အခန်း ၁၁၇၀
Vol. 78 Ch. 1170
အပိုင်း ( 1170 ) စစ်ဦးစီးချုပ် လုမင်၊ စစ်ချီတက်ခြင်း။
ဤအထဲတွင် အဆိုးဆုံးက ကျိမိသားစုနှင့် ကောင်းကင်လင်းယုန်ခံတပ်တို့ ဖြစ်သည်။
ကောင်းကင်ဘုရင်တံဆိပ်ပြားအတွက် တိုက်ပွဲတွင် သေဆုံးသွားသော ဧကရာဇ်နှစ်ပါးက ကျိမိသားစုဘိုးဘေးနှင့် ကောင်းကင်လင်းယုန်ခံတပ်မှ ခေါင်းဆောင်တို့ ဖြစ်သည်။
ဤအင်အားစုနှစ်ခုတွင် သိုင်းအုပ်ချုပ်သူ တစ်ဦးစီသာ ရှိကြ၏။ ယခုအခါ ၎င်းတို့၏ ဧကရာဇ်များ ကွယ်လွန်သွားသဖြင့် သဘာဝအတိုင်း အခြားအင်အားစုများ၏ ပစ်မှတ်ဖြစ်လာခဲ့တော့သည်။
ယခုတော့ ထိုအင်အားစုနှစ်ခုစလုံး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
အလယ်ပိုင်းတိုက်ကြီး၏ အုပ်စိုးရှင် ဆယ့်ရှစ်ဦးအနက် ဆယ့်ခြောက်ဦးသာ ကျန်တော့သည်။
"ဖရိုဖရဲနယ်မြေအနီးက အင်အားစုတွေကော ဘယ်လိုလဲ"
လုမင် မေးလိုက်သည်။
မိုရဲ့က ခေါင်းညိတ်ပြီး ပြော၏။
"သွေးအေးနန်းတော်နဲ့ ဟန်ချင်းတောင်က ဖရိုဖရဲနယ်မြေနဲ့ အနီးစပ်ဆုံးပါပဲ။ ကောင်းကင်လင်းယုန်ခံတပ်ရဲ့ လင်းယုန်ဧကရာဇ် ကျဆုံးသွားတော့ သွေးအေးနန်းတော်က အရင်ဆုံး လှုပ်ရှားခဲ့တယ်။ သူတို့က တပ်မဟာကို ချက်ချင်းစေလွှတ်ပြီး ကောင်းကင်လင်းယုန်ခံတပ်ကို တိုက်ခိုက်ခဲ့တယ်လေ။ ကောင်းကင်လင်းယုန်ခံတပ်ရဲ့ ကျွမ်းကျင်သူတွေကလည်း သူတို့ခွန်အားကို ပိုအားကောင်းစေနိုင်တဲ့ သွေးအေးနန်းတော်ကို အညံ့ခံခဲ့ကြပါတယ်။ အခု သွေးအေးနန်းတော်က ဟန်ချင်းတောင်ကို စတင်ပြီး တိုက်ခိုက်နေပြီ။ မကြာခင် သွေးအေးနန်းတော် အနိုင်ရမယ်ထင်ပါတယ်၊ သူတို့က ဟန်ချင်းတောင်ရဲ့ ဌာနချုပ်ကို တိုက်ခိုက်နေပြီ"
"သွေးအေးနန်းတော်"
လုမင်၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။
သွေးအေးနန်းတော်က သူ့အပေါ် အမြဲအငြိုးထားခဲ့ပေသည်။
"တခြားဒေသကြီးတွေကော ဘယ်လိုလဲ။ တိုက်ခိုက်ကြပြီလား"
ရှဲ့လွမ် မေးလိုက်သည်။
