အခန်း ၁၁၆၅
Vol. 78 Ch. 1165
အပိုင်း ( 1165 ) သိုင်းအုပ်ချုပ်သူ ကျဆုံးခြင်း။
ရှမ်းဟွမ်တိုက်ကြီး၏ ပတ်ဝန်းကျင်သည် သိုင်းအုပ်ချုပ်သူများအတွက် ဆိုးရွားလွန်းသည်။
သိုင်းအုပ်ချုပ်သူများအတွက် ရှမ်းဟွမ်တိုက်ကြီးတွင် နောက်ထပ် တိုးတက်ရန်က မဖြစ်နိုင်သလောက်ပင်။
ယွမ်လုတိုက်ကြီးမှာတော့ အဆက်မပြတ် တိုးတက်လာနိုင်သည်။
သို့သော်လည်း ယွမ်လုတိုက်ကြီးသည် အလွန်အန္တရာယ်များ၏။ မရေမတွက်နိုင်သော တားမြစ်နယ်မြေများနှင့် ကြောက်စရာကောင်းသော သတ္တဝါများစွာ ရှိခဲ့သည်။ သိုင်းအုပ်ချုပ်သူများအတွက် ယွမ်လုတိုက်ကြီးကို သွားရောက်ခြင်းမှာ အလွန်အန္တရာယ်များသည်။ အချိန်မရွေး ကျဆုံးနိုင်ချေ ရှိနေခဲ့ပေသည်။
မှတ်တမ်းများအရ၊ ရှမ်းဟွမ်တိုက်ကြီး၏ သမိုင်းတွင် ယွမ်လုတိုက်ကြီးကို ခြေဆန့်သွားသော သိုင်းအုပ်ချုပ်သူများ ရှိခဲ့သည်။ အားလုံးက ထိုနေရာတွင် ကျင့်ကြံလိုကြခြင်း ဖြစ်၏။ ကံမကောင်းစွာဖြင့် အားလုံး သေဆုံးခဲ့ရသည်။
ယွမ်လုတိုက်ကြီးတွင် အသက်ရှည်ရှည် နေလိုပါက အဓိက အင်အားစုတစ်ခုခုနှင့် ပူးပေါင်းပြီး ၎င်းတို့၏ အကာအကွယ်ကို ရယူထားရန် လိုပေသည်။
သို့သော်လည်း အဓိက အင်အားစုကြီးများ၏ တပည့်လက်ခံရန် လိုအပ်ချက်များမှာ မြင့်မားလွန်းလှသည်။ သာမန် သိုင်းအုပ်ချုပ်သူများက ၎င်းတို့၏ အာရုံများကို မဆွဲဆောင်နိုင်ပေ။ အထူးအခြေအနေရှိသူများသာ တက်ရောက်နိုင်သည်။
ကောင်းကင်ဘုရင်နန်းတော်ကတော့ ယွမ်လုတိုက်ကြီး၏ အဓိက အင်အားစုများထဲမှ တစ်ခုဖြစ်ချေသည်။
ကောင်းကင်ဘုရင်တံဆိပ်ပြားသည် ကောင်းကင်ဘုရင်နန်းတော်မှ ထုတ်ပေးထားသော တံဆိပ်ပြား ဖြစ်သည်။ ကောင်းကင်ဘုရင်တံဆိပ်ပြား ရှိနေသရွေ့၊ အရည်အချင်း နိမ့်ကျလျှင်ပင် ကောင်းကင်ဘုရင်နန်းတော်သို့ ဝင်ရောက်လေ့ကျင့်နိုင်ပေသည်။
ရှဲ့လွမ်၏ ပြောစကားအရ ကောင်းကင်ဘုရင်တံဆိပ်ပြားသည် ယခင် တော်ဝင်ရှဲ့မိသားစုမှ ဖြစ်သည်။
တော်ဝင်ရှဲ့မိသားစုက ဤမျှကြီးပွားတိုးတက်ရခြင်း အကြောင်းရင်းမှာ ကောင်းကင်ဘုရင် တံဆိပ်ပြားကြောင့် ဖြစ်ချေသည်။ သိုင်းအုပ်ချုပ်သူ မျိုးဆက်များက ကောင်းကင်ဘုရင်နန်းတော်သို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် ၎င်းတို့က ရှမ်းဟွမ်တိုက်ကြီးကို နှစ်သိန်းချီကာ စိုးမိုးနိုင်ခဲ့ကြခြင်းပင်။
သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းခန့်က ကောင်းကင်ဘုရင် တံဆိပ်ပြားကို ရှဲ့လွမ်က ခိုးယူသွားခဲ့သည်။
