← Chapters

အခန်း ၁၁၆၄

Vol. 78 Ch. 1164

အခန်း ၁၁၆၄

Vol. 78 Ch. 1164

အပိုင်း ( 1164 ) ကောင်းကင်ဘုရင်အမိန့်။

စကားလုံးနှစ်လုံးတည်းသာ ဖြစ်သော်လည်း လူတိုင်း၏ နှလုံးသားတွင် မိုးကြိုးမုန်တိုင်း ကျရောက်သကဲ့သို့ ခံစားလိုက်ရသည်။ လူအတော်များများ အံ့အားသင့်ကာ ထခုန်မတတ် ဖြစ်သွားကြတော့သည်။

"ဘာ၊ ရှဲ့လွမ်... ကောင်းကင် နတ်ဆိုးဧကရာဇ် ရှဲ့လွမ်လား"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ကောင်းကင်နတ်ဆိုးဧကရဇ်က လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းလောက်ကတည်းက သေသွားခဲ့ပြီဆို။ သူ ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ"

"အဲဒီတုန်းက သူမသေရင်တောင် နှစ်ပေါင်းသုံးသောင်းလောက် ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်တာလဲ။ ဘာတွေဖြစ်နေတာလဲ"

သူတော်စင်မြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။ လူတိုင်းက မယုံကြည်နိုင်သလို အော်ဟစ်လိုက်၏။ ယင်းက တုန်လှုပ်စရာကောင်းလွန်းသည်။

ရှဲ့လွမ်၏နာမည်ကို မသိရှိသော မည်သည့်အင်အားစုမှ လူများရှိကြပါမည်နည်း။

အလယ်တိုက်ကြီး၏ လက်ရှိ အခြေအနေအားလုံးမှာ ရှဲ့လွမ်တစ်ဦးတည်းကြောင့် ဖြစ်သည်။

အားလုံးက သေဆုံးပြီဟု သတ်မှတ်ထားသော ဒဏ္ဍာရီလာ ထိုတည်ရှိမှုမှာ အမှန်တကယ် အသက်ရှင်လျက် ပြန်ပေါ်လာခဲ့သည်။ ရှဲ့ချီထျန်းသာ မပြောဘူးဆိုလျှင် မည်သူမှ ယုံနိုင်ကြမည် မဟုတ်ချေ။

"ဟားဟားဟား၊ နှစ်ပေါင်းသုံးသောင်း ကြာသွားပေမဲ့ ငါ့နာမည်ကို မှတ်မိတဲ့သူ ရှိဦးမယ်လို့ မမျှော်လင့်ထားဘူး"

ရှဲ့လွမ်က အားပါးတရ ရယ်မောလိုက်သည်။

သူ့စကားများက နေရာရှိ အသံအားလုံးကို တိတ်သွားစေခဲ့ပေသည်။ အကြည့်အားလုံးက ရှဲ့လွမ်ကို အာရုံစိုက်သွားခဲ့ကြသည်။

ဤလူကြီးက အမှန်တကယ် ရှဲ့လွမ်ပင်။

'ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ရှဲ့လွမ် ပြန်ပေါ်လာခဲ့ပြီ။ နောက်ဆုံးမှာတော့ ကမ္ဘာကြီး နောက်တစ်ကြိမ် ကမောက်ကမ ဖြစ်ရတော့မှာလား'

လူတော်တော်များများ၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

တချို့ကလည်း မနေနိုင်ဘဲ အတွေးနယ်ချဲ့ခဲ့ပေသည်။

တော်ဝင်ရှဲ့မိသားစုက လုမင်ကိုဖမ်းဆီးရန် ထျန်းကျိလျှို့ဝှက်ရတနာကို အဘယ်ကြောင့်အသက်သွင်းခဲ့သနည်း။ အဘယ်ကြောင့် ဆုလာဘ်အဖြစ် ကောင်းကင်ရတနာကို ထုတ်ယူခဲ့ကြသနည်း။ သူတို့ကို စိတ်ရှုပ်စေသော မေးခွန်းများစွာ၏အဖြေကို နောက်ဆုံးတွင် သူတို့ သိသွားခဲ့ကြပြီ ဖြစ်သည်။ ဤအရာအားလုံးက ရှဲ့လွမ် အတွက်ကြောင့်ပင်။

