အခန်း ၁၁၃၂
Vol. 76 Ch. 1132
အပိုင်း ( 1132 ) သူတော်စင် ဧကရာဇ်ကို ပြစ်တင်ပြောဆိုခြင်း။
လုမင်၏ တောင်းဆိုမှုကို မည်သူမျှ မမျှော်လင့်ထားပေ။
နျန်ချင်း ဆိုသူက မည်သူနည်း။
လူတော်တော်များများက သိချင်သွားကြသည်။
"ဒီနာမည်က မင်းသမီးနှစ်ယောက်နဲ့ တော်တော်ဆင်တူတာပဲ။ တော်ဝင်မိသားစုမှာ တော်ဝင်မိသားစုနဲ့ သွေးကွဲတဲ့ မင်းသမီးတစ်ပါးရှိတယ်လို့ ပြောသံကြားတယ်။ လုမင်က အဲဒီမင်းသမီးအကြောင်း ပြောနေတာများလား"
တစ်စုံတစ်ယောက်က ခန့်မှန်းခဲ့သည်။
နောက်ဆုံးတွင် လူအများစုက သက်ပြင်းချခဲ့၏။ လုမင်၏ တောင်းဆိုချက်က မထိုက်တန်ပေ။ ဤသည်က အခွင့်အရေးကြီးကို ဖြုန်းတီးပစ်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် လုမင်၏ အကြည့်များက ခိုင်မာသည်။ သူ့စိတ်ထဲတွင် ဤသည်က အရေးကြီးဆုံးပင်။
ဝမ့်ဘိုးဘေး၊ ကျန်းဘိုးဘေး၊ တိရှန်နှင့် အခြားသူများကတော့ စိတ်သက်သာရာ ရသွားခဲ့ကြသည်။ လုမင်က ရှဲ့ချီထျန်းကို ကာကွယ်ပေးရန် တောင်းဆိုမည်အား သူတို့ တကယ်ကို ကြောက်ခဲ့ကြပေသည်။
'ဟားဟားဟား၊ ဘယ်လောက်မိုက်မဲလိုက်သလဲ'
ဝမ့်ဘိုးဘေးက သူ့စိတ်ထဲတွင် ရယ်မောလိုက်သည်။
"လုမင်၊ အတင့်မရဲစမ်းနဲ့။ ရှဲ့နျန်ချင်းက မတူဘူး။ မင်းက သူ့ကို လွှတ်စေချင်နေတာ ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ"
"နောက်ပိုင်း အရှေ့တိုင်းက နဂါးကိုးကောင်မြို့မှာလည်း မင်း ငါတို့ကို အကြိမ်ကြိမ် တားဆီးပြီး တော်ဝင်မိသားစုဝင်ကို ဒဏ်ရာရစေခဲ့ဖူးတယ်။ မင်းလို လူတစ်ယောက်က ဒီနေ့ ဒီလိုစကားမျိုးကို ဘယ်လိုပြောရဲတာလဲ။ ဘယ်လောက် အတင့်ရဲလိုက်လဲ"
ရှဲ့ကျန်းက သတိဝင်လာကာ လုမင်ကိုကြည့်ပြီး အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။
"ဘာ၊ မင်းကများ တော်ဝင်မိသားစုဝင်ကို ဘယ်လိုတောင် ထိခိုက်စေဝံ့တာလဲ။ လုမင်... မင်းက တရားစီရင်ရေးတပ်ထဲကို ခိုးဝင်ပြီး တော်ဝင်မိသားစုနဲ့ တခြားအုပ်စိုးရှင်တွေကြားက ဆက်ဆံရေးကိုလည်း ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ခဲ့တယ်။ မင်းရဲ့ ရည်ရွယ်ချက်အမှန်က ဘာလဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကလည်း မတ်တပ်ရပ်ပြီး အေးစက်စက်ဖြင့် ပြောသည်။
လုမင်သည် ထိုသူက တရားစီရင်ရေးတပ်နှင့် ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲများ ရင်ဆိုင်ရချိန်တွင် ဝင်ရောက်ကိုင်တွယ်ခဲ့သော တော်ဝင်ဦးရီးတော် ရှဲ့ချီယုဖြစ်ကြောင်း ကောင်းစွာ မှတ်မိသည်။
