← Chapters

အခန်း ၁၁၅၈

Vol. 78 Ch. 1158

အခန်း ၁၁၅၈

Vol. 78 Ch. 1158

အပိုင်း ( 1158 ) ဓားဧကရာဇ် ရောက်လာပြီ။

ထျန်းဝူဓားဂိုဏ်း၏ အဓိပဓိက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ ဓားအလင်းက ကြီးမားပြီး အင်အားပြည့်ဝကာ ကောင်းကင်ကို ခွဲထုတ်လိုက်၏။ ၎င်းက ကြောက်စရာကောင်းသော ဓားအလင်းနှင့် ဧရာမ မျှော်စင်ကြီးကို ပိတ်ဆို့လိုက်တော့သည်။ သို့သော်၊ ရှဲ့လွမ်၏ နတ်ဆိုးလက်သီးက တစ်ဖန် ကျရောက်လာပြန်သည်။

အဆုံးမဲ့ ဓားစွမ်းအင်များက ထျန်းဝူဓားဂိုဏ်းခွဲ၏ အဓိပဓိ ပတ်ပတ်လည်တွင် လည်ပတ်နေခဲ့သည်။ နောက်ဆုံးတွင် မရေတွက်နိုင်သော ဓားများအဖြစ်သို့ ပြောင်းလဲသွား၏။ များပြားလှသော ဓားများက ရှဲ့လွမ်ဆီသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

"ဝုန်း"

ရှဲ့လွမ်၏ နတ်ဆိုးလက်သီးက ဓားစွမ်းအင်ကို ထိမှန်သွားခဲ့သည်။ ဓားများက ခဏတာ တုန်ခါသွားပြီးနောက် အကုန် ပြိုကျသွား၏။

ထျန်းဝူဓားဂိုဏ်း၏ အဓိပဓိက သန်မာသော်လည်း၊ ဧကရာဇ်ဝိညာဥ်လက်နက်နှင့် ရှဲ့လွမ်ကို ခုခံကာကွယ်ခဲ့ရသည်။ ယခုအခါ၊ သူ့အတွက် အားနည်းချက်တစ်ခု ရှိနေပြီ။

"ဝိညာဉ်ခန္ဓာ၊ မင်းမှာ ဝိညာဉ်ခန္ဓာရှိတယ်။ မင်းက ဧကရာဇ်တစ်ပါးလား"

ရှဲ့လွမ်က သူ၏ဓားများကို လက်သီးတစ်ချက်ဖြင့် အနိုင်ယူသွားကြောင်း မြင်ရသောအခါ အဓိပဓိ ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်သည်။

"သတ်"

ရှဲ့လွမ်က အော်ဟစ်ပြီး ရှေ့သို့လျှောက်သွားသည်။ သူက အရာအားလုံးကို ချေမှုန်းလိုဟန်ဖြင့် နတ်ဆိုးလက်သီးများကို ထုတ်ဖော်လိုက်၏။

ဧရာမ မျှော်စင်ကြီးကလည်း ကောင်းကင်မှ ကျဆင်းကာ ဆက်လက်ဖိနှိပ်လာတော့သည်။

ထျန်းဝူဓားဂိုဏ်းမှ အဓိပဓိ၏ မျက်လုံးများတွင် ကြောက်ရွံ့ခြင်းများ ပြည့်နှက်သွားခဲ့သည်။ သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲလိုက်၏။

သူ၏ သွေးမျိုးဆက်က ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ အဓိက မျိုးနွယ်ခြောက်ခုနှင့် နှိုင်းယှဉ်နိုင်ကာ နတ်ဘုရားအဆင့်ခြောက် သွေးမျိုးဆက် ဖြစ်သည်။ သွေးမျိုးဆက်ပေါင်းစပ်ခြင်းက သူ၏ တိုက်ခိုက်နိုင်စွမ်းကို အဆင့်တစ်ခု တိုးတက်လာစေသော်လည်း ရှဲ့လွမ်ကို တားဆီးမရပေ။ သူ၏ ဝိညာဉ်ခန္ဓာက အလွန်အားကောင်းသည်။ သူ့ခွန်အားသာ အထွတ်အထိပ်သို့ ရောက်ခဲ့ပါက သိုင်းအုပ်ချုပ်သူများကိုပင် ချေမှုန်းနိုင်သည်။

"ဝုန်း၊ ဝုန်း"