ရှဲ့လွမ်က လုမင်နှင့်အတူ ရှိခဲ့သည်။

သို့ဆိုလျှင်၊ ရှဲ့လွမ် ပြန်ပေါ်လာရသည်က လုမင်အတွက်ကြောင့် ဖြစ်‌နိုင်ပါမည်လော။

လူတော်တော်များများက ထိုအကြောင်းကို မနေနိုင်ဘဲ စဉ်းစားလိုက်မိသည်။

"ဝမ်"

ထိုအချိန်တွင် ရှဲ့လွမ်နှင့် လုမင်၏အနောက်မှ ဟင်းလင်းပြင်က အက်ကွဲသွားပြီး ပုံရိပ်နှစ်ခု ထွက်ပေါ်လာခဲ့သည်။

သူတို့ နှစ်ယောက် ထွက်လာသည်နှင့် ကြီးစိုးသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။

၎င်းက သိုင်းအုပ်ချုပ်တစ်ပါး၏ အရှိန်အဝါများသာ ဖြစ်တော့သည်။

"ဒါက ဝူကြွယ်ဓားဧကရာဇ်နဲ့ မိုးကြိုးဓားဧကရာဇ်ပဲ"

တစ်ယောက်ယောက်က သူတို့နှစ်ယောက်ကို မှတ်မိကာ အံ့အားသင့်စွာဖြင့် အော်လိုက်သည်။

တခြားသူများလည်း အံ့သြသွားကြ၏။ နောက်ထပ် ဧကရာဇ်နှစ်ပါး ထွက်ပေါ်လာရန် မည်သူမျှ မမျှော်လင့်ခဲ့ပေ။

ယနေ့တွင်၊ ဧကရာဇ်များကြားမှ မိုး‌မြေတုန်ခါစေမည့် တိုက်ပွဲကြီးတစ်ခု တစ်ဖန် ဖြစ်လာပါမည်လော။

"ရှဲ့ချီထျန်း၊ မင်းက တကယ်ကို စိတ်ကူးကောင်းတာပဲ။ ရှဲ့လွမ် ပြန်ပေါ်လာတာကို သိတာတောင်မှ သူ့ကိုဖယ်ရှားပြီး သူ့ရဲ့ခွန်အားကိုစမ်းသပ်ဖို့ ငါတို့ကို အသုံးချချင်နေသေးတယ်"

ဝူကြွယ်ဓားဧကရာဇ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် ထျန်းဝူဓားဂိုဏ်းက ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရသည်။

ဝိညာဉ်နတ်ဘုရားများစွာ အသတ်ခံခဲ့ရရုံသာမကဘဲ ဂိုဏ်းခွဲတစ်ခုလည်း ပျက်စီးခဲ့သေးသည်။ ၎င်းတို့၏ အဓိပဓိတစ်ပါး ကျဆုံးသွားပြီး နတ်ဆိုးသန္ဓေကိုပင် ဆုံးရှုံးခဲ့ရသည်။

ထိုနတ်ဆိုးသန္ဓေကို သန့်စင်နိုင်ပါက သိုင်းအုပ်ချုပ်သူကိုပင် ရင်ဆိုင်နိုင်သော ရုပ်သေးရုပ်တစ်ခု ရရှိလာခဲ့မည် ဖြစ်သည်။

ထိုအတွက် ဝူကြွယ်ဓားဧကရာဇ် စိတ်မဆိုးဘဲ မနေနိုင်တော့ပေ။

"အရင်က ရှဲ့လွမ် မွေးဖွားလာတာ ဟုတ် မဟုတ်ကို ငါတို့လည်း မသေချာပါဘူး"