လုမင်ကြေင့် ထျန်းဝူဓားဂိုဏ်းနှင့် တော်ဝင်မိသားစုကြား ဆက်ဆံရေး ထိခိုက်သွားခဲ့ရပေသည်။ ထိုအတွက် သူဟာ လုမင်ကို မကျေမနပ်ဖြစ်နေခဲ့ပြီး ယခု အခွင့်အရေးရသည်နှင့် သဘာဝအတိုင်း ထွက်ပေါ်လာခဲ့သည်။
"သူက တကယ့်ကို တော်ဝင်မိသားစုရဲ့ မင်းသမီးလေးပဲ။ ထူးဆန်းတယ်"
ရှဲ့ကျန်း၏ စကားများက လူတိုင်း၏ နှလုံးသားကို ခုန်ပေါက်သွားစေခဲ့သည်။
သို့ရာတွင် လုမင်က မင်းသမီးလေးကို မည်သို့သိသွားရသနည်း။
တော်ဝင်မိသားစု၏ လူတချို့ကလည်း အရှေ့ပိုင်းကန္တာရတွင် လုမင်၏ လက်ချက်ဖြင့် ဆုံးရှုံးခဲ့ရပုံဖူးပုံပေါ်သည်။ လုမင်က တကယ်ကို ဘီလူးတစ်ကောင်ပင်။
လုမင်က ရှဲ့ကျန်းနှင့် ရှဲ့ချီယုကို အေးစက်စက်နှင့် တစ်ချက်ကြည့်ပြီး လျစ်လျူရှုလိုက်သည်။ သူက သူတော်စင်ဧကရာဇ်ကို မျက်နှာချင်းဆိုင်ကာ ဆက်ပြောလိုက်၏။
"သူတော်စင်ဧကရာဇ်၊ ခင်ဗျား ပြောခဲ့တာတကယ်ဆိုရင် ထိပ်တန်း သုံးယောက်ထဲ ရောက်သရွေ့ ခင်ဗျားဆီကနေ ဆန္ဒတစ်ခု တောင်းဆိုလို့ရတယ်။ အခု ကျွန်တော်ရဲ့ တောင်းဆိုချက်က နျန်ချင်းကို လွတ်မြောက်ခွင့်ပေးဖို့ပါပဲ။ ဒီအတွက် သူတော်စင်ဧကရာဇ် ရှေးဟောင်းနန်းတော်ကို ဝင်ရောက်တာအပါအဝင် တခြားအရာအားလုံးကို စွန့်လွှတ်နိုင်တယ်"
လုမင်၏ ကိုယ်ဟန်အနေအထားက ဖြောင့်မတ်သည်။ သူက နှိမ့်ချခြင်း၊ မောက်မာခြင်းလည်း မရှိပေ။ သူ့အကြည့်များက ခိုင်မာသည်။
ရှဲ့ချီထျန်းလည်း ပို၍ပင် မျက်မှောင်ကြုတ်သွား၏။
"လုမင်၊ ဒီလိုမလုပ်ပါနဲ့။ မင်းရဲ့အခြေအနေကို ပြောင်းလဲသင့်တယ်"
သူ၏လေသံက သံသယဝင်စရာ မရှိပေ။
ရှဲ့ချီထျန်း၏ အဓိပ္ပါယ်က အလွန် ရှင်းလင်းသည်။ သူ့အတွက် ထိုသို့လုပ်ရန် မဖြစ်နိုင်ပါချေ။
သို့ရာတွင် လုမင်ကလည်း အလျှော့မပေးပါ။
"သူတော်စင်ဧကရာဇ်... နျန်ချင်းကို လွှတ်မပေးချင်တာ နျန်ချင်းရဲ့ သွေးမျိုးဆက်က တော်ဝင်မိသားစုနဲ့ မတူဘဲ ခြားနားနေလို့ မဟုတ်လား။ သန့်စင်တဲ့ သွေးမျိုးဆက်ရှိမှ ရှဲ့မိသားစုဝင် ဖြစ်မှာလား။ အမှောင်သွေးမျိုးဆက်ကို ဆက်နွယ်သူတွေက ရှဲ့မိသားစုဝင် မဟုတ်ဘူးလား။ ဒီဂျူနီယာရဲ့ နိမ့်ကျတဲ့အမြင်အတွက် ခွင့်လွှတ်ပါ။ ဒီအတွေးက ရှေးရိုးဆန်လွန်းတယ်"
လုမင်၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာကာ လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့သည်။
