အခန်း ၁၁၂၄
Vol. 75 Ch. 1124
အပိုင်း ( 1124 ) ငါ့ရဲ့စီးတော် ဖြစ်လာပါ။
"ဝုန်း"
လုမင်၏လက်သီးနှင့် ခြင်္သေ့မင်း၏ ရွှေလက်သည်းက ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။
ချက်ချင်းပင် အရောင်ခြောက်မျိုးက ကောင်းကင်ကို ထိုးတက်သွား၏။
ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများက အရပ်ရပ်သို့ ပြေးထွက်လာတော့သည်။
"ဝုန်း ဒုန်း"
ပုံရိပ်နှစ်ခုက တပြိုင်နက်တည်း မီတာတစ်ရာစီ ဆုတ်ခွာသွားကာ မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။
သရေကျသည်၊ ဤလှုပ်ရှားမှုက သရေကျသွားခဲ့ပေသည်။
ယင်းက လူတော်တော်များများကို အံသြသွားစေခဲ့သည်။
ဤမင်လုက ခြင်္သေ့မင်း၏ လှုပ်ရှားမှုကို အမှန်တကယ် တားဆီးနိုင်သည်။ သူက နောက်ကြောင်းပြန်ဆုတ်ရသော်လည်း ခြင်္သေ့မင်းပါ ဆုတ်ရ၏။ ယင်းက အစွမ်းထက်လွန်းသည် မဟုတ်လော။
လုမင်ကလည်း ဘုရင်ငယ်အဆင့် ပါရမီရှင် ဖြစ်နိုင်ပါ၏လော။
လူတိုင်းရဲ့ နှလုံးသားများက တဆတ်ဆတ်တုန်သွားသည်။ ဘုရင်ငယ်အဆင့် ပါရမီရှင်များက မည်သည့်အချိန်မှစပြီး ပေါပေါပဲပဲ ဖြစ်လာပါသနည်း။
ခြင်္သေ့မင်း ကိုယ်တိုင်လည်း အတော်တုန်လှုပ်သွားသည်။ သို့သော်လည်း ယင်းက သူ၏ ဒေါသကို ပို၍ပင် နှိုးဆွပေးခဲ့သည်။
"သေ"
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ခြင်္သေ့မင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်မီးတောက်များက မီတာများစွာ ထိုးတက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်က အရာအားလုံးကို အရည်ပျော်စေနိုင်ပုံရ၏။ ယင်းက ဟင်းလင်းပြင်ကိုပင် ကွဲအက်စေကာ အမှောင်ဗလာနယ်အဖြစ်သို့ တိုက်ရိုက်လောင်ကျွမ်းစေတော့သည်။
သူ၏ အရှိန်အဝါက ပို၍ ကြမ်းတမ်းလာသည်။
နေနတ်ဘုရားခြင်္သေ့၏ သွေးမျိုးဆက်က ရွှေရောင်နေမင်းအဖြစ်သို့ ပြောင်းလုနီးဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲတွင် ပွက်ပွက်ဆူလာသည်။
ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်။
ခြင်္သေ့မင်း၏ ကျင့်ကြံခြင်းက ဒုတိယအဆင့် ဝိညာဉ်နတဘုရားနယ်ပယ် အထွတ်အထိပ် ဖြစ်သည်။
"မင်လု၊ ငါတို့နှစ်ယောက်လုံးက ဒုတိယအဆင့် ဝိညာဉ်ဘုရားတွေပါပဲ။ အခု မင်းနဲ့ငါကြားက ခြားနားချက်ကို မင်းနားလည်အောင် ငါပြမယ်"
ခြင်္သေ့မင်းက လုမင်ကို အေးစက်စက်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
ယခုလေးတင်၊ သူ ခံစားမှုအရ လုမင်၏ ကျင့်ကြံခြင်းဟာ ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရား ဖြစ်သည်။
"ငါက ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားလို့ ဘယ်သူပြောလဲ"
လုမင်က ပြုံးရုံ ပြုံးလိုက်သည်။
နောက်အခိုက်အတန့်မှာ...
