အခန်း ၁၁၁၈
Vol. 75 Ch. 1118
အပိုင်း ( 1118 ) အောင်မြင်သူ လေးဆယ်။
ထိုအချိန်တွင် သာမန်အသွင်အပြင်ရှိသော လူငယ်တစ်ယောက်က ရှေ့သို့ တိုးလာသည်။
ဤလူငယ်လေးကတကယ့်ကို ရိုးရိုးရှင်းရှင်းပင်။ သူ့အသွင်အပြင်က ရိုးရှင်းပြီး ရုပ်ရည်ကလည်း သာမာန်သာ ဖြစ်သည်။ သို့ရာတွင်၊ သူ့မျက်နှာက အလွန်တည်ငြိမ်သည်။ သူ့တွင် မာနထောင်လွှားမှု တစ်စုံတစ်ရာမရှိသကဲ့သို့ ဘုရင်တစ်ပါး၏ မြင့်မြတ်သော သြဇာအာဏာလည်း မရှိပေ။ သူက သာမန်လူငယ်တစ်ယောက်ကဲ့သို့ပင် ဖြစ်သည်။
သို့သော်လည်း ဤလူငယ်လေးက ထွက်လာသည်နှင့် လူတိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်များပင် အာရုံစိုက်ခဲ့ကြ၏။
အကြောင်းမူကား၊ ဤလူငယ်မှာ လုံချန် ဖြစ်နေသောကြောင့်ပင်။
လုံချန်သည် အလယ်ပိုင်းတိုက်ကြီး၌ မသိသူမရှိသော နာမည်တစ်ခု ဖြစ်သည်။ အကြောင်းမူ၊ သူက အလယ်ပိုင်းတိုက်ကြီး၏ မျိုးဆက်သစ်လူငယ်များကြား၌ ဘုရင်ဖြစ်ရ် ထိုက်တန်ကြောင့်ပင်။ သူက ပြိုင်ဘက်ကင်းကာ ပြိုင်ဘက်အားလုံးကို ကျော်ဖြတ်နိုင်ခဲ့သည်။
လမ်းတလျှောက်လုံးမှ မျိုးဆက်တူ လူငယ်များကြားတွင် အရှုံးဆိုတာကို သူ မမြည်းစမ်းဘူးပေ။
ကမ္မတိုက်ပွဲတွင်၊ သူက ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်ပြီး အခြားဘုရင်ငယ်ငါးပါးနှင့် အဝေးကို ကြိုရောက်နှင့်ခဲ့သည်။
သူက အလယ်ပိုင်းတိုက်ကြီး၏ နှစ်တစ်သိန်းအတွင်း မြင်ရခဲသော ပါရမီရှင်တစ်ဦး ဖြစ်ချေသည်။
မည်သူမျှ စကားမပြောကြပေ။ လူတိုင်း၏ အကြည့်များက လုံချန်အပေါ်သို့ ကျရောက်နေခဲ့သည်။ သူ မည်သို့ စွမ်းဆောင်မလဲဆိုတာကို အားလုံး သိလိုခဲ့ပေသည်။
"ဒုန်း"
လုံချန်က လှုပ်ရှားကာ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။
ဟုတ်ပေသည်၊ ဤသည်က သာမန် ခြေတစ်လှမ်း ဖြစ်သည်။ ထို့နောက်၊ သူဟာ နောက်ထပ်တစ်လှမ်း လှမ်းလိုက်သည်။
ဤသို့ဖြင့်၊ သူသည် တစ်ကြိမ်လျှင် ခြေတစ်လှမ်း လှမ်း၍ မနှေးမမြန် ပုံမှန်အတိုင်း ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားခဲ့ပေသည်။
သို့ရာတွင် သူ၏ ခြေတစ်လှမ်းက မီတာများစွာကို ဖြတ်ကျော်သွားခဲ့သည်။
သူ့အရှိန်က မြန်တော့ မမြန်ပါ။ ရန်ပိုထျန်းနှင့် အခြားသူများကို မဆိုထားနှင့်၊ အခြား ဒုတိယတန်းစား ပါရမီရှင်များနှင့်ပင် နှိုင်းယှဉ်မရပေ။ သူက ခြေလှမ်းအနည်းငယ်လှမ်းပြီး ပထမပုံရိပ်ရှေ့ကို ရောက်သွားသည်။