ရှဲ့ချီထျန်းက ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။ သူ့မျက်လုံးများကတော့ ရှဲ့လွမ်ကိုသာ စိုက်ကြည့်လိုက်၏။

"ရှဲ့လွမ်၊ နှစ်ပေါင်းသုံးသောင်း ဖိနှိပ်ခံခဲ့ရတာတောင် အသက်ရှင်ဦးမယ်လို့ ငါမမျှော်လင့်ထားဘူး။ ဒါ့ထက် ပြန်ပြီးတော့တောင် ထွက်လာနိုင်ခဲ့တယ်။ ဒါက ငါ့မျှော်လင့်ထားတာထက် ကျော်လွန်သွားတာပဲ"

"ဟားဟားဟား၊ ဒါကတော့ ငရဲကိုးခု နတ်ဆိုးနယ်မြေဆီ လုမင်ကို စေလွှတ်လိုက်တဲ့ အကျိုးပဲ။ သူ့အတွက်သာ မဟုတ်ရင် ငါ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အဲဒီအကြောင်းကို ပြောရရင် မင်းက ဒီအရာအားလုံးကို စတင်ခဲ့သူပဲလေ။ ဒီအတွက် မင်းကို ကျေးဇူးတင်သင့်တယ်"

ရှဲ့လွမ်က အားပါးတရ ရယ်မောကာ ပြောလိုက်သည်။

လူများစွာ တုန်လှုပ်သွား၏။

ရှဲ့လွမ် ကမ္ဘာကြီးကို ပြန်လာနိုင်ခဲ့သည့် အကြောင်းအရင်းက အမှန်တကယ် လုမင်ကြောင့် ဖြစ်သည်။

တစ်နည်းအားဖြင့်၊ လုမင်က ရှဲ့လွမ်ကို ကယ်တင်ခဲ့သူပင်။

အတွင်းဇာတ်လမ်းကို သိသူအချို့ကတော့ သက်ပြင်းချလိုက်သည်။ ငရဲကိုးခုနတ်ဆိုးနယ်မြေတွင် တော်ဝင်ရှဲ့မိသားစု၏ အကျဉ်းချခံထားရသော ရှဲ့နျန်ချင်းကြောင့် မဟုတ်ပါက၊ လုမင်သည် ငရဲကိုးခု နတ်ဆိုးနယ်မြေကို ဝင်ရောက်လိမ့်မည် မဟုတ်ပေ။ လုမင် မဝင်ခဲ့ပါက ရှဲ့လွမ်ကို မည်သို့ ကယ်တင်နိုင်မည်နည်း။

အရာအားလုံးက တော်ဝင်ရှဲ့မိသားစုကြောင့် ဖြစ်သည်။

ရှဲ့လွမ်ပြောတာ မမှားပေ။ တော်ဝင်မိသားစုအတွက်သာမဟုတ်လျှင် ရှဲ့လွမ် မည်သို့ လွတ်မြောက်နိုင်မည်နည်း။

"ဟမ့်၊ မင်း လွတ်မြောက်လာရင်တောင် ဘာလုပ်နိုင်မှာလဲ။ နှစ်တစ်သောင်းကြာ ဖိနှိပ်ခံထားရလို့ မင်းရဲ့ အသက်ဓာတ်က ပြင်းပြင်းထန်ထန် ပျက်စီးနေခဲ့ပြီ။ မင်းရဲ့နတ်ဆိုးခန္ဓာကိုယ် ပျက်စီးသွားတာကြောင့် မင်းရဲ့ခွန်အားတောင် အပြည့်အဝ ပြန်ကောင်းမလာတော့ဘူး။ ဒီနေ့၊ နောင်လာနောင်သားတွေ ဒုက္ခမဖြစ်အောင် မင်းကို လုံးလုံးလျားလျား သတ်ပစ်မယ်"

