အခန်း ၁၁၇၁
Vol. 79 Ch. 1171
အပိုင်း ( 1171 ) အရူး။
လှပသော ဟန်ချင်းတောင်တွင် ယခုအခါ စစ်မီးတောက်များ လျှံတက်နေခဲ့ပြီ ဖြစ်သည်။
သွေးအေးနန်းတော်က ဟန်ချင်းတောင်ကို တိုက်ခိုက်ရန် ၎င်းတို့တပ်ဖွဲ့ အားလုံးနီးပါး စေလွှတ်ခဲ့ကြ၏။
ဟန်ချင်းတောင်ကလည်း ခံစစ်ဝင်္ကပါကို အသက်သွင်းခဲ့သည်။ သို့သော်၊ သွေးအေးနန်းတော်၏ ရက်ပေါင်းများစွာ အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် ခံစစ်ဝင်္ကပါကြီး ပြိုကျလုနီးပါးဖြစ်နေပြီ ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့ပေသည်။
ဟန်ချင်းတောင်တစ်ခုလုံး အနီရောင်သွေးများနှင့် ချင်းချင်းနီခဲ့ရသည်။
သွေးအေးနန်းတော်က ဟန်ချင်းတောင်ထက် အမြဲအားကောင်းခဲ့ပေသည်။ ထို့အပြင်၊ သွေးအေးနန်းတော်က ဤတစ်ကြိမ်တွင် လျင်မြန်စွာလုပ်ဆောင်ခဲ့ပြီး ကောင်းကင်လင်းယုန်ခံတပ်၏ နယ်မြေများကို သိမ်းပိုက်ခဲ့သည်။ ကောင်းကင်လင်းယုန်ခံတပ်မှ အစွမ်းထက် ကျွမ်းကျင်သူများက သွေးအေးနန်းတော်ကို အညံ့ခံခဲ့၏။ ထို့ကြောင့် ၎င်းတို့၏အင်အားက ပို၍ အားကောင်းလာကာ ဟန်ချင်းတောင်ကို အပြတ် ဖိနှိပ်နိုင်ခဲ့တော့သည်။
"ဝုန်း ဝုန်း ဝုန်း"
ကောင်းကင်ယံမှ မိုးထစ်ချုန်းသကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းက သွေးအေးနန်းတော်နှင့် ဟန်ချင်းတောင်၏ ဧကရာဇ်များကြားမှ တိုက်ပွဲဖြစ်ချေသည်။ ထိုတိုက်ပွဲက အလွန်ပြင်းထန်နေကာ အချိန်တိုအတွင်း အနိုင်အရှုံးကို ပြောရခက်ခဲသည်။
ဟန်ချင်းတောင်၏ နေရာတိုင်းတွင် တိုက်ပွဲက ပို၍ ပြင်းထန်လာခဲ့သည်။
သွေးအေးနန်းတော်နှင့် ကောင်းကင်လင်းယုန်ခံတပ်က ဟန်ချင်းတောင်ထက် အဓိပဓိအရေအတွင် ပိုများပြားပေသည်။
အဓိပဓိများအပြင် အဆင့်မြင့်ဝိညာဉ်နတ်ဘုရားများမှာလည်း သွေးအေးနန်းတော်က ဟန်ချင်းတောင်ထက် ပို၍များပြားသည်။
"ဝုန်း ဂျုန်း"
ဟန်ချင်းတောင်၏ နေရာတချို့တွင် ခံစစ်ဝင်္ကပါများ ပြိုကျလာသည်။ လင်းယုန်ငှက်ကြီးများကလည်း ကောင်းကင်တွင်ပျံဝဲကာ ပြင်းထန်သော တိုက်ခိုက်မှုများ ထုတ်ဖော်လျက်ရှိ၏။ သူတို့အားလုံးက ကောင်းကင်လင်းယုန်ခံတပ်မှ ကျွမ်းကျင်သူများ ဖြစ်တော့သည်။
ကောင်းကင်လင်းယုန်ခံတပ်မှ ကျွမ်းကျင်သူများက သွေးအေးနန်းတော်ကို မကြာသေးခင်ကမှ အညံ့ခံခဲ့ခြင်း ဖြစ်သည်။ ထိုအတွက် သွေးအေးနန်းတော်၏ အရေးပါသော အနေအထားတွင် ရှိလိုသည်မှာ သဘာဝအတိုင်း ဖြစ်ချေသည်။