ကောင်းကင်ဘုရင်တံဆိပ်ပြားက ယွမ်လုတိုက်ကြီး၏ အဓိကအင်အားစုတစ်ခုဖြစ်သော ကောင်းကင်ဘုရင်နန်းတော်ကို ဝင်ရောက်စေနိုင်သည်။ ယင်းက သိုင်းအုပ်ချုပ်သူများအတွက် ဘယ်လောက်ထိ ဆွဲဆောင်နိုင်မည်နည်း။
သိူင်းအုပ်ချုပ်သူ ဖြစ်လာသည်နှင့် ၎င်းတို့၏ ရည်မှန်းချက်က သက်တမ်းရှည်ရှည် နေရရန်အပြင် ပိုမြင့်မားသောနယ်ပယ်သို့ ဖြတ်ကျော်နိုင်ရန် ဖြစ်သည်။
မဟုတ်ပါက၊ ၎င်းတို့၏ တစ်သက်တာလုံး ရှမ်းဟွမ်တိုက်ကြီးအပြင်ကို ထွက်ခွာနိုင်မည် မဟုတ်ချေ။ မိမိ၏သက်တမ်း ကုန်ဆုံးလာပြီး သေရမည့်အချိန်ကို မည်သူက ထိုင်ကြည့်ချင်ကြပါသနည်း။
၎င်းတို့က ရှမ်းဟွမ်တိုက်ကြီးတွင် ဒေသတစ်ခုကို စိုးမိုးနိုင်သော်လည်း အချိန်ကျသောအခါ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားရမည် ဖြစ်သည်။
ကျင့်ကြံသူတစ်ဦးအတွက် ကိုယ်ပိုင်နယ်ပယ်နှင့် ခွန်အားကသာ အရာရာပင်။
ရွေးချယ်ခွင့်ရှိမည်ဆိုလျှင်၊ သိုင်းအုပ်ချုပ်သူအများစုက ပိုမြင့်မားသော နယ်ပယ်များကို စူးစမ်းရန် ယွမ်လုတိုက်ကြီးသို့ သွားကြမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့်၊ အင်အားစုကြီးတစ်ခုခု၏ အထောက်အပံ့မရှိဘဲ ယွမ်လုတိုက်ကြီးသို့သွားလျှင် သေဖို့ကများသည်။
ထို့ကြောင့်ပင်၊ ရှမ်းဟွမ်တိုက်ကြီး၏ သိုင်းအုပ်ချုပ်သူများက ဘယ်မှမသွားခဲ့ကြပေ။ မဟုတ်ပါက ယွမ်လုတိုက်ကြီးသို့ ခြေဆန့်နေကြပြီ ဖြစ်သည်။
ခြုံပြောရလျှင် ကောင်းကင်ဘုရင် တံဆိပ်ပြားက အခွင့်အလမ်းကြီးဖြစ်၍ ဧကရာဇ်တိုင်းအပေါ် ပြင်းထန်စွာဆွဲဆောင်နိုင်ခဲ့သည်။
လုမင်လည်း ဤအကြောင်းများကို ကြားသိရစဉ်က အံ့ဩခဲ့ရသည်။
တိုင်းတပါး ကမ္ဘာကြီးက သူထင်ထားသည်ထက်ပင် များစွာပို၍ဆန်းကျယ်သည်။ ၎င်းက အလွန် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပေသည်။
အခွင့်သာသည့်တစ်နေ့တွင် လုမင်ကိုယ်တိုင်လည်း တိုင်းတပါးသို့ ခြေဆန့်မည် ဖြစ်သည်။
"ရှဲ့လွမ်၊ ကောင်းကင်ဘုရင်တံဆိပ်ပြားက တော်ဝင်မိသားစုနဲ့ သက်ဆိုင်တယ်။ အခု မင်းငါ့ကို ပေးပါ"
ရှဲ့ချီထျန်းက မီးတောက်နေသောအကြည့်ဖြင့် ကောင်းကင်ဘုရင် တံဆိပ်ပြားကို ကြည့်လိုက်သည်။ သူ စိတ်ကိုအေးအေး မထားနိုင်တော့ပေ။
"ရှဲ့ချီထျန်း၊ မင်းရဲ့ ရှဲ့မိသားစုက နှစ်တစ်သန်းလောက် ချုပ်ကိုင်ပြီးပြီပံ။ အခုက အခြား အင်အားစုတွေကို မျှဝေရမဲ့ အချိန်ပဲ။ ရှဲ့လွမ်၊ ငါ့ကို ကောင်းကင်ဘုရင် တံဆိပ်ပြားပေးပါ၊ ဒါဆိုရင် မင်းတို့ကို ကာကွယ်ဖို့ ငါအစွမ်းကုန်ကြိုးစားမယ်"
ဝူကြွယ်ဓားဧကရာဇ်က အော်လိုက်သည်။
"တော်စမ်း၊ ငါကမှ မင်းတို့နဲ့ ပေါင်းဖို့ ဆန္ဒရှိတာ"
