အခန်း ၁၁၈၂
Vol. 79 Ch. 1182
အပိုင်း ( 1182 ) တစ်ချက်တည်းဖြင့် အနိုင်ယူသည်၊ မြောက်ပိုင်းဒေသကို ပေါင်းစည်းခြင်း။
"သတိထားပါ"
လုမင် ပြောလိုက်သည်။ သူ့အရှိန်အဝါများက လျင်မြန်စွာ ကျဆင်းလာခဲ့၏။ အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ရောက်မှ ရပ်တန့်သွားတော့သည်။
လုမင်က သူ၏ ကျင့်ကြံခြင်းအခြေခံကို ထိုပါ့ရှီနှင့် တူညီသော အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ်အထိ ဖိနှိပ်ခဲ့သည်။
"ဂါး ဂရား"
လုမင်၏ ခန္ဓာကိုယ်အတွင်းမှ နဂါးဟိန်းသံများ ထွက်ပေါ်လာသည်။ နဂါးစွမ်းအင်များက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ လုမင်၏ အရေပြားက ခရမ်းရောင် တောက်ပလာသလို ကြွယ်သားများကလည်း ဖောင်းကြွလာတော့သည်။
ထိုပါ့ရှီ၏ မျက်လုံးများက လေးနက်လာခဲ့သည်။ အချိန်မဆွဲဝံ့တော့ဘဲ ကျင့်ကြံခြင်းအခြေခံကို အစွမ်းကုန် ပေါက်ကွဲလိုက်၏။ တစ်ချိန်တည်းမှာပဲ သွေးမျိုးဆက်က သူ၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့လေသည်။
ထိုပါ့ရှီ၏ သွေးမျိုးဆက်က ကျောက်တုံးကြီး ဖြစ်သည်။ အတိအကျပြောရလျှင် ထိုကျောက်တုံးကြီးက တောင်လုံးတမျှ ကြီးမား၏။ ၎င်းက ကြီးမားသော စိန်တစ်လုံးကဲ့သို့လည်း ကြည်လင်ပြတ်သားလှပေသည်။
ထိုပါ့ရှီက သွေးမျိုးဆက် ပေါင်းစပ်ခြင်းဖြင့် ကြီးမားသော ကျောက်တုံးကြီးအဖြစ် ပြောင်းလဲခဲ့သည်။ သူ့အသံက ကျောက်တုံးကြီးမှ ထွက်ပေါ်လာခဲ့သည်။
"လုမင်၊ လာတော့"
သူ့လေသံက ယုံကြည်မှုတို့ အပြည့်ရှိပေသည်။
သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုခဲ့သည်။ ဤအခိုက်တွင်၊ အဆင့်တူများကြား၌ သူ၏ခုခံကာကွယ်မှုက အမြင့်ဆုံးဖြစ်သကဲ့သို့ သူ ခံစားခဲ့ရ၏။ လုမင်က တစ်ချက်တည်းဖြင့် သူ့ကို အနိုင်ယူနိုင်မည်ဟု လုံးဝ မယုံပေ။
"ဟားဟားဟား၊ သူ အနိုင်ရလိမ့်မယ်။ လုမင်က ထိုပါ့ရှီရဲ့ ခံစစ်ကို ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး"
"သူက ယုံကြည်မှုလွန်ကဲနေတာကို၊ ယုံကြည်မှုလွန်ကဲတာက မောက်မာတာပဲ"
သားရဲတစ်ရာ မျိုးနွယ်ဝင်များက အလွန် ဝမ်းသာသွားကြသည်။
"ဝမ်"
ဤအခိုက်တွင် တတိယသွေးမျိုးဆက်က လုမင်၏ ဦးခေါင်းထက်တွင် ပေါ်လာခဲ့၏။ တခဏချင်းမှာပဲ လုမင်ထံမှ အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာတော့သည်။
တတိယသွေးမျိုးဆက်မှ စွမ်းအားများက လုမင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။ လုမင်၏ ခန္ဓာကိုယ်ကို သွေးအလင်းများက ဖုံးလွှမ်းသွား၏။
လုမင်၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာသည်နှင့် တတိယသွေးမျိုးဆက်မှ ဆွဲယူနိုင်သော စွမ်းအားကလည်း ပို၍ အားကောင်းလာခဲ့သည်။
"ဝုန်း"
လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထိုပါ့ရှီကို လက်သီးဖြင့်ထိုးလိုက်သည်။
ဤလက်သီးချက်တွင် ငရဲဖိနှိပ်ကျောက်စာချပ်၏ အရိပ်အမြွက်တို့ကို ယောင်ဝါးဝါး မြင်တွေ့ရသည်။ ၎င်းက ကောင်းကင်ကိုပင် ဖိနှိပ်နိုင်သော အရှိန်အဝါတို့ကို ထုတ်ဖော်နေခဲ့၏။ သူ့ကျောရိုးအတွင်းမှ ငရဲဖိနှိပ်ကျောက်စာချပ်က အနည်းငယ် တုန်ခါသွားကာ အတားဆီးမဲ့သော ကောင်းကင်သိုင်း၏ စွမ်းအားကို အမြင့်ဆုံးသို့ တိုးပို့လိုက်တော့သည်။
"ဒါ..."