ထိုပုံရိပ်က သူ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်။ လုံချန်ကလည်း လက်ဝါးနှင့် ပြန်ရိုက်ချလိုက်၏။
"ဝုန်း"
ထိုပုံရိပ်က အပိုင်းပိုင်းကွဲသွားတော့သည်။
ထို့နောက်တွင် လုံချန်က ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
အချိန်သိပ်မကြာလိုက်ပေ၊ ဒုတိယအဆင့်မှ ပုံရိပ်သုံးခုရှေ့ကို သူ ရောက်လာခဲ့သည်။ သူက နောက်တစ်ကြိမ် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်တွင် ပုံရိပ်သုံးခုစလုံး ကွဲထွက်သွား၏။
ထို့နည်းအတိုင်း၊ ရှေ့သို့ဆက်လာရာ တတိယအဆင့်သို့ မကြာမီ ရောက်ခဲ့သည်။ သူက လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်တွင် ပုံရိပ်ကိုးခုစလုံး တပြိုင်နက်တည်း ပေါက်ကွဲသွား၏။ သူ့ပုံစံမှာ အနှောင်အဖွဲ့မရှိဘဲ လွန်စွာ လွတ်လပ်ပေါ့ပါးသည်။
ထို့နောက်တွင်၊ သူက စင်ပေါ်သို့ ခြေချနိုင်ခဲ့သည်။
သူ့အမြန်နှုန်းက မမြန်သော်လည်း စင်ပေါ်ကို ဖြတ်သန်းသွားသော အရှိန်ကတော့ အလွန်မြန်သည်။ ထိုပုံရိပ်များက သူ့ကို လုံးဝမတားဆီးနိုင်ပေ။ ထို့ကြောင့်၊ ယေဘုယျအားဖြင့်၊ သူသည် ဒုတိယတန်းစား ပါရမီရှင်အများစုကို ကျော်တက်သွားခဲ့သည်။
'ဒီလူက တကယ်ကို နားမလည်နိုင်ဘူး'
လုမင်ဟာ လုံချန်ကို စိုက်ကြည့်ရင်းမှ လုံးဝ မမြင်နိုင်ကြောင်း သတိပြုမိခဲ့သည်။
'ငါလည်း သွားတော့မယ်'
လုမင်လည်း ပြုံးကာ ရှေ့သို့ လှမ်းလိုက်သည်။ သူက လမ်းကြောင်းတစ်ခုကို ကျပန်းရွေးချယ်ကာ ရှေ့သို့ ထွက်ခဲ့၏။
လုမင်၏ စွမ်းဆောင်မှုက သိပ်ပြီး အံ့သြစရာတော့ မဟုတ်ပေ။ သူက အလွန်လျင်မြန်သောအရှိန်ဖြင့် ဖြတ်ကျော်ခဲ့သော်လည်း၊ သူ၏အမြန်နှုန်းသည် ဒုတိယတန်းစား ပါရမီရှင်များကြား၌ ပျမ်းမျှသာ ဖြစ်သည်။ ထို့ကြောင့် သူသည် ရုတ်ရုတ်သဲသဲ မဖြစ်စေခဲ့ပေ။
လုမင်သည် ယခင်က ဝူစန်းကို ဖိနှိပ်နိုင်ခဲ့သောကြောင့်လည်း၊ သူ့အတွက် ထိုသို့သော ရလဒ်မျိုးကို ရခဲ့သည်မှာ သာမာန် ဖြစ်ပေသည်။
လုမင် အောင်မြင်ပြီးနောက်၊ ဒုတိယတန်းစား ပါရမီရှင်များလည်း တစ်ဦးပြီးတစ်ဦး စမ်းသပ်အောင်မြင်ခဲ့ကြသည်။
