← Chapters

အခန်း ၁၁၇၉

Vol. 79 Ch. 1179

အခန်း ၁၁၇၉

Vol. 79 Ch. 1179

အပိုင်း ( 1179 ) လုမင်၏ ရည်မှန်းချက်။

မနီးမဝေးတွင် ချွမ်ရှန်ဂိုဏ်းမှ ကျွမ်းကျင်သူတစ်ဦး ရှိခဲ့သည်။ ၎င်းက တိုက်ခိုက်မှု ‌မအောင်မြင်သောကြောင့် တုန်လှုပ်သွား၏။

"သတ်"

လုမင်ထံမှ သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာခဲ့သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ထိုကျွမ်းကျင်သူကို တိုက်ခိုက်လိုက်၏။

ဤလူသည် အဆင့်ခုနစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံခြင်းအခြေခံရှိသော်လည်း နှစ်ကွက်ပင် မခံနိုင်ခဲ့ပေ။ လုမင်က ၎င်း၏ အကာကွယ်ကို ဖျက်စီးကာ နှလုံးသားကိုထိုးဖောက်ပစ်လိုက်သည်။

တစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့ပြီ။

ထိုလူကို သတ်ဖြတ်ပြီးနောက် လုမင်က သူဝါးမြိုရန် ပစ်မှတ်များကို ဆက်လက်ရှာဖွေခဲ့သည်။

တိုက်ပွဲက အလွန်ပြင်းထန်သည်။ ချွမ်ရှန်ဂိုဏ်းမှ ကျွမ်းကျင်သူများ သေဆုံးကာ သွေးများလည်း မိုးရေစက်သဖွယ် ကျဆင်းခဲ့ရ၏။

လုမင်က သေသူများ၏ သိုလှောင်လက်စွပ်များကို သိမ်းယူရင်း ဝါးမြိုသွားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ၊ လုမင်ဟာ ဒါဇင်နှင့်ချီသော ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ တာအိုများကို ဝါးမျိုခဲ့ပေသည်။

"လုံလောက်ပြီ၊ ဒါက လုံလောက်ပြီ။ ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေရဲ့ အသိစိတ်က အားကောင်းလွန်းတယ်။ ငါဝါးမျိုထားတာက အခု အတော်များနေပြီ။ ဒါတွေကို သန့်စင်ထားရင်တောင် မသန့်ရှင်းတာကြောင့် ငါ့ရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်စေဦးမှာ။ အခု ဒါတွေကို အချိန်ယူပြီး သန့်စင်ရလိမ့်မယ်"

လုမင်က စစ်မြေပြင်မှ ဆုတ်ခွာကာ စစ်သင်္ဘောဆီသို့ ပြန်သွားခဲ့သည်။

ရှဲ့နျန်ချင်းကတော့ စစ်သင်္ဘောပေါ်တွင် မရှိပေ။ သူ့ကိုယ်သူ လေ့ကျင့်ရန်အတွက် အပြင်ဘက်တွင် တိုက်ခိုက်နေခဲ့သည်။

လုမင်က ရှဲ့နျန်ချင်း တစ်ခုခုဖြစ်မည်ကို စိုးရိမ်သောကြောင့် မန်ချုံနှင့် ကျန်းခေအား လျှို့ဝှက်ကာကွယ်ပေးရန် တောင်းဆိုခဲ့ပေသည်။

လုမင်က စစ်သင်္ဘောပေါ်တွင်ရပ်ကာ တိုက်ပွဲကိုစောင့်ကြည့်ရင်း သူဝါးမျိုထားသော တာအိုများကို ထပ်မံသန့်စင်ခဲ့လေသည်။

ကောင်းကင်တွင်၊ ဝမ်ရှန်ဧကရာဇ်က ချွီလော့နှင့် မိုရဲ့၏ လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရသည်။ သူက ယခု ဒဏ်ရာရနေပြီ၊ သူ၏ ရှုံးနိမ့်မှုက သေချာနေခဲ့ပြီ ဖြစ်သည်။

တိုက်ပွဲက အောက်ဘက် စစ်မြေပြင်မှာလည်း အလားတူပင်။ ချွမ်ရှန်ဂိုဏ်းက တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ရန် စွမ်းအားမရှိတော့ပါချေ။

"ဝမ်ရှန်၊ အညံ့ခံလိုက်တော့၊ အရေးမပါတဲ့ ရုန်းကန်မှုတွေ လုပ်မနေနဲ့"

