အခန်း ၁၁၇၃
Vol. 79 Ch. 1173
အပိုင်း ( 1173 ) အဓိပဓိ၏ သွေးအနှစ်သာရ၊ သွေးဧကရာဇ် ရှုံးနိမ့်ခြင်း။
ကံမကောင်းစွာဖြင့်၊ သွေးအေးနန်းတော်မှ လူအများစုက သွေးတာအိုကို လေ့ကျင့်ခဲ့ကြသည်။ တချို့လောက်သာ လုမင်အတွက် အသုံးဝင်သော တာအိုများကို လေ့ကျင့်ကြ၏။ ထိုအတွက် လုမင်၏ တိုးတက်မှုက ဖြစ်မြောက်ရန် ခက်ခဲခဲ့ပေသည်။
ပမာဏများပြားသော သွေးအနှစ်သာရများကို ဝါးမျိုပြီးနောက် လုမင်၏ ကျင့်ကြံခြင်းအခြေခံက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သို့သော်လည်း အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်သောအခါ ရပ်တန့်သွား၏။ စွမ်းအင်မည်မျှပင် သန့်စင်နေစေကာမူ မစုပ်ယူနိုင်တော့ပေ။
တာအိုကန့်သတ်ချက်ကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံလည်း ရပ်တန့်သွားရခြင်း ဖြစ်သည်။
အဆုံးတွင်၊ ယွမ်ချီစွမ်းအင်များကို မဝါးမျိုတော့ရန် ဆုံးဖြတ်ခဲ့ပေသည်။ ထိုအစား သွေးအနှစ်သာရ သီးသန့်ကိုသာ ဝါးမျိုပြီး သွေးမျိုးဆက်အား အဆင့်မြှင့်ခဲ့သည်။
သို့သော်...
လုမင် ဝါးမျိုခဲ့သူများထဲတွင် အဆင့်ရှစ်နှင့် အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်နှင့် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားနယ်ပယ်များပင် ရှိသည်။ သို့တိုင် တိုးတက်မှုများ မရှိခဲ့ပေ။
နဝမနဂါးနှင့် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် နှစ်ခုစလုံးက နတ်ဘုရားအဆင့်ရှစ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
နတ်ဘုရားအဆင့်ရှစ်မှ နတ်ဘုရားအဆင့်ကိုးသို့ တိုးတက်ရန်မှာ ခက်ခဲလွန်းပေသည်။
လုမင်လည်း ခေါင်းယမ်းကာ မချိပြုံး ပြုံးလိုက်မိသည်။ သွေးမျိုးဆက်ကို ထပ်မံ တိုးတက်စေလိုပါက အဓိပဓိနယ်ပယ် တန်ခိုးရှင်၏ သွေးအနှစ်သာရကို ဝါးမျိုရမည်လော။
လုမင်လည်း ပတ်ဝန်းကျင်တွင် အဓိပဓိနယ်ပယ် တန်ခိုးရှင်များ ကျဆုံးခြင်း ရှိမရှိ သိရန် လှည့်ပတ်ကြည့်လိုက်သည်။
"အား"
အော်သံနှင့်အတူ သွေးအေးနန်းတော်မှ အဓိပတိတစ်ဦး သေဆုံးသွားခဲ့၏။ သွေးများ ငေါက်ငေါက်ပန်းထွက်ရင်း မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။
လတ်ဆတ်သော ထိုသွေးများတွင် ကြောက်မက်ဖွယ်စွမ်းအားများ ပါဝင်သည်။ ဝိညာဉ်သန္ဓေသားနယ်ပယ်မှ လူတချို့ဆိုလျှင် အဓိပဓိသွေးများ စွန်းပေပြီးနောက် အပေါက်ကြီးများ ဖြစ်သွားကြ၏။
"နောက်ကိုဆုတ်ကြ"
