အခန်း ၁၁၃၅
Vol. 76 Ch. 1135
အပိုင်း ( 1135 ) အဆုံးမဲ့သတ်ဖြတ်ချင်စိတ်။
"ဝှစ် ဝှစ်"
လေထုကို ထွင်းဖောက်လာသော အသံများကို ကြားလိုက်ရသည်။ အဘိုးကြီးလေးယောက်က ခဏချင်း ရောက်လာကာ လုမင်ကို ဝိုင်းထားလိုက်၏။ သူတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများလည်း ပေါက်ကွဲထွက်ကာ လုမင်အား ဖိအားပေးလာကြတော့သည်။
သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် နှစ်ဦးနှင့် အဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး။
ချက်ချင်းပင် ထိုလေးယောက်၏ ကျင့်ကြံခြင်းအခြေခံများကို လုမင် သိလိုက်သည်။
"တော်ဝင်ရှဲ့မိသားစုက တကယ့်ကို စက်ဆုပ်ရွံရှာစရာပဲ"
လုမင်က နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ကာ လှောင်ပြုံးပြုံးလိုက်၏။
သူ့ကိုသတ်ရန် ဤနေရာအထိ လူလွှတ်နိုင်သူက တော်ဝင်ရှဲ့မိသားစုအပြင် အခြားအင်အားစုများ ရှိမည်မဟုတ်ပေ။
ဤလူလေးယောက်ကို တော်ဝင်ရှဲ့မိသားစုက စေလွှတ်ခဲ့ခြင်း ဖြစ်မည်ဆိုတာ တွေးနေစရာပင် မလိုပါချေ။
လုမင်သည် နှစ်ပေါင်းတစ်သန်း သမိုင်းကြောင်းရှိသော ရှေးဟောင်းသူတော်စင်မင်းဆက်က ဤမျှ စက်ဆုပ်ဖွယ်ကောင်းလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
သူတို့က တခြားသူများရှေ့တွင် ကတိပေးခဲ့သော်လည်း သူ့ကိုသတ်ရန် လူများကို တိတ်တဆိတ် စေလွှတ်ခဲ့ကြသည်။
ထို့အပြင် ၎င်းတို့က သူ့ကို အလွန်အထင်ကြီးကြ၏။ သူတို့က အဆင့်ခုနစ် နှစ်ဦးနှင့် အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကိုပင် အမှန်တကယ် စေလွှတ်ခဲ့သည်။
ဤလူများက ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် အဆင့်မြင့်အဆင့်များ ဖြစ်ကြ၏။ အင်အားစုအသီးသီးမှာပင် သူတို့က ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြသည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို သတ္တမအဆင့်အထိ ကျင့်ကြံနိုင်သူတိုင်းက အားနည်းသူများ မဟုတ်ပေ။ ယေဘူယျအားဖြင့် နတ်ဘုရားအဆင့်နှစ်၊ အဆင့်သုံး သွေးမျိုးဆက်ရှိသူများက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ခုနစ်အထိပင် လေ့ကျင့်နိုင်မည် မဟုတ်ပါချေ။ ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ခုနစ်နှင့် အထက်သို့ ရောက်ရှိနိုင်သူတိုင်းက အနည်းဆုံး နတ်ဘုရားအဆင့်လေး သွေးမျိုးဆက်များကို နိုးထတတ်ကြသည်။
ဤလူများက ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် အလွန်အစွမ်းထက်သူများ ဖြစ်ကြသည်မှာ သံသယဖြစ်စရာမလိုပေ။
