← Chapters

အခန်း ၁၁၆၉

Vol. 78 Ch. 1169

အခန်း ၁၁၆၉

Vol. 78 Ch. 1169

အပိုင်း ( 1169 ) ရှဲ့လွမ်နှင့် မဟာမိတ်ဖွဲ့ခြင်း။

"ဒုန်း ဒုန်း ဒုန်း"

ထို့နောက်တွင်၊ ရှဲ့လွမ်က ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစကို အဆက်မပြတ် ရိုက်လိုက်သည်။

သုံးဆယ့်ခြောက်ကြိမ် ဆက်တိုက်ရိုက်ပြီးနောက်‌မှာတော့ ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစက လုမင်ထံသို့ ပြန်လည် လွင့်မျောသွားတော့သည်။

ရှဲ့လွမ်က ငရဲဖိနှိပ်ကျောက်စာချပ်မှ လုံးဝ လွတ်မြောက်သွားပြီဖြစ်ကြောင်း လုမင် သတိပြုမိခဲ့သည်။

ရှဲ့လွမ်သည်လည်း သိုင်းအုပ်ချုပ်သူ ကျင့်ကြံခြင်းအခြေခံကို ပြန်ရပြီးသည်နှင့် ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစမှ လွတ်မြောက်ပြီဖြစ်ကြောင်း ပြောခဲ့ဖူးပေသည်။

"ဟူး"

ရှဲ့လွမ်လည်း စိတ်လှုပ်ရှား‌နေသော မျက်လုံးများဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။

ငရဲဖိနှိပ်ကျောက်စာချပ် အပိုင်းအစက သူ့ကို နှစ်သုံးသောင်းကြာ ဖိနှိပ်ခဲ့ရသော်လည်း ယခုတော့ အမှန်တကယ် လွတ်မြောက်သွားခဲ့ပြီ။

လုမင်က ရှဲ့လွမ်ကို ဘာမျှမပြောဘဲ စောင့်ကြည့်နေခဲ့သည်။

ထိုအချိန်တွင် ရှဲ့လွမ်ကလည်း လုမင်အား လှည့်ကြည့်လိုက်၏။ မျက်လုံးချင်းဆုံမိသည်နှင့် တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အတွေးများရှိမှန်း သိလိုက်သည်။

ခဏအကြာတွင် ရှဲ့လွမ်က ဦးစွာပြောသည်။

"လုမင်၊ ငါတို့ မဟာမိတ်ဖွဲ့ရရင် ဘယ်လိုလဲ"

ထိုစကားကြောင့် လုမင် အနည်းငယ် အံ့ဩသွား၏။

ယခုဆိုလျှင် ရှဲ့လွမ်က အပြည့်အဝ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ လုမင်သည် ရှဲ့လွမ်ပြောလာမည့် အခြေအနေအမျိုးမျိုးကို ကြိုတွေးထားခဲ့၏။ သူသည် ရှဲ့လွမ်က သူ့စကားကို ပြန်ရုတ်သိမ်းမည်ဟု မထင်သော်လည်း မဟာမိတ်ဖွဲ့ရန် ဆိုလာမည်ဟု မမျှော်လင့်ခဲ့ပေ။

ရှဲ့လွမ်က ယခုဆိုလျှင် ကမ္ဘာ့ထိပ်သီး သိုင်းအုပ်ချုပ်သူတစ်ပါး ပြန်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မိုရဲ့နှင့် အခြား အင်အားကြီး လက်အောက်ငယ်သားများနှင့်အတူ သူ၏ ခွန်အားက ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။

လုမင်အတွက်တော့ ဝိညာဉ်နတ်ဘုရားနယ်ပယ် စတုတ္ထအဆင့်သာ ရှိနေဆဲ ဖြစ်သည်။ သူလိုဧကရာဇ်က အဘယ်ကြောင့် သူနှင့် မဟာမိတ်ဖွဲ့လိုပါသနည်း။

မဟာမိတ်ဆိုသည်မှာ အဘယ်နည်း။ ၎င်းမှာ နှစ်ဖက်စလုံးက ညီတူညီမျှရှိကြောင်းကို ကိုယ်စားပြုခဲ့သည်။