လူတိုင်းနီးပါး လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်လိုက်၏။
လုမင်က အတင့်ရဲလွန်းကာ သူတော်စင်ဧကရာဇ်ကို ထိုသို့ပြောဝံ့သည်။ လုမင်က သူတော်စင်ဧကရာဇ်ကို ရှေးရိုးဆန်သူဟု ပြောလိုက်သည်အား အရူးတစ်ယောက်ပင်လျှင် သိလိမ့်မည်။
သူက ရဲတင်းလွန်းသည်။ အခြားဧကရာဇ်များပင်လျှင် ရှဲ့ချီထျန်းကို ထိုသို့မပြောဝံ့ပါ။ လုမင်၏ စကားများက အံ့ဖွယ်ကောင်းလွန်းသည်။
"အတင့်ရဲလိုက်တာ၊ လုမင်... မင်းလို နိမ့်ကျတဲ့ ပုရွက်ဆိတ်က ခမည်းတော်ကို ဘယ်လိုတောင် ပြောဝံ့တာလဲ။ မင်း သေချင်နေတာပဲ"
ရှဲ့ကျန်း ဟိန်းဟောက်လိုက်သည်။
"မင်း တကယ် သေသင့်တယ်၊ မင်းမိသားစုတစ်ခုလုံးကိုပါ သုတ်သင်ပစ်ရမယ်"
ရှဲ့ချီယုက အေးစက်စက်ဖြင့် အော်လိုက်သည်။ သူ့စကားက တိုတောင်းသော်လည်း သတ်ချင်စိတ်များ အပြည့်ရှိ၏။
ရှဲ့ချီထျန်းက ဘာမျှမပြောပေ။ သူက အနည်းငယ် မျက်မှောင်ကြုတ်ဆဲ ဖြစ်သည်။ သူ ဘာတွေတွေးနေမှန်း မည်သူမျှ မသိပေ။
လုမင်က ရှဲ့ကျန်းနှင့် ရှဲ့ချီယုကို ဆက်လက် လျစ်လျူရှုခဲ့သည်။ သူက ရှဲ့ချီထျန်းကိုကြည့်ကာ ဆက်ပြောလိုက်သည်။
"သွေးမျိုးဆက်က ကျင့်ကြံသူတွေအတွက် အသုံးပြုစရာ ပစ္စည်းတစ်ခုသာသာပါပဲ။ ပစ္စည်းတစ်ခုရဲ့ ကောင်းခြင်း ဆိုးခြင်းက အသုံးပြုသူအပေါ်မှာပဲ မူတည်တယ်။ အဲဒါကို အကောင်းဘက်မှာသုံးရင် ကောင်းတယ်၊ အဆိုးဘက်မှာ သုံးရင်တော့ ဆိုးမှာပဲ။ ကျုပ်တို့က လက်နက်ကိုကြည့်ပြီး ကောင်း မကောင်းကို ဘာကြောင့် ဆုံးဖြတ်ရမှာလဲ။ အဓိကသော့ချက်က အသုံးပြုတဲ့သူ ကိုယ်တိုင်ပဲ"
လုမင်၏အသံက ကျယ်လောင် ပြတ်သားသည်။ သူက။ လုံးဝ မကြောက်ပေ။
"ရယ်စရာကောင်းလိုက်တာ၊ ရှဲ့နျန်ချင်းမှာ မတူညီတဲ့ သွေးမျိုးဆက်ရှိတယ်။ အဲဒါက သူပုန်သွေးလိုင်းမျိုးဆက်ပဲ။ သူ လွတ်မြောက်လာရင် တော်ဝင်မိသားစုကို ဆန့်ကျင်သွားလိမ့်မယ်"
ရှဲ့ကျန်းက ဆက်၍ မာန်မဲလိုက်သည်။
"ဟားဟားဟား၊ ဒါကမှ ရယ်စရာကောင်းတာကွ။ သူပုန်သွေးမျိုးဆက်ဆိုတာ ဘာလဲ။ အဲဒီအချိန်က ကောင်းကင်ဧကရာဇ်လွမ်ကို နှင်ထုတ်ခဲ့တာလည်း ဒီလိုပဲ။ တော်ဝင်မိသားစုသာ သူ့ကို အရှက်ခွဲတာ ဒါမှမဟုတ် ဖိနှိပ်တာမရှိဘဲ တန်းတူရည်တူ ဆက်ဆံမယ်ဆိုရင် သူက ဘယ်လိုလုပ်ပြီး ခင်ဗျားတို့ကို သစ္စာဖောက်နိုင်မှာလဲ"
လုမင် လှောင်ရယ်လိုက်သည်။
ဤမှတ်ချက် ထွက်လာသည်နှင့် အားလုံး အံ့သြသွား၏။
"ဝုန်း ဝုန်း ဝုန်း"