ချွီလော့က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"အဲဒါကို မစဉ်းစားနဲ့။ ဒီနေ့ ငါမသေရင် မင်းတို့ လွယ်မယ်မထင်နဲ့"

ဝမ်ရှန်ဧကရာဇ်က အေးစက်စက် သတ်ဖြတ်ချင်စိတ်များနှင့် ဟိန်းဟောက်လိုက်၏။

သူက ထွက်ပြေးရန် စိတ်ကူးကာ ကြမ်းကြမ်းတမ်းတမ်း စတင်တိုက်ခိုက်လိုက်သည်။

ယနေ့တွင်၊ သူလွတ်မြောက်နေသ၍ အနာဂတ်မှာ ရူးသွပ်သော လက်စားချေမှုတစ်ခုကို စတင်နိုင်လိမ့်မည်။ ဧကရာဇ်တစ်ပါး၏ ရူးသွပ်စွာ လက်စားချေခြင်းက ကြောက်မက်ဖွယ်ကောင်းသည်။ သိုင်းအုပ်ချုပ်သူကိုယ်တိုင် မစောင့်ကြပ်ပါက မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။

"ဒါဆို ဒီနေ့ မင်းကို ငါသတ်မယ်"

ချွီလော့ထံမှ ကြမ်းကြုတ်သော သတ်ဖြတ်ချင်စိတ်တို့ ထွက်ပေါ်လာခဲ့သည်။ မိုရဲ့ထံမှလည်း သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာခဲ့၏။ သူတို့နှစ်ဦးက ဝမ်ရှန်ဧကရာဇ်ကို သတ်ရန် အစွမ်းကုန်ပေါက်ကွဲလိုက်တော့သည်။

"ဝုန်း"

ဤအခိုက်အတန့်တွင် အောက်ဘက်မှ အနီရောင်အလင်းများ တောက်ပလာပြီး ပတ်ဝန်းကျင် အပူချိန်က သိသိသာသာ မြင့်တက်လာခဲ့သည်။

ရန်ခွမ်းစုက အဓိပဓိသုံးဦးကို တစ်‌ယောက်တည်း တိုက်ခိုက်နေခဲ့သည်။ ထိုအချိန်တွင် ဧကရာဇ်ဝိညာဉ်လက်နက်မျှော်စင်က သူ့ဦးခေါင်းပေါ်မှာ ပေါ်လာခဲ့၏။ မျှော်စင်လေးက တစ်ချက် တုန်ခါသွားပြီးနောက် မီးစက်ဝိုင်းတစ်ခု ပျံ့နှံ့သွားတော့သည်။

အဓိပတိသုံးပါးက ဧကရာဇ်ဝိညာဉ်လက်နက်မျှော်စင်နှင့် တိုက်မိသွားကြသည်။ ခဏချင်းပင် သူတို့အားလုံး မျက်နှာပျက်သွားပြီး သွေးအန်ကာ လွင့်စဉ်သွားတော့သည်။

"ဧကရာဇ်ဝိညာဉ်လက်နက်"

အဓိပတိများထဲမှ တစ်ယောက်က ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

"သတ်"

ဧကရာဇ်ဝိညာဉ်လက်နက် ပေါ်လာပြီးနောက် ရန်ခွမ်းစု၏အင်အားသည် ကြောက်စရာကောင်းသော အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားသည်။ သူက ခြေတစ်ချက်လှမ်းလိုက်သည်တွင် မျှော်စင်လေးက အလွန်တရာ ကြီးမားသွား၏။ သူက အဓိပဓိတစ်ပါးကို စတင်ဖိနှိပ်လိုက်တော့သည်။

"မဟုတ်ဘူး"

မီးမျှော်စင်၏စွမ်းအားက ထိုအဓိပဓိကို ပိတ်လှောင်ထားခဲ့သည်။ ၎င်းက ရုန်းထွက်ဖို့ရန် ခက်ခဲပေရာ အကောင်းဆုံး ခုခံရုံသာ ရှိတော့သည်။

"ဝုန်း"

ဧကရာဇ်ဝိဉာဉ်မျှော်စင်၏ ဖိနှိပ်မှုအောက်တွင် ထိုအဓိပဓိ လုံးဝ မခုခံနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းကွဲကာ တခါတည်း သေဆုံးသွားခဲ့သည်။

