← Chapters

အခန်း ၁၁၄၁

Vol. 77 Ch. 1141

အခန်း ၁၁၄၁

Vol. 77 Ch. 1141

အပိုင်း ( 1141 ) မိုပိုင်တောင်။

လုမင်က သူတို့နှင့် ခဏတာ စကားစမြည် ပြောခဲ့သည်။

စကားဝိုင်းမှ တဆင့် လုမင်သည် ၎င်းတို့အားလုံးက တော်ဝင်မိသားစု သို့မဟုတ် ရှေးဟောင်းသူတော်စင်မင်းဆက်ရှိ အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်များကို စော်ကားခဲ့ကြောင်း သိလာခဲ့ရ၏။ သူတို့အထဲတွင် အုပ်စိုးရှင် အင်အားစုများမှ ကျွမ်းကျင်သူများပင် ရှိသည်။

သူတို့က အပြင်ဘက်တွင် တစ်ယောက်နှင့်တစ်ယောက် မသိကြသော်လည်း ငရဲကိုးခုနတ်ဆိုးနယ်မြေထဲတွင် စည်းလုံးသည်။

နောက်ဆုံးတွင်၊ ငရဲကိုးခု နတ်ဆိုးနယ်မြေတွင် မညီညွတ်ပါက မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခံရမည်ဖြစ်ကာ ဤနေရာတွင် ထာဝရ မြှုပ်နှံခံရပေလိမ့်မည်။

အလားတူပင်၊ တော်ဝင်မိသားစုက သူတို့ကလည်း အမှတ်ပေးခဲ့သည်။ အမှတ်ပြည့်အောင် လုပ်နိုင်သရွေ့ အပြင်ကို ထွက်ခွာခွင့် ရကြပေလိမ့်မည်။ သို့သော်လည်း ရမှတ်များမှာ အလွန်မြင့်မားသောကြောင့် သူတို့ စိတ်ပျက်ခဲ့ရသည်။

သို့ရာတွင်၊ ၎င်းတို့အားလုံးက အနှစ်ငါးထောင်အထိ အသက်ရှင်နိုင်သည့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်သည်။ သူတို့ကိုယ်ကို ငရဲကိုးခု နတ်ဆိုးနယ်မြေထဲတွင် တစ်သက်လုံး ပိတ်လှောင်ထားရန် ဆန္ဒမရှိခဲ့ပေ။ ထို့ကြောင့်၊ ငရဲတွင်းမှ ထွက်ခွာရန် လုံလောက်သော အမှတ်များ စုဆောင်းနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။

ထို့ကြောင့်ပင် ၎င်းတို့က မိစ္ဆာနတ်ဆိုးမျိုးနွယ်စုကို အဆက်မပြတ် အမဲလိုက်ခဲ့ကြပေသည်။ မိစ္ဆာနတ်ဆိုးများကလည်း အပြန်အလှန် သတ်ဖြတ်ကြ၍ ယနေ့ တိုက်ပွဲများ ဖြစ်လာခဲ့ရသည်။

တကယ်တော့၊ မိစ္ဆာနတ်ဆိုးမျိုးနွယ်က မြို့များကို တိုက်ခိုက်ခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။ သို့ရာတွင် ယနေ့ရောက်လာသော မိစ္ဆာနတ်ဆိုးများကတော့ အနည်းငယ် အင်အားကြီးလွန်းသည်။

"ညီလေးလု၊ ငါတို့ အထဲဝင်ပြီး ပြောကြရအောင်"

တုရှန်က ဖိတ်ခေါ်လိုက်သည်။

"အဆင်ပြေပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့အားလုံးကို မေးချင်တာတစ်ခုရှိတယ်"

လုမင်က လက်ယှက်ပြီး ပြောလိုက်၏။

"အဲဒါဘာများလဲ၊ ပြောသာ ပြောပါ"

"ငါသိသလောက် ပြောပြမယ်"

တခြားသူများလည်း တစ်ယောက်ပြီး တစ်ယောက် ဝင်ပြောလိုက်ကြသည်။

"အကြီးအကဲတို့... မင်းသမီးဆယ့်ခြောက်ကို မြင်တွေ့ဖူးသလားလို့ မေးပါရစေ"