ဤအတွက်လုမင် လုံးဝ နားမလည်နိုင်ခဲ့ပေ။

ထိုအချိန်တွင်၊ လုမင်၏ စိတ်ထဲမှာ အတွေးမျိုးစုံ ပေါ်လာခဲ့သည်။

"လုမင်၊ မင်း အံ့သြနေတာကို ငါသိပါတယ်။ ရိုးရိုးသားသားပြောရရင် မင်းရဲ့လက်ရှိအင်အားအရ မင်းဟာ ငါနဲ့မဟာမိတ်ဖွဲ့ဖို့ အရည်အချင်းမပြည့်မီဘူး။ ဒါပေမဲ့ မင်းရဲ့အရည်အချင်းက ငါ့ဘဝမှာ တစ်ခါမှမမြင်ဖူးတဲ့ အရာတစ်ခုပဲလေ။ အနာဂတ်မှာ ငါက မင်းဆီကတောင် အကူအညီလိုနိုင်တယ်"

ရှဲ့လွမ်က လုမင်၏ အတွေးများကို မြင်နေဟန်ဖြင့် ရှင်းပြလိုက်သည်။

"ခင်ဗျားရဲ့ သီးခြားအခြေအနေက ဘာလဲ"

လုမင် မေးလိုက်၏။

ရိုးရိုးသားသားပြောရလျှင် ရှဲ့လွမ်နှင့် မဟာမိတ်ဖွဲ့ခြင်းက ဆွဲဆောင်နိုင်လွန်းသည်။

သူ၏ လက်ရှိအင်အားက အားနည်းနေသေးသည်။ ပိတ်မိနေ‌သော ဖူရုပ်သေးဂိုဏ်းကို အကူအညီပေးရန် မဆိုထားနှင့် ကိုယ်တိုင်ပင် အခက်အခဲကြုံနေရသည်။ ထိုကြောင့်၊ အမှန်ပင် သူ့အတွက် အင်အားကြီးမားသော စစ်ကူများကို လိုအပ်သည်။

ရှဲ့လွမ်နှင့် အဆင့်အတန်းတူစွာ အမှန်တကယ် မဟာမိတ်ဖွဲ့နိုင်ပါက ရွေးချယ်မှုကောင်းတစ်ခု ဖြစ်သည်။

"ငါ့အခြေအနေက အရမ်းရိုးရှင်းပါတယ်။ မင်းရဲ့အနာဂတ်ကို ငါမျက်စိကျနေတယ်။ မင်းရဲ့ အရည်အချင်းတွေနဲ့ အနာဂတ်မှာ သိုင်းအုပ်ချုပ်သူဖြစ်လာမယ်ဆိုတာ အသေချာပါ။ အနာဂတ်မှာ ငါ့ကိုကျော်တက်ဖို့တောင် သိပ်ခက်ခဲမှာ မဟုတ်ဘူး။ မင်းရဲ့အရည်အချင်းတွေ ရှမ်းဟွမ်တိုက်ကြီးက နောက်ဆုံးပန်းတိုင်ဖြစ်မှာ မဟုတ်ဘူးလေ။ အနာဂတ်မှာ မင်းက ရှမ်းဟွမ်တိုက်ကြီးကနေ ထွက်ခွာသွားဖို့ ဖြစ်နိုင်ချေများတယ်"

"ငါ့ရဲ့အခြေအနေက အနာဂတ်မှာ ရှမ်းဟွမ်တိုက်ကြီးကနေ မင်းထွက်သွားပြီး ယွမ်လုတိုက်ကြီးရဲ့ အင်အားစုကြီးတစ်ခုနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်... ငါ့ကိုလည်း အဲဒီ့အင်အားစုထဲကို ဝင်ခွင့်ပြုအောင် နည်းလမ်းရှာပေးပါ"

ရှဲ့လွမ်က သူ့အခြေအနေကို ပြောပြလိုက်သည်။

ရှဲ့လွမ်၏ စကားက အလွန်ရိုးသားခဲ့ပေသည်။ ရှဲ့လွမ်က သူ့အနာဂတ်ကို အမှန်တကယ် စိတ်ဝင်စားနေကြောင်း ထင်ရှားသည်။

ဤသည်က ရင်းနှီးမြှုပ်နှံမှုတစ်ခုလိုပင်။ ၎င်းက လုမင်ထံတွင် ရင်းနှီးမြှုပ်နှံချင်ခဲ့သည်။