ရှဲ့ချီထျန်းက အေးစက်စက် သတ်ဖြတ်ချင်စိတ်များဖြင့် ပြောလိုက်သည်။

ရှဲ့ချီထျန်းအနားမှ အခြားဧကရာဇ်များက အရှိန်အဝါများ ပေါက်ကွဲကာ ရှဲ့လွမ် ရှောင်ပြေးမည့်လမ်းကို ပိတ်ဆို့လိုက်၏။

"ဝူကြွယ်ဓားဧကရာဇ်နဲ့ မိုးကြိုးဓားဧကရာဇ်။ ဒီနေ့ ရှဲ့လွမ်ကို ဖယ်ရှားရအောင် ငါတို့နဲ့ ဘာကြောင့် မပူးပေါင်းရမှာလဲ။ ငါ မင်းတို့ကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမှာပါ"

ရှဲ့ချီထျန်းက ဝူကြွယ်ဓားဧကရာဇ်နှင့် မိုးကြိုးဓားဧကရဇ်ကို ကြည့်လိုက်သည်။

"ဟားဟားဟား၊ ရှဲ့ချီထျန်း... ဒါက မင်းရဲ့ ရှဲ့မိသားစုကိစ္စ။ ငါဝင်မစွက်ဖက်ဘူး"

ဝူကြွယ်ဓားဧကရာဇ်က ရယ်မောလိုက်သည်။

"ငါလည်း စိတ်မဝင်စားဘူး"

မိုးကြိုးဓားဧကရာဇ်ကလည်း ခေါင်းယမ်းလိုက်၏။

သတ်ဖြတ်ချင်စိတ်နှင့် မှုန်ကုပ်ကုပ် အရိပ်အမြွက်များက ရှဲ့ချီထျန်းနှင့် အခြားသူများ၏ မျက်လုံးများတွင် လှစ်ဟလာတော့သည်။

ဝူကြွယ်ဓားဧကရာဇ်နှင့် မိုးကြိုးဓားဧကရာဇ်တို့ ဘာတွေကြံစည်နေမှန်း သူတို့ ကောင်းစွာသိကြသည်။

အကယ်၍ တော်ဝင်ရှဲ့မိသားစုက ရှဲ့လွမ်နှင့်တိုက်ပွဲတွင် ထပ်မံ ထိခိုက်ခဲ့လျှင် အခြား အုပ်စိုးရှင် အင်အားစုများအတွက် ကောင်းမွန်သောအရာ ဖြစ်လိမ့်မည်။ သူတို့က ဤအခွင့်အလမ်းကို ဆုပ်ကိုင်ပြီး တော်ဝင်ရှဲ့မိသားစု၏ အင်အားကို အားနည်းစေနိုင်သည်။ ပို၍ ပြင်းထန်ပါက တော်ဝင်ရှဲ့မိသားစုကိုပင် ဖျက်ဆီးနိုင်ကြဦးမည်။

သို့ဖြစ်ပေရာ၊ တော်ဝင်ရှဲ့မိသားစုကို ဘာကြောင့် ကူညီကြရမည်နည်း။

"ဟားဟားဟား၊ အငယ်‌လေးတွေ၊ ငါ ဒီနေ့ မင်းတို့နဲ့ တိုက်ခိုက်ရအောင် လာတာမဟုတ်ဘူး။ မင်းကို ရတနာပေးဖို့အတွက် လာခဲ့တာ"

ရှဲ့လွမ်က ရုတ်တရက် ရယ်မောလိုက်သည်။

သူတို့ကို ရတနာများ ပေးမည်လော။

သူ၏စကားများက သူတော်စင်မြို့တော်ရှိလူတိုင်းကို ရှုပ်ထွေးစေရုံသာမကဘဲ၊ ရှဲ့ချီထျန်းနှင့် အခြားသူများကိုပင် ပဟေဋိဖြစ်စေခဲ့သည်။

