အခန်း ၁၁၄၂
Vol. 77 Ch. 1142
အပိုင်း ( 1142 ) ရှဲ့နျန်ချင်းနှင့် ပြန်ဆုံခြင်း။
သူ့ရှေ့မှ လှပသော မိန်းကလေးမှာ လုမင် နေ့ရောညပါ တောင့်တခဲ့ရသော ရှဲ့နျန်ချင်းမှလွဲ၍ အခြား မဟုတ်ပေ။
နဂါးကိုးကောင်မြို့တွင် လုမင်နှင့် ရှဲ့နျန်ချင်းတို့ လမ်းခွဲခဲ့ရသည်မှာ သုံးနှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည်။
သုံးနှစ်ကျော်ကြာပြီးနောက် ရှဲ့နျန်ချင်းက အနည်းငယ် ပို၍ ရင့်ကျက်လာခဲ့သည်။ သို့သော်လည်း အနည်းငယ် ပိန်သွယ်သွားကာ သူ့မျက်နှာကလည်း အေးစက်လျက် ရှိ၏။ သူမ၏ မျက်လုံးများကလည်း ရေခဲတမျှ အေးစက်နေတော့သည်။
ထိုအချိန်တွင် ရှဲ့နျန်ချင်း၏ တကိုယ်လုံးက နတ်ဆိုး အရှိန်အဝါများဖြင့် ပြည့်နေခဲ့သည်။ သူမက လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်တွင် ကြောက်မက်ဖွယ်ကောင်းသော အင်အားပိုင်နက်က မိုင်တစ်ရာအကွာအဝေးကို ဖုံးလွှမ်းသွား၏။ ၎င်းက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှဲ့နျန်ချင်း၏ ဦးခေါင်းထက်မှာ လှပသော အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမက ကြာပန်းနက်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေကာ နတ်ဆိုးအရှိန်အဝါများလည်း ထွက်ပေါ်လျက်ရှိ၏။ သူမ၏ လက်ဝါးများက အရပ်ရပ်မှ ထွက်ပေါ်လာသော တိုက်ခိုက်မှုများကို အဆက်မပြတ် ရိုက်ထုတ်နေခဲ့သည်။
ဤသည်မှာ ရှဲ့နျန်ချင်း၏ တတိယ သွေးမျိုးဆက်ဖြစ်ပြီး သူမ၏ ဒုတိယသွေးမျိုးဆက်နှင့် အလွန်ဆင်တူသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရွှေရောင် ချက္ကရကိုးခု ရှိပေသည်။
နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်။
ထို့အပြင် ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းအခြေခံကလည်း ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်သို့ ဝင်ရောက်လာခဲ့သည်။
ယခုအချိန်တွင် ရှဲ့နျန်ချင်းကို ဝိုင်းရံထားသော မိစ္ဆာနတ်ဆိုးများက ဆယ့်တစ်ယောက် ရှိသည်။
မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင် ဆယ့်တစ်ဦးစလုံးက အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိကြ၏။ သူတို့ တစ်ဦးစီ၏ လက်ထဲတွင် ကြောက်စရာကောင်းသော အရိုးဆူးများ ကိုင်ထားကြပေသည်။ ၎င်းတို့က ရှဲ့နျန်ချင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြသည်။
ရှဲ့နျန်ချင်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပိုင်နက်က မိုင်တစ်ရာအချင်းဝက်ကို ဖုံးလွှမ်းထားကာ မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်များ၏ အရှိန်အဟုန်ကို များစွာထိခိုက်စေခဲ့သည်။ ထို့အပြင် ရှဲ့နျန်ချင်းက ကာကွယ်ရေးကို အဓိက အာရုံစိုက်ထားခဲ့၏။ သို့တိုင် သူမက အရေးနိမ့်သေးသည်။ ဤအတိုင်း ဆက်သွားမည်ဆိုလျှင် အနှေးနှင့်အမြန်ဆိုသလို ရှုံးနိမ့်သွားတော့မည် ဖြစ်သည်။
