← Chapters

အခန်း ၁၁၆၈

Vol. 78 Ch. 1168

အခန်း ၁၁၆၈

Vol. 78 Ch. 1168

အပိုင်း ( 1168 ) ကျောက်ကြမ်းပေါင်း တစ်ဘီလီယံကျော်။

"မိန်းကလေး၊ ငါ့ကို ကယ်တင်ရင် ငါ့အမွေကို မင်းလက်ကိုလွှဲပေးမယ်လို့ ငါပြောထားခဲ့တယ်။ ငါ့စကားကို ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး"

ပြောဆိုပြီး ရှဲ့လွမ်က ရှဲ့နျန်ချင်း၏ မျက်ခုံးနှစ်ခုကြားကို လက်ညိုးညွှန်လိုက်သည်။ အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး စီးဆင်းကာ ပျောက်ကွယ်သွား၏။

"ငါက ငါ့ဘဝတစ်လျှောက်က တန်ဖိုးရှိတဲ့ ကျင့်ကြံမှုအတွေ့အကြုံနဲ့ နတ်ဆိုးပညာတွေပဲ။ အခု မင်းကို အကုန်လွှဲပေးလိုက်ပြီ၊ ဒါပေမဲ့ လူတိုင်းရဲ့ လမ်းကြောင်းတွေက မတူညီတာကြောင့် အဲဒါကို အကိုးအကားအနေနဲ့ပဲ ကြည့်ပါ။ နောက်ပြီးတော့ ဒီမှာ နတ်ဆိုးနန်းတော်လည်း ရှိတယ်၊ ဝင်ပြီးတော့ လေ့ကျင့်လို့ရပါတယ်။ ဒါက မင်းရဲ့ ကျင့်ကြံခြင်းအတွက် အရမ်းအကျိုးရှိလိမ့်မယ်"

ရှဲ့လွမ် ပြောလိုက်သည်။

ရှဲ့နျန်ချင်းက မျက်လုံးကိုမှိတ်ထားပြီး ခဏတာ ခံစားကြည့်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြီး လက်သီးလက်ယှက်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

"ဟားဟားဟား၊ ငါတို့က နှစ်ပေါင်း သုံးသောင်းကျော် ကွာခဲ့ပေမဲ့ ငါတို့ရဲ့ ကံကြမ္မာကတော့ အတူတူပါပဲ။ ယဉ်ကျေးနေဖို့ မလိုဘူး"

ရှဲ့လွမ် ရယ်မောလိုက်သည်။

လုမင် စိတ်လှုပ်ရှားသွားခဲ့လေသည်။ ဤရှဲ့လွမ်က စကားတည်သည်။

ရိုးရိုးသားသားပြောရလျှင်၊ လုမင်က ရှဲ့လွမ်၏စွမ်းအားကို ငှားယူရန် စိတ်ကူးရှိခဲ့သော်လည်း အမြဲသတိထားခဲ့သည်။ ယခုတော့ သူ၏သတိများ လျော့ပါးသွားရပြီ။

ထိုအချိန်တွင် ရှဲ့လွမ်က လုမင်ကို ကြည့်လိုက်သည်။ နတ်ဆိုးစွမ်းအင်များက သူ့လက်ဝါးထဲတွင် နတ်ဆိုးတံဆိပ်ပြားတစ်ခုအဖြစ် ပေါင်းစပ်သွား၏။ သူက လုမင်ကိုပေးကာ မိုရဲ့နှင့် အခြားသူများကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ညီလေးလုက ငါ့ရဲ့ကျေးဇူးရှင်ပဲ။ နောင်မှာ သူ့ကိုမြင်ရတာက ငါ့ကိုမြင်ရသလိုပဲဆိုတာ မှတ်ထားပါ။ နတ်ဆိုးချောက်ရဲ့ ဘယ်နေရာကိုမဆို လွတ်လွတ်လပ်လပ် သူလျှောက်သွားနိုင်တယ်။ မင်းနားလည်လား"

"ကျွန်တော်တို့ နားလည်ပါတယ်"

