အခန်း ၁၁၇၂
Vol. 79 Ch. 1172
အပိုင်း ( 1172 ) ရွယ်လော့ကျစ်ကို သတ်ခြင်း။
နတ်ဆိုးစွမ်းအင်များက ပင်လယ်လှိုင်းကဲ့သို့ လှိမ့်တက်လာခဲ့သည်။ လုမင်ထံမှ အမိန့်ရသည်နှင့် အားလုံးက ချက်ချင်း လှုပ်ရှားလာကြ၏။ ကြောက်စရာကောင်းအောင် အစွမ်းထက်သူများကလည်း အမိန့်အတိုင်း သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများကို တိုက်ခိုက်လိုက်တော့သည်။
ရွယ်လော့ကျစ် အပါအဝင် သွေးအေးနန်းတော်မှ ကျွမ်းကျင်သူအားလုံး မျက်စိမျက်နှာပျက်သွားသည်။ ဤတပ်ကြီးက အမှန်ပင် အလွန် အင်အားကြီးကြ၏။ အဓိပဓိနယ်ပယ် တန်ခိုးရှင်များက ခြောက်ပါး သို့မဟုတ် ခုနစ်ပါးထက်မနည်း ရှိ၏။ အဆင့်မြင့် ဝိညာဉ်နတ်ဘုရား အများအပြားလည်း ရှိသေးသည်။
"သတ်၊ သတ်၊ အားလုံးကို သတ်ကြ"
ရွယ်လော့ကျစ်က အော်ဟစ်ပြီး ကိုယ်တိုင်ကမူ ဆုတ်သွားသည်။
"သတ်"
နှစ်ဖက်စလုံးမှ ကျွမ်းကျင်သူများလည်း မာန်သွင်းလိုက်၏။ နှစ်ဖက် တိုက်မိပြီးနောက် ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးများ ဖြစ်ပေါ်လာတော့သည်။
အနက်ရောင် နတ်ဆိုးစွမ်းအင်နှင့် သွေးရောင်စွမ်းအင်တို့က ကောင်းကင်သို့ ထိုးတက်ပြီး ဧရိယာကို ပျံ့နှံ့သွားခဲ့သည်။
"ဝှစ်"
လုမင်က ခြေတစ်ချက်လှမ်းကာ ရွယ်လော့ကျစ်ဆီသို့ လျှောက်သွားလိုက်၏။
"ရွယ်လော့ကျစ်၊ မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေမှာတုန်းကတော့ အသက်အဆောင်ကြောင့် မင်း ထွက်ပြေးနိုင်ခဲ့တယ်။ ဒီနေ့ မင်းရဲ့အသက်ကို ငါနှုတ်ယူမယ်"
လုမင်က ရွယ်လော့ကျစ်ကို စိုက်ကြည့်ကာ တစ်လှမ်းချင်း လျှောက်သွား၏။
ရွယ်လော့ကျစ်၏ မျက်နှာက အလွန်ပင် အကြည့်ရဆိုးလာတော့သည်။ သူက အလျင်စလို ဆုတ်ခွာရင်း အော်ဟစ်လိုက်သည်။
"သတ်"
"လုမင်၊ သေတော့"
ရွယ်လော့ကျစ်၏ အနားမှ သွေးရောင်ဝတ် လူလတ်ပိုင်းတစ်ဦးက တိုက်ခိုက်လိုက်သည်။ သူသည်ကား ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။ သို့သော်လည်း သူပေါ်လာသည်နှင့်တပြိုင်နက် လုမင်၏အနောက်မှ ကျွမ်းကျင်သူတစ်ယောက် ပြေးထွက်လာကာ ဟန့်တားလိုက်တော့သည်။
"အခု မင်းကို ဘယ်သူကယ်နိုင်မလဲ ကြည့်ရအောင်"
လုမင်က အေးစက်စက်ဖြင့် ပြောသည်။ အနှီ ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူက ရွယ်လော့ကျစ်မှ နောက်ဆုံးကျွမ်းကျင်သူ ဖြစ်၏။ ကျန်လူများက မပြောပလောက်ပေ။
"သတ်၊ သတ်"