လုမင်၏ ခွန်အားအရ အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို အနိုင်ယူခြင်း သို့မဟုတ် သတ်ပစ်ခြင်းက ပြဿနာမဟုတ်ပါ။ သို့ရာတွင်၊ သတ္တမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကိုတော့ အနိုင်ယူနိုင်မည် မဟုတ်ပေ။
အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကတော့... အနိုင်ရရန် မဆိုထားနှင့်၊ ယှဉ်ပြိုင်ရန်ပင် အခွင့်အရေး မရနိုင်ပါချေ။
ဤတစ်ခါတော့ များစွာ ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။
"အတင့်ရဲလိုက်တာ၊ တော်ဝင်မိသားစုက မင်း အကဲဖြတ်နိုင်တာ မဟုတ်ဘူး။ မင်းလို မိုက်မဲသူတစ်တစ်ယောက်က ရှဲ့နျန်ချင်းကို ကယ်တင်ချင်နေတာလား။ မင်း အိပ်မက်မက်နေတာပဲ"
အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အဘိုးကြီးတစ်ဦးက ကြိမ်းမောင်းလိုက်သည်။ ဓားတစ်ချောင်းက သူ့ခေါင်းထက်မှာ ပေါ်လာကာ ကြောက်စရာကောင်းသော ဓားစိတ်ဆန္ဒများ ဖြာထွက်လာသည်။
"ဟားဟားဟား၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့... ဒီလို စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်မျိုးကိုတောင် လုပ်နေတာ ဘယ်လိုဧကရာဇ်လဲ။ ရှဲ့မိသားစုက ဒီဘဝရောက်ရတာ မဆန်းတော့ပါဘူး"
လုမင်က လှောင်ပြောင် ရယ်မောလိုက်သည်။
"တယ်၊ မင်း သေချင်နေပြီ။ အားလုံးပဲ ဒီကောင်လေးကို ငါ့အတွက် ထားလိုက်ပါ။ ဒီနေ့ သူ့ကို ငါကိုယ်တိုင်သတ်မယ်"
ဓားတစ်လက်နှင့် အဘိုးကြီးက သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာကာ အော်လိုက်သည်။
"ကောင်းပြီ၊ ငါသူ့ကို မင်းအတွက် ထားခဲ့မယ်"
အစောပိုင်းက တိုက်ခိုက်ခဲ့သော အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အဖိုးကြီးက ခေါင်းညိတ်ပြပြီး ဝန်းရံမှုတစ်ခုအဖြစ် ကျန်နှစ်ယောက်နှင့်အတူ ဆုတ်ခွာသွားခဲ့သည်။ သူတိုက လုမင်နှင့် ကျန်အဘိုးကြီးကို အလယ်တွင် ဝိုင်းထားလိုက်၏။ ၎င်းတို့က လုမင် ဆုတ်ခွာနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားခဲ့သည်။
"ချွမ်"
အဘိုးကြီးက ဓားကို လက်ထဲတွင် ဆုပ်ကိုင်လိုက်ရာ ဓားက တစ်ချက်လှုပ်သွားသည်။ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်လာပြီး ရက်စက်ဟန်ဖြင့် ပြုံးလိုက်သည်။
"လုမင်၊ မှတ်ထားပါ။ မင်းကို သတ်ခဲ့တဲ့သူက ရှဲ့ချူတဲ့"
"ရွှစ်"
ဓားချက် ထုတ်ဖော်လိုက်သည်တွင် ဓားအလင်းက လေထဲသို့ ပြည့်သွားခဲ့၏။ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက လုမင်ဆီသို့ ပြင်းထန်စွာ ပိုင်းဖြတ်လာတော့သည်။