အောက်ဘက်မှ များပြားလှသော နတ်ဆိုးတပ်သားများနှင့် သွေးအေးနန်းတော်မှ လူတချို့လည်း ကြောက်လန့်ခြင်းဖြစ်ကာ ကသောကမျော ဆုတ်သွားကြတော့သည်။
"အဓိပဓိနယ်ပယ် တန်ခိုးရှင်ရဲ့ သွေးအနှစ်သာရ"
လုမင်၏ မျက်လုံးများက စိတ်အားထက်သန်မှုဖြင့် ပူလောင်သွားခဲ့သည်။
"ရှောင်ချင်း၊ ငါ့ကို ဒီမှာစောင့်နေပါဦး"
လုမင်က ရှဲ့နျန်ချင်းကို ပြောလိုက်သည်။
"သတိထားပါ"
ရှဲ့နျန်ချင်း သတိပေးလိုက်၏။
"စိတ်ချပါ"
လုမင် ပြုံးလိုက်လေသည်။ ထို့နောက်မှာတော့ အဓိပဓိတန်ခိုးရှင်၏ အလောင်းဆီသို့ ပြေးသွားတော့သည်။
"ဝုန်း"
သွေးတစ်စက်က အဓိပဓိအရှိန်အဝါများကို သယ်ဆောင်ရင်း သွေးရောင်ဥက္ကာပျံကဲ့သို့ လုမင်ကို ပစ်လွှတ်လိုက်သည်။
"ဝမ်"
လုမင်က လက်ဝါးတစ်ဖက်နှင့် ကာဆီးလိုက်၏။ သွေးစက်က လွင့်သွားသော်လည်း လုမင်၏လက်ဝါးပါ ထုံကျဉ်သွားတော့သည်။ သူ၏ လက်ဝါးက နာကျင်မှုကိုပင် အနည်းငယ် ခံစားခဲ့ရသည်။
'အဓိပဓိတန်ခိုးရှင်တွေက တကယ်ကို အစွမ်းထက်တာပဲ။ ဒါက သေဆုံးပြီးသူရဲ့ သွေးတစ်စက်ပဲ၊ ဒါတောင်မှ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ပါဝင်နေတယ်။ သူ့မှာ စွမ်းအင်တွေ အများကြီးရှိမှာ အသေချာပဲ။ အခုလောလောဆယ်မှာ ငါ့ရဲ့တာအိုက မလုံလောက်သေးလို့သာပေါ့။ မဟုတ်ရင်၊ ဒီသွေးကို သန့်စင်ပြီး ငါ့နယ်ပယ် မြန်မြန်ဆန်ဆန် တိုးတက်နိုင်လိမ့်မယ်'
လုမင် တိတ်တဆိတ် တွေးလိုက်၏။ ထို့နောက်တွင်၊ ဤသွေးစက်ကို သူက စိတ်မဝင်စားတော့ပေ။ သူက အဓိပဓိတန်ခိုးရှင် အလောင်းဆီသို့ ဆက်လက် ပြေးသွားခဲ့သည်။ နဝမနဂါး ဟိန်းသံနှင့်အတူ ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။ သွေးရောင်ပုလဲကဲ့သို့ တောက်ပနေသော သွေးအနှစ်သာရကိုးစက်က အဓိပဓိတန်ခိုးရှင် အလောင်းထံမှ ထွက်ပေါ်လာတော့သည်။ ထိုသွေးအနှစ်သာရကိုးစက်ကို နဝမနဂါးက ဝါးမျိုသွားခဲ့သည်။
"ဝုန်း"
သွေးအနှစ်သာရကိုးစက်ကို ဝါးမျိုလိုက်သည်နှင့် အကန့်အသတ်မဲ့ စွမ်းအင်များက နဝမနဂါး ခန္ဓာအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ နဝမနဂါး၏ ခန္ဓာကိုယ်က လေထိုးရုပ်ကဲ့သို့ လျင်မြန်စွာ ဖောင်းကားလာခဲ့၏။ ၎င်း၏ ခန္ဓာက အဆများစွာ ဝဖောင်းလာတော့သည်။
အဓိပဓိတန်ခိုးရှင်၏ သွေးအနှစ်သာရမှ စွမ်းအင်များက အလွန်အားကောင်းသည်။
"သန့်စင်စမ်း"
လုမင် ဟိန်းဟောက်လိုက်၏။ သူက နဝမနဂါးသွေးမျိုးဆက်ကို ထိန်းချုပ်ပြီး သွေးအနှစ်သာရကို သန့်စင်ရန် ကြိုးစားလိုက်တော့သည်။
