အခန်း ၁၁၃၁
Vol. 76 Ch. 1131
အပိုင်း ( 1131 ) လုမင်၏ တောင်းဆိုမှု။
လုမင်ကိုကြည့်ရင်း အားလုံး၏ စိတ်ထဲတွင် အတွေးမျိုးစုံ ပေါ်လာသည်။ သို့သော်လည်း အများစုမှာ လုမင် ပြသခဲ့သော အင်အားကြောင့် အံ့အားသင့်သွား၏။
"အစ်ကိုလု၊ နင် ငါတို့ကို အမှောင်ထဲမှာ ထားခဲ့တာပဲ"
စင်မြင့်အပြင်ဘက်တွင် စန္ဒကူးနတ်သမီးက စနောက်ဟန်ဖြင့် ပြောသည်။
"စိတ်မရှိပါနဲ့ နတ်သမီး၊ လုမင်က အဲဒီလိုလုပ်မှရမယ်"
လုမင်က လက်ယှက်ပြီး ပြောလိုက်၏။ သူ့ကိုယ်သူ ထုတ်ဖော်ပြီးသားဖြစ်၍ ဝန်ခံရလိမ့်မည်။
"ဒါက တကယ်ကို ရွှေရောင်ခေတ် ဖြစ်ပုံရတယ်။ အရှေ့တောကန္တာရမှာတောင် လုမင်လိုလူတစ်ယောက် ရှိသေးတယ်"
"ဟုတ်တယ်၊ ဒါကတကယ်ကို မျိုးဆက်သစ်တို့ရဲ့ ရွှေရောင်ခေတ်ပဲ။ ဘယ်ဒေသကိုမှ လျှော့တွက်လို့မရဘူး။ နေရာတိုင်းမှာ သြဇာကြီးတဲ့ ပါရမီရှင်တွေ ရှိနိုင်တယ်"
တချို့က သက်ပြင်းချကာ ပြောဆိုလိုက်ကြသည်။
လုမင်၏ တိုက်ပွဲအောင်မြင်မှုများက အံ့သြစရာ ကောင်းလွန်းလှပေသည်။
ယခင်က လုရှောက်ချင်း၏ အမည်သည် အလယ်ပိုင်းတိုက်ကြီးကို တုန်လှုပ်စေခဲ့သည်။
မကြာသေးမီက သူသည် လျိုယွီရှင်း၊ တိရှန်၊ ခြင်္သေ့မင်း၊ ခေါင်းသုံးလုံး ငရဲခွေးနှင့် မင်ကျစ်တို့ကိုပင် ဆက်တိုက် အနိုင်ယူခဲ့၏။
သူတို့ထဲတွင် သုံးယောက်ဟာ ထိပ်သီး ပါရမီရှင်များ ဖြစ်သည်။
သူ၏ တိုက်ပွဲအောင်မြင်မှုများက အလွန်လန်းပေသည်။
"လုမင်... လုမင်၊ အရှေ့ပိုင်းကန္တာရက လုမင်ပဲ"
"သူ့ရဲ့ အားကောင်းတဲ့ ဝါးမျိုခြင်းစွမ်းအားက နဝမနဂါးရဲ့ စွမ်းရည်ဖြစ်သင့်တယ်"
ရွယ်လော့ကျစ်က လုမင်ကို စိုက်ကြည့်နေသည်။ သူ ဘာတွေတွေးနေမှန်းတော့ ဘယ်သူမှမသိနိုင်ပေ။
အလားတူပင်၊ ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်သူများ၏ မျက်လုံးများမှာလည်း သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လျက်ရှိသည်။ သို့သော်လည်း ဤအခြေအနေမျိုးတွင် မည်သူမျှ မလုပ်ရဲကြပေ။
"ဝုန်း ဝုန်း"
ဤအခိုက်အတန့်တွင်၊ စင်မြင့်ပေါ်မှ ပြင်းထန်သော ပေါက်ကွဲသံများက လူအားလုံးကို အတွေးဝင်နေရာမှ နိုးထစေခဲ့သည်။ အားလုံးက လုမင်ထံမှ အကြည့်လွှဲကာ တစ်နေရာကို ကြည့်လိုက်ကြလေသည်။