လုမင် မေးလိုက်သည်။

"မင်းသမီးဆယ့်ခြောက်၊ မင်းပြောတာ တော်ဝင်မိသားစုရဲ့ ‌အမှောင်သွေးမျိုးဆက်ရှိတဲ့ မင်းသမီးဆယ့်ခြောက်ပဲလား။ ငါက သူ့ကို မမြင်ဖူးပေမဲ့ ဒီငရဲနယ်မြေကို ရောက်နေတယ်လို့တော့ ကြားတယ်"

တုရှန်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

တခြားသူများလည်း ခေါင်းခါယမ်းလိုက်၏။

"မင်းသမီးဆယ့်ခြောက်ကို တစ်ခါတွေ့ဖူးတယ်"

ထိုစဉ် အသံတစ်ခုထွက်ပေါ်လာပြီး လုမင်ကို နှလုံးခုန်မြန်သွားစေခဲ့သည်။

ယင်းက ဆံပင်ဖြူ အဘွားအိုတစ်ယောက်။

"အဘွား၊ ဘယ်တုန်းကလဲ။ သူ့ကို ဘယ်မှာတွေ့တာလဲ"

လုမင် ကမန်းကတန်း မေးလိုက်သည်။

"လွန်ခဲ့တဲ့လအနည်းငယ်က ဒီနေရာကနေ မိုင်သန်းပေါင်းများစွာဝေးတဲ့နေရာမှာ မင်းသမီးဆယ့်ခြောက်ကို တွေ့ဖူးတယ်။ ငါ သူနဲ့တောင် စကားပြောခဲ့ရပါတယ်။ သူက မိုပိုင်တောင်ကို သွားမယ်လို့ ပြောတယ်"

အဘွားအိုက ပြောလိုက်သည်။

"ဘာ၊ မိုပိုင်တောင်လား"

အခြားသူများ အံ့ဩသွား၏။

လုမင်၏ နှလုံးသားများ တင်းကျပ်လာကာ အမြန်မေးရတော့သည်။

"မိုပိုင်တောင်... ဒါက အန္တရာယ်များတာလား"

"တကယ်ကို အန္တရာယ်များတာ‌ပေါ့။ ငါ့ညီ၊ မိုပိုင်တောင်က ငရဲကိုးခုနတ်ဆိုးနယ်မြေမှာ တားမြစ်နေရာတစ်ခုပဲ။ အားကောင်းတဲ့ မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်တွေ အဲဒီကိုသွားတော့ အားလုံး သေဆုံးခဲ့ရတယ်။ လူသားမျိုးနွယ်ကလည်း ခြွင်းချက်မရှိခဲ့ကြပါဘူး"

တုရှန် သက်ပြင်းချလိုက်သည်။

"ထွက်လမ်းမရှိတာလား"

လုမင် စိုးရိမ်သွားခဲ့၏။ ဤမျှ အန္တရာယ်များသောနေရာကို ရှဲ့နျန်ချင်းက ဘာကြောင့် သွားသနည်း။

"အကြီးအကဲ၊ ခင်ဗျားမှာ မိုပိုင်တောင်ကိုသွားဖို့ မြေပုံများရှိလား"

လုမင် မေးလိုက်သည်။

"လူလေး လု၊ မင်း မိုပိုင်တောင်ကို သွားမလို့လား။ အဲဒီနေရာက အရမ်း အန္တရာယ်များတယ်နော်။ မိုပိုင်တောင်က အန္တရာယ်များသလို မိုပိုင်တောင်တစ်ဝိုက်မှာ နေထိုင်ကြတဲ့ မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်တွေလည်း အများကြီးရှိတယ်။ သူတို့က ကံကောင်းခြင်းတွေကို ရရှိဖို့ မျှော်လင့်ပြီး မိုပိုင်တောင်အပြင်ဘက်မှာ လေ့ကျင့်နေခဲ့ကြတာ။ အဲဒါကြောင့် အပြင်ဘက်ဒေသဆိုရင်တောင် အရမ်းအန္တရာယ်များနေပြီ။ မင်း သတိကြီးကြီးထားရမယ်"