တစ်ချိန်တည်းမှာပင် ဧရာမမျှော်စင်ကြီးက ကျဆင်းလာခဲ့သည်။ မျှော်စင်အတွင်းမှ မီးလျှံများက ထျန်းဝူဓားဂိုဏ်းမှအဓိပဓိ အသွင်ပြောင်းထားသော ဓားကြီးကို ဖုံးလွှမ်းသွား၏။ ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းများက သူ့ကို ဖိနှိပ်သွားခဲ့သည်။

ထျန်းဝူဓားဂိုဏ်းမှ အဓိပဓိက အစွမ်းကုန်ပေးဆပ်ကာ ခုခံခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ သူက အဆက်မပြတ် ဖိနှိပ်ခံရကာ တိုက်ခိုက်နိုင်စွမ်းများ တဖြည်းဖြည်း ပျောက်ဆုံးလာခဲ့ရသည်။

"သွား၊ မြန်မြန်သွားပြီး ဂိုဏ်းချုပ်ကို အကြောင်းကြားကြ"

ထျန်းဝူဓားဂိုဏ်း၏ အဓိပဓိက အော်ဟစ်လိုက်သည်။

အသက်မသေသေးသော အဆင့်မြင့် ဝိညာဉ်နတ်ဘုရားတချို့က ကောင်းကင်ယံတွင် တိုက်ပွဲကို ထိတ်လန့်တကြားဖြင့် ကြည့်နေသည်။ ထျန်းဝူဓားဂိုဏ်းခွဲက အမှန်တကယ်ပင် အားနည်းနေကာ အချိန်မရွေး ရှုံးနိမ့်သွားနိုင်ခဲ့၏။

"သွား"

တစ်စုံတစ်ယောက်က ထျန်းဝူဓားဂိုဏ်း၏ သိုင်းအုပ်ချုပ်သူကို အကြောင်းကြားရန် အရှိန်ပြင်းပြင်းဖြင့် ပျံထွက်သွားခဲ့သည်။

"မင်းတို့ထဲက တစ်ယောက်မှ မလွတ်စေရဘူး"

ရှဲ့လွမ်က လက်သီးချက်များ ထုတ်ဖော်လိုက်သည်။ နတ်ဆိုးစွမ်းအင် လက်သီးများက ဟင်းလင်းပြင်အတွင်းမှ မိုင်ငါးထောင်အကွာကို ခဏချင်း ဖြတ်သွား၏။ ထွက်ပြေးသွားသော ဝိညာဉ်နတ်ဘုရားတချို့ကို လက်သီးများက ချက်ချင်း ဖုံးလွှမ်းသွား၍ အားလုံး သေဆုံးသွားတော့သည်။

"ဒုန်း ဒုန်း"

ထို့နောက် ရှဲ့လွမ်၏ နတ်ဆိုးလက်သီးများက ပြိုင်ဘက်၏ ဓားခန္ဓာကို ဆက်လက် ထိုးနှက်ခဲ့သည်။ အဓိပဓိ၏ ဓားခန္ဓာလည်း အဆက်မပြတ်တုန်ခါသွားပေသည်။

မူလကတည်းက ရှဲ့လွမ်၏ လက်ရှိ တိုက်ခိုက်စွမ်းဟာ သူ၏ပြိုင်ဘက်ထက် မနိမ့်ကျခဲ့ပေ။ ၎င်းကို ဧကရာဇ်လက်နက်က အထောက်အပံ့ပေးထားသောအခါ သူ၏တိုက်ခိုက်နိုင်စွမ်းက ပြိုင်ဘက်ထက် အများကြီး သာလွန်သွားခဲ့သည်။

ဆယ်ချက်ကျော်ကျော်ခန့် ဆက်တိုက် ထိုးကြိတ်ပြီးနောက် ဓားခန္ဓာ ပြိုကျသွား၏။ ပြိုင်ဘက်၏ မူလအသွင် ပြန်ပြောင်းသွားကာ ထိတ်လန့်တကြားဖြင့် ဆုတ်ခွာသွားတော့သည်။

"ဝုန်း"