"ဝုန်း"
လုမင်၏ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့၏။
တတိယအဆင့် ဝိညာဉ်နတ်ဘုရား။
ယခုအချိန်တွင် လုမင်၏ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် ဝိညာဉ်နတ်ဘုရား ဖြစ်သည်။
"ဘာ၊ ဒီမင်လုရဲ့ ကျင့်ကြံခြင်းအခြေခံက တတိယအဆင့် ဝိညာဉ်နတ်ဘုရားလား။ ဒါက ဘယ်လိုဖြစ်နိုင်မလဲ"
"သေစမ်း၊ သူက အရမ်းသန်မာတယ်။ ဒီကောင်က သူ့အစွမ်းအစကို တစ်ချိန်လုံး ဖုံးကွယ်ထားတာပဲ"
"ဒါကြီးက လွန်လွန်းတယ်"
လုမင်၏ နယ်ပယ် ပေါက်ကွဲသံကြောင့် နေရာအနှံ့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းကာ ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။
သူ့အရိုးအသက်ကို ယခင်က စမ်းသပ်ကြည့်တော့လည်း သူ့အသက်မှာ နှစ်ဆယ့်ငါးနှစ်ပင် မပြည့်သေးကြောင်း ထင်ရှားသည်။ အသက်နှစ်ဆယ့်ငါးနှစ်မတိုင်မီ ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်းက ကြောက်စရာကောင်းလွန်းသည်။
ပွဲကြည့်စင်ရှိ အဓိပတိများနှင့် ဧကရာဇ်အချို့ပင် အံ့အားသင့်ခဲ့ကြလေသည်။
"သူတော်စင်ဧကရာဇ်၊ တော်ဝင်မိသားစုအတွင်းမှ ဒီလိုပါရမီရှင်တစ်ဦးကို ဝှက်ထားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ တကယ်ကို လေးစားစရာပါပဲ"
ဧကရာဇ်တစ်ဦးက ပြောလိုက်သည်။
ရှဲ့ချီထျန်း၏ မျက်လုံးများမှာလည်း အံ့သြခြင်းများဖြင့် ပြည့်နှက်နေပေသည်။
တရားစီရင်ရေးတပ်သည် ယခင်က နိမ့်ကျသည်ဟု ထင်ရသည့်အတွက် ယခင်က သတိမထားမိခဲ့ပေ။
အဋ္ဌမမင်းသား ရှဲ့ကျန်း၏ မျက်လုံးများမှာလည်း မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
တရားစီရင်ရေးတပ်သို့ ပို့လိုက်သော အနိမ့်ဆုံး ပုရွက်ဆိတ်လေး မင်လုက အမှန်တကယ်ကို ကြောက်စရာကောင်းမည်ဟု သူ၏ အဆိုးရွားဆုံး အိပ်မက်များမှာပင် ထည့်မမက်ခဲ့ဘူးပေ။
ဤလူသာ သူ့ကိုသတ်ချင်လျှင် ဟိုးအရင်ကတည်းက သေသွားနိုင်သည်။
လူအုပ်ကြားမှ ရှီကျန်းနှင့် ရှန်ဖန်တို့လည်း မျက်နှာများ သွေးဆုတ်ဖြူရော်သွားလေသည်။
လုမင်၏ ကျင့်ကြံခြင်း ပေါက်ကွဲမှုကြောင့် စင်မြင့်ပေါ်ရှိ အခြား ပါရမီရှင်များပင် တုန်လှုပ်ခဲ့ရသည်။
ရန်ပိုထျန်း၊ ထိုပါ့ရှီ၊ မင်ကျစ်နှင့် တိုက်ခိုက်နေသော အခြားသူများလည်း လုမင်၏ အစွမ်းထက်သော ရောင်ဝါကို ခံစားလိုက်ရကာ လေးနက်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
ခြင်္သေ့မင်းကိုယ်တိုင်ကတော့ ပို၍ပင် အံ့သြသွားတော့သည်။
"ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်၊ ဒါကဘယ်လိုဖြစ်နိုင်မှာလဲ"
ခြင်္သေ့မင်းက အော်ဟစ်လိုက်သည်။
"ခြင်္သေ့မင်း၊ မင်းက အလယ်ပိုင်းတိုက်ကြီးရဲ့ ဘုရင်ငယ်ငါးပါးမှာ အဆင့်ငါးနေရာ ရောက်နေတယ်လို့ ငါကြားတယ်။ မင်းက နည်းနည်းအားနည်းပေမဲ့ မင်းရဲ့ရုပ်ရည်က ငါ့ရွှေကလေးတွေနဲ့ ဆင်တူတယ်လေ။ မဆိုးဘူး... မင်းကို ငါ့စီးတော်အဖြစ် ခေါ်သွားမယ်"
လုမင်က ကြမ်းတမ်းသော အမူရာဖြင့် ရှေ့ကို တိုးလာသည်။