လုမင်၏ လက်သီးချက်ကို ခံစားမိပြီးနောက် သားရဲတစ်ရာမျိုးနွယ်မှလူများ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ လုမင်၏ လက်သီးချက်က ကြောက်စရာကောင်းကာ အံ့မခန်း ဖြစ်၏။
"တားဆီးလော့"
ထိုပါ့ရှီသည်လည်း ဤလက်သီး၏ ကြောက်စရာကောင်းသော စွမ်းအားကို ခံစားခဲ့ရသည်။ လက်သီးက မရောက်လာသေးသော်လည်း ဖိအားများကြောင့် သူ၏နှလုံးသား တုန်လှုပ်ခဲ့ရပြီ။ သူ၏ သွေးမျိုးဆက်က တုန်ခါသွားကာ အလင်းအလွှာတစ်ခု ထပ်မံပေါ်လာခဲ့သည်။ ထိုအခါ သူ၏ ခံစစ်စွမ်းအားက ပို၍ပင် အားကောင်းလာတော့သည်။
"ဒုန်း"
နောက်ဆုံးတွင်၊ လုမင်၏ လက်သီးက ထိုပါ့ရှီ၏ သွေးမျိုးဆက်အပေါ်ကို ကျရောက်သွားခဲ့သည်။
အလင်းမျက်နှာပြင်က ပြင်းပြင်းထန်ထန်တုန်ခါကာ ပျက်စီးသွား၏။ လက်သီးက ထိုပါ့ရှီ၏ သွေးမျိုးဆက်အပေါ်ကို ဆက်လက် ကျရောက်လာတော့သည်။
မြေပြင်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်က ပင့်ကူအိမ်ကဲ့သို့ ကွဲအက်သွားခဲ့သည်။
ထိုပါ့ရှီ၏ သွေးမျိုးဆက်နှင့်ယှဉ်လျှင် လုမင်၏ လက်သီး ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ဖြစ်ပြီး ဘာမျှမဟုတ်ပေ။ သို့ရာတွင် ထိုပါ့ရှီ၏ သွေးမျိုးဆက်က သူ၏လက်သီးချက်ကြောင့် ကွဲအက်နေသော အသံများ ဆပါ်လာခဲ့သည်။ ဧရာမစိန်တစ်တုံးကဲ့သို့ ကျောက်တုံးကြီးတွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့၏။ အက်ကွဲသံများက လျင်မြန်စွာ ကျယ်လာပြီး နောက်ဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လုံးဝ ပေါက်ကွဲသွားတော့သည်။
ထိုပါ့ရှီ၏ ခန္ဓာကိုယ်က ကျောက်စကျောက်နများကြားတွင် ထွက်ပေါ်လာခဲ့သည်။ သူ့ပါးစပ်တွင်းမှ သွေးများ အန်ထွက်လာကာ သူ့မျက်နှာ ဖြူဖျော့သွား၏။ သူ့ခန္ဓာကိုယ်က အမြောက်ဆံတစ်ခုကဲ့သို့ မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျသွားတော့သည်။
"ဝုန်း"
မြေပြင်ပေါ်သို့ ပြုတ်ကျပြီးနောက် အချိန်အတော်ကြာမှ ပြန်ထနိုင်ခဲ့သည်။
မြင်ကွင်းက တိတ်ဆိတ်သွားသည်။
"သူ နိုင်သွားပြီလား"
ချွီလော့၊ မိုရဲ့နှင့် တခြားသူများလည်း မသိစိတ်မှ ရေရွတ်လိုက်မိ၏။ သူတို့၏ မျက်လုံးများက တုန်လှုပ်မှုတို့ ပြည့်နှက်နေတော့သည်။