သူ ဆန္ဒစောသွားခဲ့မိသည်။ အဓိပဓိတစ်ပါး၏ သွေးအနှစ်သာရတွင် ပါဝင်သော စွမ်းအင်ပမာဏက အံ့ဖွယ်ကြီးမားသည်။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံနှင့်ပင် တစ်စက်ချင်းသာ သန့်စင်ရလိမ့်မည်။ ဤသည်က အန္တရာယ်အကင်းဆုံး ဖြစ်သည်။ သို့သော်လည်း၊ ယခုအခါ တစ်ကြိမ်တည်းဖြင့် သွေးအနှစ်သာရကိုးစက်စလုံး ဝါးမျိုလိုက်မိ၏။ ထိုစွမ်းအင်ပမာဏ ကြီးမားလွန်း၍ ကြောက်စရာကောင်းလှသည်။
နဝမနဂါးသွေးမျိုးဆက်က စွမ်းအင်များကို အရူးအမူးလှည့်ပတ်ရင်း သန့်စင်နိုင်ရန် ကြိုးစားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူထိန်းထားနိုင်ကာ မပေါက်ကွဲခဲ့ပေ။
တဖြည်းဖြည်းချင်း၊ အဓိပတိတန်ခိုးရှင်၏ သွေးအနှစ်သာရကို သန့်စင်ရင်း နဝမနဂါးသွေးမျိုးဆက်ကို တိုးတက်စေရန် အသုံးပြုခဲ့သည်။
"သေစမ်း"
ထိုအချိန်တွင် သွေးရောင်အလင်းတစ်ခုက လုမင်ဆီသို့ အမှတ်မဲ့ ဦးတည်လာသည်။
၎င်းက သွေးအေးနန်းတော်မှ အဘိုးကြီးပင်။ သူဟာ ရွယ်လော့ကျစ်၏ ဓမ္မကာကွယ်သူ ဖြစ်သည်။ ရွယ်လော့ကျစ် သေဆုံးသွားကတည်းက လုမင်ကို သူ ချောင်းမြောင်းနေခဲ့၏။ ယခုတော့ ဤအခွင့်အရေးကို အသုံးချကာ လုမင်အား တိုက်ခိုက်လာတော့သည်။
"မင်း သေချင်နေတာပဲ"
လုမင်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ တတိယသွေးမျိုးဆက် ပေါ်လာသည်နှင့် သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာခဲ့၏။
"ဝုန်း"
လုမင်၏ လက်ဝါးက အဖိုးကြီး၏ သွေးအလင်းကို ဖျက်စီးပစ်လိုက်သည်။ ထိုမျှတင်မရပ်ဘဲ သူ၏ လက်ဝါးအင်အားက မုန်တိုင်းထန်သကဲ့သို့ အဖိုးကြီးထံ တိုးဝင်သွားတော့သည်။
ထိုစဉ်က၊ သူတော်စင်မြို့အပြင်တွင် ရှိစဉ်ကပင် လုမင်က အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်ကို သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။ ယခု လအနည်းငယ်ကြာမြင့်ပြီးနောက်၊ လုမင်၏ကျင့်ကြံခြင်းအခြေခံက အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း ယခင်ကထက် အဆများစွာ ပို၍ အားကောင်းလာခဲ့ပြီ။ ထိုအတွက် အဆင့်ရှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူကို ကိုင်တွယ်ရန်က လွယ်ကူလွန်းသည်။
အဘိုးကြီး တုန်လှုပ်သွားခဲ့သည်။ သူ၏ အမှတ်မထင် တိုက်ခိုက်မှုကို လုမင်က အလွယ်တကူ အနိုင်ယူမည်ဟု မမျှော်လင့်ခဲ့ပေ။ ချက်ချင်းပင်၊ စွမ်းအင်ပေါက်ကွဲပြီး ထိုးကြိတ်လိုက်သည်။