ဆံပင်ဖြူ အဘွားကြီးက ဖြောင်းဖျရန် ကြိုးစားလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ဒါပေမဲ့ လုမင် သွားရမယ်"

လုမင်၏ လေသံက ပြတ်သားသည်။ ယခုတွင်၊ ရှဲ့နျန်ချင်း၏ တည်နေရာကို သိရှိထားပြီး အန္တရာယ်ကျရောက်နိုင်သည်ကိုလည်း သိရှိထား၍ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ရလျှင်ပင် သွားရပေလိမ့်မည်။

လုမင်၏ ပြတ်သားသော သဘောထားကို မြင်ရသောအခါ တုရှန်၊ ဆံဖြူအဘွားကြီးနှင့် အခြားလူများလည်း သက်ပြင်းချကာ သူ့ကို ဆွဲဆောင်ရန် မကြိုးစားတော့ပေ။

နောက်ဆုံးတွင်၊ ဆံပင်ဖြူအဘွားအိုက မြေပုံတစ်ခုထုတ်ပြီး လုမင်ကို ပေးလိုက်သည်။ မြေပုံသည် အကြမ်းဖြစ်သော်လည်း ငရဲကိုးခု နတ်ဆိုးနယ်မြေ၏ မြေမျက်နှာသွင်ပြင်နှင့်တည်နေရာများကို အကြမ်းဖျင်း ပုံဖော်ခဲ့ထားခဲ့သည်။

မြေပုံပေါ်တွင် မိုပိုင်တောင်သို့သွားရန် အကြမ်းဖျင်း လမ်းကြောင်းတစ်ခုလည်း ရှိနေခဲ့ပေသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ လုမင် သွားတော့မယ်"

လုမင်လည်း မြေပုံကိုသိမ်းကာ တခြားသူများကို နှုတ်ဆက်လိုက်သည်။ အချိန် တစ်စက္ကန့်မှ သူ မဖြုန်းတီးလိုပေ။

လုမင်လည်း အလင်းတန်းတစ်ခုကဲ့သို့ ညကောင်းကင်ယံမှာပင် အလွန်မြန်ဆန်သော အရှိန်ဖြင့် မိုပိုင်တောင် ဦးတည်ရာသို့ ပျံသန်းသွားတော့သည်။

လမ်းခရီးတွင်၊ လုမင်က သူ၏ အရှိန်အဝါကို မိစ္ဆာနတ်ဆိုးမျိုးနွယ်နှင့် တူညီမှုရှိစေရန် ပန်တုန်အရှိန်အဝါစွမ်းရည်ကို အသုံးပြုခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊ ၎င်းသည် သူ့အား ဒုက္ခများစွာမှ သက်သာရာရစေခဲ့၏။ သူ့ကိုတိုက်ခိုက်ခဲ့သည့် မိစ္ဆာနတ်ဆိုးမရေအတွက်က အလွန် နည်းပါးသွားတော့သည်။

လုမင်၏ အရှိန်က အလွန်မြန်ပြီး အစွမ်းကုန် ထုတ်ဖော်ထားသည်။

ရှဲ့နျန်ချင်းက လွန်ခဲ့သောလအနည်းငယ်ကပင် မိုပိုင်တောင်ကို သွားခဲ့သည်။ ယခုလောက်ဆိုလျှင် မိုပိုင်တောင်သို့ သူ ရောက်နေလောက်ပြီ။ ထိုနေရာက အလွန်အန္တရာယ်များသည်။ ထိုအတွက် သူ စိတ်မအေးနိုင်တော့ပေ။

ဤအကြောင်းများကိုတွေးရင်း လုမင်၏ နှလုံးသားက ပူလောင်လာခဲ့သည်။ ရှဲ့နျန်ချင်း၏အနားသို့ ချက်ချင်း ရောက်ရှိရန်ပင် သူ မစောင့်နိုင်တော့ပေ။

မိုပိုင်တောင်သည် ငရဲကိုးခု နတ်ဆိုးနယ်မြေ၏ နက်ရှိုင်းသောအရပ်တွင် တည်ရှိသည်။ တုရှန်နှင့် အခြားသူများရှိသည့် ခံတပ်က ထိုနေရာနှင့် အလွန်ဝေး၏။ လုမင်၏ အမြန်နှုန်းဖြင့်ပင် မိုပိုင်တောင်သို့ရောက်ရန် ငါးရက် ကြာမြင့်ခဲ့ရသည်။

"ဒါ..."

