အခန်း ၁၁၅၆
Vol. 78 Ch. 1156
အပိုင်း ( 1156 ) အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်။
လုမင်က ချောက်အထက် လေထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ ဦးခေါင်းထက်တွင်မူ၊ ထျန်းကျိရတနာစက်ကွင်းက တဖြည်းဖြည်းလည်ပတ်ပြီး လျှို့ဝှက်ဆန်းကြယ်သော လှိုင်းလုံးများကို ထုတ်လွှတ်နေခဲ့၏။
ရှဲ့လွမ်လည်း လုမင်၏အနားတွင် ရှိနေခဲ့လေသည်။
"အချိန်တန်ပြီ"
ရှဲ့လွမ်က ရုတ်တရက် ပြောလိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သောအခါ နတ်ဘုရားတံခါး တံဆိပ်များ ထွက်ပေါ်လာခဲ့၏။ တံဆိပ်တော်တံခါးလေးခုက ထျန်းကျိရတနာစက်ကွင်း၏ ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာကာ တောက်ပသောအလင်းများ ထုတ်ဖော်ပြီး ပိတ်လှောင်လိုက်တော့သည်။ ထို့နောက်တွင် သူတို့နှစ်ဦးက ချောက်ထဲသို့ ပြေးဆင်းသွားကာ လှံရှည်ဖြင့် မြေအောက် မိုင်ဒါဇင်ချီအထိ တူးဆင်းသွားခဲ့သည်။ ယင်းနောက် ပတ်ဝန်းကျင်ကို ဝိညာဉ်အသိ ဖြန့်ကျက်ထားလိုက်သည်။
"ဝှစ် ဝှစ် ဝှစ်"
မကြာမီ ချောက်ကြီးတစ်ဝိုင်တွင် အားကောင်းသော အရှိန်အဝါများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
အားအနည်းဆုံးက အဆင့်ခြောက် ဝိညာဉ်နတ်ဘုရားများဖြစ်ပြီး အသန်မာဆုံးကတော့ မြေပြင် အက်ကွဲစေနိုင်သည့် အရှိန်အဝါများ ရှိသည်။ ၎င်းတို့အားလုံးက ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ချေသည်။
သူတို့အားလုံး၏ ဝတ်ပုံစားပုံများကတော့ မတူကြပါ။ အချို့က အဖြူရောင်ဝတ်စုံနှင့် ဓားများ လွယ်ပိုးထားသည့် ထျန်းဝူဓားဂိုဏ်းသားများ ဖြစ်သည်။ တချို့ကတော့ သွေးအေးနန်းတော်မှဖြစ်ကာ အနီရောင်ဝတ်စုံများအား ဝတ်ဆင်ထားကြ၏။
လုမင်က ဝိညာဉ်အသိဖြင့် စူးစမ်းကြည့်သောအခါ ကျွမ်းကျင်သူအများစုြ ထျန်းဝူဓားဂိုဏ်း၊ သွေးအေးနန်းတော်နှင့် တော်ဝင် ရှဲ့မိသားစုတို့မှဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
"ဘာတွေဖြစ်နေတာလဲ။ ထျန်းကျိရတနာရဲ့ ဆွဲအားက ဘာဖြစ်လို့ ထပ်ပြီး ပျောက်ကွယ်သွားတာလဲ။ ထျန်းကျိရတနာက အသုံးမဝင်တော့တာများလား"
"သေစမ်း၊ အစီရင်ချပ်ပြားကတော့ ဒီအနီးနားမှာရှိတယ်လို့ ပြသခဲ့တာပဲ။ အခုမှ ဘာဖြစ်လို့ ပြန်ပျောက်သွားတာလဲ မသိဘူး"
"လုမင် ဒီအနီးတစ်ဝိုက်မှာပဲ ရှိရမယ်။ သူ တစ်နေရာရာမှာ ပုန်းနေတာပဲ ဖြစ်မှာ။ ဒီနေရာကို နှံ့နှံ့စပ်စပ် ရှာကြည့်ရအောင်။ သူ ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲ ကြည့်ရသေးတာပေါ့"
