အခန်း ၁၁၂၆
Vol. 76 Ch. 1126
အပိုင်း ( 1126 ) သူက လုရှောက်ချင်းပဲ။
တုနှိုင်းမမီသော အလှလေးနှစ်ဦးက ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသောကြောင့် လူအများ၏ မျက်လုံးများကို တောက်ပစေခဲ့သည်။
စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်က ဒုတိယတန်းစား ပါရမီရှင်များကြား၌ အထူးချွန်ဆုံးများ ဖြစ်ကြသည်မှာ သံသယဖြစ်စရာမရှိပေ။
သို့သော်လည်း ၎င်းတို့၏ ပြိုင်ဘက်က သက်ဆိုင်ရာ အင်အားစုကြီးမှ ထိပ်တန်း ပါရမီရှင်များ ဖြစ်သည်။
ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ ခုခံမှုများက ခေါင်းသုံးလုံး ငရဲခွေး၏ တိုက်ခိုက်မှုအောက်တွင် ပျက်ဆီးခဲ့ချေသည်။
"ဆင်းကြစမ်း"
ခေါင်းသုံးလုံးငရဲခွေးက ဟိန်းဟောက်လိုက်ပြီး လက်နှင့် ပုတ်လိုက်သည်။ စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်လည်း မျက်နှာ ဖြူရော်သွားတော့သည်။
'ငါတို့ ကျရှုံးတော့မှာလား'
ထိုအတွေးက နှစ်ယောက်စလုံး၏ စိတ်ထဲမှာ ပေါ်လာခဲ့သည်။ သူတို့ လက်မခံလိုကြပေ။
ပြိုင်ပွဲဝင် ဆယ့်နှစ်ယောက်သာ ကျန်သည်။ အချိန်အနည်းငယ်ကြာအောင် ဆက်ထိန်းထားနိုင်သရွေ့ ထိပ်ဆုံးဆယ်ဦးသို့ ဝင်နိုင်ကြလိမ့်မည်။
ကံမကောင်းစွာဖြင့်၊ သူတို့ဟာ ဤမျှသာ ဆက်သွားနိုင်တော့မည့်ပုံ ရသည်။
သူတို့နှစ်ဦးသား သက်ပြင်းချကာ အရှုံးပေးပြီး စင်မြင့်ပေါ်မှ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။
ဤအခိုက်တွင် ထွားကျိုင်းသော လူရိပ်တစ်ခုက သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သူက ငရဲခွေး၏ လက်သည်းများကို သူ့လက်နှင့် ကာဆီးပြီး ဟန့်တားလိုက်၏။
"ဒါ သူပဲ"
သူတို့ မျက်လုံးများ တောက်ပလာတော့သည်။
သူတို့ရှေ့တွင် ဝင်ရပ်လိုက်သူက လုမင် ဖြစ်သည်။
စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်က ရှေးဟောင်းဆေးဥယျာဉ်တွင် သူ့အား သွေးအေးနန်းတော်၏ ထောင်ချောက်ထဲသို့ မကျရောက်စေရန် တားဆီးခြင်းဖြင့် ကူညီပေးခဲ့သည်။ ထိုအတွက်၊ ယခု သူသည် ၎င်းတို့ အန္တရာယ်ရှိနေသည်ကို မြင်လိုက်ရသောအခါ ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်သည်မှာ သဘာဝပင်။
"ဒုက္ခရောက်နေတဲ့ မိန်းမလှလေးကို ကယ်ချင်နေတာပေါ့။ ဒါဆိုရင် မင်းကို အရင်ကန်ထုတ်မယ်"