ခဏရပ်ကာ အဝေးကို လှမ်းကြည့်ပြီးနောက် လုမင် အနည်းငယ် တုန်လှုပ်သွားသည်။

ဤနေရာတွင် မျက်စိမြင်နိုင်သလောက်က တောင်တန်းများဖြင့် ပြည့်နှက်နေခဲ့၏။

တောင်တန်းများနှင့် မတ်စောက်သော တောင်အများအပြားတွင် ထူးဆန်းသော အပင်မျိုးစုံလည်း ပေါက်ရောက်နေကြသည်။

သို့ရာတွင် ဤတောင်များကြား၌ အလွန်ထင်ရှားသော တောင်ထွတ်တစ်ခုရှိသည်။ အလွန်ဝေးကွာသော နေရာမှပင် အထင်အရှား လှမ်းမြင်ရ၏။

အကြောင်းမူ၊ ထိုတောင်ထွတ်က ကြီးကျယ်ခမ်းနားလွန်း၍ပင်။ ထိုတောင်က ကြက်အုပ်ထဲမှ ကြိုးကြာငှက်ကဲ့သို့ ဖြစ်နေသည်။ ၎င်းက ကောင်းကင်ထိတိုင် တိုးဝင်နေကာ မည်မျှမြင့်မားမှန်း မသိနိုင်ပါချေ။

တောင်တစ်ခုလုံးကို အနက်ရောင် မြူခိုးများဖြင့် ဖုံးလွှမ်းထားသည်။ ထိုအတွက် တောင်ထိပ်မှ အခြေအနေကို အသေအချာ မမြင်နိုင်ခဲ့ပေ။

"ဒါက မိုပိုင်တောင်ပဲလား"

လုမင်၏ စိတ်ထဲမှာ တွေးလိုက်မိသည်။ သူ့မျက်လုံးများတွင် သံသယနှင့် အံ့အားသင့်မှုများဖြင့် ပြည့်လာခဲ့၏။

အကြောင်းမူကား၊ သူ၏ ငရဲဖိနှိပ်ကျောက်စာတိုင်က သူ့ကျောရိုးမှ ပေါ်လာတော့မည်ကဲ့သို့ လောင်မြိုက်နေသော ရောင်ဝါများကို ထုတ်လွှတ်လာသောကြောင့်ပင် ဖြစ်တော့သည်။

"ဘာတွေဖြစ်နေတာလဲ၊ မိုပိုင်တောင်က ငရဲဖိနှိပ်ကျောက်စာတိုင်ကို ဘာဖြစ်လို့ တုံ့ပြန်စေတာလဲ"

လုမင် အံ့ဩသွားမိသည်။

'သွားမယ်'

အတွေးတစ်ခုဖြင့် လုမင်လည်း တိမ်ညိုများဖုံးလွှမ်းနေသော တောင်ကြီးဆီကို ပျံသန်းသွားတော့သည်။

အနားကို နီးကပ်လာသည်နှင့်အမျှ ဧရာမတောင်ကြီး၏ ကြီးကျယ်ခမ်းနားမှုကို ခံစားလာရသည်။ အခြားတောင်များသည်လည်း မြင့်မားပြီး ခမ်းနားလှပေသည်။ သို့ရာတွင် ဤတောင်ကြီးနှင့် နှိုင်းယှဉ်ပါက နိမ့်ပါးလွန်းလှသည်။

အနားကို နီးကပ်လာသည်နှင့် ငရဲဖိနှိပ်ကျောက်စာတိုင်၏ တုံ့ပြန်မှုက ပို၍ပင် ပြင်းထန်လာသည်။

'ဟင်'

လုမင် နှလုံးခုန်သွားသည်။ သူ့ရှေ့တွင် အားကောင်းသော အတက်အကျများကို ခံစားရ၏။ ၎င်းက လှိုင်းတစ်ခုမျှသာမဟုတ်ဘဲ အများအပြားမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

