အခန်း ၁၁၃၄
Vol. 76 Ch. 1134
အပိုင်း ( 1134 ) အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားများ လိုက်လံတိုက်ခိုက်ခြင်း။
အဘိုးကြီးလေးယောက်သည် ပေါ်လာသည်နှင့် တပြိုင်နက်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်ဖော်လိုက်ကြသည်။ လူထွားကြီးများလည်း မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွား၏။
"ဆရာကြီးတို့၊ ခင်ဗျားတို့ ဘယ်ကလာတာလဲ"
လူထွားကြီးတစ်ယောက်က မေးလိုက်သည်။
အဘိုးကြီးတစ်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့လက်ထဲတွင် တံဆိပ်ပြားတစ်ခု ပေါ်လာခဲ့၏။ ထွားကြိုင်းသော အမျိုးသားများလည်း တံဆိပ်ပြားကို မြင်သောအခါ ချက်ချင်းပင် ခါးမတ်မတ်ရပ်ပြီး လေးစားသမှု ပြလိုက်ကြတော့သည်။
"ဒါဆို၊ ဆရာကြီးတို့ ဒီကို ဘာအတွက် ရောက်လာကြတာလဲ သိလို့ရမလား"
လူထွားကြီးတစ်ယောက်က သတိထားပြီး မေးလိုက်သည်။
"အစောပိုင်းက လူငယ်တစ်ယောက် ဝင်လာသေးလား"
တံဆိပ်ပြားကိုင်ထားသော အဘိုးကြီးက မေးသည်။
"ပြည်နှင်ခံရတဲ့လူငယ်အကြောင်း ပြောတာလား။ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ သူရောက်လာပါတယ်။ သူ အခု မြို့ထဲမှာ ရှိသင့်တယ်"
ချပ်ဝတ်တန်ဆာဝတ်ထားသော လူထွားကြီးက လေးလေးစားစား ပြန်ပြောလိုက်၏။
"မြို့ထဲ တစ်နေရာပေါ့"
အဘိုးကြီးလေးယောက်လည်း ခေါင်းညိတ်ပြကာ ထွက်သွားတော့သည်။
............
အချိန်များ ကုန်လွန်လာကာ မျက်စိတစ်မှိတ်အတွင်း နောက်တစ်နေ့သို့ ရောက်သွားသည်။
လုမင်က မြို့ရိုးဆီကို ပျံသန်းသွား၏။
"မြို့ပြင်ထွက်ချင်သူတွေ မြန်မြန်လုပ်မယ်"
မြို့တံခါးဝတွင် ချပ်ဝတ်တန်ဆာဝတ်ထားသော လူထွားကြီးတစ်ယောက်က အော်လိုက်သည်။
ဤအချိန်တွင် မြို့တံခါးဖွင့်ပြီး တစ်ကြိမ်လျှင် လူတစ်ဦးသာ ဖြတ်သန်းသွားနိုင်သည်။
တံခါးဖွင့်လိုက်သည်နှင့် အနက်ရောင် အခိုးအငွေ့များသည် လေထဲတွင် ပြည့်သွား၏။
လုမင်၏ ခန္ဓာကိုယ်က တဖျပ်ဖျပ်တောက်ကာ တံခါးပေါက်မှ ပြေးထွက်ခဲ့တော့သည်။
"ဒါက ငရဲကိုးခု နတ်ဆိုးနယ်မြေလား"
မြို့ပြင်ကို ပြေးထွက်လာပြီးနောက် အလင်းရောင်များ ရုတ်တရက် မှိန်သွားသည်။
ကောင်းကင်နှင့်မြေပြင်ကြားမှ အလင်းရောင်များသည် အလွန်မှိန်ဖျော့သွား၏။ တိမ်မည်းများကလည်း လွင့်မျောကာ တပြည်လုံး မှောင်မိုက်နေတော့သည်။