"ဟားဟားဟား၊ ဟန်ချင်းတောင်၊ မင်းတို့ ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ဆိုတာ ကြည့်ကြတာပေါ့။ ကျင်းခုန်းလင်၊ ငါတို့ ဟန်ချင်းတောင်ကို သိမ်းပိုက်ပြီးတဲ့အခါ သက်ညှာဖို့အတွက် ငါ့ကို တောင်းပန်ရလိမ့်မယ်"
ရွယ်လော့ကျစ်က လေထဲတွင်ရပ်နေသည်။ သူက ဟန်ချင်းတောင်ကို အဝေးမှကြည့်ကာ အေးစက်စက်ဖြင့် ရယ်မောလိုက်၏။
သူ့ဘေးမှာလည်း ကျွမ်းကျင်သူများ အများကြီးရှိနေသည်။
ဤတစ်ကြိမ်တွင်၊ သွေးအေးနန်းတော်၏ သွေးဧကရာဇ်က ရွယ်လော့ကျစ်ကို အာဏာကြီးကြီး ပေးခဲ့သည်။ သူ့အတွက် အားကောင်းသော တပ်မဟာတစ်ခုကို ပေးအပ်ခဲ့၏။ ၎င်းက ရွယ်လော့ကျစ်ကို သူ၏ ဆက်ခံသူအဖြစ် လေ့ကျင့်ပေးလိုကြောင်း ထင်ရှားသည်။
ရွယ်လော့ကျစ်က သွေးနန်းတော်၏ အနာဂတ်မျှော်လင့်ချက်တစ်ခု ဖြစ်ချေသည်။
"ကြိုးစားထားကြ၊ အချိန်တန်ရင် မင်းတို့ကို ဆုကောင်းကောင်းပေးမယ်"
ရွယ်လော့ကျစ်၏ အသံက ကျယ်လောင်စွာ ဟိန်းထွက်လာခဲ့သည်။
သူ့မျက်နှာက ရွှင်မြူးပြီး စိတ်ဓာတ်တက်ကြွမှုတို့ ပြည့်နှက်နေပေသည်။
သွေးအေးနန်းတော်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော ကောင်းကင်လင်းယုန်ခံတပ်သည်ပင် ၎င်းတို့ကြောင့် ဖျက်ဆီးခံရဆဲ ဖြစ်သည်။
၎င်းတို့၏ ဒုတိယတန်းစား ပါရမီရှင် ရင်ပီဖိုဆိုလျှင်လည်း နောက်ဆုံးတွင် ရွယ်လော့ကျစ်၏ အသတ်ခံခဲ့ရပေသည်။
သွေးအေးနန်းတော်၏ ခွန်အားက တဟုန်ထိုး တိုးတက်လာခဲ့သည်။
ယခုဆိုလျှင် ဟန်ချင်းတောင်ကိုပါ ဖြုတ်ချနိုင်တော့မည်။
ရွယ်လော့ကျစ်၏ မျက်လုံးထဲတွင်... သူဧကရာဇ်ဖြစ်လာပြီး သွေးအေးနန်းတော်ကို ဦးဆောင်၍ ကမ္ဘာကြီးကို အုပ်စိုးသည့်မြင်ကွင်းများကို မြင်နေပုံရသည်။
"ကျင်းခုန်းလင်၊ စန္ဒကူးနတ်သမီး၊ လျိုယွီရှင်း၊ ရှဲ့နျန်ကျွင်း... မင်းတို့အားလုံးက ငါ့အပိုင်ပဲ။ အနှေးနဲ့အမြန် မင်းတို့အားလုံးကို ငါသိမ်းပိုက်မယ်"
ရွယ်လော့ကျစ်က နေ့ခင်းကြောင်တောင် အိပ်မက်မက်ကာ ခံစားချက်များ ကောင်းမွန်နေတော့သည်။
"ဝုန်း ဒုန်း ဒုန်း"
ထိုစဉ်၊ ကောင်းကင်ယံမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့သည်။ ထောင်ချီသော သားရဲများ ပြေးလွှားနေသလို ဆူညံသံများ ထွက်ပေါ်လာခဲ့၏။
ထိုအသံများက ရွယ်လော့ကျစ်၏ နေ့ခင်းအိပ်မက်ကို နှောင့်ယှက်ခဲ့ပေသည်။ ရွယ်လော့ကျစ်၏ မျက်နှာက သုန်မှုန်သွားကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