ခေါင်းသုံးလုံးငရဲခွေးက ဟိန်းဟောက်ပြီး ကြောက်စရာကောင်းသော ငရဲမီးများဖြင့် ပေါက်ကွဲလိုက်သည်။
ထိုငရဲမီးက အေးစက်ပြီး လုမင်၏ စိတ်ဝိညာဉ်ကို အေးခဲသွားတော့မည်ကဲ့သို့ အနည်းငယ် တုန်လှုပ်စေခဲ့၏။
'ဘယ်လောက်တောင် အစွမ်းထက်တဲ့ ငရဲမီးလျှံ'
လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ သို့ရာတွင် အပြင်ပန်းတွင် လှောင်ပြောင် ရယ်မောလိုက်၏။
"ဟားဟားဟား၊ မင်းက အဲဒီခြင်္သေ့ထက် ပိုအစွမ်းထက်တာပဲ။ ငါက သူ့ကို ငါ့စီးစရာအဖြစ် ယူချင်ပေမယ့် သူက သဘောမတူဘူး။ မင်းကတော့ နည်းနည်း ရုပ်ဆိုးတယ်။ ဒါပေမဲ့ ငါ့စီးတော်ဖြစ်လောက်အောင် အင်အားရှိပါတယ်"
ရယ်မောရင်းဖြင့် ယွမ်ချီစွမ်းအင်ပေါက်ကွဲကာ ငရဲခွေးကို တိုက်ခိုက်လိုက်သည်။ တခဏချင်းမှာပဲ သူက ခေါင်းသုံးလုံးငရဲခွေးနှင့် အကြိမ်ပေါင်းများစွာ ထိပ်တိုက် ရင်ဆိုင်ခဲ့ပေသည်။
"မုတ်ဆိတ်ကြီး၊ မင်း ငါ့သားကောင်ကို ဘာလို့ ခိုးနေတာလဲ"
မသမာသောရဟန်းက မလှမ်းမကမ်းတွင် ပေါ်လာကာ ပြုံးလျက် ပြောလိုက်သည်။
"ရဟန်းလေး၊ မင်းရဲ့သားကောင်ကို ငါ စောင့်ရှောက်ထားပေးမယ်"
လုမင် ပြောလိုက်၏။
"ဟားဟားဟား၊ ဒါဆိုရင်လည်း ကောင်းတာပေါ့၊ ငါ ဘာမှလုပ်စရာ မလိုဘူး"
မသမာသောရဟန်းက ရယ်မောလိုက်သည်။ သူက အကြည့်လွှဲပြီး မင်ကျစ်ကို စိုက်ကြည့်လိုက်၏။
"ညီမလေးဝူယွဲ့၊ ငါ မင်းကို ဘယ်လိုကူညီရမလဲ"
မသမာသောရဟန်းက မင်ကျစ်နှင့် တိုက်ခိုက်နေသော သီလရှင်အနီးသို့ လျှောက်သွားသည်။
သီလရှင်၏ အမည်မှာ ဝူယွဲ့ ဖြစ်ချေသည်။
မင်ကျစ်က မသမာသောရဟန်းကို အတော်စိုးရွံ့ပြီး သတိထားသော အမူအရာဖြင့် ကြည့်လိုက်သည်။
"ဝူလျန့်၊ ကိုယ့်ကိစ္စကို ကိုယ်လုပ်ပါ။ နင့် အကူအညီ မလိုဘူး"
ဝူယွဲ့၏ မျက်နှာက အေးစက်သွားသည်။ သူမက ရဟန်းဝူလျန့်နှင့် ဆက်ဆံရေး ကောင်းပုံမပေါ်ပေ။
မနီးမဝေးမှ လုမင်လည်း ခလုတ်တိုက်ကာ လဲကျလုနီးပါး ဖြစ်သွားသည်။ ဤမသမာသောရဟန်း၏အမည်က သူနှင့် လိုက်ဖက်လှပေသည်။
"ငါ့ဆံပင်၊ ပန်းကလေးတွေက ချစ်မြတ်နိုးစွာနဲ့ ကြွေဆင်းပေမဲ့ စီးဆင်းနေတဲ့ရေက အကြင်နာမဲ့တယ်။ ညီမလေး ဝူယွဲ့က ငါ့အကူအညီကို မလိုချင်မှတော့ မေ့လိုက်ပါ"
ရဟန်းဝူလျန့်က သက်ပြင်းချကာ ရေရွတ်လိုက်သည်။ ထို့နောက် သူ့ပတ်ဝန်းကျင်ကို တစ်ဖန် အကဲခတ်လိုက်လေသည်။