ကျွမ်းကျင်သူများက တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။
'ကျွမ်းကျင်သူတွေ အများကြီးရှိတာပဲ။ သူတို့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရတနာတွေ ဘယ်လောက်တောင် ရှိနေမလဲ'
လုမင်၏ မျက်လုံးများက တောက်ပသောအလင်းများ လင်းလက်လာခဲ့သည်။
ရှဲ့လွမ်က သူ၏ ဝိညာဉ်အသိကို ဖြန့်ကျက်ကာ ဂရုတစိုက် စူးစမ်းလိုက်၏။
"ပြီးပြည့်စုံတဲ့ ဝိညာဉ်နတ်ဘုရားလေးပါး၊ အဆင့်ကိုး ဝိညာဉ်နတ်ဘုရား ကိုးပါး၊ အဓိပဓိတော့ တစ်ဦးမှ မရှိဘူး။ လုံလောက်တယ်၊ ဒီဖြည့်စွတ်စာတွေကို ရယူပြီးရင် အဓိပဓိကို တိုက်ခိုက်နိုင်မယ်လို့ ငါယုံကြည်မှုရှိတယ်"
ရှဲ့လွမ်၏ မျက်လုံးများက အေးစက်လာကာ တီးတိုး ပြောလိုက်သည်။
"လုမင်၊ ငါ အခု တံဆိပ်ကို နည်းနည်းဖြေလျော့လိုက်မယ်"
ရှဲ့လွမ် ပြောလိုက်သည်။
လုမင် ခေါင်းညိတ်လိုက်၏။
ထို့နောက်တွင် ရှဲ့လွမ်က တံဆိပ်တော်တံခါးကို အနည်းငယ် ဖြေလျော့လိုက်တော့သည်။
"ဝမ်"
ချက်ချင်းပင်၊ ထျန်းကျိရတနာ၏ ဆွဲငင်အားက တုန်ခါလာခဲ့သည်။
ဤအခိုက်တွင် ချောက်ကြီးအနီးမှ ပညာရှင်များ၏ လက်ထဲရှိ အစီရင်ချပ်ပြားများက လှုပ်ရှားသွားခဲ့သည်။ အားလုံးက ချောက်ကြီးဆီကို ဦးတည်ပြသနေတော့သည်။
"သူပေါ်လာပြီ၊ လုမင် ပေါ်လာပြီ။ သူက အဲဒီချောက်ထဲမှာပဲ"
"သူဟာ ထျန်းကျိရတနာရဲ့ အတက်အကျတွေကို လျှို့ဝှက်နည်းလမ်းနဲ့ ဖုံးကွယ်ပြီး ချောက်ထဲမှာ ပုန်းနေတာပဲ ဖြစ်ရမယ်။ အခုတော့ သူ ပုန်းမရဘဲ ပေါ်လာပြီ"
"သတ်၊ လုမင်က ငါ့အတွက်ပဲ"
"သူက ငါ့ဟာ"
ကျွမ်းကျင်သူများက ဟိန်းဟောက်ပြီး အစွမ်းထက် အရှိန်အဝါများကို ထုတ်ဖော်လိုက်ကြသည်။ ချောက်ကြီးဆီသို့ ဦးတည်ရင်း ၎င်းတို့မျက်လုံးများ နီရဲလာကြ၏။
လုမင်ကို သတ်နိုင်ပါက ကပ်ဘေးဒုက္ခ ကျော်ဖြတ်ခြင်း ကောင်းကင်ရတနာကို ရရှိနိုင်မည် ဖြစ်သည်။ ဤသွေးဆောင်မှုက ကြီးမားလွန်းပေသည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ခြောက်နှင့် အထက် ဒါဇင်အနည်းငယ်ခန့်က ချောက်ထဲသို့ ပြေးဆင်းသွားကြသည်။ တစ်ချိန်တည်းမှာပင် လုမင်ကို မြေပြင်ပေါ်သို့ ဆွဲထုတ်လိုဟန်ဖြင့် တိုက်ခိုက်မှုများကို ဆက်တိုက် ထုတ်ဖော်လိုက်သည်။
"မင်းတို့အားလုံး သေရမယ်"