"ကြည့်ရတာ ဒီဘက်ကို တပ်မဟာကြီးတစ်ခု လာနေပုံရတယ်"
သွေးရောင်ဝတ်စုံနှင့် လက်နှစ်ဖက်ကို နောက်ပစ်ပြီးရပ်နေသော အဘိုးကြီးက ပြောလိုက်သည်။ သူ့မျက်နှာက လေးနက်နေပေသည်။
"တပ်မဟာကြီးတစ်ခုလား၊ ဘယ်ကလာတာလဲ"
ရွယ်လော့ကျစ်၏ နှလုံးသားက လှုပ်ရှားသွားခဲ့သည်။
"နတ်ဆိုးစွမ်းအင်တွေ ထွက်ပေါ်နေတယ်။ ဒါက နတ်ဆိုးတောင်ရဲ့ တပ်မဟာပဲလား၊ မဟုတ်သေးဘူး... နတ်ဆိုးတောင်က သူတို့ဘာသာတောင် ဂရုစိုက်နိုင်တော့တာ မဟုတ်ဘူး။ သူတို့က ဒီကိုလာရအောင် ဘယ်လိုအင်အားရှိမှာလဲ"
သွေးရောင်ဝတ် အဘိုးကြီးက မျက်မှောင်ကြုတ်ပြီး ခပ်တိုးတိုးပြောသည်။
"ဝုန်း ဝုန်း"
ကောင်းကင်ယံတွင် တုန်ခါမှုများက ပို၍ ပြင်းထန်လာခဲ့၏။ ကောင်းကင်တစ်ခုလုံး အနည်းငယ် တုန်ယင်နေကာ ပေါက်ကွဲသံများလည်း ထွက်ပေါ်နေတော့သည်။
သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများလည်း ကာကွယ်ရေးဝင်္ကပါကို တည်ဆောက်ရန် အသင့်ပြင်ကာ သတိထား၍ ကြည့်လိုက်သည်။
တဖြည်းဖြည်းနှင့် နတ်ဆိုးစွမ်းအင်များက ကောင်းကင်မှ ပျံ့လွင့်လာသည်။ အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် မရေမတွက်နိုင်သော ကျွမ်းကျင်သူများက နတ်ဆိုးသားရဲများကိုစီးကာ ပြေးလာကြ၏။ နောက်ဆုံးတွင် သူတို့က သွေးအေးနန်းတော်အဖွဲ့မှ မိုင်တစ်ထောင်အကွာတွင် ရပ်တန့်သွားတော့သည်။
"ရောင်းရင်းတို့က ဘယ်အင်အားစုကလဲ။ ကျုပ်တို့က သွေးအေးနန်းတော်ကပါ၊ ခင်ဗျားတို့ ဒီကို ဘာအတွက် ရောက်လာတာလဲ သိခွင့်ရနိုင်မလား"
သွေးအေးနန်းတော်မှ လူတစ်ယောက်က ထွက်လာပြီး ဦးစွာ စကားစလိုက်သည်။
"သွေးအေးနန်းတော်ကို ဖျက်ဆီးပစ်ဖို့ ရောက်လာတာ"
အသံတစ်ခုထွက်ပေါ်လာခဲ့သည်။ လူနှစ်ယောက်က ခြေလှမ်းကျဲကျဲနှင့် လူအုပ်ရှေ့တွင် ပေါ်လာခဲ့၏။
"မင်းက လုရှောက်ချင်းပဲ၊ မဟုတ်ဘူး... လုမင်"
ရွယ်လော့ကျစ် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးများသည်ပင် ပြူးထွက်သွား၏။
ဤအခိုက်တွင် လုမင်နှင့် ရှဲ့နျန်ချင်းတို့က အတူ ထွက်လာခဲ့ကြခြင်း ဖြစ်သည်။
သွေးအေးနန်းတော်၏ အခြား ကျွမ်းကျင်သူများလည်း ထိတ်လန့်တကြားဖြင့် မျက်လုံးပြူးသွားကြပေသည်။
လွန်ခဲ့သည့်လအနည်းငယ်က၊ တော်ဝင် ရှဲ့မိသားစုက လုမင်ကို ဖမ်းစီးရန် ထျန်းကျိကောင်းကင်ရတနာကို စတင်အသုံးပြုခဲ့သည်။ ယင်းက အလယ်ပိုင်းတိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပေသည်။