အဓိပဓိတစ်ဦးကို သတ်ဖြတ်ပြီးနောက် ရန်ခွမ်းစုက အခြားအဓိပဓိတစ်ဦးကို တိုက်ခိုက်လိုက်သည်။

ကျန်သော အဓိပတိနှစ်ပါးလည်း မျက်စိမျက်နှာပျက်သွားကြ၏။ သူတို့က မတိုက်ခိုက်ဝံ့ဘဲ ကသောကမျော ဆုတ်သွားကြတော့သည်။

ရန်ခွမ်းစုက ၎င်းတို့ထဲမှ လူတစ်ယောက်ကို စိုက်ကြည့်ပြီး ပြေးလိုက်သွားခဲ့သည်။ နောက်ဆုံးတွင် ထိုသူ့ကိုဖမ်းပြီး သတ်ပစ်လိုက်၏။

"အဓိပဓိသွေးအနှစ်သာရ"

လုမင်၏ ခန္ဓာကိုယ်က တစ်ဖန် လှုပ်ရှားသွားခဲ့သည်။ သူက အဓိပဓိသွေးအနှစ်သာရကို စုဆောင်းရန် အဓိပဓိအလောင်းဆီသို့ ပြေးသွားခဲ့၏။

ဟုတ်ပေသည်၊ သူက အဓိပဓိ၏ သိုလှောင်လက်စွပ်ကိုတော့ မသိမ်းပိုက်ပါ။ သိမ်းဆည်းပြီးနောက် ရန်ခွမ်းစုကိုပြန်ပေးရန် စီစဉ်ထားခဲ့သည်။

လုမင်က ရန်ခွမ်းစု၏လက်ချက်ဖြင့် သေဆုံးသွားသော အဓိပတိနှစ်ပါး၏ သွေးအနှစ်သာရများကို စုဆောင်းခဲ့သည်။ ထို့အပြင်၊ လုမင်က အခြားသူများသတ်ဖြတ်ခံရသော အဓိပတိများထဲမှ တစ်ဦး၏ သွေးအနှစ်သာရကိုလည်း စုဆောင်းခဲ့၏။

လုမင်က ၎င်းတို့၏ တပ်မှူး ဖြစ်သည်။ သူ့လူများက ယင်းကိုမြင်သော်လည်း သဘာဝအရ တားမည်မဟုတ်ပေ။ ချွမ်ရှန်ဂိုဏ်းမှ လူများကလည်း သူတို့ကိုယ်ကိုပင် ဂရုမစိုက်နေပေရာ သဘာဝအတိုင်း မည်သူမျှ မတားဆီးနိုင်ပါချေ။

"ယွမ်ချီစွမ်းအင်တွေ ဝါးမျိုမယ်"

လုမင်က ဝါးမျိုခြင်းစွမ်းအားကို အသုံးပြုပြီး အဆင့်ရှစ်နှင့် အဆင့်ကိုး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ ယွမ်ချီစွမ်းအင်များကို ဝါးမျိုခဲ့သည်။ ထို့နောက်မှာတော့ စစ်သင်္ဘောဆီသို့ ပြန်လာကာ ဆက်လက် သန့်စင်ပြန်တော့သည်။

သူ၏တာအိုက တိုးတက်လာသ၍ ကျင့်ကြံခြင်းအခြေခံကလည်း သဘာဝအတိုင်း တိုးတက်လာနိုင်မည် ဖြစ်သည်။

‌

လုမင်၏ ခန္ဓာကိုယ်အတွင်းတွင် ယွမ်ချီစွမ်းအင်များက အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် အတားအဆီးကို စတင်ရိုက်ခတ်လိုက်ကြသည်။

"ဝုန်း ဝုန်း"

ယွမ်ချီစွမ်းအင်များလှိုင်းများက အဆက်မပြတ်တိုက်ခိုက်လေသည်။

ထိုအချိန်တွင် ကောင်းကင်ယံရှိ ဧကရာဇ်များကြားမှ တိုက်ပွဲကလည်း ပို၍ပင် ပြင်းထန်လာသည်။

ဝမ်ရှန်ဧကရာဇ် လွတ်မြောက်နိုင်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။ ချွီလော့နှင့် မိုရဲ့ကလည်း အင်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့ကြ၏။ ထိုအချိန်တွင်၊ ဝမ်ရှန်ဧကရာဇ်က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ့တစ်ကိုယ်လုံး ပေါက်ကွဲမတတ်ဖြစ်ကာ သွေးများ စိမ့်ထွက်နေတော့သည်။