မိုးကြိုးဓားဧကရာဇ်ကလည်း ပြတ်သားးစွာ ပြောလိုက်၏။ သူက လုံးဝ နောက်ကိုမဆုတ်ပေ။
သူတို့အားလုံး ပြင်းပြင်းထန်ထန် သွေးဆောင်ခံရကာ အရှက်အကြောက် ကင်းမဲ့သွားကြသည်။
ကောင်းကင်ဘုရင်တံဆိပ်ပြားကို ရနိုင်ပါက ရှမ်းဟွမ်တိုက်ကြီးအပြင်ကို ချက်ချင်း သွားနိုင်ပေလိမ့်မည်။ ထို့အပြင် ကောင်းကင်ဘုရင်နန်းတော်သို့ ဝင်ရောက်ပြီး လေ့ကျင့်ရနိုင်သည်။
တော်ရှဲ့မိသားစုက လယ်လောက်ထိ အားကောင်းနေပါစေ၊ ဘာမျှ တတ်နိုင်လိမ့်မည်မဟုတ်ပေ။
"မင်းက ငါ့ရှဲ့မိသားစုရဲ့ ကောင်းကင်ဘုရင်တံဆိပ်ပြားကို ယူနိုင်မယ်ထင်နေတာလား။ သေစမ်း"
ရှဲ့ချီထျန်းက အခြား အော်ဟစ်ပြီး အခြား ဧကရာဇ်နှစ်ပါးနှင့် ရှဲ့လွမ်ကိုတိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
ရှဲ့လွမ်၏ နှုတ်ခမ်းများက တွန့်ကွေးသွားကာ ကောင်းကင်ဘုရင်တံဆိပ်ပြားကို ဝူကြွယ်ဓားဧကရာဇ်ဆီသို့ ရုတ်တရက် ပစ်ပေးလိုက်၏။
"ကောင်းကင်ဘုရင်တံဆိပ်ပြားက မင်းအတွက်ပဲ"
ရှဲ့လွမ်က လုမင်နှင့် ရှဲ့နျန်ချင်းကို နတ်ဆိုးစွမ်းအင်နှင့် ရစ်ပတ်ပြီး အော်ပြောလိုက်သည်။
"ကောင်းကင်ဘုရင်တံဆိပ်ပြားက ငါ့ဟာပဲ"
ဝူကြွယ်ဓားဧကရာဇ်လည်း ဝမ်းသာအားရဖြင့် ကောင်းကင်ဘုရင်တံဆိပ်ပြားကို ဖမ်းရန် လက်လှမ်းလိုက်၏။
"မစဉ်းစားနဲ့၊ အဲဒါ ငါ့ဟာ"
မိုးကြိုးဓားဧကရာဇ်လည်း လောဘတို့ကို လှစ်ဟလာသည်။ ၎င်းက မိုးကြိုးများ ရစ်ပတ်နေသော ဓားအလင်းနှင့် ဝူကြွယ်ဓားဧကရာဇ်ကို တိုက်ခိုက်တော့သည်။
"မိုးကြိုးဓား၊ မင်းသေချင်နေတာလား"
ဝူကြွယ်ဓားဧကရာဇ်လည်း ဒေါသချောင်းချောင်းထွက်သွားသည်။ သူ့ထံမှ ဓားအလင်းများ ထွက်ပေါ်လာကာ မိုးကြိုးဓားဧကရာဇ်ကို ပြန်လည် တိုက်ခိုက်လိုက်၏။
"ဝုန်း"
ဓားအလင်းနှင့် လျှပ်စီးဓားအလင်းတို့ ထိပ်တိုက်တွေ့သောအခါ ကောင်းကင်တွင် ဓားအရှိန်အဝါများ ပြည့်နှက်နေတော့သည်။ ဓားအလင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံခြင်းက ဟင်းလင်းပြင်ကို ပင့်ကူမျှင်ကဲ့သို့ အက်ကွဲသွားစေခဲ့သည်။
ဓားအလင်းတချို့က အောက်မြေပြင်ကိုလည်း ကျရောက်လာခဲ့၏။ မြေပြင်က ကွဲအက်ပြီး မိုင်တစ်သောင်းကျော်ရှည်လျားသော လျှိုမြောင်ကြီးများ ပေါ်လာတော့သည်။ တိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းသည်။
ထိုအချိန်တွင်၊ သူတော်စင်မြို့တော် တစ်ခုလုံးက အလင်းရောင်များ တောက်ပလာသည်။ ထို့နောက်မှာတော့ အလင်း အတားအဆီးတစ်ခုအဖြစ် မြင့်တက်လာပြီး တိုက်ခိုက်မှုအင်အားများကို ပိတ်ဆို့သွားတော့သည်။