ရုတ်တရက် တော်ဝင်မိသားစုထံမှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာတော့သည်။ အေးစက်စက် သတ်ဖြတ်ချင်စိတ်များက လုမင်ကို ဖုံးလွှမ်းသွားသည်။
"အတင့်ရဲ့လိုက်တာ၊ မင်း သေချင်နေတာလား"
"မင်း သေသင့်တယ်"
"မင်းက ကြီးလေးတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တာပဲ"
အစွမ်းထက် တည်ရှိမှုများက ဒေါသတကြီး အော်ဟစ်လိုက်၏။ ကမ္ဘာပျက်တော့မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများက လေထုထဲတွင် ပြည့်နှက်သွားတော့သည်။
အဆုံးမဲ့ ဖိအားများက လုမင်ပေါ်သို့ ကျဆင်းလာခဲ့သည်။ ၎င်းတို့တွင် အဓိပတိအဆင့်မှ တန်ခိုးရှင်များလည်း အများအပြား ရှိသည်။
"ဝုန်း"
လုမင်က ခုခံရန် အင်အားအပြည့်ကို အသုံးပြုခဲ့သော်လည်း ဖိအားကြောင့် ဖိနှိပ်ခံနေရဆဲပင်။ သူ၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါကာ ဆုတ်ခွာသွားခဲ့ရသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
ကောင်းကင်ဧကရာဇ်လွမ်သည် တော်ဝင်မိသားစု၏ တားမြစ်ချက်တစ်ခု ဖြစ်သည်။ လုမင်က ထိုသို့သော အခြေအနေမျိုးတွင် ၎င်းကို အတင့်ရဲစွာ ဖော်ပြခဲ့၏။ ဤသည်က တော်ဝင်မိသားစုအတွက် အရှိုက်ကို ထိုးနှက်လိုက်ခြင်း ဖြစ်တော့သည်။
"သူတော်စင်ဧကရာဇ်၊ 'ဘုရင်တစ်ပါးက နောက်ပြောင်ခြင်းမပြုရ'ဆိုတဲ့ ရှေးစကားတစ်ခု ရှိတယ်မဟုတ်လား။ ခင်ဗျားက သူတော်စင်ဧကရာဇ်နော်... ပြောပြီးသားစကားကို ပြန်ရုတ်လိုတာလား"
လုမင် အော်ဟစ်လိုက်သည်။
သူက ဤအခြေအနေထိ ရောက်လာပြီးမှ နောက်ဆုတ်ရန် မရှိပါ။ လုမင်တွင် ကြောက်စိတ်မရှိပေ။ ရှေ့သို့ ဆက်သွားရန်သာ ရှိသည်။
"အခြေအနေတစ်ခုကို သဘောတူမယ်လို့ ပြောခဲ့ပေမဲ့ ဒါက ငါလုပ်နိုင်တဲ့ အရာတစ်ခုကို ရည်ညွှန်းတယ်"
ရှဲ့ချီထျန်းက ပြောလိုက်သည်။
"ကျုပ်ရဲ့ အခြေအနေက ဘယ်လောက်ခက်ခဲနေလို့လဲ။ နောက်ပြီးတော့ နျန်ချင်းက ခင်ဗျားရဲ့ သမီးနော်... သူ့ကို တစ်သက်လုံး ချုပ်နှောင်ထားဖို့ ခင်ဗျား မွေးခဲ့တာလား"
လုမင် အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကလည်း လျင်မြန်စွာ လည်ပတ်လျက် ရှိ၏။ တာအိုငါးခုကလည်း ပြင်ပဖိအားများကို တွန်းလှန်ရင်း သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းကာ တလက်လက်တောက်နေတော့သည်။
"အတင့်ရဲလိုက်တာ၊ သူ့ကို သတ်ကြ"