"ရှဲ့လွမ်၊ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ"

ရှဲ့ချီထျန်းက လေးလေးနက်နက် ပြောလိုက်၏။

တော်ဝင်ရှဲ့မိသားစု၏ ရှေးမှတ်တမ်းများတွင် ရှဲ့လွမ်က အားကောင်းသော တိုက်ခိုက်နိုင်စွမ်း ရှိသည့်အပြင် ဖြတ်ထိုးဉာဏ်နှင့် ကြံရည်ဖန်ရည်ကောင်းမွန်သူ ဖြစ်သည်။ သူနှင့် ရင်ဆိုင်ရလျှင် သတိကြီးကြီးထားရမည်။

"မင်းတို့မြင်ရင် သိမှာပေါ့"

ရှဲ့လွမ်က ပြုံးပြီး လက်ဝါးကိုဖြန့်ပြလိုက်သည်။ သူ့လက်မှ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့၏။

၎င်းက ရွှေတောင်ရင်တံဆိပ်ပြားတစ်ခု ဖြစ်သည်။ ပေါ်လာသည်နှင့် ၎င်းက မီတာတစ်ရာမြင့်မားပြီး မီတာဒါဇင်များစွာကျယ်သော ဧရာမ တံဆိပ်ပြားတစ်ခု ဖြစ်လာတော့သည်။

တံဆိပ်ပြားပေါ်တွင် စာလုံးနှစ်လုံးရေးထားသည်- ကောင်းကင် ဘုရင်။

ရှဲ့ချီထျန်းနှင့် အခြား သိုင်းအုပ်ချုပ်သူနှစ်ပါး၊ ဝူကြွယ်ဓားဧကရာဇ်နှင့် မိုးကြိုးဓားဧကရာဇ်တို့လည်း တံဆိပ်ပြားကိုမြင်သောအခါ မျက်လုံးများပြူးသွားကြ၏။ ထို့နောက်မှာတော့ အဆုံးမဲ့ လောဘများက သူတို့ မျက်လုံးများ ပေါ်လာတော့သည်။

"ကောင်းကင်ဘုရင်တံဆိပ်ပြား၊ ဒါက ကောင်းကင်ဘုရင် တံဆိပ်ပြားပဲ။ ကောင်းကင်ဘုရင်တံဆိပ်ပြားက မင်းလက်ထဲမှာ တကယ်ရှိတယ်"

ဝူကြွယ်ဓားဧကရာဇ်၏ မျက်လုံးများက လောဘဇောများဖြင့် နီရဲလာခဲ့သည်။

ရှဲ့ချီထျန်းနှင့် အခြား သိုင်းအုပ်ချုပ်သူများလည်း ရှဲ့လွမ်၏လက်ထဲမှ ကောင်းကင်ဘုရင် တံဆိပ်ပြားကို စိုက်ကြည့်လိုက်သည်။

"ကောင်းကင်ဘုရင်တံဆိပ်ပြား၊ အဲဒါက ဒဏ္ဍာရီလာ ကောင်းကင်ဘုရင်တံဆိပ်ပြားပေါ့"

မျိုးဆက်ဟောင်းမှ အချို့သော ဝိညာဉ်နတ်ဘုရားများက အလွန်တုန်လှုပ်သွားကာ မနေနိုင်ဘဲ အော်ဟစ်လိုက်ကြသည်။

ယင်းက မသိနားမလည်သေးသူများကို စိတ်ရှုပ်ထွေးစေခဲ့၏။ ဤကောင်းကင်ဘုရင်တံဆိပ်ပြားက မည်သို့သော ရတနာမျိုး ဖြစ်သနည်း။ သိုင်းအုပ်ချုပ်သူများကိုပင် ဤမျှ ဣန္ဒြေပျက်ယွင်းသွားစေနိုင်သည်။