မိုရဲ့နှင့် ကျန်လူများ ဦးညွှတ်လိုက်ကြသည်။

"အပြင်လောကက ကမောက်ကမ ဖြစ်နေပြီ။ ပြင်ပကမ္ဘာကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်ပါ။ နတ်ဆိုးတစ်သောင်းကန်ကနေ ငါပြန်ထွက်လာတာနဲ့ နတ်ဆိုးချောက်ကနေ ငါတို့ထွက်ပြီး ရှမ်းဟွမ်တိုက်ကြီးကို စိုးမိုးရမယ်"

ရှဲ့လွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"နတ်ဆိုးဘိုးဘေးက ပြိုင်ဘက်ကင်းပါတယ်၊ ခင်‌ဗျားရဲ့အမိန့်အတိုင်း လိုက်နာမယ်"

မိုရဲ့နှင့် ကျန်လူများလည်း ထပ်မံ ဦးညွှတ်ကြလေသည်။

ရှဲ့လွမ်က ခေါင်းညိတ်ပြီး တောင်အလယ်ကို လျှောက်သွားသည်။ ဤနေရာတွင် ဝင်္ကပါများရှိသော်လည်း ရှိလွမ်ကို နားလည်ဟန်ဖြင့် တုံ့ပြန်မှု မရှိခဲ့ပေ။ မကြာခင်မှာပဲ ရှဲ့လွမ်၏ပုံရိပ်က ပျောက်ကွယ်သွားတော့သည်။

မိုရဲ့နှင့် ကျန်သူများ တိတ်တဆိတ် အံ့သြသွားကြသည်။ နတ်ဆိုးတစ်သောင်းကန်ဝင်္ကပါသည် အလွန်ကြောက်စရာကောင်း၏။ မိုရဲ့ကဲ့သို့ ဧကရာဇ်တောင်မှ မချိုးဖျက်နိုင်သော်လည်း ရှဲ့လွမ်ကတော့ အတားအဆီးမရှိ၊ လွယ်လွယ်ကူကူ လျှောက်လှမ်းသွားခဲ့သည်။

ဤသည်မှာ၊ လွန်ခဲ့သည့်နှစ်များအတွင်း ရှဲ့လွမ်ချန်ထားခဲ့သော ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။

"သခင်လေးလု၊ မိန်းကလေးရှဲ့... နတ်ဆိုးဘိုးဘေး ပြန်ကောင်းလာဖို့က အချိန်လိုပါတယ်။ ဒီအတောအတွင်းမှာ မင်းတို့နှစ်ယောက် လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ တစ်ခုခုလိုရင် ငါ့ကို လာရှာပါ"

မိုရဲ့က လုမင်နှင့် ရှဲ့နျန်ချင်းကို ပြုံးပြလိုက်သည်။

ရှဲ့လွမ်က လုမင်နှင့် ရှဲ့နျန်ချင်းကို အလွန်တန်ဖိုးထားကြောင်း သူမြင်ရပေသည်။ သူ၏အမွေကိုပင်၊ သူ့အရှေ့မှာ ရှဲ့နျန်ချင်းကို လွှဲပြောင်းပေးခဲ့သည်။ ထိုအတွက်၊ သဘာဝအတိုင်း ယဉ်ကျေးစွာ ဆက်ဆံခဲ့ရပေသည်။

"ခင်ဗျား ယဉ်ကျေးလွန်းပါပြီ။ တခြားအရာတွေရှိရင်တော့ ခင်ဗျားကိုပဲ နှောင့်ယှက်ရ‌မှာပဲ"

လုမင် ပြုံးလိုက်သည်။

"ကောင်းပြီလေ၊ မင်းတို့ အေးအေးဆေးဆေး နားကြပါ။ ငါတို့ မင်းကို မနှောင့်ယှက်တော့ဘူး"

မိုရဲ့က ပြောလိုက်သည်။ ထို့နောက်မှာတော့ အခြားသူများနှင့်အတူ ထွက်ခွာသွားကာ သတင်းရယူရန် လူများ စေလွှတ်လိုက်တော့သည်။

"ရှောင်ချင်း၊ ငါတို့ လမ်းလျှောက်ထွက်မလား"

လုမင်က ရှဲ့နျန်ချင်း၏ လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"ကောင်းတာပေါ့"