ဤဒုတိယတန်းစား ပါရမီရှင်များ အောင်မြင်ပြီးနောက်မှာတော့ အခြားမည်သူမျှ မကြိုးစားတော့ပါ။ ကျန်တတိယတန်းစား ဉာဏ်ကြီးရှင်များနှင့် အားနည်းသူများလည်း အားလုံး ခေါင်းယမ်းခဲ့ကြသည်။ ထိုသည်မှာ၊ မဖြစ်နိုင်သောကြောင့် ကြိုးစားနေရန် မလိုတော့ပေ။
"ကိုင်း၊ စိစစ်မှုပြီးသွားပြီ"
ရှဲ့ချီထျန်းက ပြောလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သက်တံလမ်း ဆယ့်ရှစ်ခုက သဲလွန်စမရှိဘဲ ကွယ်ပျောက်သွား၏။
နေရာမှ လူတိုင်း၏ မျက်လုံးများက စင်ပေါ်ကို ကျရောက်သွားခဲ့သည်။
စင်ပေါ်တွင် စုစုပေါင်း လူလေးဆယ်ကျော် ရှိသည်။
တစ်နည်းဆိုရသော် လူလေးဆယ်ကျော်သာ ရွေးချယ်ခံခဲ့ရပေသည်။
"တောင်ပိုင်းက တကယ်ကို တစ်ခုခုပဲ။ သူတို့ထဲမှာ နှစ်ယောက်က ဘုရင်ငယ်ငါးပါးအဆင့်မှာ ရှိနိုင်ပြီး ဒုတိယတန်းစား ပါရမီရှင်ကလည်း သုံးယောက် ရှိတယ်"
"မြောက်ပိုင်းလွင်ပြင်ကလည်း အထင်ကြီးစရာပါပဲ။ ထိုပါ့ရှီအပြင် ဒုတိယအဆင့် ပါရမီရှင် သုံးယောက်ရှိတယ်"
"အနောက်ပိုင်းကန္တာရကတော့ နားမလည်နိုင်လောက်အောင်ပဲ။ သူတို့မှာ ဘုရင်ငယ်ငါးပါးအဆင့်က ပါရမီရှင် နှစ်ဦးရှိတယ်၊ ဒါပေမယ့် ဒုတိယအဆင့် ပါရမီရှင် မရှိဘူး။ ဒါက လက်တွေ့မကျဘူး။ ဒုတိယအဆင့် ပါရမီရှင်တွေ မရှိတာတော့ မဖြစ်နိုင်ဘူးလေ။ သူတို့ ဘယ်လောက်ထိ အားကောင်းတယ်ဆိုတာ လုံးဝ ခန့်မှန်း မရဘူး"
"အမှန်ပဲ။ အနောက်ပိုင်းကန္တာရက အမြဲတမ်း ဆန်းကျယ်နေခဲ့တာ။ သူတို့မှာ ရှည်လျားတဲ့ သမိုင်းကြောင်းလည်း ရှိတယ်။ အနောက်ပိုင်းကန္တာရက သူတော်စင်ရဟန်း ပေါ်လာတာတောင် ဘယ်လောက်ကြာပြီမှန်း ဘယ်သူမှ မသိဘူးလေ"
"ဒါနဲ့ ဒီအကြောင်းပြောရရင် အရှေ့တိုင်းက တကယ်ကို အဆင်မပြေဘူး။ သူတို့မှာ နတ်ဧကရာဇ်တစ်ယောက်ပဲ ရွေးချယ်ခံခဲ့ရတယ်လေ။ ဟားဟားဟား"
လူတော်တော်များများက ဆွေးနွေးပြောဆိုခဲ့ကြသည်။
လုမင် ကြည့်လိုက်တော့လည်း အမှန်ပင်။
အလယ်ပိုင်းတိုက်ကြီးက လူအများဆုံး ရှိခဲ့သည်။ သူ့အပြင် စုစုပေါင်း လူနှစ်ဆယ့်ခုနစ်ယောက် ရှိ၏။
တောင်ပိုင်းမှ ငါးဦး၊ မြောက်ပိုင်းလွင်ပြင်မှ လေးဦး၊ အနောက်တိုင်းကန္တာရမှ နှစ်ဦး ဖြစ်သည်။ သို့သော်လည်း အနောက်တိုင်းကန္တာရမှ နှစ်ဦးက နားမလည်နိုင်လောက်အောင်ပင်။
ထို့ထက်၊ အရှေ့တိုင်းမှာတော့ တိရှန်တစ်ဦးသာ ရှိခဲ့သည်။