"ကျင့်ကြံသူမှန်ရင် မိုးကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်ပြီး သိုင်းတာအိုရဲ့ အထွတ်အထိပ်ဆီကို သွားသင့်တယ်"

"ဧကရာဇ်တွေက ဖုန်မှုန့်အဖြစ်မပြောင်းခင် အနှစ်တစ်သောင်းပဲ အသက်ရှင်နေထိုင်နိုင်တာပါ။သူတော်စင်နယ်ပယ်ကို ချိုးဖြတ်နိုင်မှပဲ သက်တမ်းပိုရှည်နိုင်လိမ့်မယ်။ ဒဏ္ဍာရီအရ သူတော်စင်တစ်ဦးဟာ အနှစ်တစ်သိန်းအထိ အသက်ရှင်နေထိုင်နိုင်ကြတယ်တဲ့။ ဒါက ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ"

"ဒါပေမဲ့၊ ကံမကောင်းချင်တော့ ငါက အနှစ်သုံးသောင်းလောက် ဖိနှိပ်ခံခဲ့ရတာကြောင့် ဘဝရဲ့ အကောင်းဆုံးအချိန်ကို ကျော်လွန်ခဲ့ပါပြီ။ ယွမ်လုတိုက်ကြီးလို အင်အားကြီးနယ်မြေကိုသွားဖို့ မဖြစ်နိုင်တော့ဘူး"

ရှဲ့လွမ် သက်ပြင်းချလိုက်သည်။ သူ့မျက်လုံးထဲတွင် တမ်းတသည့် အရိပ်အမြွက်တို့ ပေါ်လာခဲ့၏။

သိုင်းတာအို၏ အထွတ်အထိပ်နှင့် ရှည်လျားသောသက်တမ်းက ကျင့်ကြံသူများ၏ တစ်သက်တာ ရည်မှန်းချက်များ ဖြစ်သည်။

ရှဲ့လွမ်၏စကားများနှင့် လေသံမှ လုမင်သည် အကူအညီမဲ့ခြင်းများကို ခံစားခဲ့ရသည်။

မူလ ရှဲ့လွမ်၏ အရည်အချင်းဖြင့် အနှစ်သုံးသောင်းကြာအောင် ဖိနှိပ်မခံရလျှင်၊ ယွမ်လုတိုက်ကြီးမှ အင်အားစုကြီးတစ်ခုနှင့် ပူးပေါင်းရန် ဖြစ်နိုင်သည်။ သို့ရာတွင်၊ ယခုတော့ မဖြစ်နိုင်တော့၍ အကူအညီလိုနေခဲ့ပြီ။

ထို့ကြောင့် သူသည် လုမင်အား ထိုသို့သောအခြေအနေကို အဆိုပြုခဲ့သည်။

ထို့ပြင် လုမင်၏ အရည်အချင်းက သူငယ်ငယ်ကထက်ပင် ပို၍ မြင့်မားခဲ့ပေသည်။

"လုမင်၊ ဒါက ငါ့အခြေအနေပါပဲ။ မင်း သဘောတူရင် ငါတို့ တန်းတူညီမျှတဲ့ မဟာမိတ်ဖွဲ့မယ်။ ငါ့ရဲ့အင်အားက မင်းရဲ့အင်အားပဲ။ မင်းရဲ့ အားကြီးတဲ့ရန်သူတွေကို ငါကူညီဖြေရှင်းပေးနိုင်တယ်။ မင်းရဲ့ လမ်းတလျှောက်မှာ အင်အားကြီးတဲ့ ရန်သူအများကြီးကို စော်ကားဖူးမယ် မဟုတ်လား"

ရှဲ့လွမ်က လုမင်ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

"ကောင်းပြီ၊ ကျွန်တော် သဘောတူတယ်"

လုမင် ခဏလောက်စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

ရှဲ့လွမ်က ပွင့်ပွင့်လင်းလင်း ပြောထား၏။ တကယ်တော့ ဤသည်မှာ အကျိုးစီးပွားချင်း ဖလှယ်ခြင်း ဖြစ်သည်။ တခါတရံတွင်၊ လုမင်က လက်တွေ့ကျသော အကျိုးစီးပွားဖလှယ်မှုကို ပို၍ယုံကြည်လိုစိတ်ရှိခဲ့ပေသည်။