၎င်းက မျှော်စင်ကြီးကို အစွမ်းကုန် တွန်းလှန်ခဲ့သော်လည်း သွေးများ အန်ထွက်လာခဲ့သည်။

ရှဲ့လွမ်က လှုပ်ရှားလာကာ ပြိုင်ဘက်၏ရင်ဘတ်ကို ထိုးကြိတ်လိုက်သည်။ လက်သီးချက်က ရင်ဘတ်ကို ဖောက်ထွက်သွားရာ နာကျင်စွာ အော်ဟစ်လိုက်၏။ သူ၏ရင်ဝ၌ အပေါက်ကြီးတစ်ခု ပေါ်လာကာ သူ့နှလုံးသား ကွဲအက်သွားတော့သည်။

သူ၏ ဒန်တျန်က အလင်းရောင်များ တောက်ပကာ ဝိညာဉ်နတ်ဘုရား ပေါ်လာပြီး အဝေးသို့ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်၊ ရှဲ့လွမ်က ထိုဝိညာဉ်နတ်ဘုရားကို ဖမ်းဆုပ်လိုက်၏။ သူက ဖျစ်ညှစ်လိုက်သည်နှင့် ဝိညာဉ်နတ်ဘုရား ကြေမွသွားကာ ရှဲ့လွမ်အတွက် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ရှဲ့လွမ်က အဓိပဓိတစ်ဦးကို ထိုကဲ့သို့ပင် သတ်ခဲ့သည်။

"ဝုန်း"

ထျန်းဝူဓားဂိုဏ်းခွဲတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် မျှော်စင်ကြီးက အလင်းရောင်များ တောက်ပနေဆဲပင်။ ထျန်းဝူဓားဂိုဏ်းခွဲ၏ ကျန်အဖွဲ့ဝင်များလည်း ခြွင်းချက်မရှိဘဲ အသတ်ခံခဲ့ရသည်။

ရှဲ့လွမ်က နတ်ဆိုးစွမ်းအင်နှင့် လွှမ်းခြုံကာ ထျန်းဝူဓားဂိုဏ်းခွဲမှ ကျွမ်းကျင်သူအားလုံးကို စုစည်းခဲ့လေသည်။ ၎င်းတို့အားလုံးကို သူ၏ အာဟာရအဖြစ် စုပ်ယူပစ်လိုက်သည်။

"ငါ့ဟာတွေ..."

လုမင်က လျင်မြန်စွာ ပျံသန်းရင်း သိုလှောင်လက်စွပ်များကို တစ်ခုပြီးတစ်ခု ကောက်ယူလိုက်သည်။ ကံမကောင်းစွာဖြင့်၊ ထိုပညာရှင်အားလုံးသည် ရှဲ့လွမ်အတွက် အာဟာရဖြစ်လာပြီး သူ့အတွက်တော့ ဘာမျှမကျန်ခဲ့ပေ။

လုမင် သက်ပြင်းချလိုက်သည်။ သို့သော်လည်း၊ ယခင် အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ သုံးဦးကို ဝါးမျိုခဲ့ခြင်းကြောင့် အညစ်အကြေးများ ရှိနေပါသေးသည်။ ၎င်းတို့ကို သန့်စင်ရန်နှင့် သူ၏အခြေခံအုတ်မြစ်ကို တည်ငြိမ်စေရန် အချိန်အနည်းငယ် လိုအပ်သည်။ ယခုနေ ထပ်မံ ဝါးမျိုပါက သူ၏ အခြေခံအုတ်မြစ် မခိုင်မာဘဲ ဖြစ်လာပေလိမ့်မည်။ ထိုသို့တွေးမိသောအခါ လုမင် စိတ်သက်သာရာရသွားပြီး သိုလှောင်လက်စွပ်များကို ဆက်လက် စုဆောင်းလိုက်သည်။

မကြာခင်မှာပဲ သိုလှောင်လက်စွပ်အားလုံးကို လုမင် စုဆောင်းပြီးသွားသည်။

သို့သော်၊ ရှဲ့လွမ်က အဓိပဓိ၏ သိုလှောင်လက်စွပ်ကိုတော့ လုမင်ကို မပေးပေ။ အဓိပဓိတစ်ပါး၏ စည်းစိမ်ဥစ္စာက သူ့ကိုပင် သွေးဆောင်နိုင်ပုံရသည်။

"ဝုန်း"