"ဒါ... "
ကြည့်ရှုသူများလည်း ဆွံ့အသွားကြသည်။ ဤသည်မှာ အမှန်တကယ်ပင် အနောက်တိုင်းကန္တာရမှ ရဟန်းဖြစ်သေးပါ၏လော။ သူက အဘယ်ကြောင့် ဤသို့ ဖြစ်နေပါသနည်း။
စင်ပေါ်ရှိ ဧကရာဇ်အချို့၏ မျက်နှာများပင် အနည်းငယ် ထူးဆန်းသွားကြသည်။
အနောက်တိုင်းမှ ဗုဒ္ဓအရှင်ကတော့ ဘာကိုမှ မမြင်ရသကဲ့သို့ ပြုံးကာ မျက်လုံးကို မှိတ်ထားလေတော့သည်။
"ဝုန်း"
ထိုအချိန်တွင် လုမင်နှင့် ခေါင်းသုံးလုံး ငရဲခွေးက တိုက်ပွဲစနေပြီဖြစ်သည်။ တိုက်ပွဲသည် အလွန် ပြင်းထန်ခဲ့၏။
ငရဲခွေးက အလွန်အားကောင်းသည်။ ၎င်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိခဲ့ပြီး ခြင်္သေ့မင်းထက် ပို၍ အားကောင်းခဲ့ပေသည်။ ထိုအချိန်တွင်၊ ခေါင်းသုံးလုံး ငရဲခွေး၏ နတ်သားရဲသွေးမျိုးဆက်က ပွက်ပွက်ဆူလာသည်။ လုမင်က သူ၏ သွေးမျိုးဆက်ကို မထုတ်ဖော်သော အားနည်းချက် ရှိလာတော့သည်။
'ဒီနေ့ ငါ့ရဲ့ သွေးမျိုးဆက်ကို အသက်မသွင်းဘဲ တတိယနေရာကိုရဖို့ မဖြစ်နိုင်ဘူးထင်တယ်'
ထိုအတွေးဖြင့် လုမင်၏ ဦးခေါင်းပေါ်တွင် သွေးတစ်စက် ပေါ်လာသည်။
"စွမ်းအား ငှားယူမယ်"
"ဝုန်း"
တတိယ သွေးမျိုးဆက်မှ စွမ်းအားများက လုမင်၏ ခန္ဓာကိုယ်ထဲကို စီးဝင်လာခဲ့သည်။ လုမင်၏ အငွေ့အသက်များက တဟုန်ထိုးတက်လာခဲ့၏။ သူ၏ ဆံပင်များက ချက်ချင်း သွေးနီရောင်ပြောင်းသွားကာ သူ့ခန္ဓာကိုယ်မှလည်း သွေးနီရောင်အလင်းများ ထွက်ပေါ်လာတော့သည်။
"သတ်"
တတိယသွေးမျိုးဆက်၏ စွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်နှင့် လုမင်ဟာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်များကို ထုတ်လွှတ်လာသည်။ သူက ငရဲခွေး၏ ဦးခေါင်းတစ်လုံးဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
ဦးခေါင်းသုံးလုံး ငရဲခွေး၏ ဦးခေါင်းက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်သော်လည်း လုမင်၏ လက်ဝါးအောက်တွင် ရှုံးနိမ့်သွားရသည်။ သူ့လက်ဝါးသည် ခေါင်းသုံးလုံးရှိသော ငရဲခွေး၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ခေါင်းသုံးလုံး ငရဲခွေးက သနားစဖွယ် အော်ဟစ်ပြီး ကမျောသောပါး ဆုတ်ခွာသွားတော့သည်။ လုမင်၏ လက်ဝါးရိုက်ချက်က သူ၏ဦးခေါင်းကို ကွဲကြေမတတ် ဖြစ်စေခဲ့သည်။ ၎င်း၏ ဦးခေါင်းခွံအရိုးများ ကျိုးကာ သွေးများက ဒရဟော စီးကျလာတော့သည်။
