အခန်း ၁၁၅၅
Vol. 77 Ch. 1155
အပိုင်း ( 1155 ) ရှဲ့လွမ်ကို ညွှန်ကြားသည်။
ရှဲ့လွမ်သည် သိုင်းတာအိုတွင် အားကောင်းပြီး ရှမ်းဟွမ်တိုက်ကြီး၏ သိုင်းအုပ်ချုပ်သူများကြား၌ ထိပ်တန်းအဆင့် ဖြစ်သည်။
ထို့အတူ၊ သူ၏ ကမ္ပည်းတာအိုကလည်း အားမနည်းခဲ့ပေ။ သူက အဆင့်ရှစ် ကမ္ပည်းသခင် အထွတ်အထိပ်သို့ ရောက်ရှိနိုင်ခဲ့သည်။ ၎င်းက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်ချေသည်။
ယခုအခါ၊ သူက ဝင်္ကပါကြီးတစ်ခု ရေးထိုးပြီး ကျွမ်းကျင်သူလူစုကို ချက်ချင်း သတ်ပစ်လိုခဲ့သည်။
အထူးသဖြင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ပြီးပြည့်စုံသောအဆင့်တွင် ရှိကြသူများ။
လုမင်လည်း ဤအခြေအနေကို စိတ်နှလုံးအကြွင်းမဲ့ သဘောတူခဲ့တော့သည်။
သူတို့နှစ်ဦးက ဆိတ်ငြိမ်သော ချောက်တစ်ခုကို ရွေးချယ်ခဲ့ကြသည်။ ဤချောက်ကြီးသည် ကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခု ရှိ၏။
လုမင်တို့ ရောက်လာသည်နှင့်ရှဲ့လွမ်ဟာ ကမ္ပည်းဝင်္ကပါ စတင်ရေးထိုးတော့သည်။
အစပိုင်းတွင်၊ ၎င်းတို့၏ ပုံစံများနှင့် အခြားမြင်များကို တစ်ချိန်တည်းတွင် ဖုံးကွယ်ရန် အသုံးပြုသည့် ပုံရိပ်ယောင်ဝင်္ကပါဖြစ်သည်။
ပုံရိပ်ယောင်ဝင်္ကပါ တည်ဆောက်ပြီးနောက် သတ်ဖြတ်ခြင်းဝင်္ကပါကို ရေးဆွဲခဲ့၏။
ရှဲ့လွမ်က သူ့လက်များကို ဆက်လက်ဝှေ့ယမ်းနေရာ ကမ္ပည်းများက ချောက်ကြီးတစ်ဝိုက် မြေပြင်သို့ ကျဆင်းသွားတော့သည်။
"မဟုတ်ဘူး၊ မင်းရဲ့ ဝင်္ကပါက မလုံလောက်သေးဘူး။ ဒီလောက်နဲ့ ပြီးပြည့်စုံတဲ့အဆင့် ဝိညာဉ်နတ်ဘုရားကိုသတ်ချင်ရင် ဘယ်လွယ်ပါ့မလဲ"
တန်တန်က လုမင်၏ ပခုံးပေါ်တွင် နောက်ခြေနှစ်ဖက်နှင့် မတ်တပ်ရပ်နေသည်။ ၎င်းက ဆရာကြီးတစ်ဦး၏အထာဖြင့် ရှဲ့လွမ် လုပ်ကိုင်နေသည်များကို ကြည့်လိုက်၏။
ရှဲ့လွမ်လည်း အနည်းငယ် သိချင်သွားမိသည်။ သူက ခဏလောက်စဉ်းစားကာ တန်တန်ကိုကြည့်ပြီး ပြောလိုက်သည်။
"ငါ့ရဲ့ ဝင်္ကပါက ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားသုံးပါးထက်မနည်းကို သတ်ပစ်ဖို့ ပြဿနာမရှိဘူး"
"ဘောလား"
တန်တန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးစက်စက်ဖြင့် ကြိမ်းမောင်းလိုက်၏။
လုမင်၏ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဤတန်တန်က ရှဲ့လွမ်ကိုပင် ကြိမ်းမောင်းဝံ့တာ ရိုက်ခံချင်နေပုံ ရလေသည်။