လှိုင်းတစ်ခုစီတွင် အားကောင်းသော မိစ္ဆာနတ်ဆိုး အရှိန်အဝါများ ရှိ၏။ ၎င်းတို့က မိစ္ဆာနတ်ဆိုးမျိုးနွယ်၏ ကျွမ်းကျင်သူများ ဖြစ်တန်ရာသည်။

လုမင်လည်း သူ၏ အရှိန်အဝါကို ဖုံးကွယ်ကာ ရှေ့သို့ ပြေးသွားတော့သည်။

"ဒီလူသားမိန်းကလေးက မိုပိုင်တောင်မှာ ရတနာတစ်ခုရခဲ့တယ်။ အဲဒီရတနာက လူသားမျိုးနွယ်ရဲ့လက်ထဲကို ကျရောက်စေလို့ မရဘူး။ အတူတူတိုက်ခိုက်ပြီး သတ်ကြရအောင်"

"အတူတူသွားစို့၊ လူသား ကောင်မလေးက ဝိုင်းခံထားပြီ။ သူ မလွတ်နိုင်ဘူး၊ ဒီနေ့ သေရမယ်"

"မိုပိုင်တောင်ရဲ့ ရတနာက မိစ္ဆာနတ်ဆိုးမျိုးနွယ်အတွက်ပဲ ဖြစ်ရမယ်"

ခပ်ဩဩနှင့် မနှစ်မြို့ဖွယ် စကားသံအချို့ ထွက်ပေါ်လာသည်။ ထို့နောက်မှာတော့ မိစ္ဆာနတ်ဆိုးတချို့က ရှေ့သို့ ပြေးထွက်သွားတော့သည်။

သူတို့အားလုံးက မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့ အရှိန်အဝါများသည် အလွန် အားကောင်း၏။ တစ်ချက်ကြည့်ရုံဖြင့် လုမင်သည် ထိုမိစ္ဆာနတ်ဆိုးအားလုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိနေကြောင်း သဘောပေါက်လိုက်သည်။

"သူတို့ပြောနေတဲ့လူက ရှောင်ချင်း ဖြစ်နိုင်သလား၊ မကောင်းတော့ဘူး"

လုမင်၏ အမူအရာ ပြောင်းသွားသည်။ သူက ယခင် မိစ္ဆာနတ်ဆိုးသုံးဦး၏။ အနောက်မှ ပြေးလိုက်သွားတော့သည်။

"ဝုန်း ဝုန်း"

မကြာမီ၊ သူ့ရှေ့မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အားကောင်းသော စွမ်းအင်အတက်အကျများကလည်း လေထဲတွင် ပျံ့နှံ့လာခဲ့၏။

သူ့ရှေ့တွင် တိုက်ပွဲ ရှိသေးသည်။

ဤသည်က လုမင်ကို အနည်းငယ် စိတ်သက်သာရာရစေသည်။

သူ့ရှေ့တွင် မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်များက အရှိန်မြှင့်ပြီး လျင်မြန်စွာ ပျံသန်းသွားကြသည်။ သူတို့က လျှပ်စီးကဲ့သို့ တောင်တချို့ကို ဖြတ်ကျော်ကာ တိုက်ပွဲတွင် ပါဝင်ခဲ့၏။

"မကောင်းတော့ဘူး"

လုမင်လည်း နဝမနဂါးခြေလှမ်းကိုသုံးကာ နောက်ဆုံး မိုင်ရာဂဏန်းကို တခဏချင်း ဖြတ်သန်းသွားတော့သည်။

သူ့ရှေ့တွင် မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင် ဆယ်ယောက်ကျော်က လူသားမိန်းကလေးတစ်ဦးကို ဝိုင်းရံထားကြသည်။

မိန်းကလေးကိုမြင်တော့ လုမင်၏ နှလုံးသားက ပြင်းထန်စွာ တုန်ခါသွားသည်။

မိန်းကလေးက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်လှပြီး မနှိုင်းယှဉ်သာသော ညှို့ဓာတ်များ ရှိ၏။ ထိုမိန်းကလေးက ရှဲ့နျန်ချင်းမှ မဟုတ်လျှင် မည်သူ ဖြစ်ဦးပါမည်နည်း။

All Chapters