ရှဲ့ကျန်းက အော်ဟစ်လိုက်သည်။ သူ၏ သတ်ဖြတ်ချင်စိတ်များက အကန့်အသတ်မဲ့ဖြစ်ကာ သူ့မျက်နှာမှာလည်း ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နေတော့သည်။
ထိုအချိန်က သူသည် နဂါးကိုးကောင်မြို့ကို ရှေးဟောင်းသူတော်စင်မင်းဆက်ကို မင်းသားတစ်ပါးအနေဖြင့် သွားခဲ့သည်။ ပုံမှန်ဆိုလျှင်၊ သူက မြင့်မားပြီး အရှိန်အဝါကြီးသူဖြစ်သင့်ပြီး လူတိုင်းက သူ့ကို ဝန်းရံထားသင့်၏။ သို့သော်လည်း၊ နောက်ဆုံးတွင် လုမင်က လူတိုင်းရှေ့တွင် သူ့ကိုအနိုင်ယူပြီး မျက်နှာပျက်သွားစေခဲ့သည်။
ထိုစဉ်ကတည်းက လုမင်ကို သူ မုန်းတီးခဲ့ပေသည်။ အချိန်အတော်ကြာသွားသည့်တိုင် ထိုကိစ္စကို သူ မမေ့ခဲ့ပေ။ ယခု သူ့တွင် လက်စားချေရန် အခွင့်အရေးရလာပြီဖြစ်သောကြောင့် လုမင်ကို အပိုင်းပိုင်းဖြတ်လိုသည်မှာ သဘာဝအတိုင်း ဖြစ်သည်။
"သတ်"
ချပ်ဝတ်နှင့် အစောင့်နှစ်ယောက်က အော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာကာ လုမင်ကို သတ်တော့မည်။
လူတိုင်း သက်ပြင်းချလိုက်ကြသည်။ လုမင် ယနေ့ သေရတော့မည်ဟု သူတို့ ထင်သွားခဲ့ကြ၏။ ဤမျှအစွမ်းထက်သော ပါရမီရှင်တစ်ဦး သေဆုံးရလျှင် နှမြောစရာပင်။
"တော်လောက်ပြီ"
ဤအခိုက်တွင် ရှဲ့ချီထျန်းက လေသံဖြင့် ပြောလိုက်သည်။ သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းပြီး အစောင့်နှစ်ယောက်ကို ချက်ချင်းရပ်လိုက်၏။ တော်ဝင်မိသားစု၏ အခြားမိသားစုဝင်များလည်း ၎င်းတို့၏ အရှိန်အဝါများကို ထိန်းသိမ်းလိုက်တော့သည်။
လုမင်လည်း ဤတော့မှ သူ၏ခန္ဓာကိုယ် ပေါ့ပါးသွားသလို ခံစားရကာ အသက်ပြင်းပြင်းရှူလိုက်သည်။
"လုမင်၊ ဧကရာဇ်တစ်ပါးအနေနဲ့ ငါ့ရဲ့ စကားကို ငါတည်ပါတယ်။ ဒါပေမယ့် မင်းရဲ့အခြေနေက တော်ဝင်မိသားစုအတွက် အရေးကြီးတဲ့ကိစ္စပဲ။ ငါ ဒါကို လွယ်လွယ်နဲ့ သဘောမတူနိုင်ဘူး။ ဒီလိုလုပ်ပါ... နျန်ချင်း အခုရောက်နေတာက ငရဲကိုးခုနတ်ဆိုးနယ်မြေပဲ။ အဲဒီမှာ တော်ဝင်မိသားစုအတွက် တိုက်ပွဲဝင်ပြီး မိစ္ဆာနတ်ဆိုးမျိုးနွယ်ကို လိုက်ရှာနေတာ။ တကယ်လို့ ငရဲကိုးခု နတ်ဆိုးနယ်မြေကိုဝင်ပြီး မိစ္ဆာနတ်ဆိုးတွေကို လုံလောက်အောင် စုဆောင်းပြီးရင် ဒီဧကရာဇ်ကိုယ်တိုင် မင်းတို့ကို အတူတူ ထွက်ခွာခွင့်ပေးမယ်"
အတန်ကြာ စဉ်းစားပြီးနောက် ရှဲ့ချီထျန်းက ပြောလိုက်သည်။
လုမင်၏ မျက်လုံးများလည်း တောက်ပသွား၏။ ရှဲ့ချီထျန်း၏ စကားများကို လိုက်လျောလိုက်ပြီဟု ယူဆနိုင်သည်။