ရှဲ့လွမ်က အဟာရအားလုံးကို စုပ်ယူပြီးနောက် လူသားအသွင် ပြောင်းလဲသွားခဲ့သည်။ သူက လက်သီးတစ်ချက် ထုတ်ဖော်ကာ မြေပြင်ကို ထိုးဖောက်လိုက်၏။ ကြီးမားသော နတ်ဆိုးစွမ်းအင်များက ကောင်းကင်ကို ထိုးတက်လာကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုအဖြစ် ပျံ့နှံ့သွားတော့သည်။

"ဒါ... နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်နေရသလို ဘာဖြစ်လို့ ခံစားရတာလဲ"

လုမင် အံ့သြသွားခဲ့သည်။ မြေအောက်တွင် ပုန်းအောင်းနေသော နတ်ဆိုးဧကရာဇ်တစ်ပါး ရှိနေပါသလော။ ယင်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း။

"မျှော်လင့်ထားသလိုပဲ၊ ထျန်းဝူဓားဂိုဏ်းက အရမ်းရည်မှန်းချက်ကြီးတယ်။ သူတို့က နတ်ဆိုးသန္ဓေကို တိတ်တဆိတ် ပြုပြင်နေတာပဲ"

ရှဲ့လွမ်က ရွှင်လန်းသောအပြုံးဖြင့် ရေရွတ်လိုက်သည်။

"ဆရာကြီး၊ နတ်ဆိုးသန္ဓေဆိုတာက ဘာလဲ"

လုမင်က ရှဲ့လွမ်အနားသို့ လျှောက်သွားကာ ငုံ့ကြည့်လိုက်သည်။

နတ်ဆိုးစွမ်းအင်များက‌ မြေပြင်တွင် စိမ့်ဝင်နေကာ နတ်ဆိုးသဏ္ဍန်တစ်ခုကို ယောင်ဝါးဝါး မြင်တွေ့ရ၏။ ထွက်ပေါ်နေသော နတ်ဆိုးစွမ်းအင်များက ထိုသဏ္ဍာန်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

"ထျန်းဝူဓားဂိုဏ်းက ကျဆုံးသွားတဲ့ နတ်ဆိုးဧကရာဇ်အလောင်းကို ရရှိထားပြီး အထူးနည်းလမ်းနဲ့ သန့်စင်နေကြတာ။ နောက်ဆုံး အောင်မြင်ခဲ့ရင် အမိန့်ကို အကြွင်းမဲ့နာခံမဲ့ အစွမ်းထက် တည်ရှိမှုအဖြစ် သန့်စင်နိုင်လိမ့်မယ်။ ဒီနတ်ဆိုးသန္ဓေကို သန့်စင်နိင်မယ်ဆိုရင် သိုင်းအုပ်ချုပ်သူတစ်ပါးနဲ့ ယှဉ်နိုင်တဲ့ခွန်အားကို ပိုင်ဆိုင်လာခဲ့မှာ။ ထျန်းဝူဓားဂိုဏ်းက ဒါကို တိတ်တဆိတ် သန့်စင်နေပေမဲ့ အခုတော့ အရာအားလုံးက ငါ့အတွက်ဖြစ်လာခဲ့ပြီပေါ့"

"ဒီနတ်ဆိုးသန္ဓေကို သန့်စင်ပြီးတာနဲ့ ငါ့ခွန်အားက သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ပြန်ရောက်လာလိမ့်မယ်"

ရှဲ့လွမ်က ရယ်မောပြီး နတ်ဆိုးစွမ်းအင် စက်လုံးကြီးအသွင် ပြောင်းသွားသည်။ သူက ပျံဆင်းသွားကာ နတ်ဆိုးသန္ဓေကို စတင်သန့်စင်လိုက်တော့သည်။

လုမင်လည်း အနားမှာသာ စောင့်နေခဲ့သည်။

မကြာမီပင်၊ နာရီဝက်ခန့် ကြာမြင့်သွားခဲ့ပြီ။

"ဝမ်"

ကောင်းကင်အမြင့် တစ်နေရာတွင် ဟင်းလင်းပြင်က ရုတ်တရက် ကွဲအက်သွားသည်။ ဓားတစ်လက်ကို လွယ်ပိုးထားသော အဖြူရောင်ဝတ် လူလတ်ပိုင်းတစ်ဦးက ဟင်းလင်းပြင်အတွင်းမှ ထွက်လာခဲ့သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက ဟင်းလင်းပြင်အတွင်းမှ ထွက်လာသည်နှင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ ရုတ်တရက်၊ ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်ပုံရသော ဓားအရှိန်အဝါများမှာ မိုင်တစ်သောင်းအကွာအဝေးအတွင်း ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