ကောင်းကင်ကို မော့ကြည့်လိုက်လျှင် နေရောင်မြင်ရသော်လည်း အမှောင်ဘက်ရောက်ပြီး စိတ်ညစ်ညူးစရာ ဖြစ်ခဲ့သည်။
"ဒီနေရာက နတ်ဆိုးစွမ်းအင်တွေနဲ့ ပြည့်နေတာပဲ၊ ဒါပေမဲ့ မိုးနဲ့မြေရဲ့ ဝိညာဉ်စွမ်းအင် မရှိဘူး"
လုမင်သည် ဤနေရာ၌ မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင် မရှိကြောင်း ခံစားလိုက်ရသည်။ ၎င်းက ထူထပ်သော နတ်ဆိုးစွမ်းအင်များနှင့် ပြည့်နှက်နေပေသည်။
သာမန်ကျင့်ကြံသူများအတွက် ဤနေရာတွင် လေ့ကျင့်နိုင်ရန် လွန်စွာခက်ခဲသည်။
မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင် မရှိသောကြောင့် နတ်ဆိုးစွမ်းအင်ကိုသာ စုပ်ယူ၍ သန့်စင်နိုင်လိမ့်မည်။ သို့ရာတွင်၊ နတ်ဆိုးစွမ်းအင်ကို သန့်စင်ရခြင်း အခက်အခဲက မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင်များကို သန့်စင်ခြင်းထက် အဆပေါင်း ဒါဇင် သို့မဟုတ် ရာနှင့်ချီ၍ ပိုခက်ခဲသည်။
သို့ရာတွင်၊ လုမင်အတွက်ကတော့ အရေးမကြီးပါ။ သူ့တွင် နဝမနဂါးသွေးမျိုးဆက်ရှိ၍ အရာအားလုံးကို ဝါးမျို သန့်စင်နိုင်သည်။ သူက နတ်ဆိုးစွမ်းအင်ကိုပင် လျင်မြန်စွာ သန့်စင်နိုင်ပေသည်။
"ရှောင်ချင်း၊ မင်းဘယ်မှာလဲ"
လုမင်လည်း အဝေးသို့ လှမ်းမျှော်ကြည့်ကာ အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းသွားခဲ့သည်။
လုမင် ထွက်သွားပြီး မကြာမီပင် အဘိုးကြီးလေးယောက်က သူ့နောက်မှ မြို့ပြင်ကို ပြေးထွက်လာသည်။ ထို့နောက်မှာတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လုမင်နောက်သို့ လိုက်သွားကြတော့သည်။
လုမင်က ငရဲကိုးခုနတ်ဆိုးနယ်မြေ၏ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပျံသန်းသွားခဲ့သည်။
ငရဲကိုးခု နတ်ဆိုးနယ်မြေတွင် တောင်များ၊ မြစ်များနှင့် အင်းအိုင်များရှိပြီး အကန့်အသတ်မရှိ ကျယ်ဝန်း၏။ ၎င်းက အလွန်ကြီးမားသော အလယ်အလတ်တန်းစား ဂြိုလ်တစ်စင်းဖြစ်ချေသည်။ ၎င်းကို အကန့်အသတ်မဲ့ ကမ္ဘာတစ်ခုအဖြစ် အလိုအလျောက် ပြောင်းလဲသွားသည်ဟု ဆိုနိုင်သည်။
ဤနေရာတွင် မရေမတွက်နိုင်သော သတ္တဝါများနှင့် အပင်အမျိုးအစား အားလုံး ရှိကြသည်။
ထို့အပြင် အပင်အများစုကတော့ အနက်ရောင် သို့မဟုတ် အနီရောင်သန်းနေတတ်ပေသည်။