ရဟန်းဝူလျန့်နှင့် ရန်ပိုထျန်း၏တိုက်ပွဲက နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်သည်။
ရန်ပိုထျန်းက ရဟန်းဝူလျန့်ကို မယှဉ်နိုင်ပေ။ တိုက်ကွက်တစ်ရာခန့် ရင်ဆိုင်ပြီးနောက် ရဟန်းဝူလျန့်က အနိုင်ရကာ ရန်ပိုထျန်းကို စင်ပေါ်မှ တွန်းချခဲ့သည်။
ဤအချိန်တွင် ထိပ်တန်း သုံးယောက် မွေးဖွားလာခဲ့ပြီ။
၎င်းတို့မှာ လုံချန်၊ လုမင်နှင့် ရဟန်းဝူလျန့်တို့ ဖြစ်သည်။
လူများစွာက ၎င်းကို မျှော်လင့်ခဲ့ပေသည်။
သူတို့သုံးယောက်စလုံးက ကြောက်စရာကောင်းစွာ အလွန်သန်မာပြီး နားမလည်နိုင်အောင် ဖြစ်စေသည်။
လုံချန်ကတော့ အထူးပြောစရာမလိုဘဲ သြဇာအရှိဆုံး ဘုရင်ငယ်သည်ပင်။ သူသည် ပထမဆုံး ဝိညာဉ်နတ်ဘုရားဖြစ်လာပြီး သူ၏ မျိုးဆက်တူများကြား၌ ပြိုင်ဘက်ကင်းသူ ဖြစ်သည်။ ယခုလေးတင်၊ ထိုပါ့ရှီကို လက်သီးတစ်ချက်နှင့် အနိုင်ယူခဲ့ခြင်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့ပေသည်။
ရဟန်းဝူလျန့်က အနောက်တိုင်းကန္တာရ၏ ထူးခြားသော ရဟန်းဖြစ်ကာ အလွန်အားကောင်းသည်။ ၎င်းက ရန်ပိုထျန်းကိုပင် အနိုင်ယူခဲ့၏။
သူသည် အစဉ်အမြဲပြုံးနေကာ အန္တရာယ်ကင်းသည့်ပုံပေါက်သဖြင့် လူအများက သူ့အား နားလည်နိုင်စွမ်းမရှိဟု ခံစားရစေသည်။
လုမင်ကိုတော့ ယခုတစ်ကြိမ်တွင် အကြီးမားဆုံး ဖျက်မြင်းဟု သတ်မှတ်ခံရနိုင်သည်။ ပထမ၊ သူသည် လုရှောက်ချင်းအဖြစ် အသွင်ပြောင်းခဲ့ပြီး၊ နောက်ပိုင်းတွင် တရားစီရင်ရေးတပ်၏ တပ်မှူးအဖြစ် ပြောင်းလဲခဲ့သည်။ သူသည် ဤနေရာ၌ အလျားလိုက်တွန်းပြီး ကျွမ်းကျင်သူများစွာနှင့် မင်ကျစ်ကဲ့သို့ ပါရမီရှင်တစ်ဦးကိုပင် အနိုင်ယူခဲ့၏။ သူ၏ ခွန်အားကလည်း နားမလည်နိုင်အောင်ပင်။
အားလုံးက သူတို့သုံးယောက်ကြား ထိပ်တိုက်တွေ့ရန် စောင့်မျှော်နေခဲ့သည်။
လုမင် သို့မဟုတ် ရဟန်းဝူလျန့်က လုံချန်၏ စစ်မှန်သောခွန်အားကို ထုတ်ဖော်ရန် ဖိအားပေးနိုင်မလားဆိုတာ လူတိုင်းက သိလိုကြပေသည်။
အကြောင်းမှာ၊ လုံချန်က ဘယ်လောက် သန်မာသလဲဆိုတာ မည်သူမျှ မသိနိုင်ကြ၍ ဖြစ်သည်။
"အမိတ္တဘ"