သို့ရာတွင် နောက်ဆုံးတွင်ကား၊ လုမင်ကို မဖမ်းနိုင်သည့်အပြင် ကြီးမားသော အဖြစ်အပျက်များလည်း ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။
ဤအရာအားလုံးက လုမင်ကြောင့်ဟုပင် ဆို၍ရချေသည်။
လုမင်သည် သူတော်စင်မြို့တော်တွင် ပေါ်လာပြီးနောက် ရှဲ့လွမ်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ဤအချိန်မျိုးတွင်မှ ပြန်ပေါ်လာမည်ဟု မည်သူက ထင်မှတ်ထားခဲ့ပါမည်နည်း။
ယခု လုမင် ပေါ်လာပြီ။ သို့ဖြစ်လျှင် ရှဲ့လွမ်ကား ဘယ်နေရာမယ်ရှိမည်နည်း။
သွေးအေးနန်းတော်၏ ကျွမ်းကျင်သူများက လုမင်နှင့် အခြားသူများကို လေးလေးနက်နက် ကြည့်လိုက်သည်။ ၎င်းတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများလည်း ယှက်သန်းလာတော့သည်။
နောက်ဆုံးတွင်၊ ရှဲ့လွမ်က နာမည်ကြီးလွန်းပြီး သူတို့အားလုံးကို ကြောက်ရွံ့စေခဲ့သည်။
"ကြည့်စရာ မလိုပါဘူး။ ပျက်စီးခြင်း ကောင်းကင်ဧကရာဇ် ဒီမှာ မရှိဘူး"
လုမင်က ခပ်တိုးတိုး ပြောလိုက်သည်။
"လုမင်၊ မင်းဘာတွေပြောနေတာလဲ"
ရွယ်လော့ကျစ်က မေးသည်။
"အခုလေးတင် သွေးအေးနန်းတော်ကို ဖျက်စီးဖို့လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ နားထိုင်းနေတဲ့ပုံပဲ"
လုမင် ပြုံးလိုက်၏။
“ငါ့ရဲ့ သွေးအေးနန်းတော်ကို ဖျက်ဆီးမှာတဲ့လား။ ဟမ့်၊ လေက မိုးဆောင့်နေတယ်။ ရှဲ့လွမ်ကိုယ်တိုင် ရောက်လာရင်တောင်မှ သူဒီလိုပြောရဲမှာမဟုတ်ဘူးကွ။ ရှဲ့လွမ် နှစ်ပေါင်း သုံးသောင်းကြာအောင် ဖိနှိပ်ခံခဲ့ရတာကြောင့် သူ့ရဲ့ အခြေခံအုတ်မြစ်က ပျက်စီးခဲ့ပြီ။ ဒီအကြောင်းက တော်ဝင်မိသားစုဆီကနေ ပျံ့နှံ့နေတာ ကြာပေါ့။ သူက ဧကရာဇ်တောင် မဟုတ်တော့ဘူးလေ။ ငါတို့က သူ့ကိုကြောက်နေမယ်လို့ မထင်နဲ့။ နောက်ပြီးတော့ သူက ဒီနေရာမှာတောင် မရှိဘူး"
"အကြီးအကဲယွမ်၊ လုမင်ကို ရှင်းလိုက်ပါ"
ရွယ်လော့ကျစ်က အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။
"သတ်"
အနီရောင်ဝတ် အဖိုးကြီးတစ်ဦးထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲ ထွက်လာခဲ့၏။ ၎င်းက ချက်ချင်းပင် လုမင်အား ခုန်ဝင်တိုက်ခိုက်လိုက်တော့သည်။
အဓိပတိ၊ ယင်းက အဓိပတိ ဖြစ်သည်။
"မင်း သေချင်နေပြီ"
လုမင်၏ အနောက်မှ ခန္ဓာကိုယ် ထွားထွားကြိုင်းကြိုင်း အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။ ၎င်းက ပုဆိန်တစ်လက်ကို ကိုင်ဆွဲထား၏။ ပုဆိန်ကြီးကိုမြှောက်၍ အနီရောင်ဝတ် အဖိုးကြီးကို ခုတ်ပိုင်းလိုက်တော့သည်။