ဤနေရာတွင် အစွမ်းထက်သော သားရဲများလည်း ရှိခဲ့သည်။ သို့ရာတွင်၊ ဤသားရဲများက နတ်ဆိုးစွမ်းအင်ကိုစုပ်ယူခြင်းဖြင့် မွေးဖွားလာခဲ့ကြ၏။ သူတို့ကို နတ်ဆိုးသားရဲများဟု ခေါ်ပေသည်။ သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးက နိမ့်ကျသော်လည်း အားကောင်းလွန်းလှသည်။
ဟုတ်ပေသည်၊ ငရဲကိုးခုနတ်ဆိုးနယ်မြေ၏ အုပ်စိုးရှင်က မိစ္ဆာနတ်ဆိုးမျိုးနွယ်များ ဖြစ်သည်။
မိစ္ဆာနတ်ဆိုးမျိုးနွယ်သည် ရှေးခေတ်က ရှမ်းဟွမ်တိုက်ကြီးရှိ မျိုးနွယ်စုကြီးတစ်ခုဖြစ်ခဲ့ပြီး ကြီးမားသော နယ်မြေတစ်ခုကို သိမ်းပိုက်ခဲ့ကြသည်ဟု ဆိုသည်။ နောက်ပိုင်းမှသာ၊ လူသားမျိုးနွယ်၏ နှိမ်နှင်းခြင်း ခံခဲ့ရပြီး ငရဲကိုးခု နတ်ဆိုးနယ်မြေသို့ ထွက်ပြေးခဲ့ကြရပေသည်။ သို့သော်လည်း ၎င်းတို့က အလွန်အားကောင်းဆဲဖြစ်ကာ ရှေးဟောင်း သူတော်စင်မင်းဆက်၊ တော်ဝင်ရှဲ့မိသားစုကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ ထို့ကြောင့်ပင် တော်ဝင်မိသားစုက ဝင်ပေါက်စောင့်ရန် တပ်ဖွဲ့ကြီးတစ်ဖွဲ့ကို စေလွှတ်ထားခဲ့ရပေသည်။
ထို့အပြင် မိစ္ဆာနတ်ဆိုးမျိုးနွယ်က ငရဲကိုးခုနယ်မြေခံလိုဖြစ်ကာ ပါးနပ်သည်။ သူတို့ကို သတ်ဖြတ်ရန် လွန်စွာ ခက်ခဲ၏။ တော်ဝင်ရှဲ့မိသားစုက ၎င်းတို့အား သုတ်သင်ရန် ကျွမ်းကျင်သူများ စေလွှတ်သော်လည်း အမြစ်ပြတ် မသုတ်သင်နိုင်ဘဲ ပြဿနာများသာ ဖြစ်ရသည်။
ကောင်းကင်ဧကရာဇ်ရှဲ့လွမ်က တော်လှန်ပုန်ကန်ပြီး တော်ဝင်ရှဲ့မိသားစု ထိခိုက်စေရခြင်းအကြောင်းရင်းမှာလည်း မိစ္ဆာနတ်ဆိုးမျိုး၏ အကူအညီကြောင့်ဖြစ်ကြောင်း ကောလဟာလတစ်ခု ရှိခဲ့ဖူးသည်။
"ဝမ်"
ရုတ်တရက်၊ အောက်ဘက် တောင်ထိပ်မှ အနက်ရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။ ၎င်းက လုမင်ကိုဦးတည်ကာ အံ့မခန်းအမြန်နှုန်းဖြင့် ရွေ့လျားလာခဲ့၏။
"ဟမ်"
လုမင် ရင်တစ်ချက်ခုန်သွားသည်။ သူက လက်နှစ်ချောင်းနှင့် အနက်ရောင်အလင်းတန်းကို ထိုးကာ ဖယ်ရှားလိုက်၏။
"ဒါက မိစ္ဆာနတ်ဆိုးမျိုးနွယ်လား"
လုမင်က သူ့ကို တိုက်ခိုက်ခဲ့သော သတ္တဝါကို ကြည့်လိုက်သည်။
၎င်းက လုမင်ထက် ခေါင်းနှစ်လုံးပိုပုသော လူပုတစ်ယောက်လို သတ္တဝါ ဖြစ်သည်။ ဤသတ္တဝါကို အနက်ရောင်အမွှေးအမှင်များက ဖုံးလွှမ်းထား၏။ ၎င်း၏ နောက်ကျောတွင်လည်း တောင်ပံတစ်စုံ ရှိသည်။ ၎င်း၏ တောင်ပံများမှာလည်း ချွန်ထက်သော အနက်ရောင်အရိုးအချွန်များ ရှိ၏။ ယခုလေးတင် သူ့ကို တိုက်ခိုက်ခဲသည်က ထိုအရိုးဆူး ဖြစ်သည်။