မိုရဲ့သည် အများအားဖြင့် အလုံးစုံနတ်ဆိုးချောက်တွင် ကျင့်ကြံရင်း အချိန်ကုန်ဆုံးစေသောကြောင့် ပြင်ပကမ္ဘာရှိ ပါရမီရှင်များအကြောင်း သိပ်မသိပါ။ သို့ရာတွင် ထိုပါ့ရှီ၏ သွေးမျိုးဆက်က နတ်ဘုရားအဆင့်ကိုးဖြစ်သည်။ ၎င်းက သူငယ်စဉ်ကထက်ပင် ပို၍ အရည်အချင်းရှိပေသည်။
ထိုမျှ အံ့ဖွယ်ကောင်းသော ပါရမီရှင်က လုမင်၏လက်တွင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထို့ပြင် သူတို့က အဆင့်တူတိုက်ပွဲတွင် ဖြစ်၏။ ယင်းက သူ့ကို အလွန်တုန်လှုပ်စေခဲ့သည်။
"ရှုံးသွားပြီလား၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
သားရဲတစ်ရာမျိုးနွယ်ဝင်များလည်း တုန်လှုပ်သွားပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်တော့ပေ။
ထိုပါ့ရှီသည် အနှစ်တစ်ထောင်တွင် တစ်ကြိမ် ပေါ်ထွန်းခဲသော သားတစ်ရာမျိုးနွယ်၏ အတုမဲ့ ပါရမီရှင် ဖြစ်သည်။ သူ့သည် သားရဲတစ်ရာမျိုးနွယ်အတွက် အနာဂတ်ထောက်တိုင်ဟုပင် သတ်မှတ်ခံခဲ့ရ၏။ သို့သော်လည်း ယခုတော့ အဆင့်တူ လူတစ်ယောက်၏လက်တွင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ပြီ။ ဤသည်က သူတို့အတွက် လက်ခံနိုင်ရန် ခက်စေသည်။
သူတို့အားလုံး အိပ်မက်မက်နေသကဲ့သို့ လုမင်နှင့် ထိုပါ့ရှီကို မှင်တက်စွာကြည့်နေကြတော့သည်။
"ငါရှုံးသွားပြီ"
ထိုပါ့ရှီက ခက်ခက်ခဲခဲ ထရပ်ကာ ပြောလိုက်သည်။
သူ၏ မျက်လုံးများက စိတ်ပျက်နေသော အရိပ်အမြွက်တို့ ပေါ်လာတော့သည်။
လုမင်ထံတွင် တစ်ချက်တည်းဖြင့် ရှုံးခဲ့သည်။ သူကဲ့သို့ ပါရမီရှင်တစ်ယောက်အတွက် ဤအချက်ကို လက်ခံရန်မှာ ခက်ခဲလှပေသည်။
တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲ အလွန်တုန်လှုပ်သွားခဲ့သည်။
သူတော်စင်မြို့တော်မှ တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက လုမင်ဟာ ပို၍ အားကောင်းလာခဲ့ပြီ။ ယခုဆိုလျှင် ကမ္ဘာ့နံပါတ်တစ် ပါရမီရှင်ဟု လူသိများသော လုံချန်သည်ပင် လုမင်အတွက် ပြိုင်ဘက်ဖြစ်ဦးမလားဟု သံသယဖြစ်စရာ ရှိလာပြီ ဖြစ်သည်။
ဤအခိုက်တွင် တုန်လှုပ်နေသူက ထိုပါ့ရှီတစ်ဦးတည်း မဟုတ်ပေ။ လူရိုင်းဧကရာဇ်လည်း တုန်လှုပ်သွားခဲ့သည်။
'ဒီလူငယ်လေးက မယုံနိုင်စရာပဲ။ မယုံနိုင်စရာပါပဲ'
လူရိုင်းဧကရာဇ်၏ မျက်လုံးများက အရောင်တဖျတ်ဖျတ်လက်ကာ နှလုံးသားထဲတွင် ရေရွတ်လိုက်သည်။