ရဟန်းဝူလျန့်က ဗုဒ္ဓအမည်ကို ရွတ်ဆိုကာ လုမင်အား လှည့်ကြည့်လိုက်သည်။
"ဟားဟားဟား၊ ဒကာတော်... မင်းနာမည်က လုမင်ပဲ။ တွေ့ရတာဝမ်းသာပါတယ်"
"ကိုယ်တော်၊ ငါတို့ အကြိမ်ကြိမ်တွေ့ဖူးပြီးသားပါ"
လုမင် ပြုံးလိုက်၏။
"ဟားဟားဟား၊ မှန်ပါတယ်။ ဒကာတော်လုရဲ့ တိုက်ခိုက်နိုင်စွမ်းက နက်ရှိုင်းပြီး ချီးကျူးစရာပါပဲ။ မင်း မင်ကျစ်ကို အနိုင်ယူဖို့ ငါ မမျှော်လင့်ထားဘူး။ အရင်တုန်းက မင်ကျစ်နဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးပေမယ့် သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး။ ငါက မင်းနဲ့မယှဉ်နိုင်ပါဘူး။ အရှုံးပေးတယ်"
ရဟန်းဝူလျန့်က ရယ်မောကာ နောက်လှည့်ပြီး စင်မြင့်ပေါ်မှ ဆင်းသွားသည်။
ရဟန်းဝူလျန့်က အရှုံးပေးသွား၍ ယခုအခါ လုမင်နှင့် လုံချန်တို့သာ ကျန်တော့သည်။
"နဝမနဂါး သွေးမျိုးဆက်၊ စိတ်ဝင်စားစရာပဲ။ နဝမနဂါးရဲ့ စွမ်းအားကို ငါကြည့်ချင်တယ်"
တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော လုံချန်က နောက်ဆုံးတွင် စကားပြောခဲ့သည်။ သူသည် လုမင်ကို မျှော်လင့်သော မျက်လုံးများနှင့် ကြည့်လိုက်၏။
ဤမျှော်လင့်ချက်မျိုးက အချိန်အတော်ကြာအောင် ပြိုင်ဘက်ကင်းနေသူကဲ့သို့ပင်။ ယခုအခါ သူက ပြိုင်ဘက်တစ်ဦးကို ရုတ်တရက် တွေ့လိုက်ရ၍ မျှော်လင့်ချက်ကို ထုတ်ဖော်လာခဲ့သည်။
အမှန်လည်း လုံချန်က ပြိုင်ဘက်ကင်းနေသည်မှာ ကြာခဲ့ပြီ။ မျိုးဆက်သစ်လူငယ်များကြားတွင် သူက ပြိုင်ဘက်ကင်းခဲ့သည်။ ထိုအတွက် ပြိုင်ဘက်တစ်ဦးကို လိုအပ်ပြီး တောင့်တနေခဲ့မိပေသည်။
သူ့စိတ်ထဲတွင် လုမင်က သူ၏ပြိုင်ဘက် ဖြစ်လာနိုင်သည်။
ဤသည်က မာနကြီးတာ မဟုတ်ပေ၊ သူ၏ ရိုးရိုးသားသား အတွေးဖြစ်သည်။
"ငါ မင်းနဲ့ တိုက်ခိုက်ချင်ပါတယ်၊ ဒါပေမယ့် ကံမကောင်းတာက ပထမနေရာကို ငါ စိတ်မဝင်စားဘူး"
ပြောဆိုပြီးနောက် လုမင်သည် စင်မြင့်ပေါ်မှ ထွက်သွားသည်။
လုမင်၏ ပစ်မှတ်က ဒုတိယ သို့မဟုတ် တတိယနေရာ ဖြစ်သည်။ ပထမနေရာကို လုံးဝမယူချင်ပေ။
ပထမနေရာက ရှဲ့နျန်လင်းနှင့် လက်ထပ်ရန် ဖြစ်သည်။