"မိန်းကလေး၊ ဂိုလမ်ကို လွှဲပေးစမ်း။ ဒါဆိုရင် မင်းရဲ့အလောင်းကို အကောင်းအတိုင်း ထားပေးမယ်။ မဟုတ်ရင်တော့ စိတ်ဆင်းရဲစရာတွေကို မင်း ကြုံရလိမ့်မယ်"
"ဒီလူသားမိန်းကလေးက တကယ်ကို လှတာပဲ။ ငါတောင် သွေးဆောင်ခံရတယ်။ သူ့ကို ဖြုတ်ချပြီးရင် ငါ့ရဲ့ စွမ်းအားကို မြည်းစမ်းခွင့်ပေးရမယ်"
ခပ်ဩဩအသံများ အဆက်မပြတ် ပေါ်ထွက်လာခဲ့သည်။
"သေချင်နေပြီ"
ဤအခိုက်တွင်၊ လုမင်၏ နှလုံးသားက သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာသည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ နဂါးရှစ်ကောင်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ သူ့ တကိုယ်လုံးက မနှိုင်းယှဉ်သာအောင် အစွမ်းထက်သော စွမ်းအင်များဖြင့် ပြည့်နှက်သွားတော့သည်။
လုမင်က ရှေ့သို့ ခြေတစ်ချက်လှမ်းကာ အနက်ရောင် လှံအလင်းတန်းတစ်ခုကဲ့သို့ ရှဲ့နျန်ချင်း၏ စွမ်းအားပိုင်နက်အတွင်း ဝင်ရောက်သွားခဲ့သည်။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းကာ မိစ္ဆာနတ်ဆိုးတစ်ကောင်အား လက်သီးဖြင့် ထိုးချလိုက်၏။
ထိုမိစ္ဆာနတ်ဆိုးက ဤအခိုက်အတန့်တွင် သူ့ကို တိုက်ခိုက်သူတစ်ဦး ရှိဦးမည်ဟု မမျှော်လင့်ထားပေ။ သတိပြုမိ၍ အမြန်ရှောင်ရန် သူ ကြိုးစားသော်လည်း အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
"ဝုန်း"
လုမင်၏ လက်သီးချက်က မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်၏ နောက်ကျောကို ထိမှန်သွားခဲ့သည်။ ထိုအခါ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။ ၎င်းမိစ္ဆာနတ်ဆိုး၏ ခန္ဓာကိုယ်က အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ တစ်ခါတည်း သေဆုံးသွားတော့သည်။
ရှဲ့နျန်ချင်းလည်း ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်ရသည်။ မိစ္ဆာနတ်ဆိုးမျိုးနွယ်မှ ကျွမ်းကျင်သူများ အကူအညီ ထပ်မံရောက်လာသည်ဟု ထင်မှတ်ခဲ့ပေသည်။ ထိုအတွက် သူမ အလိုလို လှည့်ကြည့်လိုက်သည်။
မမျှော်လင့်ဘဲ လုမင်ကို မြင်ရသောအခါ သူမ၏ ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်လှုပ်သွား၏။ သူမ၏ မျက်လုံးများမှာလည်း မယုံနိုင်မှုများ ပြည့်နှက်သွားတော့သည်။
ဤအခိုက်တွင်၊ သူမ၏ မျက်လုံးများက လုမင်ကိုသာ လုံးလုံးလျားလျား အာရုံစိုက်ခဲ့သည်။ သူမ၏ မျက်လုံးအကြည့်များကို လုံးဝ မခွာနိုင်တော့ပေ။
"ဝှစ်"
ရှဲ့နျန်ချင်း၏ အနီးမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"သတိထား"