"လူရိုင်းဧကရာဇ်၊ ကျွန်တော်အနိုင်ရပြီနော်။ ခင်ဗျားရဲ့ကတိကို ဖြည့်ဆည်းသင့်တယ် မဟုတ်လား"
လုမင်က လူရိုင်းဧကရာဇ်ကို ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့။ သားရဲတစ်ရာမျိုးနွယ်က ပြောထားတဲ့စကားကို တည်တယ်။ မင်း အနိုင်ရခဲ့တာကြောင့် သားရဲတစ်ရာမျိုးနွယ်က သဘာဝအတိုင်း အညံ့ခံပါလိမ့်မယ်"
လူရိုင်းဧကရာဇ်၏ စကားသံက အရပ်ရပ်ကို ပျံ့လွင့်သွားခဲ့သည်။
သားရဲတစ်ရာမျိုးနွယ်မှ လူအများက သက်ပြင်းချလိုက်သော်လည်း မည်သူမျှ စကားမပြောပေ။
အမှန်တကယ်ပင် သားရဲတစ်ရာမျိုးနွယ်က ပြောပြီးသားစကားကို တည်ကြသည်။ ထို့ပြင်၊ ယနေ့ တိုက်ခိုက်မည်ဆိုပါက သားရဲတစ်ရာမျိုးနွယ်သည်လည်း ချွမ်ရှန်ဂိုဏ်းကဲ့သို့ ပျက်စီးခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ထိုအချက်ကို သူတို့အားလုံး နားလည်ခဲ့ကြသည်။
"ဒါပေမဲ့…"
ဤအခိုက်တွင် လူရိုင်းဧကရာဇ်၏ လေသံပြောင်းသွားသည်။ သူက ချွဲ့လော့၊ မိုရဲ့နှင့် အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်၏။ ထို့နောက် လုမင်ကိုကြည့်ကာ ပြောလိုက်သည်။
"လုမင်၊ သားရဲတစ်ရာမျိုးနွယ်က မင်းအတွက်ပဲ၊ အခြား ဘယ်သူကိုမှ အညံ့ခံမှဟာ မဟုတ်ဘူး"
ထိုစကားကိုကြားတော့ ချွီလော့နှင့် မိုရဲ့၏ အမူအရာက ပြောင်းလဲသွားသည်။
လူရိုင်းဧကရာဇ်၏ အဓိပ္ပာယ်က အသိသာကြီးပင်။ လုမင်မှလွဲ၍ ရှဲ့လွမ်ဖြစ်နေလျှင်ပင် အညံ့ခံမည် မဟုတ်ချေ။
"ကောင်းပြီ၊ ကျွန်တော်က စစ်ဦးစီးချုပ်တာကြောင့် သဘာဝအတိုင်း ကျွန်တော်ဆီမှာပဲ လက်နက်ချရပါလိမ့်မယ်"
လုမင် ပြုံးလိုက်သည်။
ဤသည်က သူလိုချင်သော ရလဒ်တစ်ခုပင်။ သားရဲတစ်ရာမျိုးနွယ်က သူ့ထံတွင် အညံ့ခံသောကြောင့် သူ၏အင်အားဟု သတ်မှတ်နိုင်သည်။ အနာဂတ်တွင် ၎င်းတို့က သူ့ဘက်မှ သေချာပေါက် ရပ်တည်ပေးလိမ့်မည်။
ဤနည်းအားဖြင့် သူ့အင်အားက အားကောင်းလာကာ ရှဲ့လွမ်နှင့်တန်းတူ ရပ်တည်နိုင်တော့မည် ဖြစ်သည်။
"ညီနောင်ထိုပါ့၊ အပြစ်ပြုမိတာ တောင်းပန်ပါတယ်"
လုမင်က ထိုပါ့ရှီကို လက်ယှက်ပြီး ပြောလိုက်သည်။
"ညီနောင်လုက တကယ်ထက်မြက်တာပဲ၊ ငါ တကယ်ပဲ ရှက်ရွံ့မိပါတယ်"
ထိုပါ့ရှီလည်း သက်ပြင်းချပြီး ခေါင်းယမ်းလိုက်လေသည်။ သို့ရာတွင် သူ၏မျက်လုံးများက လေးစားမှုတစ်ခု ရှိခဲ့သည်။