ရှဲ့လွမ်လည်း မျက်ခုံးပင့်ပြီး အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း နောက်အခိုက်မှာတော့ သူ၏ အရှိန်အဝါများကို ထိန်းချုပ်လိုက်တော့သည်။
တန်တန်လည်း ပထမတော့ လန့်သွားသည်။ သူက လုမင်၏ပခုံးကို လက်သေးသေးလေးများဖြင့် ဆုပ်ကိုင်လိုက်၏။ ရှဲ့လွမ်က သူ၏အရှိန်အဝါများကို ထိန်းချုပ်လိုက်တော့မှ တန်တန်လည်း တိတ်တဆိတ် အသက်ပြင်းပြင်းရှူလိုက်တော့သည်။
"မင်းကို ငါ ပြောပြမယ်၊ မင်းရဲ့ ဝင်္ကပါက ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရား သုံးပါးအောက်ကို သတ်နိုင်ပေမဲ့ သေချာပေါက် အချိန်တစ်ခု ကြာလိမ့်မယ်။ တကယ်လို့ အချိန်တိုအတွင်းမှာ မအောင်မြင်ဘဲ အဓိပဓိကို ဆွဲဆောင်မိရင် ငါတို့ ထွက်ပြေးဖို့ပဲ ရှိမှာပေါ့"
တန်တန်က ဆရာကြီးအထာဖြင့် ဆက်လက် ပြောဆိုလိုက်သည်။
ရှဲ့လွမ် မျက်မှောင်ကြုတ်လိုက်၏။ တန်တန်ပြောတာ မမှားပေ။ သူ၏ ဝင်္ကပါက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသုံးပါးအောက်ကို သတ်နိုင်သော်လည်း အမှန်တကယ် အချိန်အနည်းငယ်ကြာမြင့်မည် ဖြစ်သည်။
"ကောင်လေး၊ ဝင်္ကပါနဲ့ပတ်သက်ရင် ဒီိကိုယ်တော်အရှေ့မှာ မင်းက ငယ်ပါသေးတယ်။ ငါမင်းကို သင်ပေးမယ်"
တန်တန်က မာနထောင်လွှားစွာဖြင့် ပျံသန်းသွားကာ ရှဲ့လွမ်ရေးထိုးထားသော ဝင်္ကပါအပြင်တွင် ရပ်လိုက်သည်။ သူ့ထံမှ ကမ္ပည်းများစွာ ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း ရှဲ့လွမ်၏ ကမ္ပည်းများနှင့် ပေါင်းစပ်ထားခြင်း မရှိဘဲ သီးခြား တည်ရှိခဲ့ကြသည်။
"အခု ငါရေးထိုးထားတဲ့ ကမ္ပည်းတွေအတိုင်း မင်းရဲ့ကိုယ်ပိုင်ကမ္ပည်းတွေကို ရေးထိုးလိုက်ပါ။ ဒါဆိုရင် မင်းရဲ့ ဝင်္ကပါစွမ်းအားက နှစ်ဆတိုးလာလိမ့်မယ်"
တန်တန်က ကမ္ပည်းများ ဆက်လက်ရေးထိုးရင်း ပြောဆိုလိုက်သည်။
ရှဲ့လွမ်လည်း ဂရုတစိုက်ကြည့်ပြီးသောအခါ အံ့အားသင့်မှုတို့ ပေါ်လာခဲ့၏။
တန်တန်ရေးထိုးထားသော ကမ္ပည်းများက အလွန်ဆန်းကျယ်တာကို သူ နားလည်ခဲ့သည်။
အကယ်၍ ၎င်းတို့ကိုသာ သူ၏ဝင်္ကပါတွင် ပေါင်းထည့်လိုက်ပါက သူ၏ ဝင်္ကပါစွမ်းအားကို အမှန်တကယ် တိုးလာစေလိမ့်မည်။ ၎င်းက စွမ်းအင်ကို နှစ်ဆတိုးစေရန်ပင် လုံလောက်သည်။