လုမင် စိုးရွံ့တုန်လှုပ်သွားကာ ရှဲ့နျန်ချင်းဆီသို့ အမြန်ပြေးသွားခဲ့၏။
ရှဲ့နျန်ချင်း သတိမေ့လျော့သွားချိန်တွင် မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်တစ်ဦးမှ အခွင့်ကောင်းယူကာ တိုက်ခိုက်လာခြင်း ဖြစ်တော့သည်။
လုမင်က လှမ်းအော်လိုက်မှ ရှဲ့နျန်ချင်း သတိပြန်ဝင်လာခဲ့သည်။ သူမက အစွမ်းကုန်ထုတ်ဖော််ကာ အလျင်အမြန် ပြန်ဆုတ်သွား၏။ သို့သော်လည်း ခြေတစ်လှမ်းနောက်ကျဆဲဖြစ်ကာ သူမ၏ပခုံးကို အရိုးဆူးချွန်က ထိုးမိသွားတော့သည်။ ဒဏ်ရာတစ်ခု ပေါ်လာပြီး သွေးများ စီးကျလာခဲ့သည်။
"မင်းတို့ သေချင်နေပြီ"
လုမင်က ဒေါသတကြီး အော်ဟစ်ကာ တတိယသွေးမျိုးဆက်ကို ထုတ်ဖော်လိုက်၏။ စွမ်းအင်အရိပ်အမြွက်တစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာကာ ဆံပင်များနှင့် မျက်လုံးများ သွေးနီရောင် ပြောင်းသွားတော့သည်။
"သတ်"
သူ၏ တတိယသွေးမျိုးဆက်က ဓားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လုမင်က သွေးရောင်ဓားကိုကိုင်ကာ နဝမနဂါးခြေလှမ်းကို ထုတ်ဖော်လိုက်သည်။ သူ့ပုံရိပ်က ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့သော မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့၏။ သူက ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ဓားအလင်းက အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးကို ထက်ခြမ်း ပိုင်းဖြတ်သွားတော့သည်။
"လု... လုမင်"
ရှဲ့နျန်ချင်းက သူမ၏ဒဏ်ရာကို ဂရုမစိုက်ပေ။ လုမင်အပေါ်မှ အကြည့်မလွှဲလိုသကဲ့သို့ စိုက်ကြည့်နေခဲ့သည်။
ဤအရာအားလုံးက ထင်ယောင်ထင်မှား အိပ်မက်တစ်ခု ဖြစ်နေမည်အား သူမ ကြောက်ပေသည်။ သူမ အကြည့်လွှဲလိုက်သည်နှင့် သူ့ရှေ့မှ အရာအားလုံး ပျောက်ကွယ်သွားရသည်။
ဤအိပ်မက်မျိုး ဘယ်နှစ်ခါ မက်ခဲ့ပြီးမှန်းပင် သူမ မသိတော့ကေ။
"ရှောင်ချင်း၊ ငါရောက်လာပါပြီ"
လုမင်က လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ရှဲ့နျန်ချင်း၏ လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
ရှဲ့နျန်ချင်း၏ လက်ကလေးက အေးစက်နေလေသည်။
လုမင်၏ လက်ဝါးမှ ပူနွေးမှုကို ခံစားမိတော့ ရှဲ့နျန်ချင်း၏ ခန္ဓာကိုယ်ကလေးမှာ တုန်ခါသွားရသည်။ သူမ၏ မျက်လုံးများမှာလည်း မျက်ရည်စတို့ ရစ်ဝဲလာခဲ့ပြီ။
"လုမင်၊ ဒါက တကယ်... တကယ်ပဲ နင်လား။ ငါ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်"
ရှဲ့နျန်ချင်းက လုမင်ကို ကြောင်တက်တက်ဖြင့် ကြည့်နေသည်။ သူမက လက်လွှတ်လိုက်သည်နှင့် လုမင် ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသလို၊ လုမင်၏လက်ကို တင်းတင်းဆုပ်ထား၏။