ထို့နောက်မှာတော့ သားရဲတစ်ရာမျိုးနွယ်က အကာအကွယ်ဝင်္ကပါကို ပြန်လည်ရုပ်သိမ်းကာ လုမင်အား လက်နက်ချရန် အခမ်းအနားတစ်ခု ကျင်းပခဲ့တော့သည်။
မကြာမီ လုမင်က ရှဲ့လွမ်၏တပ်များကလည်း အောင်မြင်စွာ သိမ်းပိုက်လိုက်နိုင်ကြောင်း သတင်းရရှိခဲ့သည်။
ရှဲ့လွမ်ဘက်တွင် အုပ်စိုးရှင်အင်အားစုတစ်ခု ဖျက်ဆီးခံရပြီး ကျန်တစ်ခုကတော့ အညံ့ခံခဲ့ရ၏။ ၎င်းတို့ထဲမှ ဧကရာဇ်တစ်ပါးက လက်နက်မချဘဲ ဆန့်ကျင်ပေရာ ရှဲ့လွမ်ကိုယ်တိုင် သုတ်သင်ပစ်ခဲ့သည်။
ယင်းက လုမင်ကို တိတ်တဆိတ် တုန်လှုပ်သွားစေခဲ့ပေသည်။ ရှဲ့လွမ်၏ခွန်အားက အမှန်တကယ် အံ့အားသင့်စရာ ဖြစ်သည်။ ၎င်းက အပြည့်အဝ ပြန်မကောင်းသော်လည်း ဧကရာဇ်တစ်ပါးကို သတ်နိုင်ခဲ့၏။ သူ၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိပါက မည်မျှ အစွမ်းထက်မလဲ မခန့်မှန်းတတ်တော့ပေ။
ယခုအခါ မြောက်ပိုင်းလွင်ပြင်၏ အုပ်စိုးရှင်အင်အားစုငါးခုက တချို့ ဖျက်ဆီးခံရသည်၊ ကျန်သူများက အညံ့ခံခဲ့ကြပေသည်။ အခြား အင်အားစုလေးများကတော့ အားလုံးကိုယ်စီ လက်နက်ချခဲ့သည်။
ယခုတော့ မြောက်ပိုင်းလွင်ပြင်များကို ပေါင်းစည်းပြီးပြီဟု ဆို၍ရခဲ့ပြီ။
..........,
ရက်အနည်းငယ်ကြာသောအခါ၊ မြောက်ပိုင်းလွင်ပြင်မှ ပေါင်းစည်းရေးသတင်းက ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ဤအခိုက်တွင် ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး တုန်လှုပ်သွားရ၏။ သို့သော်လည်း ၎င်းတို့တွင် အခြားအရာများကို ဂရုစိုက်ရန် အချိန်မရှိပေ။ အလယ်ပိုင်းတိုက်ကြီးမှ စစ်ပွဲက ပို၍ ပြင်းထန်လာခဲ့သည်။ အင်အားစုကြီးများအတွက် သူတို့ကိုယ်ကိုပင် ဂရုမစိုက်နိုင်ရာ အခြားသူများကို ခေါင်းထဲမထည့်နိုင်ပါချေ။
တော်ဝင်ရှဲ့မိသားစုနှင့် ကောင်းကင်နတ်ဘုရားတပ်မဟာက အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။
နှစ်ဖက်စလုံး အသေအပျောက်များကာ ဆုံးရှုံးမှု ကြီးမားခဲ့ကြ၏။
မဟာမိတ်အဖွဲ့တွင် မပါဝင်သည့် ကျန်အုပ်စိုးရှင်အင်အားစုများကလည်း အချင်းချင်း တိုက်ခိုက်နေခဲ့ကြပေသည်။
အရှေ့တိုင်း၊ အနောက်တိုင်းနှင့် တောင်ပိုင်းတို့သာ ပုံမှန်အတိုင်း အေးချမ်းခဲ့ကြသည်။