"မြောက်ပိုင်းလွင်ပြင်မှာတော့ တိုက်ပွဲဖြစ်ပါတယ်။ အစောပိုင်းက မြောက်ပိုင်းလွင်ပြင်ရဲ့ ဧကရာဇ်တွေဟာ ကောင်းကင်ဘုရင် တံဆိပ်ပြားအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ မြောက်ပိုင်းလွင်ပြင်မှာ ပြည်တွင်းစစ် ဖြစ်နေပုံရတယ်။ အဲဒီက အင်အားစုတွေက အလယ်ပိုင်းလိုပဲ အချင်းချင်း တိုက်ခိုက်နေကြပါပြီ"
"သို့သော် အနောက်တိုင်းကန္တာရ၊ တောင်ပိုင်းနဲ့ အရှေ့တိုင်းကန္တာရတို့က မတိုက်ခိုက်ဘူး။ ဘယ်ဧကရာဇ်ကမှ ကောင်းကင်ဘုရင် တံဆိပ်ပြားအတွက် တိုက်ပွဲမဝင်ခဲ့ဘူး"
မိုရဲ့ ပြန်ဖြေလိုက်သည်။
"တောင်ပိုင်းနဲ့ အရှေ့တိုင်းက မတိုက်ခိုက်ဘူးလား"
လုမင်နှင့်ရှဲ့လွမ် အံ့သြသွားသည်။
အနောက်တိုင်းကန္တာရက မတိုက်ခိုက်သည်မှာ နားလည်၍ရသည်။
အနောက်တိုင်းကန္တာရသည် ရှည်လျားသော သမိုင်းကြောင်းရှိ၏။ ၎င်းတို့က နောက်ခံခိုင်မာပြီး တိုင်းတပါးနှင့် ဆက်နွှယ်နေပုံရသည်ဟူသော ကောလာဟလများပင် ရှိဖူးသည်။
သို့ရာတွင်၊ တောင်ပိုင်းနှင့် အရှေ့တိုင်းကန္တာရက မတိုက်ခိုက်တာကတော့ ထူးဆန်းလှပေသည်။
အထူးသဖြင့်၊ တောင်ပိုင်းရှိ ငရဲဧကရာဇ်များ... သူတို့အားလုံးက အလွန်အစွမ်းထက်သည်၊ ရန်လိုပြီး လောဘကြီး၏။
ကောင်းကင်ဘုရင် တံဆိပ်ပြား၏ သတင်းရပြီးနောက် မည်သို့ ငြိမ်နေနိုင်သနည်း။
ထို့ပြင် အရှေ့တိုင်းကန္တာရ၏ ဧကရာဇ်များကလည်း မပါဝင်ပေ။
ဤသည်က အလွန် ထူးဆန်းသည်။
"ဆရာကြီး၊ ကျုပ်တို့ အခု ဘာလုပ်သင့်လဲ"
ခဏစဉ်းစားပြီးနောက် လုမင်က ရှဲ့လွမ်ကို မေးလိုက်သည်။
"မြောက်ပိုင်းလွင်ပြင်ကိုသွားမယ်လေ။ ဟားဟားဟား၊ ငါမင်းကိုပြောပြဖို့ မတွန့်ဆုတ်ပါဘူး၊ တကယ်တော့ မြောက်ပိုင်းလွင်ပြင်မှာလည်း ငါ့ရဲ့ အရန်အစီအစဉ်တစ်ခုကို ထားခဲ့တယ်။ မြောက်ပိုင်းလွင်ပြင်ရဲ့ အုပ်စိုးရှင်အင်အားစု နတ်ဆိုးဘုရားတောင်ကြားက ငါချန်ထားခဲ့တဲ့ အရန်အစီအစဉ်တစ်ခုပဲလေ။ မြောက်ပိုင်းလွင်ပြင်ကို အရင်သွားပြီးတော့ မြောက်ပိုင်းလွင်ပြင်ရဲ့ အဓိကအင်အားစုတွေကို ပေါင်းစည်းမယ်။ ပြီးရင် တောင်ပေါ်မှာထိုင်ပြီး ကျားတွေတိုက်ခိုက်တာကို စောင့်ကြည့်ကြတာပေါ့။ ကျန်တာကတော့ အလယ်ပိုင်းတိုက်ကြီးရဲ့ အခြေအနေကို ကြည့်ပြီးတော့ စီစဉ်မယ်"