"ဝုန်း"
သို့သော်၊ လုမင်၏ လက်ဝါးကို ထိုးမိသောအခါ သူ့တကိုယ်လုံး တုန်လှုပ်သွား၏။ ဒယီးဒယိုင်ဖြင့် သူ ဆုတ်သွားရတော့သည်။
"သေစမ်း"
လုမင်၏ မျက်လုံးများက သွေးရောင်ပြောင်းသွားသည်။ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များက အဖိုးကြီးကို ဖုံးလွှမ်းသွား၏။ ထိုဖိအားများကြောင့် အဖိုးကြီး၏ တိုက်ခိုက်နိုင်စွမ်းမှာ ပို၍ အားနည်းသွားတော့သည်။
"ဝုန်း"
လုမင်က အတားဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းကာ လက်ဝါးနှစ်ဖက်နှင့် အဆက်မပြတ် ရိုက်ထုတ်လိုက်သည်။
ဆံဖြူအဖိုးကြီးလည်း အစွမ်းကုန် တားဆီးခဲ့၏။ သို့တိုင်၊ သူ့လက်များ ပေါက်ကွဲကာ သွေးများ အန်ထွက်လာတော့သည်။
"ဝမ်"
လုမင်၏ ထိန်းချုပ်မှုဖြင့် တတိယသွေးမျိုးဆက်က သွေးဓားအဖြစ် ပြောင်းလဲသွားခဲ့သည်။ သွေးရောင် ဓားအလင်းက ဆံဖြူအဖိုးကြီး၏ မျက်ခုံးနှစ်ခုကြားကို ထိုးဖောက်သွား၏။ အဖိုးကြီး သေဆုံးသွားတော့သည်။
"ဝှစ်"
လုမင်က ရှဲ့နျန်ချင်းဘက်ကို ပြန်သွားလိုက်သည်။ အကြောင်းမူ၊ ရှဲ့နျန်ချင်း၏ နံဘေးတွင် အဓိပဓိများ ထားရှိသောကြောင့်ပင်။ ဤသို့ဖြင့် သူတို့၏ လုံခြုံရေးကို စိတ်ချထားနိုင်သည်။
ရောက်လာသည်နှင့် လုမင်က တင်ပျဉ်ခွေထိုင်ကာ သွေးအနှစ်သာရများကို သန့်စင်ရန် အာရုံစိုက်လိုက်သည်။
ဤသန့်စင်ခြင်းလုပ်ငန်းစဉ်က ဆယ်မိနစ်ကျော် ကြာမြင့်ခဲ့ပေသည်။ ထိုမှသာ နဝမနဂါးခန္ဓာကိုယ်အတွင်းရှိ သွေးအနှစ်သာရများ ငြိမ်သက်သွားပြီး လုမင်၏ ထိန်းချုပ်မှုအောက်ကို ပြန်ရောက်သွားခဲ့သည်။ ထိုအချိန်တွင် လုမင်က မျက်လုံးဖွင့်ပြီး မတ်တပ်ထရပ်လိုက်၏။
အဓိပဓိတန်ခိုးရှင်၏ သွေးအနှစ်သာရကို လုံးလုံးမသန့်စင်ရသေးသော်လည်း စိတ်ပူစရာမလိုတော့ပါ။ တဖြည်းဖြည်းချင်း သန့်စင်သွား၍ ရသည်။
ဤအခိုက်တွင် စစ်မြေပြင်အခြေအနေက ရှင်းနေပြီ ဖြစ်သည်။ အဓိပဓိတန်ခိုးရှင်အချို့ အပါအဝင် သွေးအေးနန်းတော်မှ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ အသတ်ခံခဲ့ရပေသည်။ သူတို့က အပြတ်ဖိနှိပ်ခံထားရပြီ ဖြစ်သည်။ သူတို့၏ ရှုံးနိမ့်မှုက ရှောင်လွှဲ၍ မရနိုင်တော့ပေ။
"ဝုန်း"
ထိုအချိန်တွင် ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး ဟင်းလင်းပြင်ကလည်း အဆက်မပြတ် ကွဲအက်နေသည်။ လုမင် မော့ကြည့်လိုက်သောအခါ တိုက်ခိုက်နေသော ပုံရိပ်သုံးခုကို မြင်လိုက်ရ၏။