ရှဲ့လွမ်၏ မျက်လုံးများက အေးစက်သွားကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ချောက်ထဲတွင် မရေမတွက်နိုင်သော ကမ္ပည်းစာများ တဖျပ်ဖျပ်ဖျပ်ခတ်ပြီး သတ်ဖြတ်ခြင်းဝင်္ကပါ ထွက်ပေါ်လာခဲ့၏။ ကြောက်စရောင်းသည့် သတ်ဖြတ်ချင်စိတ်များကလည်း တဟုန်ထိုး ပျံ့လွင့်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းများ ထွက်ပေါ်လာက ထိုကျွမ်းကျင်သူများ၏ တိုက်ခိုက်ခြင်းကို ဖျက်ဆီးပစ်လိုက်သည်။ ကြီးကျယ်ခမ်းနားသော ဝင်္ကပါကြီးမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များမှာ လူတိုင်းကို ခေါင်းစခြေဆုံး အေးခဲသွားစေခဲ့၏။ သူတို့၏ ဝိညာဉ်များပင် တုန်လှုပ်သွားကြသည်။
"သေစမ်း၊ ဒါက သတ်ဖြတ်ခြင်းဝင်္ကပါကွ၊ ငါတို့ လှည့်စားခံခဲ့ရပြီ"
"ဆုတ်၊ ဆုတ်၊ ဆုတ်ကြ"
ကျွမ်းကျင်သူများအားလုံး အပြင်ဘက်ကို အသည်းအသန် ပြေးထွက်လိုက်ကြသည်။
သို့သော်၊ လွန်စွာ နောက်ကျသွားပြီ။
"ဝုန်း ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းများက သာမန်မျက်စိဖြင့် မြင်နိုင်သောအမြန်နှုန်းထက် ကျော်လွန်သော အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ကိုးနှင့် အောက်မှ ကျွမ်းကျင်သူများ ချက်ချင်းပိုင်းဖြတ်ခံရကာ သွေးများ ဖြာရဲသွား၏။
အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ် ကျွမ်းကျင်သူကိုးဦးဖြစ်လျှင်ပင် အနည်းငယ်မျှ မခုခံနိုင်ဘဲ တစ်ဦးပြီးတစ်ဦး ပိုင်းဖြတ်ခံလိုက်ရသည်။
နောက်ဆုံးတွင်၊ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူလေးဦးသာ ကျန်တော့သည်။
"အတူတူ ပူးပေါင်းပြီး ထိုးဖောက်ကြရအောင်"
"ငါတို့ အလှည့်စားခံရတာ၊ လုမင်မှာ ကျွမ်းကျင်သူတွေရဲ့ အကူအညီ ရှိတယ်။ ငါတို့ လှည့်စားခံခဲ့ရပြီပဲ။ တော်ဝင်မိသားစုက ငါတို့ကို လှည့်စားခဲ့တယ်"
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူလေးယောက်က ဒေါသတကြီး အော်ဟစ်ပြီး ပူးပေါင်းကာ ခုခံရန် ကြိုးစားလိုက်ကြသည်။
သို့ရာတွင်၊ ဤဝင်္ကပါက တန်တန်ကိုယ်တိုင် ကူညီပေးထားခြင်းဖြစ်ပြီး အလွန်အစွမ်းထက်သည်။ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူလေးဦးက အစွမ်းကုန်ကြိုးစားခဲ့ကြသော်လည်း စိတ်ပျက်ဖွယ်ကောင်းအောင် လုံး၀ မချေဖျက်နိုင်ခဲ့ကြောင်း သိခဲ့ရ၏။
သူတို့လေးယောက်၏ ခုခံမှုများက အားကောင်းသော ဓားအလင်းများအောက်တွင် ကြာရှည်မခံနိုင်ခဲ့ပေ။ ထောင်ချီသော ဓားအလင်းများအောက်တွင် ၎င်းတို့၏ နှလုံးသားများ ထိုးဖောက်ခံရပြီး သေဆုံးသွားခဲ့ကြရသည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ခြောက်နှင့် အထက် ကျွမ်းကျင်သူ ဒါဇင်ချီကာ သေဆုံးခဲ့ရသည်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားသခင်နယ်ပယ် ကျွမ်းကျင်သူများလည်း သေဆုံးခဲ့ရ၏။ ယင်းက အင်အားစုများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင်။
ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသည် အဓိပဓိများအနောက်တွင် ဒုတိယ ဖြစ်သည်။ အင်အားစုကြီးတစ်ခုမှာပင် ထိုအဆင့် ကျွမ်းကျင်သူက အများကြီးမရှိပေ။ ထိုအတွက် ဤသေဆုံးမှာဟာ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သည်။
"ဒုန်း"
လုမင်က ခြေတစ်ချက်ဆောင့်ကာ မြေပေါ်သို့ ထိုးတက်သွားခဲ့သည်။
အပြင်ရောက်သည်နှင့် ရှဲ့လွမ်က နတ်ဆိုးစွမ်းအင်များနှင့် ကျွမ်းကျင်သူ အလောင်းအားလုံးကို ဖုံးလွှမ်းလိုက်၏။
"ဆရာကြီး၊ ကျွန်တော်အတွက် နည်းနည်းချန်ထားပေးပါဦး"
လုမင် အော်လိုက်သည်။ အထူးသဖြင့် မြေတာအိုကို လေ့ကျင့်သော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို တွေ့ရခြင်းက သူ့ကို မနေနိုင်ဖြစ်စေခဲ့ပေသည်။
လုမင်က မြေတာအိုလေ့ကျင့်သော ကျွမ်းကျင်သူ အနည်းငယ်ဆီသို့ ဦးတည်သွားခဲ့သည်။
ရှဲ့လွမ်လည်း လုမင်အတွက် အကျိုးအမြတ်တချို့ ရရှိစေရန် မငြင်းပယ်ခဲ့ပေ။ သူက လုမင်ဆန္ဒရှိသော လူတချို့ကို ချန်ထားကာ အခြားအလောင်းများကို နတ်ဆိုးစွမ်းအင်နှင့် လွှမ်းခြုံပြီး ဝါးမျိုလိုက်သည်။
လုမင်က နဝမနဂါးသွေးမျိုးဆက်ကို ထိန်းချုပ်ကာ ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ရှစ် ကျွမ်းကျင်သူတစ်ဦးကို ဦးတည်လိုက်၏။ ဝါးမျိုခြင်းစွမ်းအားက ထိုကျွမ်းကျင်သူ၏ ယွမ်ချီစွမ်းအင်၊ သွေးအနှစ်သာရနှင့် တာအိုများကို ဝါးမျိုလိုက်တော့သည်။
ထို့နောက်၊ လုမင်သည် အခြား ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအင်အားလုံးကို ထပ်မံ ဝါးမျိုခဲ့သည်။
လုမင်က ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ရှစ်မှ ကျွမ်းကျင်သူ သုံးဦးကို ဝါးမြိုခဲ့သည်။ သူတို့အားလုံးက မြေတာအိုကို နားလည်သူများ ဖြစ်ကြ၏။
ကျွမ်းကျင်သူသုံးဦးကို မျိုချပြီးနောက်မှာတော့ နဝမနဂါး သွေးမျိုးဆက်က ဖောင်းကားလာကာ အကန့်အသတ်မဲ့ စွမ်းအင်များဖြင့် ပြည့်နှက်နေတော့သည်။
ရှဲ့လွမ်က ထိုကျွမ်းကျင်သူများ၏ သိုလှောင်လက်စွပ်များကိုတော့ မယူပါ။၎င်းတို့အားလုံးက လုမင်ဆီကို လွင့်မျောရောက်လာခဲ့ကြသည်။
လုမင်၏ နှလုံးသားလည်း ပြင်းပြစွာဖြင့် ပူလောင်သွားလေသည်။ ဤမျှများပြားသော အဆင့်မြင့် ကျွမ်းကျင်သူများတွင် မည်မျှ ချမ်းသာကြမည်နည်း။
"လုမင်၊ သွားကြရအောင်။ ဒီနေရာကနေ အရင်ထွက်သွားမယ်"