"လုရှောက်ချင်း"
"သူက လုရှောက်ချင်းပဲ"
ထိုအချိန်တွင် လူအုပ်ထဲမှ တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ရွယ်လော့ကျစ်၊ ဝူချန်ခုန်းနှင့် မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေတွင် လုမင်ကို မြင်ဖူးသူအချို့က မယုံကြည်နိုင်စွာ အော်ပြောလိုက်ကြသည်။
"ဘာ၊ သူက လုရှောက်ချင်းလား"
"မင်လုက လုရှောက်ချင်းလား"
"ဒီကြောက်စရာကောင်းတဲ့ တပ်မှူးက တကယ်ပဲ လုရှောက်ချင်းပေါ့"
အံ့သြတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။
လုရှောက်ချင်းဟူသော နာမည်မှာ အလွန် ကျော်ကြားနေခဲ့ပြီး ဖြစ်သည်။
ထျန်းရှအကယ်ဒမီ၏ မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေတွင် လုရှောက်ချင်းက သွေးအေးနန်းတော်နှင့် ထျန်းဝူဓားဂိုဏ်း၏ ယခင်မျိုးဆက်နှင့် လက်ရှိမျိုးဆက်မှ ထိပ်တန်းပါရမီရှင်များစွာကို သတ်ဖြတ်ခဲ့သည်။ သူသည် ရန်ပိုထျန်းနှင့် ဘုရင်ငယ်အဆင့် အခြားသူများနှင့်လည်း တိုက်ခိုက်ခဲ့သေးသည်။
လူတိုင်းက လုရှောက်ချင်းကို ဘုရင်ငယ်တစ်ပါးအဖြစ် ရှေးမဆွကပင် မှတ်ယူခဲ့ကြပြီး ဖြစ်သည်။ လုရှောက်ချင်းက သူတော်စင်မြို့တော်ကို မလာဘူးဟုပင် သူတို့တွေးမိခဲ့သေးသည်။ ယခုမူ ဤမုတ်ဆိတ်ကြီးနှင့် တပ်မှူးက လုရှောက်ချင်းအမှန် ဖြစ်နေပါသလော။
"သူက လုရှောက်ချင်းပဲ၊ ဒီနည်းလမ်းတွေကို ငါမမှားနိုင်ဘူး"
ဝူချန်ခုန်းနှင့် ရွယ်လော့ကျစ်က အခိုင်အမာ ပြောခဲ့သည်။
"သူက တကယ်ကို လုရှောက်ချင်းပဲ"
စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်၏ မျက်လုံးများလည်း အရောင် ဖျတ်ခနဲ လက်သွားလေသည်။
"ဟားဟားဟား၊ ဒီမုတ်ဆိတ်ကြီးကို ငါ့မျက်နှာကို ကပ်ထားရတာ သိပ်အဆင်မပြေဘူး"
ထိုအချိန်တွင် လုမင်ကက ရယ်မောလိုက်သည်။ မုတ်ဆိတ်မွေးအတုကို သူ့မျက်နှာပေါ်မှ ဆွဲကိုင်ခွာကာ လွှင့်ပစ်လိုက်၏။
ဤသည်ကပင် လုရှောက်ချင်းဖြစ်ကြောင်း ဝန်ခံလိုက်ခြင်း ဖြစ်တော့သည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ မင်လုက လုရှောက်ချင်း ဖြစ်၏။ သို့ရာတွင် တရားစီရင်ရေးတပ်ထဲကို သူ မည်သို့ ခိုးဝင်ခဲ့သနည်း။