၎င်းတို့ထဲမှ တစ်ဦးမှာ နတ်ဆိုးအငွေ့အသက်များနှင့် မိုရဲ့ဖြစ်သည်။
နောက်တစ်ယောက်ကတော့ ရုပ်ရည်ချောမောသော အမျိုးသမီး ဖြစ်၏။ သူမကို အလင်းများက ရစ်ပတ်ထားကာ သူ့မျက်နှာအား ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူမက ဟန်ချင်းတောင်၏ သိုင်းအုပ်ချုပ်သူ၊ ဧကရီယွဲ့ရှင်း ဖြစ်တန်ရာသည်။
နောက်ဆုံးလူကိုတော့ သွေးနီရောင်အလင်းများက ဖုံးလွှမ်းထား၏။ သံသယဖြစ်စရာမလိုအောင်၊ ၎င်းက သွေးအေးနန်းတော်မှ သွေးဧကရာဇ် ဖြစ်သည်။
သို့သော်လည်း ဤအခိုက်တွင် သွေးအေးနန်းတော်၏ သွေးဧကရာဇ်က ဘဝပျက်နေသည်။ သူ့တွင် လက်တစ်ဖက်မရှိတော့ဘဲ အရှိန်အဝါများလည်း အားနည်းလျက်ရှိ၏။ မိုရဲ့နှင့် ဧကရီယွဲ့ရှင်း၏ တိုက်ခိုက်မှုအောက်တွင် သူ ဒဏ်ရာအပြင်းအထန်ရနေပြီ ဖြစ်သည်။
"သွေးဧကရာဇ်၊ ဒီနေ့ နင်သေရတော့မယ်"
ဧကရီယွဲ့ရှင်းက အေးစက်ဖြင့် ပြောသည်။ သူ့အသံက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်လျက်ရှိ၏။
"ငါ့ကိုသတ်ချင်တာလား၊ အိပ်မက်မက်နေတာပဲ"
သွေးဧကရာဇ်ထံမှ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ သူ့ထံမှ သွေးရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ဧကရီယွဲ့ရှင်းနှင့် မိုရဲ့တို့ကို အနောက်ဆုတ်စေခဲ့၏။ ၎င်းက သွေးရောင်အလင်းတစ်ခုကဲ့သို့ အဝေးကို အသည်းအသန် ပြေးထွက်သွားတော့သည်။
သွေးအေးနန်းတော်၏ သွေးဧကရာဇ် ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
"မစဉ်းစားနဲ့"
မိုရဲ့က အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ ၎င်းက ဧကရီယွဲ့ရှင်းနှင့်အတူ သွေးဧကရာဇ်နောက်ကို လိုက်သွားတော့သည်။
သွေးဧကရာဇ် ပြေးသွားသည်ကို မြင်လိုက်ရပြီးနောက် သွေးအေးနန်းတော်မှ အဖွဲ့ဝင်များ၏ စိတ်ဓာတ်ဟာ အောက်ဆုံးထိ ထိုးကျသွားခဲ့သည်။
"အညံ့ခံတယ်၊ ငါ အညံ့ခံပါတယ်"
"ငါလည်း လက်မြှောက်ပါပြီ"
ကောင်းကင်လင်းယုန်ခံတပ်၏ လင်းယုန်ကြီးများက ပထမဆုံး လက်နက်ချလိုက်သည်။ နောက်ဆုံးတွင်၊ သူတို့က သွေးအေးနန်းတော်နှင့် နက်ရှိုင်းသည့် ခံစားချက်မျိုး မရှိပေ။ ဤအတွက် အခြေနေမကောင်းမှန်းသိသောအခါ လက်နက်ချကြသည်က သဘာဝ ဖြစ်သည်။
လင်းယုန်ကြီးများ၏ လက်နက်ချခြင်းက သွေးအေးနန်းတော်ကို ပို၍ ဘဝပျက်စေခဲ့ပေသည်။
"အညံ့ခံရင် မင်းတို့ရဲ့ အသိပင်လယ်ထဲမှာ တံဆိပ်ခတ်နှိပ်ခံရမယ်၊ မဟုတ်ရင်တော့ သက်ညှာနေမှာ မဟုတ်ဘူး"
လုမင်၏ အသံက အဝေးမှ ထွက်လာခဲ့သည်။