'ကောင်းကင်ဘုရင်တံဆိပ်ပြားက သိုင်းအုပ်ချုပ်သူတွေအတွက် အမှန်တကယ် ဆွဲဆောင်နိုင်စွမ်းကြီးတာပဲ'

လုမင်လည်း သူ့ဘာသာသူ တွေးလိုက်မိသည်။

ဤလမ်းခရီးတွင် ရှဲ့လွမ်က လုမင်ကို ကောင်းကင်ဘုရင်တံဆိပ်ပြားအကြောင်း အတိုချုံး၍ ရှင်းပြထားခဲ့သည်။

ဤကမ္ဘာလောကကို ယွမ်လုကမ္ဘာလောကဟု ခေါ်သည်။ ဤသည်က ကျယ်ပြောလွန်းပြီး အကန့်အသတ်မရှိပေ။

ရှမ်းဟွမ်တိုက်ကြီးသည် ကြီးမားသော်လည်း ယွမ်လုကမ္ဘာလောကတစ်ခုလုံး၏ အနေအထားဖြင့် နှိုင်းယှဉ်မည်ဆိုပါက ကန္တာရထဲမှ သဲတစ်ပွင့်ထက် မပိုဘဲ သေးငယ်လွန်းလှသည်။

တိုင်းတပါးတွင် ရှမ်းဟွမ်တိုက်ကြီးကဲ့သို့ မရေမတွက်နိုင်သော တိုက်ကြီးများ စွာ ရှိခဲ့၏။ အချို့က ရှမ်းဟွမ်တိုက်ကြီးထက် အဆများစွာ ကြီးမားသည်။ အချို့ဆိုလျှင် အဆဒါဇင်ချီ သို့မဟုတ် ရာနှင့်ချီပင် ကြီးမားကြသေးသည်။

သို့ရာတွင်၊ စစ်မှန်သော အမြုတေက ယွမ်လုတိုက်ကြီး အမည်ရှိသည့် တိုက်ကြီးတစ်ခု ဖြစ်သည်။

ဒဏ္ဍာရီများအရ ယွမ်လုကမ္ဘာလောက၏ စစ်မှန်သောအမြုတေ ယွမ်လုတိုက်ကြီးက အကန့်အသတ်မရှိ ကျယ်ပြောသည်။ ၎င်း၏ ဧရိယာက ရှမ်းဟွမ်တိုက်ကြီးထက် အဆပေါင်းများစွာ ကျယ်ပြောခဲ့ပေသည်။

ထိုနေရာတွင် မရေမတွက်နိုင်သော အင်အားစုများနှင့် တန်ခိုးရှင်များ ရှိခဲ့သည်။ သိုင်းအုပ်ချုပ်သူများက ထိုနေရာတွင်သာမန်ဖြစ်ကာ သူတော်စင်များကိုပင် နေရာတိုင်းတွင် တွေ့မြင်နိုင်သေးသည်။

ထိုနေရာတွင်၊ တုနှိုင်းမရအောင် ကြောက်စရာကောင်းသော အင်အားစုကြီးများ ရှိကြသည်။ ထိုအင်အားမျိုးက ရှမ်းဟွမ်တိုက်ကြီး၏ အုပ်စိုးရှင် အင်အားစုများ နှိုင်းယှဉ်နိုင်သည့် အရာပင် မဟုတ်ပေ။ ခြားနားချက်က မိုးနှင့်မြေကဲ့သို့ ကြီးမားလွန်းလှသည်။ ၎င်းတို့အနက်မှ မည်သူမဆို ရှမ်းဟွမ်တိုက်ကြီးရှိ အင်အားစုအားလုံးကို အလွယ်တကူ ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။

ထိုနေရာမှ ကျင့်ကြံမှုပတ်ဝန်းကျင်ကလည်း ရှမ်းဟွမ်တိုက်ကြီးထက် အဆများစွာ ကြွယ်ဝလွန်းလှသည်။

All Chapters