"ဧကရာဇ်... ဧကရာဇ်တစ်ပါး"

လုမင်၏ မျက်လုံးများတွင် တုန်လှုပ်မှုတို့ ပေါ်လာသည်။

ထျန်းဝူဓားဂိုဏ်း၏ ဧကရာဇ် ရောက်ရှိလာမှန်း သူသိသွားခဲ့ပြီ။

၎င်းက ဓားတစ်လက်ဖြင့် ကမ္ဘာကို ဖြတ်သန်းနိုင်သော ဓားဧကရာဇ် ဖြစ်သည်။

ထျန်းဝူဓားဂိုဏ်းမှ ဧကရာဇ််၏အကြည့်က လုမင်အပေါ်သို့ ကျရောက်လာခဲ့သည်။ သို့သော်လည်း၊ ၎င်းက နတ်ဆိုးစက်လုံးကြီးအပေါ်သို့ မကျရောက်မီ အကြည့်တစ်ချက်မျှသာ ဖြစ်သည်။

"မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ ငါ့ရဲ့ ထျန်းဝူဓားဂိုဏ်းခွဲကို ဖျက်ဆီးဝံ့မှတော့ ဒီနေ့ ထွက်သွားဖို့အကြောင်းကို မေ့ထားလို့ရပြီ"

‌ပြောပြီးသည်နှင့် ဓားဧကရာဇ်က လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်သည်။ တောက်ပသော ဓားအလင်းတစ်ခုက ရှဲ့လွမ်ဆီကို ကျဆင်းသွား၏။ ဤဓားစွမ်းအားက ယခင် အဓိပဓိထက် အဆများစွာ အားကောင်းသည်။

"ဟားဟားဟား၊ အငယ်တစ်ယောက်က ငါ့ရှေ့မှာ ဝံ့ကြွားဝံ့တယ်လား"

နတ်ဆိုးစွမ်းအင် စက်လုံးအတွင်းမှ ကျယ်လောင်သော ရယ်သံ ထွက်ပေါ်လာခဲ့သည်။ အနက်ရောင် လက်သီးအင်အားတစ်ခု ထွက်ပေါ်လာပြီး ဓားအလင်းကို ထိပ်တိုက်တွေ့ခဲ့၏။

လက်သီးအင်အားနှင့် ဓားအင်အားတို့ ထိပ်တိုက်တွေ့သောအခါ အကန့်အသတ်မရှိသော စွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ မိုင်တစ်သောင်းအကွာအဝေးအတွင်းရှိ တောင်များနှင့် တောများအားလုံး စွမ်းအင်မုန်တိုင်းကြောင့် မျောပါသွားကာ အပိုင်းပိုင်းကွဲသွားခဲ့ကြသည်။

လှုပ်ရှားမှုတစ်ခုကပင် မိုင်တစ်သောင်းအကွာအဝေးအတွင်းမှ တောင်များနှင့် မြစ်များကို ပျက်စီးသွားစေခဲ့လေသည်။

သိုင်းအုပ်ချုပ်သူများကြားမှ တိုက်ပွဲက ကြောက်စရာကောင်းလွန်းသည်။ ၎င်းတို့သာ တိုက်ခိုက်ပါက ကမ္ဘာကြီးကိုတောင် ဖျက်ဆီးပစ်နိုင်ကြပေသည်။

လုမင်က ရှဲ့လွမ်၏ နတ်ဆိုးစွမ်းအင် အကာအကွယ်အောက်တွင် ရှိနေသော်လည်း တိုက်ပွဲမှစွမ်းအားကို ခံစားလိုက်ရသောအခါ တုန်လှုပ်နေဆဲပင်။

'သိုင်းအုပ်ချုပ်သူတစ်ယောက်ရဲ့ စွမ်းအားက တကယ်ကို ထိတ်လန့်စရာပါပဲ။ ဒါက လောလောဆယ်မှာ ငါနှိုင်းယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး'

လုမင်လည်း သူ့ဘာသာသူ တွေးလိုက်မိ၏။

"ဝုန်း"

အဆုံးမဲ့နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်ကာ ရှဲ့လွမ်၏ပုံရိပ် ပေါ်လာတော့သည်။

All Chapters