အခန်း ၁၁၈၃
Vol. 79 Ch. 1183
အပိုင်း ( 1183 ) အဓိပဓိ သွေးအနှစ်သာရကို သန့်စင်ခြင်း။
နတ်ဆိုးဘုရားတောင်ကြားရှိ လျှို့ဝှက်ခန်းတစ်ခုတွင် လုမင်က တင်ပျဉ်ခွေထိုင်ပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းပုလင်းထဲတွင် သွေးပုလဲများကဲ့သို့ သွေးအနှစ်သာရ ကိုးစက် ရှိနေခဲ့၏။
ဤသည်ကား အဓိပဓိ၏ သွေးအနှစ်သာရများ ဖြစ်တော့သည်။
သားရဲတစ်ရာမျိုးနွယ် လက်နက်ချပြီးနောက် ခုနစ်ရက်ခန့် ကြာမြင့်သွားခဲ့သည်။
ဤခုနစ်ရက်အတွင်း၌ အရာအားလုံးအတွက် အစီအစဉ်များ ချမှတ်ပြီးသွားပြီ။ ထို့အပြင်၊ ထို့ပြင် နတ်ဆိုးဘုရားတောင်ကြား၌ နတ်ဆိုးစွမ်းအင်များ ကြွယ်ဝသောကြောင့် ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းအတွက် အကျိုးရှိသည်။ လုမင်နှင့် ရှဲ့နျန်ချင်းက နတ်ဆိုးဘုရားတောင်ကြားတွင် ဆက်နေခဲ့သည်။ ရှဲ့လွမ်က သားရဲတစ်ရာမျိုးနွယ်ကို ကြီးကြပ်ရန် လူတစ်စုနှင့် သွားခဲ့၏။
ထို့အပြင်၊ လုမင်က ဖူရုပ်သေးဂိုဏ်း၏ နယ်မြေဖြတ်ကျော် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကို မြောက်ပိုင်းလွင်ပြင်မှ အဓိကအင်အားစုများ၏ အစီရင်နှင့် ချိတ်ဆက်ထားပြီးပြီ ဖြစ်သည်။ ယခုအခါ ဖူရုပ်သေးဂိုဏ်းက မြောက်လွင်ပြင်သို့ လွတ်လပ်စွာ ကူးသန်းသွားလာနိုင်ခဲ့ပြီ။
ဤရက်အနည်းငယ်အတွင်း၌ ဖူရုပ်သေးဂိုဏ်းမှ လူအများအပြားကို မြောက်ပိုင်းလွင်ပြင်သို့ စေလွှတ်လိုက်ကြ၏။
အရာအားလုံးကို စီစဉ်ပြီးနောက်မှာတော့ လုမင်လည်း တိတ်တဆိတ်လေ့ကျင့်ရန် စီစဉ်တော့သည်။
နဝမနဂါးသွေးမျိုးဆက်က ထွက်ပေါ်လာပြီးနောက် အဓိပဓိသွေးအနှစ်သာရတစ်စက်ကို စုပ်ယူသန့်စင်လိုက်သည်။
ဤတစ်ခေါက်တွင်၊ နဝမနဂါးသွေးမျိုးဆက်က နောက်ဆုံးတစ်ခေါက်ကဲ့သို့ ပေါက်ကွဲမတတ် မဖြစ်တော့ပေ။ အဓိပဓိသွေးအနှစ်သာရတစ်စက်ကိုသာ ဝါးမျိုသောကြောင့် ပို၍ လွယ်ကူခဲ့သည်။
နာရီအနည်းငယ်အကြာတွင် အဓိပဓိသွေးအနှစ်သာရတစ်စက်ကို သန့်စင်ပြီးသွားခဲ့၏။ ထို့နောက်တွင်ကား နောက်ထပ်တစ်စက်ကို ဆက်လက် ဝါးမျိုသန့်စင်လိုက်တော့သည်။
တစ်စက်ပြီး တစ်စက်၊ အဆက်မပြတ် သန့်စင်ခဲ့သည်။ နှစ်ရက်အတွင်းမှာပင် သွေးအနှစ်သာရ ကိုးစက်စလုံးကို သန့်စင်ပြီးသွားခဲ့လေသည်။