ရှဲ့နျန်ချင်း ခေါင်းညိတ်လိုက်၏။

နှစ်ယောက်သား လက်ချင်းချိတ်ကာ လေထဲတွင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်ခဲ့လေသည်။

ယခုအခါ၊ ရှဲ့လွမ်က ပို၍အားကောင်းလာနေသောကြောင့် ငရဲဖိနှိပ်ကျောက်စာချပ်၏ ဖိအားနှင့် ကင်းဝေလာခဲ့ပြီ ဖြစ်သည်။ သူက လုမင်နှင့် အဝေးတွင် နေလို့ရခဲ့ပြီ။

နှစ်ယောက်သား လမ်းလျှောက်ရင်း စကားစမြည်ပြောဆိုခဲ့ကြသည်။

ဤအတောအတွင်းမှာ သူတို့ နှစ်ယောက်က အဆက်မပြတ် ပြေးလွှားနေရ၍ မနားခဲ့ရပေ။

တောင်ထိပ်တစ်ခုပေါ်တွင် နှစ်ယောက်သား ရပ်လျက် ဆင်းလိုက်သည်။ သူတို့နှစ်ဦးသား ငြိမ်သက်အေးချမ်းမှုကို တိတ်တဆိတ် ခံစားခဲ့ကြရလေသည်။

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားသည်။ ဤသုံးရက်အတွင်းတွင်၊ သူတို့နှစ်ဦးက လေ့ကျင့်ခြင်းမပြုဘဲ အနားယူ‌ခဲ့ကြသည်။

သုံးရက်အကြာတွင်၊ ရှဲ့နျန်ချင်းက တိတ်တဆိတ်လေ့ကျင့်ရန်အတွက် နတ်ဆိုးနန်းတော်ကို သွားခဲ့သည်။

ရှမ်းဟွမ်တိုက်ကြီးက ဝရုန်းသုန်းကား ဖြစ်တော့မည်ကို သူတို့ ကောင်းကောင်းသိကြ၏။ ထိုသို့သောပတ်ဝန်းကျင်တွင်၊ ကိုယ်ပိုင်ခွန်အားကို တိုးတက်စေခြင်းက အကောင်းဆုံး ဖြစ်သည်။

မဟုတ်ပါက အနှေးနှင့်အမြန် မုန်တိုင်းကြားတွင် နစ်မြုပ်သွားလိမ့်မည်။

ယခုအချိန်တွင်၊ သူတို့က အားနည်းနေကြဆဲ ဖြစ်သည်။

ရှဲ့လွမ်အတွက်လည်း ဤသည်မှာ အကျိုးအမြတ် ဖလှယ်ခြင်းသာဖြစ်မှန်း သူတို့ ကောင်းကောင်း သိကြသည်။

သူတို့က ရှဲ့လွမ်ကို ကယ်တင်ခဲ့သောကြောင့်၊ ရှဲ့လွမ်မှ သူတို့ကို တစ်ကြိမ်၊ နှစ်ကြိမ် ကူညီပေးနိုင်သည်။ သို့ရာတွင် အမြဲမဖြစ်နိုင်ပေ။ နောက်ဆုံးမှာတော့ ကိုယ့်အားကိုသာ အားကိုးနေရဆဲ ဖြစ်သည်။

ရှဲ့နျန်ချင်း တိတ်တဆိတ် မလေ့ကျင့်မီတွင် လုမင်က နတ်ဘုရားတံခါး တံဆိပ်ကိုးခု ပညာရပ်ကို လွှဲပြောင်းပေးခဲ့သည်။ နတ်ဘုရားတံခါး တံဆိပ်ကိုးခုကို လေ့ကျင့်ပြီးနောက် သူမ၏ခွန်အားက ပိုမိုအားကောင်းလာလိမ့်မည်။

ရှဲ့နျန်ချင်းက တိတ်တဆိတ်လေ့ကျင့်ရန် နတ်ဆိုးနန်းတော်ထဲသို့ ဝင်ခဲ့သည်။ လုမင်ကတော့ နတ်ဆိုးတစ်သောင်းရေကန်နှင့် မဝေးသော တောင်ထိပ်တွင် လေ့ကျင့်ရန် ပြင်ဆင်ခဲ့၏။