အကယ်၍ ရှဲ့လွမ်သာ လုမင်ကို သူနှင့် အကြောင်းမဲ့မဟာမိတ်ဖွဲ့ရန် သဘောတူကြောင်းပြောခဲ့ပါက ယုံကြည်နိုင်မည် မဟုတ်ပေ။

"ကောင်းတယ်"

ရှဲ့လွမ် ဝမ်းသာသွားခဲ့သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါ လေထဲတွင် ရှုပ်ထွေးသော သွေးနီရောင် ကမ္ပည်းဝင်္ကပါ ပေါ်လာခဲ့၏။

"ငါ အခု လုမင်နဲ့ မဟာမိတ်ဖွဲ့ဖို့ သွေးသစ္စာ ကျိန်ဆိုမယ်"

ရှဲ့လွမ်က အလွန်ပြတ်သားသည်။ သူက လုမင်နှင့် မဟာမိတ်ဖွဲ့ရန် သွေးသစ္စာကို ကျိန်ဆိုခဲ့ပေသည်။

ထို့နောက်တွင် လုမင်လည်း သွေးသစ္စာကျိန်ဆိုလိုက်သည်။

"ဟားဟားဟား၊ မင်းတို့အားလုံး ဒီကိုလာ"

ရှဲ့ယွမ်က မိုရဲ့နှင့် အခြားသူများကို ကြည့်လိုက်သည်။

မိုရဲ့နှင့် အခြားသူများလည်း အပြေးလှမ်းလာခဲ့၏။

"မင်းတို့မြင်တဲ့အတိုင်းပဲ၊ လုမင်နဲ့ ငါက တန်းတူရည်တူ မဟာမိတ်ဖွဲ့ပြီးပြီ။ အခုကစပြီး လုမင်က ငါနဲ့အတူ စစ်ဦးစီးချုပ်တွေ ဖြစ်လာမယ်လို့ ကြေညာတယ်။ သူ့ရဲ့ အာဏာက ငါ့အာဏာပဲ၊ သူ့ကိုမြင်ရတာ ငါ့ကိုမြင်တယ်လို့ သ‌ဘောထားရမယ်။ မင်းတို့ နားလည်လား"

ရှဲ့လွမ် ပြောလိုက်သည်။

"ကျွန်တော်တို့ နားလည်ပါပြီ"

မိုရဲ့နှင့် အခြားသူတို့၏ နှလုံးသားထဲတွင် သံသယပေါင်း ထောင်ချီရှိသော်လည်း ခေါင်းညိတ်ရုံသာ ရှိတော့သည်။

ဤလူငယ်လေး၏ အရည်အချင်းက နတ်ဆိုးဘိုးဘေးထက် အမှန်တကယ် မြင့်မားနေသလော။

မိုရဲ့နှင့် တခြားသူများအတွက် ယုံရခက်လှသည်။

"မိုရဲ့၊ ဒီအချိန်အတောအတွင်းမှာ မင်း ပြင်ပကမ္ဘာအကြောင်း စုံစမ်းမေးမြန်းဖို့ လူစေလွှတ်ထားတယ် မဟုတ်လား။ အလယ်ပိုင်းတိုက်ကြီးရဲ့ အခြေအနေ ဘယ်လိုရှိလဲ"

ရှဲ့လွမ် မေးလိုက်သည်။

"ဒါက ဖရိုဖရဲပါပဲ။ အပြင်ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေပြီ..."

မိုရဲ့က ဤကာလအတွင်း သူရရှိထားသော အချက်အလက်များကို ချက်ခြင်း ရှင်းပြပေးလိုက်သည်။

ရှဲ့လွမ်မှ သူတော်စင်မြို့တော်တွင် ကောင်းကင်ဘုရင် တံဆိပ်ပြားကို ထုတ်ယူပြီးကတည်းက ဧကရာဇ်များကြား တိုက်ပွဲတစ်ခု စတင်ခဲ့သည်။

ဝူကြွယ်ဓားဧကရာဇ် အသတ်ခံရသောအခါ ကမ္ဘာကြီးက ပို၍ တုန်လှုပ်သွားခဲ့၏။

ယင်းနောက် အလယ်ပိုင်းတိုက်ကြီးရှိ အုပ်စိုးသူအင်အားစုအသီးသီးမှ ဧကရာဇ်များက ကောင်းကင်ဘုရင်တံဆိပ်ပြားအတွက် တိုက်ခိုက်ရန် သူတော်စင်မြို့တော်တွင် စုရုံးခဲ့တော့သည်