ရွယ်လော့ကျစ်က ဆက်လက် အော်ဟစ်လိုက်သည်။
အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးက လုမင်အား တိုက်ခိုက်လိုက်၏။
"ဝုန်း၊ ဝုန်း"
လုမင်က လက်ဝါးနှစ်ချက် ရိုက်လိုက်သည်နှင့် အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ယောက်စလုံး အပိုင်းပိုင်း ပေါက်ကွဲသွားတော့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ရွယ်လော့ကျစ်၏ မျက်နှာက သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ လုမင်က အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်၏။ သူက ဘယ်လိုလုပ်ပြီး ဤမျှ အစွမ်းထက်နိုင်သနည်း။
"ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး"
လုမင်က ခြေလှမ်းပြီး ရွယ်လော့ကျစ်အနီးကို လျင်မြန်စွာ ချဉ်းကပ်သွားလိုက်သည်။
"ကယ်ပါ၊ ဘိုးဘေး ကယ်ပါဦး"
ရွယ်လော့ကျစ် ကြောက်လန့်တကြားဖြစ်ကာ ထအော်လိုက်၏။
လုမင်က အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို ပေါ့ပေါ့ဆဆ သတ်နိုင်သည်။
သူ အမှန်တကယ် ကြောက်သွားမိပေသည်။
သွေးအေးနန်းတော်၏ အခြား ကျွမ်းကျင်သူများကတော့ ကူညီချင်သည်။ သို့ရာတွင်၊ ၎င်းတို့အားလုံး ကိုယ့်ပြိုင်ဘက်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရကာ လုံးဝ မလွတ်မြောက်နိုင်ခဲ့ပေ။
အချို့ ကျွမ်းကျင်သူများကတော့ အဝေးသို့ ရောက်နေကြ၍ အချိန်မီ မလှုပ်ရှားနိုင်ကြတော့ပါချေ။
"ခွေးကောင်၊ မင်း သေချင်နေတာပဲ"
ထိုအချိန်တွင် ကောင်းကင်မှ ကြိမ်းမောင်းလိုက်သံ ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ သွေးနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအလင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ရောင်ဝါတစ်ခု သယ်ဆောင်ကာ လုမင်ထံသို့ ဆင်းသက်လာတော့သည်။
"ဘိုးဘေးလှုပ်ရှားပြီ၊ ဟားဟား... လုမင် သေပြီ"
ရွယ်လော့ကျစ် အလွန် ဝမ်းသာသွားခဲ့သည်။ သူ့မျက်နှာတွင် ရက်စက် ကြမ်းကြုတ်သောာ အမူအရာတစ်ခု ပေါ်လာခဲ့၏။
ဤတိုက်ခိုက်မှုက ဧကရာဇ်အရှိန်အဝါများ ပြည့်နှက်နေသည်။ ၎င်းက သွေးအေးနန်းတော်မှ သိုင်းအုပ်ချုပ်သူ၏ တိုက်ခိုက်မှုပင်။
သို့သော်လည်း ဤအခိုက်တွင်၊ လုမင်၏ နောက်ကွယ်မှ သံချပ်ကာဝတ် လူထွားကြီးတစ်ဦး ထွက်လာသည်။ သူ့ထံမှ ကြီးမြတ်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။ နတ်ဆိုးအလင်းတစ်ခု လင်းလက်သွားကာ သွေးရောင်အလင်း ပျက်စီးသွားတော့သည်။
