အခန်း ၁၁၅၇
Vol. 78 Ch. 1157
အပိုင်း ( 1157 ) ထျန်းဝူဓားဂိုဏ်းခွဲကို ဖျက်ဆီးမယ်။
မြေတာအို အဆင့်တက်ပြီးနောက် လုမင်၏ တာအိုငါးခုစလုံးက အဆင့်လေး သေးငယ်သော အောင်မြင်ခြင်းအဆင့်ကို ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် သူဝါးမျိုခဲ့သော ပမာဏကြီးမားသည့် စွမ်းအင်များ၏ အထောက်အပံ့ဖြင့် အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်နိုင်ခဲ့ပေသည်။
လုမင်၏ ခွန်အားက သိသိသာသာ တိုးတက်လာခဲ့သည်။
လုမင်က နဝမနဂါးသွေးမျိုးဆက်ကို ရုတ်သိမ်းကာ မျက်လုံးဖွင့်လိုက်သည်။ ထိုအခါ အံ့အားသင့်နေသော မျက်လုံးများနှင့် အဝေးမှ ရှဲ့လွမ်ကို မြင်လိုက်ရ၏။
"နဝမနဂါးသွေးမျိုးဆက်က တကယ်ကို ဆန်းကျယ်ပြီး ကောင်း ကောင်းကင်ကိုတောင် ဆန့်ကျင်နေတာပဲ"
ရှဲ့လွမ် သက်ပြင်းချလိုက်တယ်။
ယခုအချိန်တွင် ကျွမ်းကျင်သူများကို ဖြည့်စွတ်စာအဖြစ် ဝါးမျိုပြီး သူ၏ခွန်အားကို မြှင့်တင်နိုင်ခြင်းမှာ သူ၏ခွန်အားက အလွန်မြင့်မားနေခဲ့ပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရခြင်းက သူ့ကို အလွန်တရာ အားနည်းသွားစေခဲ့ပေသည်။ ထိုအတွက် ကျွမ်းကျင်သူများ၏ အသွေးအသားများဖြင့် ပြန်လည် အင်အားဖြည့်ခဲ့ရသည်။
ဤသည်က သူ့ခွန်အားကို ပြန်လည်ပြည့်ဝစေသော်လည်း အဆင့်သစ်တစ်ခုသို့ ချိုးဖြတ်သွားသည့် လုမင်နှင့် နှိုင်းယှဉ်မရပေ။
"ဆရာကြီး၊ ခင်ဗျားရဲ့ခွန်အား ဘယ်လောက်ထိ ပြန်ကောင်းလာပြီလဲ"
လုမင်က စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်သည်။
"ငါ့ရဲ့ လက်ရှိခွန်အားနဲ့၊ အဓိပဓိကို တိုက်ခိုက်ဖို့က ပြဿနာမဖြစ်သင့်ဘူး"
ရှဲ့လွမ်က ပြောလိုက်သည်။
"အဓိပဓိကို တိုက်ခိုက်နိုင်တာလား"
လုမင်မျက်လုံးများက အရောင်လက်သွား၏။
ရှဲ့လွမ် ပို၍ အားကောင်းလေလေ၊ သူ့အတွက် ပိုကောင်းလေပင်။
"ဆရာကြီး၊ ခင်ဗျား ကြီးကြီးမားမား လုပ်ချင်သေးလား"
လုမင်က စိတ်လှုပ်ရှားသော မျက်လုံးများနှင့် ပြောလိုက်သည်။
အုပ်စိုးရှင်အင်အားစုများမှ ကျွမ်းကျင်သူများက သူ့ကို သတ်ချင်ပါသလော။ သို့ဆိုလျှင် သူတို့ကို ပြန်သတ်မည်။ အရေးကြီးဆုံးအချက်မှာ ရှဲ့လွမ်က ၎င်းတို့၏ သိုလှောင်လက်စွပ်များကို ဂရုမစိုက်ဘဲ လုမင်အတွက် ထားခဲ့ခြင်း ဖြစ်သည်။