ရှဲ့လွမ် ရယ်မောလိုက်သည်။
လုမင်လည်း စိတ်ထဲမှ တုန်လှုပ်ပြီး အံ့ဩ လေးစားမိခဲ့သည်။ ရှဲ့လွမ်က အမှန်ပင် ကောင်းကင်နတ်ဆိုးဧကရာဇ် ဖြစ်ထိုက်၏။ သူ၏ အထွတ်အထိပ်ကာလတွင် အားကြီးသော သူတော်စင်မင်းဆက်ကို ပြိုကွဲစေနိုင်ခဲ့သည်။ သူဖိနှိပ်ခံရချိန်မှာပင် အရန်အစီအစဉ်များစွာကို ချန်ထားခဲ့သေးသည်။
"ဒါပေမဲ့ ကျွန်တော်တို့အားလုံး မြောက်ပိုင်းလွင်ပြင်ကို သွားမယ်ဆိုရင် နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို လိုအပ်တယ်။ ဒီလို စစ်ပွဲဖြစ်ပွားနေချိန်မှာ ကျွန်တော်တို့ကို ဘယ်သူက အသုံးပြုခွင့်ပေးမှာလဲ။ ဒါကြောင့် နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို အသုံးမပြုခင် အုပ်စိုးရှင်အင်အားစုတစ်ခုကို အရင်ဖျက်စီးရမယ်"
လုမင်က ပြဿနာတစ်ခုကို မြင်ကာ ဝင်ထောက်ပြလိုက်သည်။
"ဟားဟားဟား၊ ဒါက မခက်ပါဘူး။ အခု ငါတို့ နီးနီးနားနားက သွေးအေးနန်းတော်နန်းနဲ့ ဟန်ချင်းတောင် တစ်ခုခုကို ဖျက်ဆီးပစ်ရမယ်။ လုမင်... ငါတို့ ဘယ်ဟာကို ဖျက်စီးသင့်တယ်လို့ မင်းထင်လဲ"
ရှဲ့လွမ်က ရယ်မောရင်း ပြောသည်။
"သွေးအေးနန်းတော်ကို ဖျက်စီးကြတာပေါ့။ ဟန်ချင်းတောင်က ကျွန်တော် သူငယ်ချင်းဟောင်းတွေရှိတယ်။ ဖြစ်နိုင်တာက သူတို့နဲ့လည်း မဟာမိတ်ဖွဲ့နိုင်တယ်"
လုမင် ပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆို ငါတို့ သွေးအေးနန်းတော်ကို ဖျက်စီးကြမယ်။ မိုရဲ့၊ တပ်မဟာကို အသင့်ပြင်ပါ၊ အခုချက်ခြင်း ထွက်ခွာမယ်"
ရှဲ့လွမ် အမိန့်ပေးလိုက်သည်။
မိုရဲ့နှင့် အခြားသူများလည်း တပ်မဟာဖွဲ့စည်းရမ် ထွက်သွားတော့သည်။
လုမင်က လေထဲမှလျှောက်ကာ မြင့်မားသော ရှေးဟောင်းနန်းတော်တစ်ခုဆီသို့ ရောက်လာခဲ့သည်။
ဤရှေးဟောင်းနန်းတော်ကား ရှဲ့နျန်ချင်း သီးသန့်နေထိုင်ရာ နတ်ဆိုးနန်းတော် ဖြစ်ချေသည်။
လုမင်ရောက်လာပြီး သိပ်မကြာမီပင် ရှေးဟောင်းနန်းတော်အဝင်ဝမှာ ရှဲ့နျန်ချင်း ပေါ်လာသည်။