"မိုက်မဲတဲ့ကောင်မလေးရယ်၊ တကယ်ပဲ ငါပါ။ အခု ဒီ မိစ္ဆာနတ်ဆိုးတွေကို အရင် သတ်ကြရအောင်"
လုမင်က ခပ်တိုးတိုးလေးပြောပြီး ပြန်လှည့်ကြည့်လိုက်သည်။
လုမင်က ရုတ်တရက်ပေါ်လာပြီး မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်နှစ်ဦးကို လျှပ်စီးလက်သလို သတ်လိုက်သည်။ ဤအတွက် အခြား မိစ္ဆာနတ်ဆိုးများ ထိတ်လန့်တုန်လှုပ်သွားကာ အဝေးသို့ ဆုတ်ခွာသွား၏။ ခဏချင်းတော့ သူတို့ မတိုက်ခိုက်ဝံ့တော့ပေ။
"ဒါက တတိယအဆင့် ဝိညာဉ်နတ်ဘုရားတစ်ပါးပဲ။ သူက အခုလေးတင် ခိုးဝင်တိုက်ခိုက်ခဲ့လို့ ငါတို့နှစ်ယောက်ကို သတ်လိုက်နိုင်တာ။ ဘာမှ ကြောက်စရာမရှိဘူး။ ငါတို့ ပူးပေါင်းရင် သူတို့ကို သတ်နိုင်တယ်"
မိစ္ဆာနတ်ဆိုးတစ်ယောက်၏ မျက်လုံးများက အေးစက်သွားကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ အတူတူ တိုက်ခိုက်ပြီး သတ်ကြစို့"
"ဝှစ်... ဝှစ်... ဝှစ်..."
ကျန်သော မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင် ကိုးယောက်က အတူတကွ တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့က အရိုးဆူးများကို ကိုင်ကာ လုမင်နှင့် ရှဲ့နျန်ချင်းကို ဆက်လက် တိုက်ခိုက်ကြတော့သည်။
"ကောင်းကင်နတ်ဆိုးပိုင်နက်"
နောက်ဆုံးတွင်၊ ရှဲ့နျန်ချင်းက စိတ်တည်ငြိမ်လာပြီး အော်လိုက်သည်။ သူမက လက်ဝါးကို ဖိချလိုက်သည်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။
မတွေ့ကြရသော သုံးနှစ်ကျော်အတွင်းတွင် ရှဲ့နျန်ချင်းက တတိယသွေးမျိုးဆက်အား နိုးထခဲ့ပြီး ကျင့်ကြံခြင်းအခြေခံကလည်း ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့အတူ သူမ၏ နတ်ဆိုးနယ်ပယ်ကလည်း တိုးတက်လာပုံရကာ ပို၍ပင် ကြောက်စရာကောင်းလာတော့သည်။
ကောင်းကင်နတ်ဆိုးပိုင်နက်က မိစ္ဆာနတ်ဆိုးများကို ဖုံးလွှမ်းထားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ စွမ်းအင်ပိုင်နက်က မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်များ၏ အရှိန်ကို အလွန်လျော့ကျစေသည့် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားတစ်ခု ရှိ၏။ သို့သော်လည်း လုမင်ကို လုံးဝမထိခိုက်စေခဲ့ပေ။
'ဒီလို တာအိုမျိုးလည်း ရှိတာလား'
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ ရှဲ့နျန်ချင်း၏ တာအိုက တစ်ခုပိုလာကြောင်း သူ သဘောပေါက်ခဲ့၏။ ၎င်းက ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးလမ်းစဉ် တာအိုဖြစ်ကာ ၎င်း၏စွမ်းအားက လွန်စွာ ကြောက်မက်ဖွယ်ကောင်းတော့သည်။