လုမင်က သိုလှောင်လက်စွပ်များကို မစစ်ဆေးရသေးသော်လည်း အားလုံးက အဆင့်ခြောက်အထက် ဝိညာဉ်နတ်ဘုရားများထံမှ ဖြစ်သည်။ အတွင်းမှာရှိနေမည့် ကြွယ်ဝခြင်းက အံ့ဖွယ်ကောင်းမည်မှာ သေချာလှပေသည်။ ထိုအတွေးများက လုမင်၏ နှလုံးသားကို ပူလောင်စေခဲ့သည်။
"ဟားဟားဟား၊ မင်းရဲ့ အတွေးတွေက ငါ့နဲ့ တိုက်ဆိုင်နေတာပဲ။ ငါလည်း ကြီးကြီးမားမား လုပ်ချင်နေတာ"
ရှဲ့လွမ်က မာနကြီးစွာဖြင့် အားပါးတရ ရယ်မောလိုက်သည်။
"ဆရာကြီ၊ နောက်တစ်ကြိမ် ဝင်္ကပါနဲ့ ရန်သူကို သတ်မယ်ဆိုရင်တော့ ခက်ခဲမှာကို ကြောက်ရတယ်။ အခြားသူတွေက အရင် တိုက်ပွဲရဲ့ ခြေရာလက်ရာတွေကိုကြည့်တာနဲ့ သေချာပေါက် သတိထားတော့မှာပဲလေ။ ဒါကြောင့် နောက်တစ်ကြိမ် ထပ်လုပ်ဖို့ ခက်လိမ့်မယ်"
လုမင်က မျက်မှောင်ကုတ်ကာ စဉ်းစားရင်း ပြောသည်။
"ကိစ္စမရှိပါဘူး။ နည်းလမ်းပြောင်းကြတာပေါ့။ ဒီအနီးအနားမှာ ထျန်းဝူဓားဂိုဏ်းရဲ့ ဂိုဏ်းခွဲတွေ ရှိတယ်မဟုတ်လား။ အဲဒီဂိုဏ်းခွဲတွေကို တိုက်ရိုက် ဖျက်ဆီးမယ်။ နောက်ပြီးတော့ အဲဒီဂိုဏ်းခွဲမှာ ငါလိုအပ်တဲ့အရာတစ်ခုကို ခံစားနေရတယ်"
ရှဲ့လွမ်က မျှော်လင့်နေသော မျက်လုံးများနှင့် ပြောလိုက်သည်။
"ထျန်းဝူဓားဂိုဏ်းရဲ့ ဂိုဏ်းခွဲကို တိုက်ခိုက်မှာလား။ အဲဒီမှာ အဓိပဓိရှိနေနိုင်တယ်"
လုမင်က လေးလေးနက်နက် ပြောလိုက်၏။ ရှဲ့လွမ်က အဓိပဓိကို တိုက်ခိုက်နိုင်သော်လည်း ထျန်းဝူဓားဂိုဏ်း၏ ဂိုဏ်းခွဲက ပထဝီဝင် အားသာချက် ရှိသည်။ သူ့ကိုသတ်လိုပါက ဤမျှ မလွယ်ကူနိုင်ပေ။ အကယ်၍ တစ်ခုခု ချွတ်ချော်သွားလျှင် အသက်အန္တရာယ်ရှိနိုင်သည်။
"ငါ့ရဲ့ ခွန်အားသာ နည်းနည်းပိုသန်မာရင် ငါသေချာတယ်။ နောက်ပြီးတော့ အဲဒီဌာနမှာ ငါ့အတွက် အရမ်းအရေးကြီးတဲ့အရာတစ်ခုရှိတယ်လေ။ ငါရနိုင်ရင် ငါ့ရဲ့ခွန်အားက မြန်မြန်ပြန်ကောင်းလာမှာ။ အဲဒီအခါကျရငါ ငါ ဖုံးကွယ်နေစရာ မလိုတော့ဘူး"
ရှဲ့လွမ်က မျက်မှောင်ကြုတ်နေရင်းမှ ပြောလိုက်သည်။
လုမင် ခဏစဉ်းစားလိုက်၏။ သူက လက်ဝါးဖြန့်လိုက်သောအခါ အနီရောင်မျှော်စင်လေးတစ်ခု ရုတ်တရက် ပေါ်လာတော့သည်။
"ဧကရာဇ်ဝိညာဉ်လက်နက်"
ဤမျှော်စင်လေးကိုမြင်တော့ ရှဲ့လွမ်၏ မျက်လုံးများက တောက်ပသော အလင်းရောင်များ ပြည့်နှက်သွားသည်။