"ဝုန်း"
နှစ်ယောက်သား အပြန်အလှန် တိုက်ခိုက်ပြီးနောက် အသီးသီး ပြန်ဆုတ်သွားကြသည်။
"အဓိပတိ"
ရွယ်လော့ကျစ်၏ မျက်နှာက မည်းမှောင်သွားသည်။
"အကြီးအကဲ၊ ခင်ဗျားကို လုမင် ဘယ်လိုလှည့်စားထားလဲတော့ မသိပါဘူး။ ဒါပေမဲ့ ဒီကောင်က ကျုပ်ရဲ့ သွေးအေးနန်းတော်ကို စော်ကားတဲ့အတွက် ဒီအတိုင်းထားလို့မရဘူး။ လူတိုင်းပဲ ကျုပ်တို့ကို မျက်နှာသာပေးတဲ့အနေနဲ့ လုမင်ကို လွှဲပြောင်းပေးပြီး လက်ရှောင်စေချင်ပါတယ်။ ဒီအတွက် သွေးအေးနန်းတော်က ထိုက်ထိုက်တန်တန် ချီးမြှင့်မှာပါ"
ရွယ်လော့ကျစ်က လက်ယှက်ပြီး လူထွားကြီးကို ပြောလိုက်သည်။
သူ့စိတ်ထဲတွင် သူက မည်သည့်အရာကိုမဆို စေ့စပ်ညှိနှိုင်းနိုင်စွမ်းရှိသည်။
သူ့အမြင်တွင် ဤကျွမ်းကျင်သူများက ရှဲ့လွမ်၏ လက်အောက်ခံများ ဖြစ်နိုင်သည်။ ရှဲ့လွမ် လူကိုယ်တိုင် လာရောက်ခဲ့လျှင်ပင် အခြေအနေများကို ညှိနှိုင်းနိုင်ဦးမည်။
လုမင်က သူတို့ကို တစ်ခုခု ကတိပေးထားသောကြောင့် သွေးအေးနန်းတော်ကိုတိုက်ခိုက်ရန် ရောက်လာခြင်းဟု သူ တွက်ထားခဲ့ပေသည်။
သို့ရာတွင်၊ လုမင်၏ ကမ်းလှမ်းချက်က သွေးအေးနန်းတော်နှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။ လုမင်၏ တန်ဖိုးက သွေးအေးနန်းတော်နှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
ဤကျွမ်းကျင်သူများကို သူ ဆွဲဆောင်နိုင်သရွေ့ လုမင်ကို ဖယ်ရှားရန်မှာ ထမင်းစား ရေသောက် ဖြစ်သည်။
"အတင့်ရဲလိုက်တာ၊ သခင်လေး လုမင်က ငါတို့တပ်ရဲ့ စစ်ဦးစီးချုပ်ပဲ။ သူက ပျက်စီးခြင်းကောင်းကင်ဧကရာဇ် သခင်နဲ့တောင် တန်းတူညီတူ အဆင့်အတန်းရှိတယ်။ မင်းက သူ့ကို လွှဲပေးစေချင်နေတာလား"
လူထွားကြီးက ပုဆိန်ကို တဆဆလုပ်ရင်း လှောင်ပြောင်လိုက်သည်။
"ဘာ၊ ဘာကြီး၊ စစ်ဦးစီးချုပ်လား၊ ပျက်စီးခြင်းကောင်းကင်ဧကရာဇ် သခင်နဲ့ တန်းတူရည်တူရှိတာလား"
ရွယ်လော့ကျစ်နှင့် ကျန်သွေးအေးနန်းတော်၏ ကျွမ်းကျင်သူအားလုံး တုန်လှုပ်သွားကြသည်။
လုမင်က ဤလူများ၏ စစ်ဦးစီးချုပ်ဖြစ်သည့်အပြင် ရှဲ့လွမ်နှင့်လည်း တန်းတူအဆင့်အတန်း ရှိခဲ့သည်။ ယင်းက မည်သို့ဖြစ်နိုင်ပါမည်နည်း။ လုမင် မည်သို့လုပ်နိုင်ခဲ့သနည်း။
"သတ်ကြ၊ သွေးအေးနန်းတော်ကို ဖျက်စီးကြ"
ဤအခိုက်တွင်၊ လုမင်က သူ့လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်တော့သည်။