လုမင်လည်း ကြာရှည်မစဉ်းစားဘဲ ခြေလှမ်းလိုက်သည်။ သူ့ထံမှ အားကောင်းသော သတ်ဖြတ်လိုစိတ်များ ထိုးတက်လာခဲ့၏။ သူက မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်များကို တိုက်ခိုက်ခဲ့သည်။
ရှစ်ခုမြောက် နဂါးအင်အားက အမှန်တကယ် အစွမ်းထက်ပေသည်။ ဤအခိုက်တွင်၊ နဂါးစွမ်းအင် ရှစ်ခုစလုံး ပေါက်ကွဲထားပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။
"ဝှစ်"
လုမင်က မိစ္ဆာနတ်ဆိုးတစ်ဦးရှေ့တွင် ပေါ်လာသည်။ လုမင်၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်က လွှမ်းခြုံသွားရာ ထိုမိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင် တုန်လှုပ်သွား၏။
"ဝုန်း"
သွေးနီရောင်ဓားအလင်း ထွက်ပေါ်လာကာ ထိုမိစ္ဆာနတ်ဆိုးကို ခုတ်ပိုင်းလိုက်၏။ ကြောက်စရာကောင်းသော ဓားစွမ်းအားက မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်ကို ထိတ်လန့်စေကာ သူ၏ အရိုးဆူးဖြင့် အလျင်အမြန် ပိတ်ဆို့လိုက်တော့သည်။
သို့သော်...
ကွဲအက်သံနှင့်အတူ အရိုးလှံက ပြတ်ကျသွားခဲ့သည်။ ဓားအလင်းက ထိုမိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်၏ လက်တစ်ဖက်ကို ဆက်လက် ဖြတ်တောက်သွား၏။
ထိုမိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်က ကြောက်လန့်တကြားဖြင့် ထွက်ပြေးချင်ခဲ့သည်။ သို့သော်၊ လုမင်၏ ဒုတိယမြောက် ဓားအလင်းက ထပ်မံ ကျရောက်လာခဲ့၏။
"ဖူး"
သွေးများက ငေါက်ငေါက်ပန်းထွက်လာကာ ဦးခေါင်းတစ်လုံးမှာ လေထဲသို့ ပျံ့လွင့်သွားတော့သည်။
အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုး မျိုးနွယ်ဝင်တစ်ဦး ချက်ချင်း အသတ်ခံခဲ့ရသည်။
လုမင်သာ အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာမျိုးနွယ်ဝင်နှင့် တစ်ဦးချင်း ရင်ဆိုင်ရပါက၊ အလစ်အငိုက် တိုက်ခိုက်ခြင်းမဟုတ်ဘဲ ဤမျှ လွယ်ကူနိုင်မည်မဟုတ်ပေ။ အနည်းဆုံးတော့ အနည်းငယ် အားစိုက်ရနိုင်သည်။
သို့သော်၊ ရှဲ့နျန်ချင်း၏ အကူအညီဖြင့် အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားနယ်ပယ် မိစ္ဆာနတ်ဆိုးကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
"ဝှစ်"
ထိုမိစ္ဆာနတ်ဆိုးကို သတ်ဖြတ်ပြီးနောက် လုမင်က အခြားတစ်ယောက်ကို တိုက်ခိုက်ခဲ့သည်။
ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးက အတိတ်သို့ ပြန်ရောက်သွားခဲ့ပုံရသည်။ သူတို့နှစ်ဦးက အရှေ့တိုင်းကန္တာရတွင် စွန့်စားခန်း ထွက်ခဲ့ချိန်များကို ပြန်ရောက်သွားခဲ့ပုံ ရ၏။ ထိုစဉ်ကလည်း သူတို့နှစ်ယောက်ဟာ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခဲ့ပေသည်။
သူတို့ နှစ်ဦးကြားမှ ပူးပေါင်းဆောင်ရွက်မှုက လွန်စွာ လိုက်လျောညီထွေရှိခဲ့ပြီး ဖြစ်သည်။