သို့သော်လည်း သူ မလေ့ကျင့်ခင် နောက်ထပ်လုပ်စရာတစ်ခု ရှိနေသည်။

သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ သိုလှောင်လက်စွပ်တစ်ကွင်း ပေါ်လာသည်။

ဤကာလတွင်း သူတို့သတ်ခဲ့သော ရန်သူများထံမှ သိုလှောင်လပ်စွပ်များကို စုထားခဲ့၏။ ၎င်းတို့ထဲတွင် အများစုက အဆင့်မြင့် ဝိညာဉ်နတ်ဘုရား ကျွမ်းကျင်သူများက ချန်ထားခဲ့ကြသည်။ ယခင်ကတော့ လုမင်မှာ အချိန်မရ၍ မစစ်ဆေးခဲ့ပေ။ ယခုက ၎င်းတို့ကိုစစ်ဆေးရန် အကောင်းဆုံးအချိန် ဖြစ်သည်။

လုမင်က အတွေးတစ်ခုဖြင့် တောင်နှင့်မြစ်ပန်းချီကားထဲသို့ ဝင်ကာ သိုလှောင်လက်စွပ်များ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ခွဲထုတ်လိုက်သည်။

လုမင်သည် သူ့စိတ်ကို ပြင်ဆင်ထားပြီးသော်လည်း အမှန်တကယ်ရေတွက်ပြီးနောက် တုန်လှုပ်ရဆဲပင်။

ကျောက်ကြမ်းချည်းပဲ တစ်ဘီလီယံကျော် ရှိသည်။

ကျောက်ကြမ်း တစ်ဘီလီယံကျော်...

ဤသည်က မည်မျှကြောက်စရာကောင်းသော ချမ်းသာမှုမျိုး ဖြစ်သနည်း။

"ဟားဟားဟား၊ ငါအကြာကြီးသုံးဖို့ လုံလောက်တယ်"

လုမင် ဝမ်းသာသွားခဲ့သည်။

ထို့အပြင်၊ အဆင့်အမျိုးမျိုးရှိ ဝိညာဉ်ကျောက်တုံးများလည်း အများအပြားရှိကာ စုပေါင်းတန်ဖိုးက အံ့မခန်း ဖြစ်ခဲ့ရသည်။

အဆင့်နိမ့်၊ အလယ်လတ်နှင့် အဆင့်မြင့် တာအိုကျောက်များလည်း ရှိသေးသည်။ ၎င်းတို့က လုမင်အတွက် အသုံးမဝင်သော်လည်း လုမိသားစုနှင့် အခြားသူများအတွက် သိမ်းဆည်းထားခဲ့သည်။ ၎င်းတို့သည် အနာဂတ်တွင် အလွန်အသုံးဝင်လိမ့်မည်။

ဝိညာဥ်ဆေးလုံး၊ ဝိညာဉ်ဆေးပင်များ၊ ဝိညာဉ်လက်နက် စသည်တို့လည်း အမျိုးမျိုး ရှိခဲ့သည်။

နောက်ဆုံးတွင်၊ သူတို့အထဲမှာ အဆင့်မြင့် ဝိညာဉ်နတ်ဘုရား များစွာရှိ၍ စည်းစိမ်ဥစ္စာများမှာ အံ့ဖွယ်ဖြစ်ခဲ့ရသည်။

လုမင်လည်း ခွဲထုတ်ပြီးနောက် နားရွက်ပြန်ချိတ်မတတ် ပြုံးဖြီးနေတော့သည်။

ထိုအချိန်တွင် တန်တန်က ဝိညာဉ်ဆေးပင်များ အနံ့ရ၍ ပြေးလာသည်။ လုမင်က သူ့ကို မြန်မြန်ပြန်ကောင်းလာစေရန် ဝိဉာဉ်ဆေးပင် တချို့တဝက် ပေးလိုက်သည်။

ရေတွက်ပြီးနောက်၊ လုမင်က တာအိုကျောက်များအကူအညီဖြင့် ရှေးဟောင်းဉာဏ်အလင်းသစ်ပင်အောက်တွင် တာအိုကို စတင်ဆင်ခြင်ခဲ့သည်။

