အခန်း ၁၁၁၇
Vol. 75 Ch. 1117
အပိုင်း ( 1117 ) ဘုရင်ငယ်အဆင့် ပါရမီရှင်များ။
"တောင်ပိုင်းက မင်ကျစ်"
တစ်စုံတစ်ယောက်က ကြောက်ရွံ့ဟန်ဖြင့် ထိုသူကိုကြည့်ရင်း ခပ်တိုးတိုး ပြောသည်။
မင်ကျစ်သည် အလယ်ပိုင်းတိုက်ကြီး၏ ဘုရင်ငယ်ငါးပါးနှင့် တန်းတူရှိသည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ဖူး၏။ သို့သော်လည်း သူသည် ဘုရင်ငယ်ငါးပါးနှင့် တစ်ခါမျှ မတိုက်ခိုက်ခဲ့ဖူးသောကြောင့် လူအများက သံသယဖြစ်ခဲ့ကြပေသည်။
အလယ်ပိုင်းတိုက်ကြီး၏ ဘုရင်ငယ်ငါးပါးက ပါရမီရှင်များ ဖြစ်သည်။ လူတိုင်းက သူ့အဆင့်ကို မရောက်ရှိနိုင်ပေ။ ထိုအတွက် ကိုယ့်မျက်စိနှင့် မမြင်ရဘဲ မည်သူမျှ ယုံနိုင်ကြမည် မဟုတ်ချေ။
"ဝုန်း"
ရုတ်တရက်၊ မင်ကျစ်၏ အရှိန်အဝါများက လေထုထဲတွင် ကြောက်စရာကောင်းသော ဖိအားတစ်ခုအဖြစ် ပေါက်ကွဲထွက်လာခဲ့သည်။
ထို့နောက်တွင်....
"ဝှစ်"
မင်ကျစ်က အလင်းတန်းတစ်ခုကဲ့သို့ အရှေ့ကို တဟုန်ထိုး တက်သွား၏။ သူ၏ အရှိန်က ကြောက်စရာကောင်းလောက်အောင် မြန်သည်။
ပထမအဆင့်တွင် မင်ကျစ်က လက်ဝါးတစ်ချက်ရိုက်ထုတ်သော ပုံရိပ်ကို တိုက်ရိုက် ဖြတ်ကျော်သွားခဲ့သည်။ လက်ဝါးရိုက်ချက်က သူ့ကိုထိမှန်သော်လည်း လုံးဝ မတားဆီးနိုင်ပေ။
ဒုတိယအဆင့်တွင် ပုံရိပ်သုံးခုက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ရလဒ်ကတော့ ယခင်ပုံရိပ်နှင့် မခြားပါ။ မင်ကျစ်က ပုံရိပ်သုံးခုကို တိုက်ရိုက် ဖြတ်ကျော်သွားခဲ့သည်။
ဝိညာဉ်နတ်ဘုရားပုံရိပ်သုံးခုက မင်ကျစ်၏အရှိန်ကို လုံးဝ မထိခိုက်စေနိုင်ခဲ့ပါ။
တတိယအဆင့်မှ ဝိညာဉ်နတ်ဘုရား ပုံရိပ်ကိုးခုသည်လည်း မင်ကျစ်ကို မတားဆီးနိုင်ဘဲ တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။
"ဝှစ်"
မင်ကျစ်၏ပုံရိပ်က စင်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
"ဟူး"
ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာခဲ့၏။
မင်ကျစ်က အလွန်အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။ သာမာန် ပထမအဆင့် ဝိညာဉ်နတ်ဘုရားများက သူ့ရှေ့တွင် ဘာမျှမဟုတ်ပေ။ လူအများ၏အမြင်တွင် မင်ကျစ်က အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး တစ်ဖက်ကမ်းသို့ ခဏချင်း ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ သူ အသုံးပြုသည့်အချိန်က အလွန်တိုတောင်းခဲ့ပေသည်။