လုမင်က သူတော်စင်ဧကရာဇ်ထံမှ အခြေအနေတစ်ခုကို သဘောတူစေရန် ဒုတိယ သို့မဟုတ် တတိယနေရာကိုသာ လိုချင်ခဲ့ပေသည်။
"စိတ်မကောင်းစရာပဲ၊ လုမင် အရှုံးပေးသွားတယ်"
"တကယ်ကို နှမြောစရာပဲ"
လူတော်တော်များများ သက်ပြင်းချလိုက်ကြသည်။
သူတို့သည် အထွတ်အထိပ်တိုက်ပွဲကို မြင်နိုင်မည်ဟု ထင်ခဲ့ကြသော်လည်း ရလဒ်မှာ မမျှော်လင့်ထားပေ။
ပထမဦးစွာ ရဟန်းဝူလျန့်က အရှုံးပေးခဲ့သည်။ ထို့နောက် လုမင်ကလည်း ရှုံးနိမ့်မှုကို တိုက်ရိုက်ဝန်ခံခဲ့ပေသည်။
ဤသို့ဖြင့် တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။
"ကိုင်း၊ ဒီပြိုင်ပွဲက ဒီမှာပဲ ပြီးသွားပါပြီ။ လုံချန်က ပထမနေရာကို ရယူထားပြီး မကြာခင်မှာ ငါ့သမီးတော် ရှဲ့နျန်လင်းနဲ့ စေ့စပ်မယ်"
ရှဲ့ချီထျန်းက မတ်တပ်ရပ်ပြီး ကြေညာလိုက်သည်။
ရှဲ့ချီထျန်း အနားတွင် ရှဲ့နျန်လင်းက ပျော်ရွှင်စွာ ပြုံးသွားခဲ့၏။
စင်မြင့်ပေါ်မှ လုံချန်သည်လည်း ရှဲ့နျန်လင်းကို ပြုံးရွှင်စွာဖြင့် ကြည့်နေတော့သည်။
လူအများက မသိလို့သာ၊ လုံချန်နှင့် ရှဲ့နျန်လင်းက တိတ်တဆိတ် ချိန်းတွေ့နေတာ ကြာခဲ့ပြီ ဖြစ်သည်။
ဤပြိုင်ပွဲက သဘာဝအတိုင်း ဖြစ်သွားခဲ့ခြင်းပင်။ ရှဲ့နျန်လင်းကော ရှဲ့ချီထျန်းပါ လုံချန်က ပထမနေရာ ရယူနိုင်မည်မှန်း သိကြသည်။ လုံချန်ကို မည်သူကမျှ အနိုင်ယူရန် မဖြစ်နိုင်ပေ။
ရှဲ့ချီထျန်းက ဤအခွင့်အလမ်းကိုသုံးကာ အခြား အင်အားစုများနှင့်လည်း ဆက်ဆံရေးကောင်း တည်ဆောက်နိုင်သည်။ နောက်ဆုံးတွင်၊ ခဲတစ်လုံးနှင့် ငှက်များစွာကို ပစ်နိုင်ခဲ့ပေသည်။
"အခုကစပြီး၊ ကောင်းကင်နေနန်းတော်နဲ့ တော်ဝင်ရှဲ့မိသားစု ရွှေလမ်းငွေလမ်းဖောက်တော့မှာ၊ တော်ဝင်မိသားစုက ပိုပြီးတော့ အားကောင်းလာလိမ့်မယ်"
တစ်စုံတစ်ယောက်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
လုံချန်သည် အလွန်အစွမ်းထက်သော အုပ်စိုးရှင်အင်အားစုဖြစ်သည့် ကောင်းကင်နေနန်းတော်မှ ဆင်းသက်လာခဲ့သည်။
လုံချန်နှင့် ရှဲ့နျန်လင်း၏ မင်္ဂလာက အနာဂတ်တွင် အင်အားစုနှစ်ခုပေါင်းစည်းပြီး ပို၍ အားကောင်းလာမည်ဟူသော အဓိပ္ပာယ်ပင်။