"အရှေ့တိုင်းလား၊ ဒါက စွန့်ပြစ်မြေရိုင်းတစ်ခုပဲလေ။ ဒေသငါးခုမှာ အားအနည်းဆုံးပဲ။ သူတို့မှာ ပါရမီရှင်က ဘယ်လောက်ရှိနိုင်မှာလဲ။ နတ်ဧကရာဇ်တစ်ယောက် ရှိနေတာတောင် အတော်ဟုတ်နေပြီ။ ဒါနဲ့... နတ်ဧကရာဇ်အထက်မှာ လုမင်လို့ခေါ်တဲ့ လူတစ်ယောက်လည်း ရှိသေးတယ်လို့ ကြားတယ်။ ဒါပေမဲ့ သူက မလာခဲ့ဘူး"
"သူက ဘယ်လာပါ့မလဲကွ၊ ကျရှုံးမှာ ကြောက်နေတာကို။ အရင်က တိရှန်ထက် ပိုအားကောင်းရင်တောင် အခု တိရှန်ထက်တောင် အားနည်းနေလောက်ပြီ"
"ဟုတ်တယ်၊ အရှေ့တိုင်းအကြောင်းက မပြောတာပဲ ကောင်းပါတယ်ကွာ"
လူတိုင်းက သူတို့အမြင်များကို ထုတ်ဖော်ဆွေးနွေးခဲ့ကြသည်။ သို့သော်လည်း အရှေ့တိုင်းအကြောင်း ဖော်ပြသောအခါ အားလုံးက မထီမဲ့မြင် ပြုခဲ့ကြပေသည်။
လူအုပ်ထဲမှ ရွယ်ကျန့်ရီ၊ အိုတု၊ တုန်ဖန့်ယုနှင့် တခြားသူများလည်း မျက်နှာများ နီရဲသွားကြသည်။
သို့သော်လည်း သူတို့၏ နှလုံးသားထဲတွင် ခိုကိုးရာမဲ့သလို ခံစားခဲ့ကြရပေသည်။
သူတို့တွင်၊ ရွေးချယ်စရာမရှိပါ။ အရှေ့ပိုင်းကန္တာရက အမှန်တကယ်ပင် အညံ့ဆုံးဖြစ်သည်။ ဤသည်က ငြင်းလို့မရသည့် အချက်တစ်ခုပင်။
သူတို့ဟာ အရှေ့တိုင်းမှာ ရှိစဉ်တုန်းက အမြင့်ဆုံး၌ ရပ်တည်ပြီး ယုံကြည်မှုအပြည့် ရှိကြသည်။ အလယ်ပိုင်းကိုရောက်ခဲ့လျှင်ပင် သူတို့ကိုယ်သူတို့ နာမည်ရနိုင်မည်ဟု ထင်ထားခဲ့ကြသည်။
သို့သော်လည်း၊ အလယ်ပိုင်းတိုက်ကြီးကို ရောက်လာကတည်းက သူတို့ အကြီးအကျယ် အကြပ်ရိုက်ခဲ့ကြသည်။
အလယ်ပိုင်းတိုက်ကြီးတွင်၊ သူတို့ထက် သန်မာသူများ များလွန်း၏။ တိရှန်သည်ပင်လျှင် ဒုတိယအဆင့် ပါရမီရှင်တစ်ဦးသာ ဖြစ်ခဲ့သည်။ ဤသည်က သူတို့ကို စိတ်ပျက်အားငယ်စေခဲ့ပေသည်။
'လုမင်သာ အလယ်ပိုင်းကိုရောက်လာရင် ဘယ်လိုနေမလဲမသိဘူး။ ဒါပေမဲ့ သူလည်း နှိပ်ကွပ်ခံရပြီး အများကြီးလုပ်နိုင်မှာတော့ မဟုတ်ဘူး'
ထိုအချိန်တွင် ရွယ်ကျန့်ရီ၊ တုန်ဖန့်ယု၊ အိုတုနှင့် အခြားသူများက လုမင်အကြောင်းကို တွေးလိုက်မိကြသည်။
သို့သော်လည်း၊ လုမင် ရောက်လာလာလျှင်ပင် တိရှန်ထက် အားနည်းနေမည်ဟု သူတို့ ထင်ခဲ့ကြပေသည်။
တိရှန်က ဟင်းလင်းပြင်တာအိုကို နားလည်ခဲ့ကာ အလွန်အစွမ်းထက်သည်။ ကမ္မတိုက်အတွင်းမှာတော့ တိရှန်၏ ဟင်းလင်းပြင်တာအိုက အားနည်းနေသေးသည်။ သို့ရာတွင်၊ ဟင်းလင်းပြင်တာအိုက တိုးတက်လာသည်နှင့်အမျှ ပို၍ အားကောင်းလာခဲ့မည် ဖြစ်သည်။
တိရှန်က လုမင်ကို သာလွန်နေပြီဟု သူတို့ ယုံကြည်ထားခဲ့ကြပေသည်။