"ရှောင်ချင်း၊ သွားကြရအောင်။ မင်းကို အရှေ့တိုင်းကန္တာရဆီ ပြန်ခေါ်သွားမယ်"
လုမင်က ရှဲ့နျန်ချင်း၏ လက်ကလေးကိုကိုင်ကာ ဆွဲခေါ်လိုက်သည်။
လုမင်က ဤတိုက်ပွဲတွင် နောက်ထပ် ရည်ရွယ်ချက်တစ်ခုလည်း ရှိခဲ့သည်။
အကယ်၍ သွေးအေးနန်းတော် ဖျက်ဆီးခံရပါက လုမင်သည် ဖူရုပ်သေးဂိုဏ်းနှင့် ချိတ်ဆက်ရန် ၎င်းတို့၏ နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသုံးပြုနိုင်သည်။ ဤနည်းအားဖြင့်၊ ဖူရုပ်သေးဂိုဏ်းမှ လူများကို သွေးအေးနန်းတော်သို့ တိုက်ရိုက်ပေးပို့ရန် နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်အား အသုံးပြုနိုင်လိမ့်မည်။ ဤသို့ဖြင့်၊ ဖူရုပ်သေးဂိုဏ်း၏ ဝိုင်းရံခံရမှုကိုလည်း ရုတ်သိမ်းနိုင်မည် ဖြစ်သည်။
ထိုအခါကျလျှင် တိရီက လျန်ရီတောင်ဝင်္ကပါကို ချိုးဖြတ်ခဲ့လျှင်ပင် ကြောက်စရာ ဘာမှမရှိတော့ပေ။
ထို့အပြင်၊ လုမင်က ရှဲ့လွမ်၏ခွန်အားဖြင့် တိရီကို ဖယ်ရှားနိုင်မလား ကြည့်လိုသည်။
သူသာ တိရီကို ဖယ်ရှားနိုင်လျှင် အကောင်းဆုံးဖြစ်ပြီး နောက်ထပ် စိုးရိမ်စရာများ ရှိတော့မည်မဟုတ်ပေ။
"လုမင်၊ ရှဲ့လွမ် ပြန်ကောင်းလာပြီလား"
ရှဲ့နျန်ချင်းက အနည်းငယ် စိုးရိမ်နေဟန်ဖြင့် မေးသည်။
အမှန်အတိုင်းပြောရလျှင်၊ ရှဲ့နျန်ချင်းက ရှဲ့လွမ်ကို မယုံကြည်သေးပေ။ ဤသည်မှာ မိုးနှင့်မြေကို လှုပ်ခတ်စေနိုင်သော နတ်ဆိုးဧကရာဇ် ဖြစ်သည်။ သူသာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီး ငရဲဖိနှိပ်ကျောက်စာချပ် အစိတ်အပိုင်းကို ဖယ်ရှားနိုင်ပါက သူဘာလုပ်မည်ကို မည်သူသိနိုင်ပါမည်နည်း။
ထို့ကြောင့်၊ ရှဲ့နျန်ချင်း၏စိတ်ထဲတွင် စိုးရိမ်ခဲ့မိသည်။
"စိတ်မပူပါနဲ့၊ ဆရာကြီးရှဲ့လွမ်နဲ့ ငါ မဟာမိတ်ဖွဲ့ပြီးပြီ"
လုမင်က ရှဲ့လွမ်နှင့် မဟာမိတ်ဖွဲ့ခြင်းအကြောင်းကို ပြောပြလိုက်သည်။
ထိုစကားကိုကြားမှ ရှဲ့နျန်ချင်းလည်း စိတ်သက်သာရာရသွားတော့သည်။
"ဒုန်း ဒုန်း ဒုန်း"