"ကြောက်စရာကောင်းလွန်းတယ်။ သူ့ရဲ့ ခွန်အားက သာမန်ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားတွေထက် အများကြီးသာလွန်နေပြီပဲ။ သူက ဘုရင်ငယ်ငါးပါးအဆင့်ကို သေချာပေါက် ရောက်နေပြီ"
"မဆိုးဘူးပဲ၊ ဒါက စိတ်ဝင်စားစရာ ဖြစ်လာပြီ။ တခြား ဒေသတွေရဲ့ ပါရမီရှင်တွေနဲ့ ဘုရင်ငယ်ငါးပါး ထိပ်တိုက်တွေ့ရင် အရမ်း စိတ်လှုပ်ရှားစရာကောင်းမှာ သေချာတယ်"
မင်ကျစ်၏ ခွန်အားက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
"ဟားဟားဟား၊ ဒါဆိုရင် ငါလည်း လာမယ်"
ရွှေရောင်ဝတ်ရုံဝတ် လူငယ်တစ်ယောက်က ကျယ်လောင်စွာ ရယ်မောရင်း ထွက်လာသည်။
ထိုလူငယ်က ရွှေရောင်ဆံပင်၊ ရွှေရောင်အဝတ်အစားနှင့် ရွှေရောင်ဖိနပ်များကို စီးထား၏။ သူ့ခန္ဓာကိုယ်က ရွှေရောင်နေတစ်စင်းကဲ့သို့ ရွှေရောင်အလင်းတန်းများလည်း ထုတ်လွှတ်နေသေးသည်။
"ဘုရင်ငယ်ငါးပါးထဲက တစ်ပါးဖြစ်တဲ့ ခြင်္သေ့မင်းပဲ"
တစ်စုံတစ်ယောက်က ထိုလူငယ်ကို အသိအမှတ်ပြုခဲ့သည်။
ခြင်္သေ့မင်းက မွန်းစတားမျိုးနွယ် ခြင်္သေ့နှင့်ကျားခန်းမမှ ဖြစ်သည်။ ကောလဟာလများအရ၊ သူသည် နတ်သားရဲ နေနတ်ဘုရားခြင်္သေ့သွေးမျိုးဆက် ကိုးဆယ်ရာခိုင်ရှိသော ရွှေခြင်္သေ့ဖြစ်သည်ဟု ပြောကြ၏။ သူက အလွန် အစွမ်းထက်ပေသည်။
သူ၏ သန့်စင်သော သွေးမျိုးဆက်က နတ်သားရဲ နေနတ်ဘုရားခြင်္သေ့ ဖြစ်လုနီးပါးပင် ဖြစ်သည်။
သို့ရာတွင်၊ ရှန်းဟွမ်တိုက်ကြီး၌ မွေးရာပါ သွေးသန့်စင်သော နတ်သားရဲများ မရှိသလောက်ပင်။ ထိုမွန်းစတားဧကရာဇ်များ အားလုံးဆိုလျှင်လည်း ဧကရာဇ်များအဖြစ်သို့ ဖြတ်ကျော်ဝင်ရောက်လာသောအခါမှသာ သွေးသန့်စင်သော နတ်သားရဲများအဖြစ်သို့ ပြောင်းသွားကြခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းမှာ ကျင့်ကြံခြင်းမှ အောင်မြင်မှုတစ်ခုသာ ဖြစ်၏။ သူတို့နှင့် မွေးရာပါ သွေးသန့်စင်သော နတ်သားရဲများကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေပါသေးသည်။
"ခြင်္သေ့မင်း၊ အတူတူသွားရအောင်!"