"ဆရာကြီး၊ ကျွန်တော် ခင်ဗျားကို ဒီဧကရာဇ်လက်နက် ငှားပေးမယ်ဆိုရင် ယုံကြည်မှုရှိနိုင်မလား"
လုမင် မေးလိုက်သည်။
"သေချာတာပေါ့၊ ဒီဧကရာဇ်အဆင့် ဝိညာဉ်လက်နက်က ငါ့ရဲ့စွမ်းရည်နဲ့ မကိုက်ညီလို့ သူ့ရဲ့အင်အားအပြည့်ကို မပြသနိုင်ပေမဲ့ ဒါက ဧကရာဇ်လက်နက်ဖြစ်နေတုန်းပါပဲ။ ဒါက ငါ့ရဲ့ခွန်အားကို ကြီးကြီးမားမား တိုးတက်လာစေဖို့ လုံလောက်တယ်။ ဒီအတိုင်းဆိုရင် ငါ ယုံကြည်မှုရှိသွားခဲ့ပါပြီ"
ရှဲ့လွမ်က အခိုင်အမာ ပြောလိုက်သည်။
"ကောင်းပြီ၊ ကျွန်တော် ငှားပေးမယ်"
လုမင်က သူ့လက်ကို ဝှေ့ယမ်းကာ မျှော်စင်လေးကို ရှဲ့လွမ်ဆီသို့ ပို့လွှတ်လိုက်သည်။
ဤအချိန်မျိုးတွင် တုံ့ဆိုင်းနေသေးပါက အခက်အခဲများသာ တိုးလိမ့်မည်။
ထို့ပြင်၊ ယခုအခါမှာ ရှဲ့လွမ်က သူနှင့် ခေတ္တတွဲနေသောကြောင့် သူ၏လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ သူဟာ ၎င်းတို့ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြီး သူ့အတွက် အကျိုးများရရှိရန် ရှဲ့လွမ်၏ ခွန်အားကိုသာ အသုံးပြုနိုင်သည်။
"ဟားဟားဟား၊ ကောင်းပြီ။ အခု ကမ္ဘာကြီးကို ဇောက်ထိုးလှန်လိုက်ကြရအောင်"
ရှဲ့လွမ်က ရယ်မောပြီး မျှော်စင်လေးကို ထိန်းချုပ်လိုက်သည်။ ထို့နောက်မှာတော့ လုမင်နှင့်အတူ တောင်နှင့်မြစ်ပန်းချီကားအတွင်းမှ ထွက်ခွာပြီး မြောက်ဘက်ပိုင်းသို့ ပျံသန်းသွားတော့သည်။
မြောက်ဘက်ပိုင်း မိုင်သိန်းချီအကွာမှ စွန့်ပစ်တောင်ပေါ်တွင် ထျန်းဝူဓားဂိုဏ်းခွဲတစ်ခု ရှိနေသည်။
ဤနေရာကို လုမင်နှင့် ရှဲ့လွမ်တို့ ယခင် ဖြတ်သွားစဉ်က သတိပြုမိခဲ့ခြင်း ဖြစ်သည်။
ခဏကြာတော့ သူတို့ရှေ့တွင် ဓားတစ်ချောင်း ပေါ်လာသည်။
တောင်ထိပ်က ကောင်းကင်ကို ထိုးဖောက်သွားသည့် ဓားတစ်လက်ကဲ့သို့ပင်။ အဝေးမှပင် အားကောင်းသော ဓားအငွေ့အသက်များကို ခံစားကြည့်နိုင်သည်။
ရှဲ့လွမ်၏ မျက်လုံးများက အရာအားလုံးကို မြင်နိုင်သကဲ့သို့ နတ်ဆိုးအလင်းများ လင်းလက်လာခဲ့သည်။
"ထျန်းဝူဓားဂိုဏ်းခွဲက တကယ်ကို မရိုးရှင်းဘူး။ သူတို့က 'နတ်ဆိုး'နဲ့ပတ်သက်တဲ့ အရာတစ်ခုခုကို လျှို့ဝှက်ရှာဖွေနေပုံရတယ်"
ရှဲ့လွမ်က ရေရွတ်လိုက်သည်။