လုမင်၏ ဦးခေါင်းထက်တွင် တတိယ သွေးမျိုးဆက် ပေါ်လာသည်။ စွမ်းအားတစ်ခုက လုမင်ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်တွင် ရှည်လျားသော အနက်ရောင် ဆံပင်များ သွေးနီရောင်သို့ ပြောင်းလဲသွား၏။ တစ်ချိန်တည်းမှာပင် တတိယသွေးမျိုးဆက်က လှုပ်ရှားလာပြီး လှံရှည်တစ်လက် ဖြစ်သွားတော့သည်။
"ဝုန်း"
လုမင်က လှံရှည်ကိုကိုင်ကာ ဓားသွားအလင်းနှင့် ရင်ဆိုင်လိုက်သည်။
"ဒုန်း"
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံက မိုင်ထောင်ချီကာ ပျံ့နှံ့သွား၏။ လုမင်၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါသွားကာ အနောက်သို့ ဆုတ်သွားရတော့သည်။
'အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားရဲ့ အင်အားက တကယ်ကို ကြောက်စရာကောင်းတယ်'
လုမင်၏ နှလုံးသားထဲတွင် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။
အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရား၏ တိုက်ခိုက်နိုင်စွမ်းက လုမင်အား လုံးဝ ကျော်လွန်နေပြီ။
"သေစမ်း၊ မင်းက ပါရမီရှင်ဆိုတဲ့ နာမည်နဲ့ ကမ္ဘာကြီးကို လှုပ်ခတ်စေရင်တောင် ဘာဖြစ်လဲ။ မင်းက ရှားပါး ပါရမီရှင်ဆိုရင်တောင် ဘာဖြစ်သေးလဲ။ နောက်ဆုံးမှာတော့ မင်းက ငါ့လက်ထဲမှာ သေရဦးမှာပဲ"
ရှဲ့ချူက အော်ဟစ်ကြိမ်းမောင်းလိုက်သည်။ ထို့နောက်တွင် သူ့ဓားချက်က ပို၍ အားကောင်းလာခဲ့၏။
နဝမနဂါးသွေးမျိုးဆက်က လုမင်၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။
လုမင်က နဝမနဂါးအသွင်ပြောင်းကာ တတိယသွေးမျိုးဆက်မှ စွမ်းအင်ကို ဆွဲယူခဲ့သည်။ ထို့နောက်တွင် ရှဲ့ချူနှင့် ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ခိုက်ခဲ့၏။
ရှဲ့ချူကလည်း သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုခဲ့သည်။ ရှဲ့ချူ၏သွေးမျိုးဆက်က နတ်ဘုရားအဆင့်ငါး ဓား ဖြစ်သည်။ သူ၏ အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ခွန်အားနှင့်အတူ ပို၍ အားကောင်းလာခဲ့၏။ ၎င်းက လုမင်ကို လုံးဝ ဖိနှိပ်ခဲ့တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကွက်ဆယ်ချီ ရင်ဆိုင်ခဲ့ပြီး နဝမနဂါး၏ ခန္ဓာကိုယ်ပေါ်၌ ဓားဒဏ်ရာတချို့ ပေါ်လာခဲ့သည်။
"ဒီကောင်လေးရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို တုန်လှုပ်စရာပဲ။ အဆင့်သုံး ဝိညာဥ်နတ်ဘုရားနယ်ပယ် ကျင့်ကြံခြင်းအခြေခံနဲ့ ရှဲ့ချူကို အချိန်အတော်ကြာအောင် တိုက်ခိုက်နိုင်ခဲ့တယ်။ ဒါမျိုးက ရိုးရိုးရှင်းရှင်းပဲ တွေးလို့မရဘူး"
ဘေးနားမှ အဘိုးကြီးတစ်ယောက်က ပြောလိုက်သည်။ လုမင်ကို သတ်တော့မည်ဆိုလျှင်ပင် မချီးမွမ်းဘဲ မနေနိုင်ပေ။
ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင်၊ ပိုမို အဆင့်မြင့်လာသည်နှင့်အမျှ အဆင့်ကျော်၍ တိုက်ခိုက်နိုင်ရန် ခက်ခဲလာသည်။