"တော်ဝင်မိသားစုရဲ့ ဒီမျိုးဆက်မှာ ပါရမီရှင်တွေ အများကြီးရှိတာပဲ။ ရှဲ့နျန်ကျွင်း၊ ရှဲ့နျန်လင်းနဲ့ ရှဲ့ယန်... တစ်ယောက်ချင်းစီက ထိပ်တန်း ပါရမီရှင်တွေပဲ။ တော်ဝင်မိသားစုက ပိုပြီး အားကောင်းလာတော့မှာလား"
"တော်ဝင်မိသားစုရဲ့ ကံကြမ္မာက တကယ်ကို ကောင်းအွန်တယ်။ အနာဂတ်မှာ၊ ကောင်းကင်နေနန်းတော်နဲ့ ရွှေလမ်းငွေလမ်းဖောက်ပြီးတာနဲ့ အသန်မာဆုံး ပါရမီရှင်နှစ်ယောက် တိုးတက်လာနိုင်ချေရှိတယ်။ ဒါပေမဲ့ တခြားအင်အားစုတွေက သူတို့ဆန္ဒအတိုင်း ထမြောက်စေမယ် မထင်ဘူး"
တချို့ကလည်း အသံပို့လွှတ်ကာ တီးတိုး ပြောဆိုလိုက်ကြသည်။
တော်ဝင်မိသားစုနှင့် ကောင်းကင်နေနန်းတော်တို့ကြားမှ လက်ထပ်ထိမ်းမြားမှုဟာ ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။
"နောက်ပြီးတော့ လုမင်နဲ့ ရဟန်းဝူလျန့်"
ရှဲ့ချီထျန်းက လုမင်နှင့် ရဟန်းဝူလျန့်ကို ကြည့်လိုက်သည်။
သူတို့နှစ်ဦးလည်း စင်မြင့်ပေါ်သို့ တစ်ဖန်ပျံသန်းကာ ရှဲ့ချီထျန်းကို ဦးညွှတ်လိုက်၏။
"ဒီဧကရာဇ် သဘောတူထားတဲ့အတိုင်း ဒုတိယနဲ့ တတိယနေရာအတွက် မင်းတို့ကို တစ်ခု ကတိပေးနိုင်တယ်။ ဘာကိုတောင်းဆိုချင်သလဲ။ လုမင်... မင်း အရင်ပြောပါဦး"
ရှဲ့ချီထျန်းက လုမင်ကို ကြည့်လိုက်သည်။
လုမင် စိတ်လှုပ်ရှားသွားသည်။ နောက်ဆုံးမှာတော့ အချိန်ကျရောက်လာခဲ့ပြီ။ ဤအခိုက်အတန့်ကို သူစောင့်နေတာ ကြာခဲ့ပြီ ဖြစ်သည်။
ဝမ့်ဘိုးဘေး၊ ကျန်းဘိုးဘေး၊ တိရှန်နှင့် အခြားသူများလည်း စိတ်လှုပ်ရှားလာသည်။
လုမင်သာ တိရီ၏လက်မှ ကာကွယ်ရန် သူတော်စင်ဧကရာဇ်ကို တောင်းဆိုပါက ဒုက္ခဖြစ်လိမ့်မည်။ တိရီက ရှေးဟောင်းသူတော်စင်မင်းဆက်ကို ဆန့်ကျင်နိုင်မည် မဟုတ်ချေ။
"သူတော်စင်ဧကရာဇ်၊ လုမင်မှာ အခြားတောင်းဆိုစရာ မရှိပါဘူး။ ကျွန်တော်တစ်ခုပဲတောင်းဆိုပါတယ်၊ အဲဒါက နျန်ချင်းကို လွတ်မြောက်ခွင့်ပေးပါ"
လုမင်က လက်ယှက်ပြီး ပြောလိုက်သည်။
"ဟမ်"
ရှဲ့ချီထျန်း မျက်မှောင်ကြုတ်သွားသည်။
အခြားသူများလည်း အံ့အားသင့်ခဲ့၏။
လုမင်သည် တော်ဝင်မိသားစုထံမှ သိုင်းပညာ၊ သိုင်းကျင့်စဉ် သို့မဟုတ် ရတနာအချို့ကို တောင်းခံမည်ဟု ထင်ခဲ့ကြသော်လည်း ထိုကဲ့သို့ တောင်းဆိုလိမ့်မည်ဟု မထင်ခဲ့ပေ။