"လုမင်၊ မင်းရဲ့လိပ်ကလေးက ပေါ့ပေါ့တန်တန်တော့ မဟုတ်ဘူးကွ။ သူ့မှာ ပုံမှန်မဟုတ်တဲ့ နောက်ခံရှိတယ်"
လုမင်ကိုကြည့်သော ရှဲ့လွမ်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုတို့ ပို၍ သန်မာလာခဲ့သည်။
အချိန်တိုလေးအတွင်းမှာ အတူ ယှဉ်တွဲနေပြီးနောက် လုမင်ကို မမြင်နိုင်တော့မှန်း သိခဲ့ရလေသည်။ သူ့မှာ ကြီးမားသော လျှို့ဝှက်ချက် ရှိသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အားနည်းနေသေးသော်လည်း သူ၏အနာဂတ်က အကန့်အသတ်မရှိဘဲ မှန်းဆမရပေ။
"ဘာကို လိပ်ကလေးလဲ။ ငါ့နောက်ခံက အရမ်းဆန်းကျယ်တာတော့ မင်းမှန်တယ်။ ငါက ထိပ်တန်းစစ်သားရဲ ဆယ်ကောင်ထဲက တစ်ဦးပဲ"
တန်တန်က အတော်နားပါးသည်။ အဝေးမှာပင် ထိုစကားများကိုကြားကာ အတော် ကျေနပ်သွား၏။ ၎င်းက အငယ်တစ်ယောက်ကို သွန်သင်နေသည့် အကြီးအကဲတစ်ဦး၏ ဟန်ပန်မျိုးဖြင့် ရှဲ့လွမ်အား ပြောခဲ့သည်။
"ဘာ၊ ထိပ်တန်းစစ်သားရဲ ဆယ်ကောင်လား။ မင်းက ထိပ်တန်း စစ်သားရဲ ဆယ်ကောင်ထဲက တစ်ယောက်လား"
ရှဲ့လွမ်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားကာ တုန်လှုပ်သော အမူအရာများ ပေါ်လာခဲ့သည်။
"ဆရာကြီး၊ သူ့စကားကို နားမထောင်ပါနဲ့။ ဒီကောင်က အကြွားတစ်လိုင်း"
လုမင်က ကမန်းကတန်းပြောကာ မသိချင်ဟန်ဆောင်ပြီး ပြောလိုက်သည်။
"ဆရာကြီး၊ ခင်ဗျား ထိပ်တန်းစစ်သားရဲဆယ်ကောင်ကို သိတာလား။ ထိပ်တန်း စစ်သားရဲ ဆယ်ကောင်က ဘာတွေလဲ"
"ငါလည်း သိပ်တော့မသေချာဘူး။ ရှမ်းဟွမ်တိုက်ကြီးကနေ ထွက်ခွာပြီး တိုင်းတစ်ပါးကိုသွားမှ အဲဒီအကြောင်း တစ်ခါကြားခဲ့ဖူးတာ။ ထိပ်တန်း စစ်သားရဲဆယ်ကောင်ကို ဒီကမ္ဘာမှာ တန်ခိုးအကြီးဆုံး သတ္တဝါဆယ်ကောင်လို့ ပြောကြတယ်။ သူတို့က ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်လေ။ သိုင်းအုပ်ချုပ်သူဆိုတာ သူတို့ရှေ့မှာတော့ ပုရွက်ဆိတ်တွေလိုပါပဲ။ သူတော်စင်တွေကိုတောင် အလွယ်တကူ သတ်ပစ်နိုင်တယ်။ သူတို့က သိပ်ပြီး ကြောက်စရာကောင်းကြတယ်"
"ထိပ်တန်း စစ်သားရဲဆယ်ကောင်ထဲက အချို့ဆိုရင် ငါတို့ကမ္ဘာကနေမဟုတ်ဘဲ တခြားကမ္ဘာကလာတယ်ဆိုတဲ့ ဒဏ္ဍာရီတွေတောင် ရှိတယ်။ မင်းရဲ့ နဝမနဂါးကလည်း ထိပ်တန်း စစ်သားရဲ ဆယ်ကောင်ထဲက နဝမနဂါးပဲ"
"သူတို့က သူတော်စင်တွေကို အလွယ်တကူ သတ်နိုင်တာလား"
လုမင် တိတ်တဆိတ် ထိတ်လန့်သွားမိသည်။
အခြားကမ္ဘာမှ လာသူများ...