ခြင်္သေ့မင်း ထွက်လာသည်နှင့် တပြိုင်နက် ငှက်မွှေးရောင် ၀တ်စုံ ၀တ်ထားသည့် အခြား လူငယ်တစ်ဦးလည်း ထွက်လာသည်။
ထိုလူငယ်ကို မြင်သောအခါ လူတိုင်း အံ့ဩသွား၏။
၎င်းက အုပ်စိုးရှင်အင်အားစုဖြစ်သည့် ဝမ်ယောက်တောင်၏ ပါရမီရှင် ခုန်လင်း ဖြစ်သည်။ ကောလဟာလများအရ၊ သူ့တွင် နတ်သားရဲ ဓာတ်ကြီးငါးပါး ဥဒေါင်း၏ သွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်းရှိကာ အလွန်အစွမ်းထက်ပေသည်။
အလားတူပင်၊ သူကလည်း အလယ်ပိုင်းတိုက်ကြီး၏ ဘုရင်ငယ်ငါးပါးအနက် တစ်ပါးအပါအဝင် ဖြစ်သည်။
အလယ်ပိုင်းတိုက်ကြီး၏ ဘုရင်ငယ်ငါးပါးတွင် သုံးဦးက လူသားမျိုးနွယ်မှ ဖြစ်ပြီး ကျန်နှစ်ဦးကတော့ မွန်းစတားမျိုးနွယ်မှ ဖြစ်ချေသည်။
"ခုန်လင်း"
ခြင်္သေ့မင်းက ခုန်လင်းကိုကြည့်ကာ ပြုံးလိုက်သည်။
သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တစ်ချိန်တည်း နီးပါး လှုပ်ရှားသွား၏။
ရွှေရောင်အလင်းတစ်ခုနှင့် ရောင်စုံအလင်းတစ်ခုက မတူညီသော လမ်းကြောင်းများမှ လမ်းဆုံးကို ပြေးထွက်သွားတော့သည်။
"ဝုန်း ဝုန်း"
အလင်းတန်းနှစ်ခုက ဆက်တိုက်ဖြတ်သွားသည်။ မင်ကျစ်ကဲ့သို့ပင်၊ သူတို့၏လမ်းကို မည်သည့် ဝိညာဉ်နတ်ဘုရားများမှ မတားဆီးနိုင်ပေ။
တခဏအတွင်းမှာပင်၊ သူတို့နှစ်ယောက်က ဆန့်ကျင်ဘက်လျှောက်လမ်းပေါ်တွင် ပြန်ပေါ်လာကြပြီး ဖြစ်သည်။
"ဘုရင်ငယ်ငါးပါးက တကယ်ကို အစွမ်းထက်ပါတယ်"
လူတော်တော်များများ သက်ပြင်းချလိုက်ကြသည်။
ဤကား ဘုရင်ငယ်ငါးပါး၏ အစွမ်းတည်း။ သူတို့နှင့် ယှဉ်လျှင် သာမန် ပါရမီရှင်များက အဝေးကြီး ဝေးကွာလွန်းလှသည်။
ဒုတိယတန်းစား ပါရမီရှင်များစွာပင်လျှင် စွမ်းအားမရှိသကဲ့သို့ ခံစားခဲ့ကြရလေသည်။
"အမိတ္တဘ၊ ဒီဆင်းရဲတဲ့ရဟန်းလည်း လာပါရစေ"
လုမင်နှင့် အလွန်ရင်းနှီးသော ဗုဒ္ဓနာမရွတ်ဆိုသံ ထွက်ပေါ်လာခဲ့သည်။ ကလေးမျက်နှာလေးနှင့် ပြုံးရွှင်နေသော ရဟန်းတစ်ပါး ထွက်ပေါ်လာခဲ့၏။
'ဒီ မသမာတဲ့ရဟန်း'
လုမင်က နှုတ်ခမ်းကိုမဲ့လိုက်သည်။
"အမိတ္တဘ"
ဗုဒ္ဓနာမရွတ်ဆိုသံ ခပ်စူးစူးလေး ထွက်ပေါ်လာသည်။ သေးသွယ်သော ပုံရိပ်တစ်ခုက ရှေ့ကို လှမ်းလာကာ မသမာသော ရဟန်း၏ဘေးမှ လမ်းတစ်ခုဆီသို့ ရောက်လာခဲ့၏။
"သီလရှင်"
"ချောလိုက်တဲ့ သီလရှင်လေးပါလား"