လုမင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။ ထျန်းဝူဓားဂိုဏ်းက နတ်ဆိုးနှင့်ပတ်သက်သော အရာတစ်ခုကို အမှန်တကယ် ရှာဖွေနေသည်။ ထို့ကြောင့်ပင်၊ ရှဲ့လွမ်က ဤနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်ချေသည်။
"ဝုန်း"
ရှဲ့လွမ်က လုမင်ကိုခေါ်ကာ ခြေတစ်လှမ်းနှင့် ကောင်းကင်ဓားတောင်ထိပ်အထက်တွင် ပေါ်လာခဲ့သည်။
"ဘယ်သူလဲ၊ ဒီနေရာမှာ ထျန်းဝူဓားဂိုဏ်းခွဲ အလုပ်လုပ်နေတယ်။ အားလုံး ထွက်သွားကြ"
သူတို့ ပေါ်လာသည်နှင့် တပြိုင်နက် ထျန်းဝူဓားဂိုဏ်း၏ ကျွမ်းကျင်သူများက သတိပြုမိသွားသည်။ ၎င်းတို့က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်၏။
"ငါက မင်းတို့ကို သတ်မဲ့သူ"
ရှဲ့လွမ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ့လက်ထဲတွင် အနီရောင် မျှော်စင်ငယ်တစ်ခု ပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာခဲ့၏။ အဆုံးတွင် ၎င်းက ဓားတောင်နှင့် နှိုင်းယှဉ်နိုင်သော ဧရာမ မျှော်စင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းထံမှ တဟုန်းဟုန်း တောက်လောင်နေသော အလင်းလွှာတစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းလွှမ်းသွား၏။ ၎င်းက ကြောက်စရာကောင်သော အပူချိန်ကို ထုတ်လွှတ်နေတော့သည်။
"ဒါက နယ်မြေလား"
လုမင်၏ မျက်လုံးများက တုန်လှုပ်မှုတို့ ပေါ်လာခဲ့သည်။
သိုင်းအုပ်ချုပ်သူဖြစ်သောအခါ တာအိုက နယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ယခုလည်း ဧကရာဇ်လက်နက်တွင် နယ်မြေတစ်ခု ရှိခဲ့၏။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
"မီးနယ်မြေ၊ မကောင်းတော့ဘူး။ ဒါက ဧကရာဇ်ပဲ၊ ဧကရာဇ်က တိုက်ခိုက်လာနေတာ"
"ဝင်္ကပါကို သက်သွင်းကြဟေ့။ ဝင်္ကပါကို အမြန် အသက်သွင်းတော့"
ဧကရာဇ်ဝိညာဉ်လက်နက် ပေါ်လာသည်နှင့် ဓားတောင်ထိပ်တွင် ဖရိုဖရဲ ဖြစ်ပွားခဲ့သည်။ ကြောက်လန့်တကြား အော်သံများလည်း ထွက်ပေါ်လာသည်။
"ဖိနှိပ်"
ရှဲ့လွမ်က သူ့လက်ကို ဝှေ့ယမ်းပြီး ကြွယ်ဝသော စွမ်းအင်များကို အနီရောင်မျှော်စင်လေးထဲသို့ သွန်းလောင်းလိုက်၏။ ထို့နောက်မှာတောါ အနီရောင်မျှော်စင်လေးက တောင်ထိပ်ကိုဖိချလိုက်တော့သည်။