မဟုတ်ပါက၊ မြို့တော်တစ်ခုလုံးသည် တိုက်ပွဲလှိုင်းတချို့ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
"ကောင်းကင်ဘုရင် တံဆိပ်ပြားကို ပေးစမ်း"
ရှဲ့ချီထျန်းနှင့် တော်ဝင်ရှဲ့မိသားစု၏ ဧကရာဇ်နှစ်ပါးက ဝူကြွယ်ဓားဧကရာဇ်ကို ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်လိုက်ကြသည်။
သန့်စင်သော အလင်းများက အဖြူရောင်နေအလင်းကဲ့သို့ ကောင်းကင်တွင် ပြည့်သွားခဲ့၏။ မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော အဖြူရောင် သူတော်စင်အလင်းက မျက်လုံးမဖွင့်နိုင်လောက်အောင် စူးရှလွန်းတော့သည်။
"ဝုန်း ဝုန်း ဝုန်း"
မိုးနှင့်မြေက ပြင်းအား အဆင့်တစ်ဆယ်ရှိ ငလျင်လှုပ်ခတ်သွားပုံရသည်။ ပြင်းထန်သော တုန်ခါမှုများကြောင့် ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျသွား၏။ အားလုံးက အဝေးတွင် တိုက်ခိုက်နေသော ပုံရိပ်တချို့ကိုသာ လှမ်းမြင်ကြရသည်။ သူတို့က အမှောင်ဟင်းလင်းပြင်အတွင်းမှာ တိုက်ခိုက်နေခဲ့ကြပေသည်။
"ဝုန်း"
ဓားအလင်းတစ်ခုက မြေပြင်ပေါ်ကို မတော်တဆ ကျလာသည်။ ချက်ချင်းပင် မြေပြင်၌ နားမလည်နိုင်သော တွင်းပေါက်ကြီးတစ်ခု ပေါ်လာခဲ့၏။ ခဏအကြာတွင် ချော်ရည်များ ပန်းထွက်လာတော့သည်။
ထိုဓားအလင်းက မြေမျက်နှာပြင်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
သိုင်းအုပ်ချုပ်သူများက အကြိတ်အနယ် တိုက်ခိုက်နေကြ၏။ မြင်ကွင်းက ထိတ်လန့်စရာကောင်းလွန်းသည်။
သူတော်စင်မြို့တော်မှ လူများစွာလည်း ငေးမောပြီး ကြောင်ကြည့်နေခဲ့ကြသည်။ ဤမျှ ကြောက်စရာကောင်းသော မြင်ကွင်းက သူတို့အားလုံးကို တုန်လှုပ်သွားစေခဲ့ပေသည်။
အင်မတန်အစွမ်းထက် ဝင်္ကပါကြီးဖြင့်သာ သူတော်စင်မြို့တော်ကို ကာကွယ်ထားခြင်းမပြုပါက ဤနေရာတွင် ရပ်တည်ဝံ့မည် မဟုတ်ပေ။ နောက်ဆက်တွဲ လှိုင်းတိုတချို့ကပင် သူတို့အသက်ကို နှုတ်ယူသွားနိုင်သည်။
ယနေ့ ဖြစ်ပျက်ခဲ့သမျှက လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။
ယနေ့ခေတ်၏ အဓိကလူ မပါဝင်သော်လည်း ရှဲ့ချီထျန်းနှင့် အခြားဧကရာဇ်များတော့ ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်နေခဲ့ကြပေသည်။
"သွားကြစို့။ သူတို့မှာ တခြားအရာတွေကို ဂရုစိုက်ဖို့ အချိန်မရှိတော့ဘူး။ ဖရိုဖရဲနယ်မြေကို သွားပြီး ငါချန်ထားခဲ့တာတွေကို ရှာကြည့်ရအောင်။ ငါ့ရဲ့ ကျင့်ကြံခြင်းသာ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ပြန်ရောက်လာရင် သူတို့ကို ကြောက်နေစရာ မလိုတော့ဘူး!"