အဆင့်သုံးဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံခြင်းအခြေခံနှင့် အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို ဤမျှ တိုက်ခိုက်နိုင်နေခြင်းမှာ အံ့ဩဖွယ်ရာဖြစ်ပြီ ရိုးရိုးရှင်းရှင်းပင် မတွေးနိုင်ပေ။
သူတို့သည် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း ယင်းကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။
"ဒီကောင်လေးရဲ့ ပါရမီက တကယ်ကို ကောင်းကင်ဘုံကို အံတုနေတာပဲ။ လုံချန် အပြင်၊ သူ့အတွက် ပြိုင်ဘက်ဖြစ်နိုင်တဲ့ ပါရမီရှင်က ရှမ်းဟွမ်တိုက်ကြီးမှာ မရှိတော့ဘူး။ အနာဂတ်မှာ၊ သူက ကြောက်မက်ဖွယ်ကောင်းတဲ့ သိုင်းအုပ်ချုပ်သူ ဖြစ်လာနိုင်တယ်။ ကံမကောင်းချင်တော့ ဒီကောင်လေးက အကောင်းအဆိုးကို မသိဘူး။ ဒါကြောင့် သေခြင်းတရားက သူ့ကိုစောင့်ကြိုနေခဲ့ပြီ"
အခြား အဘိုးအိုတစ်ဦးကလည်း အလွန်အေးစက်ပြီး မထူးခြားသော လေသံဖြင့် ပြောလိုက်သည်။ သို့တိုင် သူ့မျက်လုံးများမှာတော့ လေးနက်မှုတို့ ရှိနေခဲ့ပေသည်။
"ကောင်လေး၊ သေတော့"
ရှဲ့ချူက ဟိန်းဟောက်ပြီး ပို၍ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
တိုက်ကွက် ဆယ်ချီလာသည့်တိုင် လုမင်ကို မသတ်နိုင်သေးခြင်းက သူ့အား အလွန်အရှက်ရစေခဲ့သည်။ ထို့ကြောင့် သူ၏ နှလုံးသားထဲမှ သတ်ဖြတ်ချင်စိတ်များပ ပို၍ အားကောင်းလာတော့သည်။
"အဘိုးကြီး၊ မင်းက နှစ်ထောင်ချီပြီး လေ့ကျင့်ခဲ့တာတောင် ဒီလောက်အင်အားလေးပဲ ရှိတယ်။ ငါသာ မင်းနေရာမှာဆိုရင် ရှက်လွန်းလို့ ငါ့ကိုယ်ငါ သတ်သေသွားတာကြာပြီ"
လုမင်သည် သူ့စိတ်ထဲတွင် လွတ်မြောက်ရန် နည်းလမ်းကို အမြန်တွေးတောနေရင်းမှ လှောင်ပြောင်သရော်လိုက်သည်။
ယခုအချိန်တွင်၊ ပတ်၀န်းကျင်ကို ကျွမ်းကျင်သူ သုံးဦးက ပိတ်ဆို့ထား၍ ဖောက်ထွက်နိုင်ရန် ခက်ခဲလွန်းပေသည်။
အဓိကအားဖြင့် အဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားများက သန်မာလွန်းသောကြောင့် ဖြစ်သည်။ အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရား လေးပါးသာဖြစ်လျှင် လုမင်က နဝမနဂါးခြေလှမ်းနှင့် ထွက်ပြေးနိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိသည်။ သို့သော်လည်း၊ အဋ္ဌမအဆင့် ဝိညာဉ်နတ်ဘုရားနှစ်ပါး ရှိနေသောကြောင့် လုမင်၏ ဖြတ်ကျော်ရန် အခွင့်အလမ်းမှာ အလွန်နည်းပါးခဲ့ပေသည်။
"ကောင်လေး၊ မင်းကိုယ်မင်း တကယ့် ပါရမီရှင်လို့ ထင်နေသေးတာလား။ အသက်မရှိတဲ့ ပါရမီရှင်က ပါရမီရှင် မဟုတ်ဘူး၊ ငါ ဒီနေ့ မင်းကိုသတ်မယ်။ ပြီးရင် ရှဲ့နျန်ချင်းကို သွားသတ်မယ်။ မင်းတို့က ဒီကနေ ထွက်သွားချင်တယ်ပေါ့၊ အိပ်မက်မက်နေတာပဲ"