ယခုအခါ လုမင်တွက် ကျောက်ကြမ်းများ အလုံအလောက်ရှိ၏။ သူ၏တာအိုများ တိုးနေသရွေ့ ကျောက်ကြမ်းများနှင့် ကျင့်ကြံခြင်းအခြေခံကို မြန်မြန်တိုးတက်စေနိုင်သည်။

အချိန်ကုန်တာ မြန်လွန်းလှပေသည်။ မျက်စိတစ်မှိတ်အတွင်း သုံးလကြာသွားသည်။

ထိုနေ့တွင် လုမင်က တစ်စုံတစ်ခုကို သတိပြုမိပြီး တောင်နှင့်မြစ် ပန်းချီကားအတွင်းမှ ထွက်လာသည်။ သူက နတ်ဆိုးတစ်သောင်း ရေကန်ရှိရာကို လှမ်းကြည့်လိုက်၏။

နတ်ဆိုးရေကန်တစ်သောင်းအထက်တွင် နတ်ဆိုးတိမ်တိုက်များစုဝေးနေသည်။ နတ်ဆိုးစွမ်းအင်များကလည်း ကောင်းကင်ယံတွင် ပြည့်နှက်နေကာ ဖိအားတစ်ခု ပျံ့နှံ့သွားတော့သည်။

ရှဲ့လွမ် လေ့ကျင့်ရာမှ ထွက်လာပြီမှန်း လုမင် သိလိုက်သည်။

"ဝမ်"

လုမင်၏ ကျောရိုးမှ သွေးအလင်းတချို့ တောက်ပလာသည်။ ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစက အနည်းငယ်တုန်ခါသွားသည်ကို လုမင် ခံစားမိခဲ့၏။

အတွေးတစ်ခုဖြင့်၊ လုမင်က နတ်ဆိုးတစ်သောင်း ရေကန်ရှိရာကို ပျံသန်းသွားတော့သည်။

"ဝမ်"

နတ်ဆိုးစွမ်းအင်များ သိပ်သည်းလာပြီး နောက်ဆုံးတွင် ရှဲ့လွမ် ပေါ်လာခဲ့သည်။

သုံးလကြာပြီးနောက်၊ ရှဲ့လွမ်၏ အရှိန်အဝါများက ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ ၎င်းက တွင်းနက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းကာ လုံးဝ နားမလည်နိုင်တော့ပေ။

သူ၏ ကြွက်သားတိုင်းက အရာအားလုံးကို ဖျက်ဆီးနိုင်သည့် အဖျက်စွမ်းအားအား ပိုင်ဆိုင်ထားပုံ ရသည်။

ရှဲ့လွမ်၏ခွန်အားက သိုင်းအုပ်ချုပ်သူအဖြစ်နှင့် အပြည့်အဝ ပြန်ကောင်းသွားပြီဖြစ်ကြောင်း လုမင် နားလည်သွားခဲ့ပြီ။ သူဘယ်အဆင့်ရောက်နေပြီမှန်းပင် လုမင် မသိတော့ပေ။

ထိုအချိန်တွင် မိုရဲ့နှင့် အခြားသူများလည်း ပြေးလာခဲ့ကြသည်။ သို့သော်လည်း၊ ရှဲ့လွမ်က လက်ဝှေ့ယမ်းလိုက်ရာ အဝေးတွင်ရပ်သွားပြီး တစ်ဦးမှ အနားမကပ်တော့ပေ။

"ဝမ်"

ဤအခိုက်အတန့်တွင် ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစက လုမင်၏ ခန္ဓာကိုယ်မှ ပျံထွက်သွားခဲ့သည်။ ၎င်းက တောင်ကြီးတစ်ခု၏ အရွယ်အစားသို့ လျင်မြန်စွာ ကြီးထွားလာခဲ့၏။ ၎င်းက ရှဲ့လွမ်ဆီသို့ လွင့်မျောသွားတော့သည်။

"ဝုန်း"

ရုတ်တရက်၊ ရှဲ့လွမ်က ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစကို လက်နှင့်ပုတ်လိုက်သည်။ ခဏချင်းပင် ငရဲဖိနှိပ်ကျောက်စာချပ်က အပိုင်းအစက ပြင်းထန်စွာ တုန်ခါသွားတော့သည်။

All Chapters