ရှဲ့လွမ် ပြောလိုက်သည်။ ထို့နောက်မှာတော့ လုမင်နှင့် ရှဲ့နျန်ချင်းကိုခေါ်ကာ ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
......…....
သုံးရက်အကြာတွင်...
သတင်းများက မုန်တိုင်းတိုက်သကဲ့သို့ ဗဟိုတိုက်ကြီးတစ်ခုလုံးနှင့် အခြားနယ်မြေလေးခုကို ပျံ့နှံ့သွားခဲ့သည်။
လွန်ခဲ့သည့်သုံးရက်က လုမင်သည် သူတော်စင်မြို့တော်သို့ သွားပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပြသခဲ့သည်။
ထို့နောက်တွင် လွန်ခဲ့သည့်နှစ်ပေါင်း သုံးသောင်းခန့်က ကျဆုံးပြီဟု ကောလဟာလထွက်နေသော ကောင်းကင်နတ်ဆိုးဧကရာဇ် ရှဲ့လွမ် ပေါ်လာခဲ့၏။ ၎င်းကို ငရဲကိုးခုနတ်ဆိုးနယ်မြေမှ လုမင် ကယ်တင်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် တော်ဝင်မိသားစုက သူ့ကို လိုက်ဖမ်းစေခဲ့ခြင်း ဖြစ်ပေသည်။
သူတော်စင်မြို့တော်သို့ ရောက်သောအခါ ရှဲ့လွမ်က ကောင်းကင်ဘုရင်တံဆိပ်ပြားကို ထုတ်ယူပြီး သိုင်းအုပ်ချုပ်သူများကြားမှ ပြင်းထန်သောတိုက်ပွဲအား ဖြစ်စေခဲ့သည်။
ထိုတိုက်ပွဲတွင် ကောင်းကင်ကြီးအက်ကွဲပြီး မြေပြင်ပြိုကျသွားခဲ့၏။ နေနှင့်လတို့၏ တောက်ပမှုများ ပျောက်ကွယ်သွားကာ ကြောက်စရာကောင်းလွန်းခဲ့ပေသည်။
အဆုံးတွင်၊ ဝူကြွယ်ဓားဧကရာဇ်က တော်ဝင်မိသားစု၏ လက်ချက်ဖြင့် ထိုတိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။ မိုးကြိုးဓားဧကရာဇ်လည်း ဒဏ်ရာအပြင်းအထန်ရရှိကာ ထွက်ပြေးသွားရ၏။ ကောင်းကင်ဘုရင် တံဆိပ်ပြားကတော့ တော်ဝင်ရှဲ့မိသားစု၏လက်သို့ ကျရောက်သွားတော့သည်။
ဤသတင်း ပျံ့နှံ့သွားသောခါ လူတော်တော်များများ အံ့သြသွားကြသည်။
ရှဲ့လွမ်ပေါ်လာသည်နှင့် တိုက်ပွဲဖြစ်ကာ သိုင်းအုပ်ချုပ်သူတစ်ပါး ကျဆုံးသွား၏။
တိုက်ပွဲတစ်ခုကြောင့် သိုင်းအုပ်ချုပ်သူတစ်ပါး ကျဆုံးခဲ့တာ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီနည်း။ ယခုတော့ တစ်ခု စတင်ပေါ်လာပြီ ဖြစ်သည်။
ထို့ထက် ဤအရာအားလုံးက လူငယ်လေး လုမင်တစ်ဦးတည်းကြောင့် ဖြစ်ခဲ့ရပေသည်။