နောက်ဆုံးတွင်၊ ဖိအားအမျိုးမျိုးကြောင့် တော်ဝင်မိသားစုက ကောင်းကင်ဘုရင်တံဆိပ်ပြားကို လွှဲပြောင်းပေးခဲ့ရသည်။ ရလဒ်အနေဖြင့်၊ သိုင်းအုပ်ချုပ်သူများကြားမှ တိုက်ပွဲတစ်ခု ထပ်မံ ဖြစ်ပွားခဲ့တော့သည်။

ထိုတိုက်ပွဲသည် လွန်ခဲ့သောနှစ်ပေါင်း သုံးသောင်းခန့်က ရှဲ့လွမ် ပုန်ကန်ပြီးနောက်ပိုင်း အပြင်းထန်ဆုံးနှင့် အကျဆုံးများဆုံးတိုက်ပွဲဟု ဆိုနိုင်သည်။

ဧကရာဇ်နှစ်ဆယ်ကျော် ပါဝင်ခဲ့ကာ ကြောက်မက်ဖွယ်ရာ တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်ခဲ့ပေသည်။

ထိုတိုက်ပွဲတွင် သိုင်းအုပ်ချုပ်သူများစွာ ဒဏ်ရာအပြင်းအထန်ရပြီး နှစ်ဦး သေဆုံးသွားရသည်။

နောက်ဆုံးတွင်၊ ကောင်းကင်ဘုရင် တံဆိပ်ပြားက ကောင်းကင်နတ်ဘုရား တပ်မဟာ၏ လက်ထဲသို့ ကျရောက်သွားခဲ့ရပေသည်။

ဤတိုက်ပွဲအပြီးတွင်၊ အလယ်ပိုင်းတိုက်ကြီးက ပို၍ ပရမ်းပတာ ဖြစ်ခဲ့သည်။

ပထမ၊ တော်ဝင်ရှဲ့မိသားစုက ၎င်းတို့၏ မဟာမိတ်တပ်များကို စုရုံးကာ ကောင်းကင်နတ်ဘုရားတပ်မဟာ တိုက်ခိုက်ရန် တပ်မဟာစေလွှတ်ခဲ့ကြသည်။

ကောင်းကင်နတ်ဘုရားတပ်မဟာကလည်း ၎င်းတို့၏ မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ တော်ဝင်မိသားစုနှင့် ပြင်းထန်သော တိုက်ပွဲ စတင်ရန် စည်းရုံးခဲ့၏။

နှစ်ဖက်အင်များကြားမှ တိုက်ပွဲတွင် မပါဝင်သည့် အခြား အုပ်စိုးရှင်အင်အားစုများကလည်း အချင်းချင်း စတင်တိုက်ခိုက်ကြတော့သည်။

ယခင်ကတော့ အင်အားစုကြီးများကြားတွင် အမြဲတစေ ပဋိပက္ခများ ဖြစ်ခဲ့သော်လည်း သိမ်မွေ့သောစည်းတစ်ခုနှင့် ထိန်းချုပ်ထားခဲ့သည်။ အင်အားစုများကြား၌ ဟန်ချက်ညီအောင် ထိန်းထားခဲ့ပေသည်။

ယခုတော့ ကောင်းကင်ဘုရင်တံဆိပ်ပြား တိုက်ပွဲတွင် ချိန်ခွင်လျှာက လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

တော်ဝင်ရှဲ့မိသားစုနှင့် ကောင်းကင်နတ်ဘုရား တပ်မဟာတို့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ကျန်အုပ်စိုးရှင် အင်အားစုများကလည်း ဤအခွင့်အလမ်းကို ဆုပ်ကိုင်၍ ၎င်းတို့၏အင်အားကို ချဲ့ထွင်ရန် အဆုံးမရှိ‌ တိုက်ခိုက်ကြတော့သည်။

နောက်ဆုံးတွင် အလယ်ပိုင်းတိုက်ကြီးရှိ အင်အားစု အားလုံးနီးပါး ပါဝင်ခဲ့ကြသည်။

All Chapters