ထို့အပြင်၊ ဤသတ္တဝါ၏ပါးစပ်ထဲတွင် အစွယ်များ အပြည့်ရှိပြီး ၎င်း၏အသွင်အပြင်က ကြောက်စရာကောင်းလှသည်။ ၎င်းက ဒဏ္ဍာရီလာ အသူရာနှင့်ပင် တူလွန်းလှပေသည်။
ဤသည်မှာ မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင် ဖြစ်သည်။
"လူသားကောင်၊ သတ်"
မိစ္ဆာနတ်ဆိုးမျိုးနွယ်သားက ဟိန်းဟောက်လိုက်သည်။ သူ့လက်ထဲတွင် အနက်ရောင် အရိုးဆူးတစ်ခု ရှိ၏။ သူ၏ အတောင်ပံများကို ခတ်လိုက်ခြင်းဖြင့် လုမင်ဆီကို အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာတော့သည်။ ၎င်းက လက်ထဲမှ အရိုးဆူးနှင့် လုမင်ကို ဓားတစ်လက်ကဲ့သို့ ထိုးလိုက်သည်။
ဤမိစ္ဆာနတ်ဆိုးမျိုးနွယ်သားက အဆင့်ငါး ဝိညာဉ်သန္ဓေသားနယ်ပယ် လူသားကျင့်ကြံသူနှင့် ညီမျှသော တိုက်ခိုက်နိုင်စွမ်း ရှိသည်။
လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လှံအလင်းတစ်ခု ပေါ်လာခဲ့၏။ လျှံစီးလက်သကဲ့သို့ လှံအလင်းက မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်ကို သုတ်သင်လိုက်တော့သည်။
ထို့နောက်၊ လုမင်၏လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။
သို့သော်၊ ကျောက်စိမ်းပြားမှ တုံ့ပြန်မှု မရှိခဲ့ပေ။
"ဟင်၊ မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်ကို သတ်လိုက်တာနဲ့ ကျောက်စိမ်းပြားက သက်ဆိုင်ရာ အမှတ်တွေပေးမယ်လို့ မပြောခဲ့ဘူးလား။ အခု ဘာဖြစ်လို့ တုံ့ပြန်မှုမရှိရတာလဲ"
လုမင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ထို့နောက်တွင် သူက မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်၏ အလောင်းအနီးသို့ ပျံသန်းသွားခဲ့သည်။ သို့တိုင် တုံ့ပြန်မှုမရှိသလို အမှတ်လုံးဝ မရှိပေ။
"ဘာတွေဖြစ်နေတာလဲ"
လုမင်၏ မျက်လုံးများက ပို၍ ကျဉ်းမြောင်းလာသည်။
"မကောင်းတော့ဘူး၊ လုမင်... စွမ်းအားကြီးတဲ့ သူတချို့ ငါတို့ဆီကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ပျံသန်းလာနေတယ်။ သူတို့က မင်းအခုမှလာတဲ့ မြို့ရဲ့ ဦးတည်ရာကနေ လာနေတာ"
အပြင်ကို ထွက်လာသည်နှင့် တန်တန်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"စွမ်းအားကြီးတဲ့သူ ဘယ်လောက်ရှိလဲ။ သူတို့လည်း မိစ္ဆာနတ်ဆိုးမျိိုးနွယ်ကိုသတ်ဖို့ လာတာလား"