လုမင်၏ စိတ်ထဲတွင် ကောင်းကင်ကမ္ဘာအကြောင်းကို တွေးလိုက်မိ၏။
တန်တန်သည် ကောင်းကင်ဘုံဂိတ်မှ ထွက်လာသောကြောင့် လုမင်သည် ကောင်းကင်ဘုံဂိတ်၏ အခြားတစ်ဖက်က ကောင်းကင်ကမ္ဘာဖြစ်မည်ဟု တွေးခဲ့မိသည်။
"ကိုင်း၊ ထပ်ထည့်ဖို့ လိုတဲ့ ကမ္ပည်းတွေကို ငါပြပေးထားတယ်။ ကောင်လေး၊ ငါရေးထားတဲ့ လမ်းကြောင်းအတိုင်း ရေးထိုးလိုက်ပါ။ ဝင်္ကပါရဲ့စွမ်းအားက အများကြီး တိုးတက်လာမှာ သေချာတယ်"
တန်တန်က ပျံသန်းလာကာ လုမင်၏ ပုခုံးတစ်ဖက်တွင် ဆင်းသက်လိုက်သည်။
ရှဲ့လွမ်က တန်တန်ကို လေးလေးနက်နက် ကြည့်လိုက်၏။ ထို့နောက်မှာတော့ ဘာမှ မပြောဘဲ ပြေးထွက်သွားကာ တန်တန်ရေးထိုးထားသည့် လမ်းကြောင်းအတိုင်း ကမ္ပည်း ရေးထိုးလိုက်တော့သည်။
"တန်တန်၊ နောင်ကျရင် တခြားသူတွေရှေ့မှာ မင်းကိုယ်မင်း ထိပ်တန်း စစ်သားရဲဆယ်ကောင်ထဲက တစ်ယောက်လို့ မပြောမိစေနဲ့"
လုမင်က အသံပို့လွှတ်ကာ တန်တန်ကို သတိပေးလိုက်သည်။
ရှမ်းဟွမ်တိုက်ကြီးတွင်၊ ထိပ်တန်း စစ်သားရဲဆယ်ကောင်အကြောင်းကို သိသူ သိပ်ပြီးရှိပုံမရပေ။ ပျက်စီးခြင်း ကောင်းကင်ဧကရာဇ် ရှဲ့လွမ်ပင်လျှင် ၎င်းတို့အကြောင်း တိုင်းတပါးတွင်သာ ကြားခဲ့ဖူးသည်။
ကံကောင်းထောက်မစွာ၊ တန်တန်သည် အမြဲလိုလို လေကြီးမိုးကြီး ပြောတတ်၍ မည်သူမျှ ဂရုမစိုက်ပေ။
အနာဂတ်တွင်၊ လုမင်က သိုင်းအုပ်ချုပ်သူအဖြစ်နှင့် တိုင်းတစ်ပါးသို့ ခရီးထွက်နေချိန်မှာ တန်တန်မှ ပါးစပ်ဖွာနေသေးပါက အခြားသူများ၏ ပစ်မှတ်ထားခံရနိုင်သည်။
ရှဲ့လွမ်၏ အဆိုအရ ထိပ်တန်းစစ်သားရဲဆယ်ကောင်သည် သူတော်စင်များကို အလွယ်တကူ သတ်နိုင်သော သတ္တဝါများဖြစ်သည်။ သူတို့ တစ်ဦးစီက ထိပ်တန်း ရတနာများ ဖြစ်၏။ ၎င်းတို့အကြောင်းကိုသာ အခြားသူများ သိကုန်ပါက မည်ကဲ့သို့သော သွေးဆောင်မှုနှင့် တပ်မက်မှုများ ဖြစ်နိုင်ပါမည်နည်း။
"ကောင်းပြီ၊ ငါ စကားနည်းနည်း ထိန်းပြောမယ်"
တန်တန်လည်း ဤအချက်ကိုတော့ သတိထားရသည်။
ရှဲ့လွမ်က ဝင်္ကပါကို တစ်နေကုန် ရေးထိုးနေခဲ့သည်။ ထိုအချိန်တွင်း၌ တန်တန်သည် မလုံလောက်မှုများရှိပါက ထောက်ပြခဲ့၏။ ရှဲ့လွမ်ကလည်း သူပြောသည့်အတိုင်း လုပ်ဆောင်ကာ မပယ်ရှားခဲ့ပေ။