ထိုစဉ် နတ်ဆိုးချောက်အတွင်း၌ နတ်ဆိုးစွမ်းအင်များက ကောင်းကင်ကို ထိုးတက်သွားခဲ့သည်။ သံခွာသံများက မြည်ဟီးလာခဲ့၏။
တိုက်ပွဲချပ်ဝတ်တံဆာ ဝတ်ဆင်ထားကာ စွမ်းအားကြီး နတ်ဆိုးသားရဲများကို စီးနင်းထားသည့် တပ်သားတစ်သိန်းခန့်က ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။
တပ်သားအားလုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ်နှင့် အထက် ကျွမ်းကျင်သူများ ဖြစ်၏။
၎င်းက အုပ်စိုးရှင်အင်အားစုတစ်ခု၏ တပ်မဟာနှင့် ညီမျှသည်။
အုပ်စိုးရှင်အားစုတစ်ခု၏ တပ်မဟာတွင် ဝိညာဉ်ပင်လယ်နယ်ပယ်က တပ်သား၊ ကျောရိုးက ဝိညာဉ်သန္ဓေသားနယ်ပယ်နှင့် ဝိညာဉ်နတ်ဘုရားများက ဗိုလ်ချုပ်အဖြစ် ရှိခဲ့သည်။ ထိုအင်အားက မိုးနှင့်မြေကို ဖျက်ဆီးပစ်နိုင်ကြပေသည်။
လူပေါင်း တစ်သိန်းက နတ်ဆိုးသားရဲများကို စီးကာ မြို့တော်အထက် ကောင်းကင်ယံတွင် စုဝေးခဲ့ကြသည်။
လုမင်နှင့် ရှဲ့လွမ်က ဘေးချင်းယှဉ်ပြီး ရှေ့ဆုံးတွင် ရပ်လိုက်ကြ၏။ သူတို့နောက်တွင် ရှဲ့နျန်ချင်း၊ မိုရဲ့နှင့် အဓိပဓိ တစ်ဒါဇင်ခန့်တို့ ရပ်တည်နေခဲ့သည်။
"ဒီတိုက်ပွဲက ငါတို့ရဲ့ ပထမဆုံးတိုက်ပွဲပဲ။ ဒီတိုက်ပွဲပြီးရင် နတ်ဆိုးချောက်ထဲကနေ ရုန်းထွက်ပြီး ရှမ်းဟွမ်တိုက်ကြီးရဲ့ အဆုံးမဲ့နယ်မြေမှာ ကိုယ်ပိုင် အင်အားတစ်ခုကို ထူထောင်မယ်။ ကောင်းကျိုးဆောင်ယူမယ်။ မင်းတို့ ယုံကြည်မှုရှိလား"
ရှဲ့လွမ်၏ အသံက ပျံ့လွင့် ထွက်ပေါ်လာသည်။
"ရှိပါတယ်"
တပ်သားတစ်သိန်းက ဟိန်းဟောက်ကာ ကောင်းကင်ကို တုန်ခါစေခဲ့၏။
"ကောင်းပြီ၊ ဒီတိုက်ပွဲမှာ ငါတို့ရဲ့ ပစ်မှတ်က သွေးအေးနန်းတော်ပဲ။ သွေးအေးနန်းတော်ရဲ့ အင်အားစုတွေက ဟန်ချင်းတောင်ကို ဝိုင်းထားတယ်လို့ သတင်းရထားတယ်။ ဒီတိုက်ပွဲမှာ အုပ်စုနှစ်စု ခွဲမယ်။ အုပ်စုတစ်ခုက စစ်ဦးစီးချုပ် လုမင်အနောက်ကို လိုက်ပါပြီး ဟန်ချင်းတောင်ကို တိုက်ခိုက်နေတဲ့ သွေးအေးနန်းတော် အင်အားတွေကို ချေမှုန်းမယ်။ မိုရဲ့က အကူအညီပေးလိမ့်မယ်။ ကျန်တဲ့အင်အားကတော့ ငါနဲ့လိုက်ပြီး သွေးအေးနန်းတော်ကို တိုက်ခိုက်ရမယ်။ အခု အားလုံး ချီတက်စို့"