"လူတစ်ယောက်ရဲ့ အရှိန်အဝါကို ပြောင်းလဲဖို့ အံ့ဩစရာကောင်းတဲ့ နည်းလမ်းတစ်ခုပါပဲ။ ငါတို့တောင် လှည့်စားခံခဲ့ရတယ်"
သိုင်းအုပ်ချုပ်သူတစ်ဦးက ပြောလိုက်သည်။
ယခင်က ဧကရာဇ်အားလုံး ယင်းကို သတိမပြုမိခဲ့ပေ။
"ဝုတ် ဂီး ဂဲ"
ခေါင်းသုံးလုံး ငရဲခွေးက ဟောင်လိုက်သည်။ ၎င်း၏ ခေါင်းသုံးလုံးက ပါးစပ်ကိုဟကာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်ခဲ့၏။
ခေါင်းတစ်လုံးက အနက်ရောင်အရည်များကို မှုတ်ထုတ်လိုက်သည်။ ဦးခေါင်းတစ်ခုက အနက်ရောင်မီးတောက်တွေကို မှုတ်ထုတ်ကာ အခြားခေါင်းတစ်လုံးမှ အနက်ရောင်လျှပ်စီးကြောင်းများ ထွက်လာခဲ့၏။ တိုက်ခိုက်မှုတစ်ခုစီက အလွန်ကြောက်စရာကောင်းပြီး ဒုတိယတန်းစား ပါရမီရှင်တစ်ဦးကို သတ်နိုင်စွမ်းရှိ၏။
လုမင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ တတိယသွေးမျိုးဆက် လှုပ်ရှားကာ သွေးနီလှံအဖြစ်သို့ ပြောင်းလဲသွား၏။
လုမင်က လှံကို လက်ထဲတွင်ကိုင်ကာ ပဉ္စဂံနည်းလမ်း သတ်ဖြတ်ခြင်းဖြင့် တိုက်ခိုက်မှုသုံးခုကို ဆက်တိုက် ထုတ်ဖော်လိုက်တော့သည်။
"ဝုန်း ဝုန်း ဝုန်း"
သွေးနီရောင် လှံသုံးစင်းက ဟင်းလင်းပြင်ကို ဖြိုဖျက်ကာ ခေါင်းသုံးလုံး ငရဲခွေး၏ တိုက်ခိုက်မှုများအား အနိုင်ယူခဲ့သည်။
ထို့နောက် သွေးနီရောင်လျှပ်စီးကဲ့သို့ ဟင်းလင်းပြင်ကိုဖောက်ကာ ဦးခေါင်းတစ်လုံးသို့ ထိုးချလိုက်၏။
ထိုဦးခေါင်းသည် ယခင်က လုမင်၏ လက်ဝါးရိုက်ချက်ကြောင့် ဒဏ်ရာရခဲ့ဖူးသည်။
"ဝုန်း"
လှံက ခေါင်းသုံးလုံးငရဲခွေး၏ ဦးခေါင်းကို ထိုးဖောက်သွားခဲ့၏။
"ဂီး... ဝုတ်"
ခေါင်းသုံးလုံး ငရဲခွေး၏ အခြားဦးခေါင်းနှစ်လုံးလည်း ဒေါသတကြီး အော်ဟစ်ကာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်ကြတော့သည်။
လုမင်၏ ဘယ်လက်ဖဝါးက အဆက်မပြတ် ရိုက်ချလိုက်သည်။ သူသည် အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းကာ ခေါင်းသုံးလုံးငရဲခွေး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့၏။
ခေါင်းသုံးလုံး ငရဲခွေးက ဤအခွင့်အရေးကို အသုံးချကာ လျင်မြန်စွာ နောက်ပြန်ဆုတ်သွားတော့သည်။ လုမင်ကြောင့် ပွင့်ထွက်သွားသော ဦးခေါင်းကိုလည်း အနက်ရောင် မြူခိုးများက ဖုံးလွှမ်းသွားခဲ့သည်။