သူရည်ညွှန်းသော ရွှေကလေးက ကမ္မတိုက်ပွဲတွင် လုမင် အနိုင်ယူခဲ့သော ရွှေကျား ကင်းကောင် ဖြစ်ချေသည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ သတ္တိကောင်းသော ဤတပ်မှူးက ခြင်္သေ့မင်းကို သူ့စီးတော်အဖြစ် အမှန်တကယ် ယူချင်နေပါသလော။ ယင်းက တကယ်ကို စိတ်ကူးယဉ်ဆန်ခြင်း၊ မာနကြီခြင်း ဖြစ်သည်။
"မင်း သေချင်နေတာပဲ။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်ကို ရောက်နေပြီဖြစ်လို့ မင်းကို ငါ ဘာမှ မလုပ်နိုင်ဘူးလို့ မထင်နဲ့"
ခြင်္သေ့မင်း ဒေါသဖြစ်လွန်း၍ သူ့အဆုတ်များ ပေါက်ကွဲထွက်တော့မည်။
ခြင်္သေ့မင်းက မည်သူနည်း။ သူသည် အနာဂတ်တွင် သိုင်းအုပ်ချုပ်သူဖြစ်လာရန် ရည်မှန်းထားခဲ့သူ ဖြစ်သည်။ သို့တိုင်၊ ဤမုတ်ဆိတ်ကြီးက အမှန်တကယ်ပင် သူ့ကို သူ၏စီးစရာအဖြစ် ယူလိုနေသည်။ ယင်းက သေချင်နေ၍ပင် ဖြစ်ရမည်။
နေနတ်ဘုရားခြင်္သေ့၏သွေးမျိုးဆက်က ဆူပွက်လာခဲ့သည်။ ခြင်္သေ့မင်းက လုမင်ကို ဖိနှိပ်ထားသော ရွှေရောင်နေမင်းအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။
"ဝုန်း"
လုမင်၏ ခန္ဓာအတွင်းမှ တတိယအဆင့် ဝိညာဉ်နတ်ဘုရား၏ စွမ်းအင်များသည် မုန်တိုင်းကဲ့သို့ ပေါက်ကွဲထွက်လာသည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းနှင့် နဂါးစွမ်းအားကို ပေါင်းစပ်ကာ ရွှေရောင်နေမင်းဆီသို့ ထိုးကြိတ်လိုက်၏။
ပေါက်ကွဲသံကျယ်ကြီး ထွက်ပေါ်လာကာ ရွှေရောင်နေမင်းကြီး လွင့်စဉ်သွားတော့သည်။
တစ်ဖက်တွင်၊ လုမင်၏ ခန္ဓာကိုယ်က အနည်းငယ် လှုပ်ခါသွားသည်။
"သတ်"
ထို့နောက်တွင် လုမင်က အော်ဟစ်ပြီး ခြင်္သေ့မင်းကို မုန်တိုင်းတိုက်ခတ်သကဲ့သို့ စတင်တိုက်ခိုက်လိုက်သည်။
ခြင်္သေ့မင်းက သံရှည်ဆွဲကာ ဟိန်းဟောက်လိုက်၏။ သူ၏ ဟိန်းဟောက်သံက ကောင်းကင်ကို လှုပ်ခါစေကာ ဟင်းလင်းပြင်အား ရေပြင်ကဲ့သို့ လှိုင်းထစေခဲ့သည်။
ရွယ်လော့ကျစ်က အသံလှိုင်းတိုက်ခိုက်မှုကို ကျွမ်းကျင်သော်လည်း ခြင်္သေ့မင်း၏ဖိနပ်ကို သယ်ဆောင်ရန်ပင် မထိုက်တန်ပေ။
လုမင်က လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ လက်သီးများက အသံလှိုင်းစွမ်းရည်ကို ချိုးဖျက်ခဲ့၏။ လက်သီးစွမ်းအင်များက ခြင်္သေ့မင်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
"ဒုန်း... ဝေါင်း"
ခြင်္သေ့မင်း၏ ခန္ဓာကိုယ်က စိန်ကဲ့သို့မာကျောပြီး ကြောက်မက်ဖွယ်အပူဓာတ်ကို ထုတ်လွှတ်နေသော်လည်း လုမင်၏ လက်သီးများအောက်တွင် နာကျင်စွာ အော်ဟစ်ခဲ့ရသည်။
လူတိုင်း ရင်မောသွားကြသည်။ ခြင်္သေ့မင်း အားနည်းချက်သည့်ဘက်ကို ရောက်နေခဲ့ပြီ။
"မင်းကို ပြောဖို့မေ့နေတာ။ မင်းလို ငါ့ထက် အဆင့်တစ်ဆင့်နိမ့်တဲ့သူ မပြောနဲ့၊ တူညီတဲ့ တိုက်ပွဲမှာတောင် ငါ တစ်ခါမှ မရှုံးခဲ့ဘူး"
လုမင်၏ အသံမှာ ယုံကြည်မှုတို့ ပြည့်နှက်နေခဲ့သည်။
စင်မြင့် အခြားတစ်ဖက်တွင် စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
"သူ့ရဲ့ ဟန်အမူအရာက အရမ်းရင်းနှီးတယ်လို့ ငါဘာလို့ခံစားရတာလဲ"
