖော်ကာ သွေးတောင်ပံလင်းနို့အဖြစ်သို့ ပြောင်းလဲခဲ့၏။ သူက ကြောက်စရာကောင်းသော အသံလှိုင်းကို ထုတ်လွှတ်ပြီး ဓားသွားကဲ့သို့ အတောင်များဖြင့် လက်ဝါးများကို ခွဲထွက်သွားတော့သည်။ သူက ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ ပျံသန်းသွားခဲ့သည်။
ဤပုံရိပ်ကိုးခုကို ဖြတ်ကျော်ပြီးနောက်မှာတော့အတားအဆီးမရှိတော့ပါ။ လမ်းက ချောမွေ့သွား၍ ရွယ်လော့ကျစ်သည် ပထမဆုံး အောင်မြင်သူ ဖြစ်လာခဲ့သည်။
ထိုသည်ကပင် လူများစွာကို စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့လေသည်။
ဤအခက်အခဲက ကြီးလွန်းသည်။ ပထမအဆင့် ဝိညာဉ်နတ်ဘုရားကိုးပါး၏ ပူးပေါင်းတိုက်ခိုက်မှုက ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်ခဲ့ကြသူများအပြင် ဝိညာဉ်နတ်ဘုရားနယ်ပယ်အောက်မှ အခြားမည်သူက ဖြတ်ကျော်နိုင်မည်နည်း။
ယခုအခါ၊ ဒုတိယတန်းစား ပါရမီရှင်များအပြင် မျိုးဆက်သစ်လူငယ်များမှ မည်သူမျှ ဝိညာဉ်နတ်ဘုရား နယ်ပယ်သို့ မချိုးဖျက်နိုင်သေးပေ။
"ဟင်း... မေ့လိုက်ပါ၊ ငါ့အတွက် မျှော်လင့်ချက်မရှိတော့ဘူး... ကွာဟချက်က ကြီးမားလွန်းတယ်"
တစ်စုံတစ်ယောက်က လက်လျှော့ရန် ရည်ရွယ်ကာ ခေါင်းယမ်းရင်း သက်ပြင်းချလိုက်သည်။
"တကယ်ပဲ မလိုအပ်ပါဘူးလေ။ မျှော်လင့်ချက် မရှိပါဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် အရှက်ခွဲနေစရာ မလိုတော့ဘူး"
"ဟုတိတယ်။ ဒီတစ်ခါတော့ ပရိသတ်ဖြစ်ပါရစေ"
လူအတော်များများ ဆက်တိုက် လက်လျှော့လိုက်ကြသည်။
"ဟမ့်၊ အတော် အချိန်ဖြုန်းတာပဲ"
ဤအခိုက်တွင် အေးစက်စက် စကားသံနှင့် လူငယ်တစ်ဦး ထွက်ပေါ်လာသည်။
ဤလူငယ်က အနက်ရောင်၀တ်စုံကို ဝတ်ထားကာ မျက်ပေါက်ကျဉ်း၏။ သူ့ထံမှ ပုံမှန်မဟုတ်သော အအေးဓာတ်များ ထွက်ပေါ်နေပေရာ သူ့အနားမှ လူများကို တုန်ယင်သွားစေခဲ့သည်။