"အိမ်း၊ စုစုပေါင်း လူ လေးဆယ် ရှိတယ်။ အခု ပထမအကျော့ကို စကြရအောင်"
"ပထမအချီရဲ့ စည်းမျဉ်းတွေက ရိုးရှင်းပါတယ်။ မင်းတို့ ဖြတ်သန်းကြတဲ့ အချိန်ကို ငါ မှတ်တမ်းတင်ထားတယ်။ အခု မင်းတို့ အောင်မြင်ခဲ့တဲ့ အချိန်အတိုင်း အုပ်စုနှစ်စု ခွဲလိုက်မယ်"
"အချိန်တိုလေလေ ရလဒ်က ပိုကောင်းလေပဲ။ ထိပ်ဆုံးနှစ်ဆယ်က တစ်အုပ်စုထဲရှိပြီး အောက်ဆုံးနှစ်ဆယ်ကတော့ အခြားအုပ်စုမှာ ပါဝင်မယ်။ ပထမအချီရဲ့ စည်းမျဉ်းကတော့ အောက်တန်းနှစ်ဆယ်က ထိပ်တန်းနှစ်ဆယ်ကို စိန်ခေါ်ရမယ်။ အောင်မြင်မယ်ဆိုရင် အဆင့်တိုးပြီး မအောက်မြင်ရတော့ တိုက်ရိုက် ဖယ်ထုတ်ခံရမယ်"
"နောက်ပြီး လူတစ်ဦးစီက တစ်ကြိမ်ပဲ စိန်ခေါ်နိုင်တယ်။ စိန်ခေါ်ခံရသူတွေကလည်း စိန်ခေါ်မှုတစ်ခုပဲ လက်ခံနိုင်မယ်"
ရှဲ့ချီထျန်းက ကြေညာခဲ့သည်။
"ဘယ်လို၊ အောက်ဆုံးနှစ်ဆယ်က ထိပ်ဆုံးနှစ်ဆယ်ကို စိန်ခေါ်ရမှာလား"
လူတော်တော်များများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။
ရန်ပိုထျန်း၊ ခြင်္သေ့မင်းနှင့် အခြားသူများက အချိန်အတိုဆုံး အချိန်ယူခဲ့ကြ၍ စိန်ခေါ်ခံရသူများ ဖြစ်ကြသည်မှာ သံသယမရှိပေ။ အကယ်၍၊ အောက်တန်းမှ တစ်စုံတစ်ဦးက ရန်ပိုထျန်း၊ ခြင်္သေ့မင်းနှင့် အခြားသူများကို စိန်ခေါ်ရလျှင်... ယင်းက တခါတည်းရှုံးပြီဟူသော အဓိပ္ပာယ်ပင် မဟုတ်လော။
"ကိုင်း၊ အောက်တန်း လူနှစ်ဆယ်ရဲ့ နာမည်တွေကို ငါကြေညာမယ်။ ဝူစန်း၊ ရွယ်လော့ကျစ်..."
ရှဲ့ချီထျန်းက အောက်တန်းလူနှစ်ဆယ်၏ အမည်များကို ကြေညာခဲ့သည်။ နာမည်ခေါ်ခံရသူများမှာ မျက်နှာပျက်သွားကြ၏။
တစ်ချိန်တည်းမှာပင် နာမည်မခေါ်ခံရသူများက ထိပ်တန်းနှစ်ဆယ် ဖြစ်တော့သည်။
'ငါလည်း ထိပ်ဆုံးနှစ်ဆယ်ကို ဝင်နိုင်မယ်လို့ မမျှော်လင့်ဘူး'
လုမင် ပြုံးလိုက်မိသည်။
သူအပြင် စန္ဒကူးနတ်သမီး၊ ကျင်းခုန်းလင်၊ တိရှန်၊ ဝူချန်ခုန်းနှင့် လုမင်သိသော ဒုတိယတန်းစား ပါရမီရှင်များလည်း ထိပ်တန်းနှစ်ဆယ်တွင် ပါဝင်ခဲ့ကြသည်။
တစ်ဖက်တွင် ခုန်းရှင်း၊ ကျွင်းယွဲ့နှင့် အခြားသူများကတော့ အောက်ဆုံးနှစ်ဆယ်တွင် ရှိပေသည်။ လျိုယွီရှင်းလည်း အောက်ဆုံးနှစ်ဆယ်တွင် ရှိခဲ့ပေရာ သူ့မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။
ဤသို့ဖြင့်၊ နောက်ဆုံးမှာတော့ စိန်ခေါ်သူ နှစ်ဆယ်နှင့် ထိပ်တန်းနှစ်ဆယ်ကို ရွေးချယ်ပြီးသွားပြီ။