စန္ဒကူးနတ်သမီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ငါလည်း အရမ်းရင်းနှီးတယ်လို့ ခံစားရတယ်။ သူ့မှာ လုရှောက်ချင်းနဲ့ အရမ်းဆင်တူတဲ့ မယုံနိုင်စရာ ယုံကြည်မှုတစ်ခုရှိတယ်"
ကျင်းခုန်းလင်လည်း ပြောလိုက်၏။
"လုရှောက်ချင်းက သူ့ကိုယ်သူ ရုပ်ဖျက်တာ အရမ်းတော်ပုံရတယ်။ ဒီလူက လုရှောက်ချင်းများ ဖြစ်နိုင်မလား"
စန္ဒကူးနတ်သမီးက တီးတိုးရေရွတ်ရင်း လက်ကလေးပိုက်ကာ စဉ်းစားလိုက်သည်။
ကျင်းခုန်းလင်ကတော့ တိုက်ပွဲကို ဂရုတစိုက်ကြည့်နေကာ ဘာမှပြန်မပြောတော့ပေ။
"အဆုံးမဲ့နေ"
လုမင်၏ ဖိနှိပ်မှုက ခြင်္သေ့မင်းကို မခံမရပ်နိုင် ဖြစ်စေခဲ့သည်။ သူက အရူးအမူးဟိန်းဟောက်ကာ ၎င်း၏ ကြောက်မက်ဖွယ်စွမ်းရည်များကို အပြည့်အ၀ ဖော်ထုတ်လိုက်၏။
ခြင်္သေ့မင်းက တကယ်ကို သန်မာသည်။ သူ့တွင် နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထခဲ့သော လူသားသိုင်းပညာရှင်နှင့် နှိုင်းယှဉ်နိုင်သည့် နေနတ်ဘုရားခြင်္သေ့ သွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထား၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အလွန်ကြောက်စရာကောင်းလှသည်။ တော်ရုံ၊ သူ့ထက် အဆင့်အနည်းငယ်မြင့် ပြိုင်ဘက်များကို သတ်ခြင်းက ထမင်းစားရေသောက်ကဲ့သို့ပင်။
သာမန်ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရား ကျင့်ကြံသူ သို့မဟုတ် မွန်းစတားသားရဲဖြစ်လျှင် လုမင်က တစ်ချက်တည်းဖြင့် သတ်နိုင်သည်။
ယခုမူ၊ လုမင်က တတိယအဆင့် ဝိညာဉ်နတ်ဘုရား ယွမ်ချီစွမ်းအင်၊ နဂါးစွမ်းအားခုနစ်ခုနှင့် တာအိုများအား ထုတ်ဖော်ထားသည့်တိုင် အသာစီးသာရသေးသည်။ ခြင်္သေ့မင်းကို အနိုင်ယူလိုပါက အနည်းငယ်ပို၍ အားထုတ်ရမည်။
လုမင် တိတ်တဆိတ် အံ့သြသွားခဲ့သည်။ ခြင်္သေ့မင်းသည် နတ်သားရဲ သွေးမျိုးဆက် ကိုးဆယ်ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း အလွန် အစွမ်းထက်နေပြီ။ အကယ်၍ သွေးသန့်စင်သော နတ်သားရဲတစ်ကောင်ဖြစ်လျှင် မည်မျှ ကြောက်စရာကောင်းမည်နည်း။
သွေးမျိုးဆက် သန့်စင်မှု ကိုးဆယ်ရာခိုင်နှုန်းရှိသူနှင့် အစစ်အမှန် နတ်သားရဲကြားတွင် အခြေခံအားဖြင့် ကြီးမားသော ကွာဟချက် ရှိသည်။
ရှေးဒဏ္ဍာရီများအရ၊ သွေးသန့်စင်စင်သော နတ်သားရဲများဟာ တစ်ချိန်က ရှမ်းဟွမ်တိုက်ကြီး၌ ထွက်ပေါ်လာဖူးသည်။ ၎င်းတို့သည် မွေးဖွားလာသည်နှင့် ပြိုင်ဘက်ကင်းကြ၏။ သူတို့၏ မျိုးဆက်တူများကြားတွင် မည်သူကမျှ သူတို့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်ကို နိုးထစေခဲ့သော ပ့ရမီရှင်တစ်ဦးပင်လျှင် ၎င်းတို့အတွက် ပြိုင်ဘက်ဖြစ်ရန် ဝေးကွာနေပြီး ဖိနှိပ်ခံရမည် ဖြစ်သည်။
သွေးသန့်စင်သော နတ်သားရဲက အနည်းငယ်ကျင့်ကြံရုံဖြင့် သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ရောက်ရှိနိုင်သည်ဟု ဆိုကြသည်။ ၎င်းတို့၏ အရည်အချင်းက အားကောင်းလွန်းပေသည်။
သို့သော်လည်း၊ ရှမ်းဟွမ်တိုက်ကြီးတွင် သွေးသန့်စင်သော နတ်သားရဲများ မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။