ရှဲ့ချူ၏ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာကာ အေးစက်စက်ဖြင့် အော်လိုက်သည်။
"အား"
လုမင်၏ သတ်ဖြတ်ချင်စိတ်များက ရုတ်ချည်း မြင့်တက်သွားခဲ့သည်။ သူ့မျက်လုံးများက သွေးချင်းချင်းရဲကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"မင်းတို့က ရှောင်ချင်းကိုတောင် သတ်ချင်သေးတယ်ပေါ့"
"အဲဒီ ခွေးမက သေသင့်တာကြာပြီ။ ဒီတစ်ခါတော့ ငါတို့ သူ့ကို အပြီးတိုင် ရှင်းပစ်မယ်"
ရှဲ့ချူ လှောင်ပြောင်လိုက်သည်။
"အားလုံးသေသင့်တယ်၊ သတ်သင့်တယ်။ သတ်... သတ်...သတ်"
လုမင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ တတိယသွေးမျိုးဆက်က တုန်ခါသွားကာ စွမ်းအင်များကို ဆက်လက် ပို့လွှတ်လိုက်၏။ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များက လုမင်၏ နှလုံးသားတွင် ပို၍ ပြည့်နှက်လာတော့သည်။
ရှဲ့နျန်ချင်းကို သတ်မည်ဟု ပြောလိုက်ကတည်းက လုမင်၏ သတ်ဖြတ်ချင်စိတ်မှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြင်းထန်သွားခဲ့ပြီ ဖြစ်သည်။ ယခုတော့၊ သူသည် တတိယ သွေးမျိုးဆက်မှ စွမ်းအားများ ထပ်မံ ဆွဲယူခဲ့၏။ သူ၏ စိတ်ထဲတွင် အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များသာ ရှိတော့သည်။
"ကောင်လေး၊ ရပ်လိုက်တော့။ မင်းရဲ့ တတိယသွေးမျိုးဆက်က စွမ်းအားတွေ အများကြီးကို ချေးယူလို့ မရဘူး။ မဟုတ်ရင် မင်းက သတ်ဖြတ်ဖို့ကိုပဲသိတဲ့ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားလိမ့်မယ်"
တန်တန်က အော်ပြောကာ လုမင်၏ ရှင်းလင်းသော အသိစိတ် အရိပ်အမြွက်ကို ထိန်းထားစေနိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင် လုမင်၏ ခန္ဓာကိုယ်က အဆုံးမဲ့ စွမ်းအားများဖြင့် ပြည့်နေပုံရသည်။ နဝမနဂါးက သိပ်သည်းသော သွေးအလင်းများကို ထုတ်လွှတ်ခဲ့၏။
"ဂါး"
နဝမနဂါးက ရှဲ့ချူကို လက်သည်းနှင့် ကုပ်ဆွဲလိုက်တော့သည်။
"ဟင်...ဒီစွမ်းအား..."
ရှဲ့ချူ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်ပြီး ထိတ်လန့်မှုတို့ ပေါ်လာခဲ့သည်။
ခဏချင်းတွင်၊ လုမင်၏ စွမ်းအားများ အထူးသဖြင့် သတ်ဖြတ်ချင်စိတ်များက အဆမတန် တိုးလာသည်ဟု သူခံစားလိုက်ရသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို သတ်ပစ်ချင်သကဲ့သို့ အလွန်ကြောက်စရာကောင်း၏။ သူ၏ နှလုံးသားကိုပင် အေးစက် တုန်လှုပ်စေခဲ့သည်။
နဝမနဂါးက ဖမ်းဆုပ်လိုက်သည်တွင် အသက်ရှူရပ်မတတ် ခံစားလိုက်ရ၏။
ရှဲ့ချူလည်း ဒေါသတကြီး ဟိန်းဟောက်ပြီး အသန်မာဆုံး တိုက်ခိုက်မှုနှင့် နဝမနဂါးကို ရင်ဆိုင်လိုက်တော့သည်။