လူအများ၏ မျက်လုံးများက တောက်ပလာခဲ့သည်။
အမှန်တကယ် သီလရှင်တစ်ပါး ဖြစ်ပေသည်။ သူမက သေးသွယ်ပြီး အညစ်အကြေးမရှိသော နှင်းဖြူဝတ်ရုံကို ၀တ်ဆင်ထားသည်။ သူမ၏ ခန္ဓာကိုယ်က ပန်းချီကားထဲမှ ထွက်လာသော သီလရှင်ကဲ့သို့ သန့်စင်သော ဗုဒ္ဓအလင်းရောင်တို့ ပြည့်နှက်နေခဲ့သည်။
သူမက အလွန် လှပသည်။ သူ့တွင်၊ ပုတုံးရောင်ဆံကေသာများ မရှိသော်လည်း မွန်မြတ်သန့်စင်မှုတို့ဖြင့် လှပနေဆဲပင်။ သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် အဝေးသို့ အကြည့်လွှဲရန် ခက်လှသည်။
"ဟင်း... အလှဘုရင်မငါးပါးထက် မနိမ့်ကျတဲ့ အလှလေးက တကယ်ကြီး သီလရှင် ဖြစ်နေခဲ့တယ်"
လူအများက သက်ပြင်းချပြီး သနားစရာလို့ ခံစားရတယ်။
"ဟားဟား၊ အနောက်တိုင်းရဲ့ ကတုံးနှစ်ယောက်က လှုပ်ရှားမယ်ဆိုရင် ငါလည်း လိုက်ပါ ပါရစေ"
လှောင်ပြောင်ပြောဆိုသံနှင့်အတူ အနက်ရောင်ဝတ် လူငယ်တစ်ဦး ထွက်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်အနှံ့မှ မီးတောက်များ ပေါ်ထွက်နေကာ အခြားလမ်းတစ်ခုမှ ပေါ်လာခဲ့၏။
ဤလူငယ်ကား၊ တောင်ပိုင်းမှ ပါရမီရှင်တစ်ဦးဖြစ်ကြောင်း တစ်စုံတစ်ဦးက အသိအမှတ် ပြုခဲ့သည်။
"ဝုန်း ဝုန်း"
တချိန်တည်းမှာပင် ပုံရိပ်နှစ်ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။
၎င်းတို့က မြောက်ပိုင်းလွင်ပြင်မှ ထိုပါ့ရှီနှင့် ရန်ပိုထျန်းတို့ ဖြစ်ချေသည်။
"ဟားဟားဟား၊ တကယ်အသက်ဝင်တာပဲ။ ငါသွားတော့မယ်"
မသမာသောရဟန်းက ရယ်မောလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဗုဒ္ဓအလင်းရောင်နှင့် ပြည့်နေကာ အလင်းတန်းတစ်ခုကဲ့သို့ ပြေးသွား၏။
တစ်ချိန်တည်းမှာပင် အခြားသူများလည်း လှုပ်ရှားသွားကြသည်။ သူတို့က အလင်းတန်းများအဖြစ်သို့ ရှေ့ကို ပြေးသွားကြ၏။ သူတို့၏ လမ်းမှ ဝိညာဉ်နတ်ဘုရားများမှာ အရေးမပါခဲ့ပေ။
နောက်အခိုက်အတန့်တွင်၊ ဆန့်ကျင်ဘက်
လျှောက်လမ်းပေါ်၌ ရန်ပိုထျန်း၊ ထိုပါ့ရှီ၊ မသမာသောရဟန်း၊ သီလီရှင်နှင့် မီးတောက်များဖုံးလွှမ်းနေသော လူငယ်တို့က တစ်ချိန်တည်းနီးပါး ရောက်လာခဲ့ကြသည်။
အားလုံးလိုလို အံ့ဩသွား၏။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘုရင်ငယ်ငါးပါးအဆင့် ကျွမ်းကျင်သူတွေ ဒီလောက်များတာလား"