"ငါက မင်းကို ဝိုင်းပြီးမသမချင်ဘူး၊ ဒါပေမဲ့ မင်းက သေချင်နေမှတော့ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်"
မိုရဲ့၏ မျက်လုံးများက အေးစက်သွားကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ နောက်အခိုက်အတန့်တွင် သူက နတ်ဆိုးအလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး သွေးအေးနန်းတော်ဧကရာဇ်ဆီသို့ ပြေးသွားခဲ့၏။ သူက ဟန်ချင်းတောင်မှ ဧကရာဇ်နှင့် ပူးပေါင်းကာ သွေးအေးနန်းတော်၏ ဧကရာဇ်ကို တိုက်ခိုက်လိုက်တော့သည်။
"ဧကရာဇ်၊ ဧကရာဇ်တစ်ပါး"
အားလုံး အံသြသွားကြသည်။
ဤနေရာတွင် ရှဲ့လွမ် မရှိသော်လည်း လုမင်၏ အနောက်၌ နောက်ထပ် ဧကရာဇ်တစ်ပါး ရှိနေသည်။ ယင်းက အံ့သြစရာကောင်းလွန်းလှပေသည်။
သွေးအေးနန်းတော်မှ လူများစွာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြသည်။ ဧကရာဇ်နှစ်ပါး၏ ဝန်းရံမှုအရ သွေးအေးနန်းတော်၏ဧကရာဇ်အတွက် အခြေအနေမှာ ဆိုးရွားလှပေလိမ့်မည်။
"နတ်ဆိုးဧကရာဇ်"
ရွယ်လော့ကျစ် တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာတော့ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတို့ ပြည့်နေတော့သည်။
"သတ်"
လုမင်က နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူက ရွယ်လော့ကျစ်အရှေ့တွင် ပေါ်လာကာ လက်ဝါးဖြင့် ရိုက်ချလိုက်၏။
"မဟုတ်ဘူး"
ရွယ်လော့ကျစ် အော်ဟစ်လိုက်သည်။ သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် သွေးတောင်ပံ ကောင်းကင်လင်းနို့အဖြစ် ပြောင်းလဲကာ အစွမ်းကုန် ခုခံလိုက်၏။
သို့သော်၊ လုမင်၏ လက်ဝါးရိုက်ချက်ကြောင့် သွေးရောင်အလင်း ပျက်စီးကာ သွေးတောင်ပံ ကောင်းကင်လင်းနို့ ကြေမွသွားတော့သည်။ ထိုမျှသာမကဘဲ ရွယ်လော့ကျစ်၏ မူလခန္ဓာပင်လျှင် ပေါက်ကွဲသွားရသည်။
သွေးများ ပက်ဖျန်းခြင်းနှင့်အတူ သူ သေဆုံးခဲ့ပြီ။
သွေးအေးနန်းတော်မှ လူများ တုန်လှုပ်သွားကြသည်။ ရွယ်လော့ကျစ် သေဆုံးသွားခဲ့ပြီ။ ဧကရာဇ်ဖြစ်ရန် အလားအလာရှိသည့် ဤပါရမီရှင်မျိုး ကျဆုံးခြင်းက သွေးအေးနန်းတော်အတွက် ကြီးစွာသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။
ကောင်းကင်ယံမှ ဒေါသတကြီး အော်ဟစ်သံ ဟိန်းထွက်လာလေသည်။
"ဘာတွေအော်နေတာလဲ၊ ဒီနေ့ မင်းကိုယ်မင်းတောင်မှ ကယ်နိုင်စွမ်းမဲ့လိမ့်မယ်"