"မင်းငါ့ကို သတ်လို့မဘူးကွ၊ ပေါက်ကွဲစမ်း"

ဝမ်ရှန်ဧကရာဇ်၏ မျက်လုံးများက ရူးသွပ်မှုတို့ ပြည့်နှက်နေခဲ့သည်။ သူ၏ဝိညာဉ်ခန္ဓာက အလင်းတန်းများ ထွန်းတောက်ပြီး တောင်တစ်သောင်းပိုင်နက်ကို ပေါက်ကွဲလိုက်၏။ တောင်တစ်သောင်းပိုင်နက်ကို ပေါက်ကွဲလိုက်သည်နှင့် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ချွီလော့နှင့် မိုရဲ့ဆီကို တိုးဝင်လာတော့သည်။

"ဒီအရူး"

ချွီလော့နှင့် မိုရဲ့က ဒေါသတကြီး အော်လိုက်သည်။ ဝမ်ရှန်ကရာဇ်က ၎င်းတို့ကိုဟန့်တားရန် မိမိကိုယ်ကို ဖျက်ဆီးသည့်နည်းလမ်းကို အသုံးပြုခဲ့၏။

လွတ်မြောက်ရန်တစ်ခုတည်းအတွက် အသည်းအသန်ကြိုးစားနေသော ဧကရာဇ်တစ်ပါးကို သတ်ဖြတ်ရန်မှာ ခက်ခဲလွန်းလှသည်။

"ဝှစ်"

ချွီလော့နှင့် မိုရဲ့ကို ပိတ်ဆို့ပြီးနောက် ဝမ်ရှန်ဧကရာဇ်က ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် ကောင်းကင်ယံ၌ မီးတောက်များနှင့် ဧရာမမျှော်စင်ကြီးတစ်ခု ပေါ်လာခဲ့သည်။ မျှော်စင်ကြီးက ဝမ်ရှန်ဧကရာဇ်ကို ဖိနှိပ်လိုက်၏။

ရန်ခွမ်းစုပင်။ အရေးကြီးသောအခိုက်အတန့်တွင် သူက ဧကရာဇ်ဝိဉာဉ်မျှော်စင်ကို ထိန်းချုပ်ပြီး ဝမ်ရှန်ဧကရာဇ်ဆီသို့ ပြေးသွားခဲ့သည်။

"ဧကရာဇ် ဝိညာဉ်လက်နက်၊ ချီးပဲ"

‌ဝမ်ရှန်ဧကရာဇ်က ဒေါသတကြီးဟိန်းဟောက်ပြီး ဧကရာဇ်ဝိညာဉ်မျှော်စင်ကို တိုက်ခိုက်လိုက်၏။ ဧကရာဇ်ဝိညာဉ်မျှော်စင်က ပြင်းပြင်းထန်ထန် တုန်ခါသွားကာ ရန်ခွမ်းစုလည်း အနောက်သို့ ပြန်ဆုတ်သွား‌ရတော့သည်။

သို့သော်လည်း နောက်ဆုံးတွင် ဝမ်ရှန်ဧကရာဇ်ကို တားဆီးနိုင်ခဲ့ဆဲ ဖြစ်သည်။

ရန်ခွမ်းစု၏ ကျင့်ကြံခြင်းအခြေခံက သိုင်းအုပ်ချုပ်သူနယ်ပယ်နှင့် အလွန်နီးစပ်နေခဲ့ပြီ။ ဧကရာဇ်ဝိညာဉ်လက်နက်ကို ထည့်ပေါင်းလိုက်သောအခါ သူ၏ တိုက်ခိုက်နိုင်စွမ်းက သိုင်းအုပ်ချုပ်သူတစ်ပါးနှင့် ယှဉ်နိုင်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ဤတားဆီးမှုက ချွီလော့နှင့် မိုရဲ့အတွက် အချိန်ရစေခဲ့ပေသည်။

"ဝမ်ရှန်ဧကရာဇ်၊ မင်းရဲ့ အဆုံးသတ်က ဆုံးဖြတ်ပြီးပြီ"

ချွီလော့က ငေါက်ငမ်းကာ မိုရဲ့နှင့်အတူ တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာကာ ဝမ်ရှန်ဧကရာဇ်ကို ဖုံးအုပ်သွား၏။

"ဝုန်း"