ရှဲ့လွမ်က ကြေငြာပြီးနောက် အင်အားစုတစ်စုနှင့် ထွက်ခွာသွားခဲ့သည်။
"သွားကြစို့"
လုမင်လည်း ပင်မအင်အားကို ဦးဆောင်ကာ ဟန်ချင်းတောင်ဆီသို့ ချီတက်လိုက်တော့သည်။
"ဝုန်း ဝုန်း"
စုစုပေါင်း တပ်သားရှစ်သောင်းက နတ်ဆိုးသားရဲများကိုစီးကာ နတ်ဆိုးချောက်ထဲမှ လုမင်နှင့်အတူ ဟန်ချင်းတောင်ကို ပျံသန်းသွားကြသည်။
လုမင်က ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် နတ်ဆိုးသားရဲကိုစီးကာ ရှေ့ဆုံးမှ ပျံသန်းနေသည်။ သူ့အနောက်မှ အားကောင်းသော တပ်မဟာကို ခံစားမိတော့ လုမင်၏မျက်လုံးများတွင် မျှော်လင့်ချက်တို့ ပြည့်နှက်သွား၏။
လုမင်သည် ဤတပ်မဟာက သူ့အပိုင်မဟုတ်ဘဲ ရှဲ့လွမ်နှင့်ဆိုင်ကြောင်း သိသည်။ လက်ရှိတွင် သူက လွန်စွာ အားနည်းနေသေး၏။ သို့သော်လည်း၊ အနှေးနှင့်အမြန် ရှမ်းဟွမ်တိုက်ကြီးကို သိမ်းပိုက်စိုးမိုးနိုင်သော ကိုယ်ပိုင်တပ်မဟာတစ်ခု ရှိလာမည်ဟု ယုံကြည်မှုရှိသည်။
'အဲဒီနေ့က သိပ်ပြီးဝေးမှာမဟုတ်ဘူး'
လုမင်၏ မျက်လုံးများက ယုံကြည်မှုအပြည့် ရှိခဲ့သည်။
ဖရိုဖရဲနယ်မြေမှ ထွက်ခွာပြီးနောက် မိုရဲ့က ကြီးမားသော စစ်သင်္ဘောတစ်စီးကို ထုတ်ယူခဲ့သည်။ တပ်သားရှစ်သောင်းက စစ်သင်္ဘောပေါ်ကို တက်လိုက်ကြ၏။ မိုရဲ့လည်း စစ်သင်္ဘောကို ပဲ့ကိုင်ကာ ဟန်ချင်းတောင်ဆီသို့ အရှိန်အဟုန်ဖြင့် ခုတ်မောင်းသွားတော့သည်။
ဟုတ်သည်၊ အကွာအဝေးက ဝေးလွန်းသောကြောင့် ဟန်ချင်းတောင်ကို မပျံသန်းနိုင်ပေ။ တပ်မဟာထဲတွင် ဝိညာဉ်ပင်လယ်နယ်ပယ် အများအပြားရှိ၍ ပျံသန်းသွားလျှင် အချိန်မည်မျှကြာမှန်း မသိနိုင်ပါချေ။ မိုရဲ့၏ စစ်သင်္ဘောဖြင့် အဆများစွာ ပိုမြန်မည် ဖြစ်သည်။
ဤစစ်သင်္ဘောမျိုးသည် ဖန်တီးစဉ်ကတည်းက စစ်ပွဲအတွက်သာ ရည်ရွယ်သည်။ တစ်ခါတစ်ရံ၊ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် တပ်ဖွဲ့ဝင်များကို ပို့ဆောင်ရန် စစ်သင်္ဘောများကို မှီခိုရပေသည်။