လုမင်လည်း ထိုနေရာဘက်ကို လှမ်းကြည့်ရင်း ရေရွတ်လိုက်၏။
"ဝှစ် ဝှစ် ဝှစ် ဝှစ်"
အလင်းလေးခုသည် ကောင်းကင်ကိုဖြတ်၍ အလွန်လျင်မြန်သောအရှိန်ဖြင့် သူတို့ဆီသို့ ပျံသန်းလာခဲ့သည်။
လုမင်ကို တွေ့လိုက်သောအခါ ၎င်းတို့၏ မျက်လုံးများက တောက်ပသွား၏။ အေးစက်သော သတ်ဖြတ်ချင်စိတ်များလည်း ပျံ့နှံ့သွားတော့သည်။
'သတ်ဖြတ်ချင်စိတ်ရှိနေတယ်၊ သူတို့က ငါ့ကို သတ်ဖို့ လာနေတာလား'
လုမင်လည်း ရင်ထိတ်သွားကာ မဆိုင်းမတွ ဆုတ်သွားသည်။
"လုမင်၊ သေပေတော့"
အနက်ရောင်ဝတ် အဘိုးကြီးတစ်ယောက်က ဟိန်းဟောက်လိုက်သည်။ သူ့အသံက ကောင်းကင်ကိုပင် တုန်ခါစေခဲ့၏။ သူ့နောက်မှ ငွေရောင်ဓားတစ်ချောင်း ထွက်ပေါ်လာတော့သည်။ တောက်ပသော ငွေရောင်ဓားအလင်းက မှောင်မိုက်သော ငရဲကိုးခု နတ်ဆိုးနယ်မြေ ပတ်ဝန်းကျင်ကို ကောင်းကင်ကိုပင် ပိုင်းခြားစေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက မိုင်တစ်ရာကျော်အကွာအဝေးကို ချက်ချင်းဖြတ်ကျော်ကာ လုမင်ဆီသို့ ခုတ်ချလိုက်၏။
"မကောင်းတော့ဘူး၊ အဲဒါ အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်ပဲ"
လုမင် တုန်လှုပ်သွားသည်။
ဤဓားအလင်းက အရာအားလုံးကို ဖျက်ဆီးနိုင်ပုံရကာ ကြောက်မက်ဖွယ်ကောင်းသည်။
ထို့အပြင်၊ လုမင်အတွက် သွေးမျိုးဆက်မပေါင်းစပ်နိုင်အောင် မြန်ဆန်လွန်း၏။ လုမင်က နဂါးခုနစ်ကောင်စွမ်းအားကို ထုတ်လွှတ်ကာ သူ့ခန္ဓာကိုယ်တွင် ပေါင်းစပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် မီးလျှံများနှင့် အနီရောင် မျှော်စင်လေးတစ်ခု ပေါ်လာခဲ့၏။ မျှော်စင်က ခဏချင်း ကြီးမားလာကာ လုမင်အရှေ့ ပိတ်ဆို့သွားတော့သည်။
"ချွမ်"
ငွေရောင်ဓားအလင်းက အနီရောင်မျှော်စင်ကို ခုတ်မိသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက မျှော်စင်ကို လုမင်ဆီသို့ လွင့်စဉ်သွားစေခဲ့၏။ လုမင်နှင့် အနီရောင် မျှော်စင်လည်း အမြောက်ကျည်ဆံ နှစ်ခုကဲ့သို့ လွင့်စဉ်သွားတော့သည်။
"ဒုန်း"
လုမင်က တောင်တစ်လုံးပေါ်သို့ ပြုတ်ကျကာ တောင်ထိပ်ကို ဖောက်ထွက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကို လေထဲမရပ်နိုင်မီ မိုင်အနည်းငယ် ဆက်လက် လွင့်သွား၏။ ထို့နောက်မှာတော့ ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာတော့သည်။
တစ်ချက်တည်းဖြင့် လုမင် ဒဏ်ရာရသွားသည်။