ထိုအချိန်တွင် မရေမတွက်နိုင်သော ကမ္ပည်းစာများက ဓားတောင်ထိပ်တစ်ဝိုက်တွင် ပေါ်လာပြီး ကြီးမားသော ဝင်္ကပါတစ်ခုအဖြစ် ပြောင်းသွားသည်။ ဧရာမ ဓားကြီးတစ်လက်လည်း ထွက်ပေါ်လာကာ အနီမျှော်စင်လေးကို ခုတ်ချလိုက်သည်။
"ဝုန်း"
ဓားအလင်းက မျှော်စင်ကြီးနှင့် ထိပ်တိုက်တွေ့သောအခါ မြေပြင် ပြိုကျသွား၏။ ဧရာမမျှော်စင်ကြီးက အရာအားလုံးကို ဖြိုခွင်းကာ ကောင်းကင်ဓားတောင်ထိပ်ကို အကာအကွယ်ပေးထားသော ဝင်္ကပါဓားကြီးအား ဖြိုခွင်းလိုက်တော့သည်။
အကာအကွယ် ဝင်္ကပါက ပြင်းပြင်းထန်ထန် တုန်ခါကာ ပြိုကျလုနီးပါးဖြစ်သွားသည်။
"ဖိနှိပ်"
ရှဲ့လွမ်က ဟိန်းဟောက်ပြီး မျှော်စင်ကြီးဖြင့် ဆက်လက်ဖိချလိုက်၏။
ဤတစ်ကြိမ်တွင်၊ ကောင်းကင်ဓားတောင်ထိပ်ကို အကာအကွယ်ပေးထားသည့် ဝင်္ကပါ ပြိုကျသွားတော့သည်။
အကာကွယ်ဝင်္ကပါ ပြိုကျသည်နှင့် ဧရာမမျှော်စင်ကြီးက တောင်ထိပ်ကို ဆက်လက်ဖိချလိုက်သည်။ ဓားတောင်ထိပ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါကာ ပေါက်ကွဲသွား၏။
ဤအခိုက်တွင် ဓားတောင်ထိပ်က ကြေကွဲဖွယ်အော်ဟစ်သံများဖြင့် ပြည့်နေတော့သည်။ ထျန်းဝူဓားဂိုဏ်း၏ မရေတွက်နိုင်သော တပည့်များက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကြသည်။
အဆင့်မြင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူအချို့ပင်လျှင် သွေးများ ပါးစပ်အန်ထွက်ကာ သေလုဆဲဆဲ ဖြစ်ကုန်ကြတော့သည်။
"မင်းဘယ်သူလဲ။ ငါ့ထျန်းဝူဓားဂိုဏ်းက မင်းကို အလွတ်မပေးဘူး"
ဓားတောင်အောက်မှ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့သည်။ ဓားအလင်းတစ်ခုကလည်း မိုးနှင့်မြေကို ခွဲခြမ်းတော့မလို ထွက်ပေါ်လာခဲ့၏။
အဓိပဓိ၊ ယင်းက အဓိပဓိပင်။
"မင်းကိုသတ်မဲ့သူ"
ရှဲ့လွမ်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် နတ်ဆိုးစွမ်းအင်များ လွင့်ပျံလာခဲ့သည်။ သူက ဧကရာဇ်လက်နက်ကို ထိန်းချုပ်ထားသည့် နတ်ဆိုးမိစ္ဆာတစ်ပါးကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင် ရှဲ့လွမ်က ရှေ့သို့ ခြေလှမ်းလိုက်သည်။ အဆုံးမဲ့စွမ်းအားများ ပါဝင်နေဟန်ဖြင့် သူ့ကြွက်သားများလည်း ဖောင်းကြွကာ နတ်ဆိုးအလင်းများ ပေါ်လာခဲ့၏။
"ဝုန်း"
သူက လက်သီးချက်ထုတ်ဖော်လိုက်သည်တွင် ဟင်းလင်းပြင်ပါ ပြိုကျသွားတော့သည်။