တစ်ရက်အကြာတွင် ဝင်္ကပါ ပြီးစီးခဲ့သည်။
ထို့နောက်မှာတော့ လူများကို ဆွဲဆောင်ဖို့ရန် အချိန်တန်ပြီ။ သို့သော်လည်း၊ ပထမဦးစွာ ၎င်းတို့က အဓိပဓိများ ရှိ၊မရှိကို စစ်ဆေးကြရမည် ဖြစ်သည်။ အဓိပဓိများကို ဆွဲဆောင်မိပါက၊ အခြားသူများကို သတ်ရန်နေနေသာသာ၊ ကိုယ်ကိုယ်တိုင်ပင် အန္တရာယ် ရှိလိမ့်မည်။
လုမင်က ရုပ်ဖျက်ကာ ဧရိယာအနှံ့ လှည့်လည်ပြီး အဓိပဓိများရှိမရှိ စူးစမ်းခဲ့သည်။
သိုင်းအုပ်ချုပ်သူများမရှိကြောင်း အတည်ပြုပြီးနောက် လုမင်သည် ဝင်္ကပါရေးထိုးထားသည့်နေရာသို့ ပြန်လာပြီး ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
မကြာမီတွင်၊ တံဆိပ်တော်တံခါးက စွမ်းအင်များ ကုန်ဆုံးသွား၍ ထျန်းကျိရတနာ အရိပ်အယောင်များ ပေါ်လာပြန်သည်။
ဤအခိုက်တွင်၊ မိုင်တစ်သန်းအတွင်းမှ အစီရင်ချပ်ပြားရှိသူတိုင်း တစ်ပြိုင်နက်တည်း တုံ့ပြန်ခဲ့၏။
၎င်းတို့၏ အစီရင်ချပ်ပြား၌ အလင်းအစက်များ ပေါ်လာပြန်တော့သည်။
"လုမင်၊ လုမင် ပေါ်လာပြီ"
"သေစမ်း၊ သူက ခဏခဏ ပေါ်လာပြီး ပြန်ပြန်ပျောက်သွားတယ်။ အခုလည်း သူ ထပ်လုပ်ပြန်ပြီ"
"သူက ငါတို့နဲ့ လာကစားနေတာလား။ ငါ သူ့ကို ဖမ်းမိလို့ကတော့ အရှင်လတ်လတ် အရေခွံဆုပ်ပစ်မယ်"
ထိုကျွမ်းကျင်သူများအားလုံး ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်ကြသည်။
သို့သော်လည်း သူတို့က အစီရင်ချပ်ပြားတွင် ပြသထားသည့် ဦးတည်ရာဆီသို့ အပြေးအလွှား သွားနေကြဆဲပင်။
"အဲ၊ ဒီတစ်ခါတော့ လုမင် ပျောက်မသွားဘူး။ ချပ်ပြားမျာ အချက်ပြနေတုန်းပဲ"
"အရင်ကအတိုင်းဆိုရင် ခဏလေးအတွင်းမှာ ပျောက်ကွယ်သွားလိမ့်မယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ မပျောက်သေးဘူး"
"လုမင်က ထျန်းကျိရတနာစက်ကွင်းကို ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခုခု အသုံးပြုခဲ့တာ ဖြစ်မယ်။ အခုတော့ သူ အဲဒါကို ထပ်ပြီးဖုံးကွယ်လို့ မရတော့ဘူး"
လူအများ၏ မျက်လုံးများက တောက်ပလာကာ အချက်ပြနေသော ဦးတည်ရာကို အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားတော့သည်။