ရန်ခွမ်းစုကလည်း ဧကရာဇ်ဝိဉာဉ်မျှော်စင်ကို ထိန်းချုပ်ကာ ဝမ်ရှန်ဧကရာဇ်ကို ထပ်မံတိုက်ခိုက်ခဲ့သည်။

ဒဏ်ရာအပြင်းအထန်ရရှိထားသော ဝမ်ရှန်ဧကရာဇ်လည်း ကျွမ်းကျင်ပညာရှင်သုံးဦး၏ ဝိုင်းရံခံရသောအခါ မလွတ်မြောက်နိုင်တော့ပေ။

ဧကရာဇ်သွေးများက ကောင်းကင်တွင် ဖြာရဲသွားခဲ့သည်။ နောက်ဆုံးတွင်၊ ကျွမ်းကျင်သူသုံးဦး၏ တိုက်ခိုက်မှုဖြင့် ဝမ်ရှန်ဧကရာဇ် သေဆုံးသွားတော့သည်။

မျိုးဆက်တစ်ခု၏ ဧကရာဇ်တစ်ပါးက ထိုကဲ့သို့ ကျဆုံးသွားရပြီ ဖြစ်သည်။

ဤမြင်ကွင်းက လုမင်၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့လေသည်။

သူက ဧကရာဇ်ဖြစ်လျှင်ပင် ဘာများဖြစ်သနည်း။ သူက ရှန်းဟွမ်တိုက်ကြီးကို လွှမ်းမိုးထားလျှင်ပင် ဘာဖြစ်ဦးမည်နည်း။ နောက်ဆုံးမှာတော့ ကျဆုံးနေရဆဲပင်။

ဤသည်မှာ ရှမ်းဟွမ်တိုက်ကြီး ဖြစ်သည်။ နိုင်ငံရပ်ခြားတွင် ပိုကြီးသော တိုက်ကြီးများနှင့် နယ်မြေကြီးများ ရှိနေပါသေးသည်။ ယွမ်လုတိုက်ကြီးဆိုလျှင် ပို၍ အန္တရာယ်များပြီး ကျွမ်းကျင်သူများ ပိုများသည်။ ဧကရာဇ်တစ်ပါးပင်လျှင် အလွယ်တကူ ကျဆုံးနိုင်ပြီး သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

"သိုင်းအုပ်ချုပ်သူနယ်ပယ်က ငါ့ရဲ့ အဆုံးသတ်မဟုတ်ဘူး။ ပိုမြင့်မားတဲ့နယ်ပယ်တွေကို ငါတက်လှမ်းမယ်။ မဟုတ်ရင် ငါ့မိသားစုကိုမပြောနဲ့၊ ငါ့ကိုယ်ငါတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး"

ထိုအချိန်တွင် လုမင်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူ့နှလုံးသားနှင့် မြင်နိုင်စွမ်းက ပို၍ မြင့်မားလာခဲ့ပြီ။

ဟိုးအရင်ကတော့ သူ၏ ရည်ရွယ်ချက်ဟာ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်ပြီး တိရီကို သတ်ဖြတ်ရန် ဖြစ်သည်။

ယခုမူကား၊ သူ၏ ရည်မှန်းချက်က သိုင်းအုပ်ချုပ်သူ နယ်ပယ်၌သာ ကန့်သတ်ထားခြင်း မရှိတော့ပေ။ သူ၏ ရည်ရွယ်ချက်က သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်မှ သူတော်စင်၊ သို့တည်းမဟုတ် သူတော်စင်နယ်ပယ်အထက်မှ တန်ခိုးရှင်တစ်ဦး ဖြစ်လာရန် ဖြစ်သည်။

ရှေးဦးလောကစကြာဝဠာကို လွှမ်းမိုးနိုင်သည့် ခွန်အားရှိမှ သူ့ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်နိုင်ကာ သူ့မိသားစုကို ကာကွယ်နိုင်မည်လော။

လုမင်လည်း သူ့စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

"ဧကရာဇ်သေပြီ"

"ဘိုးဘေး ကျဆုံးသွားပြီဟေ့"

ချွမ်ရှန်ဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများလည်း ဤမြင်ကွင်းကို မြင်ရပြီးနောက် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြသည်။ အချို့က ကြောက်လန့်ကုန်သလို အချို့မှာလည်း ဝမ်းနမ်းပူဆွေးသွားတော့သည်။

All Chapters