လူတော်တော်များများမှာ မယုံနိုင်ဘဲ ရင်တထိတ်ထိတ် ဖြစ်သွားသည်။
ရန်ပိုထျန်းကတော့ အလယ်ပိုင်းတိုက်ကြီး၏ ဘုရင်ငယ်ငါးပါးထဲမှ တစ်ဦးဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ။ ထိုအတွက် အံ့သြစရာတော့ မဟုတ်ပါ။
ထိုပါ့ရှီကလည်း ရန်ပိုထျန်းနှင့် တိုက်ခိုက်ခဲ့ပြီး အလယ်ပိုင်းတိုက်ကြီးတွင် နာမည်ကြီးခဲ့ပြီး ဖြစ်သည်။ ထို့ပြင်၊ မသမာသောရဟန်းကလည်း မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေတွင် ကောင်းစွာ စွမ်းဆောင်ခဲ့၏။ လူတိုင်းက သူ့ကို ဘုရင်ငယ်ငါးပါးထဲမှ တစ်ပါးအဖြစ် သတ်မှတ်ထားခဲ့ကြချေပြီ။
ပြောရလျှင်၊ ထိုလူသုံးယောက်သည် အံ့သြစရာမဟုတ်ပေ။
သို့ရာတွင် အနက်ရောင်မီးလျှံများ ဖုံးလွှမ်းနေသော လူငယ်နှင့် သီလရှင်ကလည်း ကြောက်စရာကောင်းလှသည်။ ယင်းက တုန်လှုပ်စရာ ကောင်းလွန်းလှပေသည်။
"သူတို့နှစ်ယောက်ကလည်း ဘုရင်ငယ်ငါးယောက်လောက် အားကောင်းတယ်လို့တော့ မပြောနဲ့နော်။ အဲဒီလိုဆိုရင် ထိပ်တန်းဆယ်နေရာမှာ နေရာအားလုံးနီးပါးက လူစေ့သွားပြီပေါ့။ အခြားသူတွေက ဘယ်လိုလုပ်ပြီး ပြိုင်ရတော့မှာလဲ"
လူတော်တော်များများ မျက်လုံးပြူးသွားခဲ့ကြသည်။
ပထမက မင်ကျစ်ဖြစ်ပြီး နောက်တွင် ခြင်္သေ့မင်းနှင့် ခုန်လင်းတို့ ပေါ်လာသည်။ ယခုအခါ ၎င်းတို့ကဲ့သို့ နားမလည်နိုင်သော တည်ရှိမှု ငါးဦးလည်း ရောက်လာခဲ့၏။ ၎င်းတို့ကတင် ရှစ်ဦးရှိနေပြီဖြစ်ရာ နေရာ အများကြီး မကျန်တော့ပေ။
ထို့နောက်တွင်၊ ဒုတိယတန်းစား ပါရမီရှင်များစွာ စမ်းသပ်ခဲ့ကြသည်။
ယခုအခါ၊ ဒုတိယတန်းစား ပါရမီရှင် အားလုံးနီးပါးက ဝိညာဉ်နတ်ဘုရားနယ်ပယ်ထဲသို့ ဝင်ရောက်လာကြပြီဖြစ်၍ ထိုသို့သောစမ်းသပ်မှုသည် ၎င်းတို့အတွက် သဘာဝအတိုင်း မခက်ခဲပေ။
ဒုတိယတန်းစား ပါရမီရှင်များက တစ်ယောက်ပြီးတစ်ယောက် အောင်မြင်ခဲ့ကြသည်။
လုမင်ဟာ စန္ဒကူးနတ်သမီး၊ ကျင်းခုန်းလင်၊ ခုန်းရှင်း၊ ကျွင်းယွဲ့၊ တိရှန်နှင့် အခြားသူများကို တွေ့ခဲ့သည်။ လုမင် မသိသော လူတချို့လည်း ရှိခဲ့၏။
ဤတစ်ကြိမ်တွင် ရှမ်းဟွမ်တိုက်ကြီး၏ ပါရမီရှင်အများစု ရောက်ရှိလာခဲ့သည်။
တော်ဝင် ရှဲ့မိသားစု၏ ပါရမီရှင်တချို့မှလွဲ၍ ပါရမီရှင်အများစု ပါဝင်လာခဲ့ကြပေသည်။