မိုရဲ့၏ အသံက ကောင်းကင်မှ ထွက်ပေါ်လာခဲ့သည်။
"ဂါး"
လုမင်က နဝမနဂါးသွေးမျိုးဆက်ကို ထိန်းချုပ်ကာ ရွယ်လော့ကျစ်၏ သွေးအနှစ်သာရနှင့် စွမ်းအင်အားလုံးကို လုံးလုံးလျားလျား ဝါးမြိုပစ်ခဲ့သည်။ သို့သော်လည်း၊ ချက်ချင်းပင် သူ မျက်မှောင်ကြုတ်လိုက်၏။
အကြောင်းမူ၊ ရွယ်လော့ကျစ် လေ့ကျင့်သည်က လုမင်အတွက် များစွာ အသုံးမဝင်သော သွေးတာအို ဖြစ်နေသောကြောင့်ပင်။
ထိုအတွက် သွေးအနှစ်သာရနှင့် သွေးသည်သာ အသုံးဝင်သည်။
ဤအခိုက်အတန့်တွင် ဟန်ချင်းတောင်ပေါ်မှ လှပသော မိန်းမပျိုတစ်ဦးက အပြင်ဘက် စစ်မြေပြင်ကို ကြည့်နေသည်။
သူမက ကျင်းခုန်းလင် ဖြစ်ချေသည်။
သူမ၏ဘေးတွင် ဟန်ချင်းတောင်မှ ကျွမ်းကျင်သူများစွာ ရှိနေကြသည်။
"ဝင်္ကပါကိုဖွင့်ပြီး အစွမ်းကုန်သတ်၊ လုမင်တို့နဲ့ ပူးပေါင်းပြီး သွေးနန်းတော်ကို တိုက်ခိုက်မယ်"
ဤအခိုက်တွင်၊ ကျင်းခုန်းလင်က အမိန့်ပေးလိုက်၏။
လက်ရှိတွင်၊ ဒုတိယတန်းစား ပါရမီရှင်များက ရင့်ကျက်ပြီး ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာခဲ့ကြသည်။ ဤဒုတိယတန်းစား ပါရမီရှင်များ ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်လာသည်နှင့် သက်ဆိုင်ရာ အင်အားစုများ၌ ၎င်းတို့၏ အဆင့်အတန်းများ မြင့်မားလာကြ၏။ ၎င်းတို့က အချို့သော အဓိပဓိများနှင့်ပင် ယှဉ်နိုင်သည်။ သူတို့၏ အဆင့်အတန်းဆိုလျှင် အဓိပဓိများထက်ပင် မြင့်သေးသည်။
အကြောင်းမူ၊ ဒုတိယတန်းစား ပါရမီရှင်တိုင်းက အနာဂတ်တွင် အဓိပတိများ ဖြစ်လာမည်မှာ သေချာသောကြောင့်ပင် ဖြစ်သည်။ သူတို့က ဧကရာဇ်များဖြစ်လာရန်ပင် အခွင့်အလမ်းကောင်းများ ရှိ၏။ သူတို့၏ စွမ်းဆောင်နိုင်စွမ်းက အကန့်အသတ်မရှိဟု ပြောနိုင်သည်။ ထိုအတွက် အဓိကအင်အားစုများက လေ့ကျင့်မှုပုံစံအဖြစ် ၎င်းတို့ထံ အာဏာအချို့ကို တဖြည်းဖြည်း လွှဲပြောင်းပေးစ ပြုခဲ့ကြပေသည်။
ရွယ်လော့ကျစ် ကဲ့သို့ပင်၊ ကျင်းခုန်းလင်သည်လည်း ဟန်ချင်းတောင်၌ စကားပြောပိုင်ခွင့် ရှိသည်။
"ခုန်းလင်၊ ဒါက အရမ်းအန္တရာယ်များတယ်။ လုမင်က ငါတို့ကို လှည့်ပြီး မတိုက်ခိုက်မှန်း ဘယ်သူသိမှာလဲ"
ကျင်းခုန်းလင်အနားမှ အဖိုးအိုတစ်ဦး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ အခုဆိုရင် လုမင်နဲ့ ရှဲ့လွမ်အနောက်ကို ဧကရာဇ်အတော်များများ လိုက်နေကြတာ၊ ငါတို့ သတိထားရမယ်"
နောက်လူတစ်ဦးကလည်း ဝင်ပြောလိုက်၏။