ရှဲ့လွမ်က နတ်ဆိုးစွမ်းအင်များနှင့် လုမင်ကို ရစ်ပတ်ကာ အခြားတစ်နေရာသို့ ခုန်ထွက်သွားခဲ့သည်။
ဤနေရာမှ ဖရိုဖရဲအခြေအနေကြောင့် မကြာမီတွင် အခြားသူများ ရောက်ရှိလာလိမ့်မည်။ ၎င်းက အားကောင်းသည့် ကျွမ်းကျင်သူများကိုပင် ဆွဲဆောင်နိုင်မည်ဟု သူယုံကြည်သည်။
ရှဲ့လွမ်က လုမင်ကိုခေါ်ကာ မိုင်ထောင်ချီခရီးကို တခဏချင်း ပျံသန်းခဲ့သည်။ မကြာခင်မှာ မိုင်ပေါင်း သန်းချီပြီး ပျံသန်းခဲ့ကြ၏။ လုမင်က ဧရာမတောင်ကြီးတစ်လုံး၏ အတွင်းပိုင်းကို ဖောက်ဝင်ကာ တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ ဝင်လိုက်သည်။ ထို့နောက်မှာတော့ တင်ပျဉ်ခွေထိုင်ကာ သူဝါးမျိုလာသော စွမ်းအင်များကို စတင်သန့်စင်လိုက်တော့သည်။
အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသုံးဦး၏ စွမ်းအင်များက အကန့်အသတ်မဲ့ ကြီးမားလွန်းလှသည်။ ၎င်းတို့က ယွမ်ချီစွမ်းအင်အဖြစ် လျင်မြန်စွာ ပြောင်းလဲခဲ့၏။ လုမင်၏ ကျင့်ကြံခြင်းအခြေခံက လျင်မြန်စွာ မြင့်မားလာတော့သည်။
အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်၊ အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့်...
လုမင်က တာအိုကိုလည်း အဆက်မပြတ် သန့်စင်ခဲ့သည်။ မကြာမီတွင်၊ လုမင်၏ မြေတာအိုက တစ်ဆို့နေခြင်းကို ကျော်ဖြတ်ကာ အဆင့်လေး သေးငယ်သော အောင်မြင်ခြင်းအဆင့်ကို ရောက်ရှိသွား၏။ ၎င်းက တဖြည်းဖြည်းချင်း ဆက်လက်တိုးနေသေးသည်။
ထို့အပြင်၊ ကျွမ်းကျင်သူတချို့က မီးတာအိုကို နားလည်သဘောပေါက်ကြသည်။ ဤသည်က လုမင်၏ မီးတာအိုကို အနည်းငယ် တိုးတက်လာစေခဲ့ပေသည်။
ကျွမ်းကျင်သူသုံးဦး၏ သွေးအနှစ်သာရများကိုတော့ လုမင်ဟာ ငရဲဖိနှိပ်ကျောက်စာချပ်ကို အဆင့်မြှင့်တင်ရန် အားလုံး အသုံးပြုခဲ့သည်။
များမကြာမီတွင် အဋ္ဌမမြောက် ရွှေရောင်ချက္ကရ ငရဲဖိနှိပ်ကျောက်စာချပ်တွင် ပေါ်လာသည်။ ၎င်းက အစပိုင်းတွင် အနည်းငယ်မှိန်ဖျော့သော်လည်း တဖြည်းဖြည်း တောက်ပလာခဲ့၏။
နာရီအနည်းငယ် ကြာမြင့်ခဲ့ပြီးနောက်မှာတော့ လုမင်က အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသုံးဦး၏ စွမ်းအင်အားလုံးကို သန့်စင်ပြီးမြောက်ခဲ့တော့သည်။
လုမင်၏ ခန္ဓာကိုယ်မှ အစွမ်းထက် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ၎င်းက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီး အားကောင်းခဲ့ပေသည်။
အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ်။