"သိပ်လည်း စိတ်မပူပါနဲ့၊ လုမင်နဲ့ ကျွန်မက သူငယ်ချင်းဟောင်းတွေပဲ။ ကျွန်မ သူ့ကိုယုံကြည်တယ်။ ဝင်္ကပါကိုဖွင့်ပြီး လုမင်နဲ့ ပူးပေါင်းဆောင်ရွက်လိုက်ပါ။ ဒီနေ့တိုက်ပွဲမှာ သွေးအေးနန်းတော်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ရမယ်။ မဟုတ်ရင် နောင်ကို ကျွန်မတို့မှာ ဒီလို အခွင့်ရေးကောင်းမျိုး ရှိဦးတော့မှာ မဟုတ်ဘူး"
ကျင်းခုန်းလင်က ပြတ်ပြတ်သားသား ပြောသည်။
"ကောင်းပြီ၊ ငါတို့ မင်းပြောတာကို နားထောင်ပါမယ်"
အဘိုးကြီးတစ်ဦးက ဝန်ခံလိုက်၏။ ထို့နောက်မှာတော့ သူ၏အသံက ဟန်ချင်းတောင်တစ်လျှောက် ပျံ့နှံ့သွားတော့သည်။
"ဝင်္ကပါကိုဖွင့်ပြီး အားလုံးကို သတ်ကြ"
"သတ်ကြဟေ့"
"သတ်ကြ"
ဝင်္ကပါကို ဖွင့်လိုက်သည်နှင့်အမျှ ဟန်ချင်းတောင်ဂိုဏ်းသားများက သွေးအေးနန်းတော်သားများရှိရာကို ရူးသွပ်စွာ ပြေးဝင်သွားတော့သည်။
သူတို့နှင့် လုမင်၏ လူများက သွေးအေးနန်းတော်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ ချက်ချင်းပင်၊ သွေးအေးနန်းတော်က အရေးနိမ့်သွားခဲ့၏။ ၎င်းတို့၏ ကျွမ်းကျင်သူများလည်း တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံလာရတော့သည်။
"ဝုန်း... ဝုန်း... ဝုန်း"
တိုက်ပွဲက ကောင်းကင်တွင် အပြင်းထန်ဆုံးဖြစ်ကာ ဟင်းလင်းပြင်သည်ပင် အဆက်မပြတ် တုန်ခါနေခဲ့ရသည်။
ရုတ်တရက် သွေးရောင်အလင်းတစ်ခု လင်းလက်လာသည်။ ပြင်းထန်သော ဧကရာဇ်ဖိအားနှင့် သွေးစွမ်းအားကိုသယ်ဆောင်ထားသော လက်တစ်ဖက် ကောင်းကင်မှ ပြုတ်ကျလာခဲ့၏။
"ဒါက သွေးဧကရာဇ်ပဲ။ သူဒဏ်ရာရသွားပြီ"
တစ်ယောက်ယောက်က အော်လိုက်သည်။
အထူးသဖြင့် သွေးအေးနန်းတော်မှ လူများဆိုလျှင် မျက်နှာတစ်ခုလုံး သွေးစမ်းမရတော့ပေ။
"သွေးအေးနန်းတော်ရဲ့ သွေးဧကရာဇ် ရှုံးနိမ့်တော့မယ်ဟေ့။ သတ်ကြ"
လုမင်၏ တပ်သားများနှင့် ဟန်ချင်းတောင်ဂိုဏ်းသားတို့က ညာသံပေးပြီး အော်ဟစ်လိုက်ကြသည်။ သူတို့က အလွန်အမင်း စိတ်ဓာတ်တက်ကြွလာကာ သွေးအေးနန်းတော်သားများကို အပြတ်ဖိနှိပ်လိုက်၏။ သွေးအေးနန်းတော်၏ ကျွမ်းကျင်သူများ အဆက်မပြတ် အသတ်ခံခဲ့ရကာ အလောင်းများကလည်း မိုးရေစက်များကဲ့သို့ မြေပြင်ပေါ်သို့ ကျရောက်သွားတော့သည်။
လုမင်က နဝမနဂါးသွေးမျိုးဆက်ကို ထိန်းချုပ်ပြီး စစ်မြေပြင်အနှံ့ လမ်းလျှောက်ကာ သွေးအနှစ်သာရနှင့် စွမ်းအင်အားလုံး ဝါးမြိုသွားခဲ့သည်။