"နဝမနဂါးသွေးမျိုးဆက်က အခုထိ အဆင့်မတက်သေးဘူး"
လုမင် ဆွံ့အသွားမိသည်။ စုစုပေါင်း၊ သူသည် အဓိပဓိနှစ်ဦး၏ သွေးအနှစ်သာရအပြင် ပြီးပြည့်စုံသော ဝိညာဉ်နတ်ဘုရားအချို့၊ အဆင့်ကိုး ဝိညာဉ်နတ်ဘုရားများနှင့် အဆင့်ရှစ် ဝိညာဉ်ဘုရားများစွာကို သန့်စင်ခဲ့၏။ သို့သော်လည်း သူ၏ နဝမနဂါးသွေးမျိုးဆက်မှာ မတိုးတက်သေးပေ။
နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်သို့ အဆင့်မြှင့်တင်ရန် ခက်ခဲမှုမှာ အံ့ဖွယ်ကောင်းလှသည်။
နဝမနဂါး၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်ချက္ကရရှစ်ခုကတော့ တောက်ပစွာ လင်းလက်ခဲ့လေသည်။ လုမင်လည်း နတ်ဘုရားအဆင့်ကိုး သွေးမျိုးဆက်နှင့် ပို၍ နီးကပ်လာသလို ခံစားခဲ့ရသည်။
"ငါမယုံဘူး။ ဆက်မယ်"
လုမင်က အဓိပဓိသွေးအနှစ်သာရ ကိုးစက်ပါရှိသော အခြားကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။
ထို့နောက်မှာတော့ သွေးအနှစ်သာရများကို ဆက်လက် သန့်စင်လိုက်တော့သည်။
.............
သားရဲတစ်ရာမျိုးနွယ်၏ အမြင့်ဆုံးကျောက်မျှော်စင်အတွင်းတွင်... ရှဲ့လွမ်က ထိပ်ဆုံးမှာ ထိုင်နေသည်။ သူ့အောက်မှာတော့ ချွီလော့နှင့် မိုရဲ့တို့ ထိုင်နေခဲ့၏။
"နတ်ဆိုးဘိုးဘေး၊ လုမင်ရဲ့ဩဇာက ပိုပြီးကြီးမားလာပါပြီ။ လူရိုင်းဧကရာဇ်ကတောင် လုမင်တစ်ဦးတည်းကိုပဲ အညံ့ခံပြီး သူ့အမိန့်ကိုပဲ နာခံမယ်လို့ပြောခဲ့တယ်။ ဟန်ချင်းတောင်၊ ဖူရုပ်သေးဂိုဏ်းတို့ကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် အနာဂတ်မှာ ကျုပ်တို့အတွက် မကောင်းနိုင်ဘူး"
ချွီလော့က ရှဲ့လွမ်ကို ပြောလိုက်သည်။
"မှန်ပါတယ်။ ဒါ့ပြင် လုမင်ရဲ့ အရည်အချင်းကလည်း အံ့မခန်းပဲ။ သူက အရမ်းကြောက်စရာကောင်းသလောက် တိုးတက်မှုကတည်း ပုံမှန်မဟုတ်အောင် မြန်လွန်းတယ်။ နှစ်ပေါင်း နှစ်ဆယ်အတွင်း သိုင်းအုပ်ချုပ်သူ ဖြစ်လာမှာကိုတောင် ကျွန်တော် ကြောက်ပါတယ်။ သူသာ ဧကရာဇ်ဖြစ်လာပြီဆိုရင် ခင်ဗျားရဲ့ စွမ်းအားနဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာမှာ ကြောက်ရတယ်"
မိုရဲ့ကလည်း ဝင်ပြောလိုက်၏။
ရှဲ့လွမ်က ဘာမျှမပြောသေးဘဲ ပြုံးကာ အရက်တစ်ခွက်ကို တဖြည်းဖြည်း မော့သောက်လိုက်သည်။
ချွီလော့နှင့် မိုရဲ့တို့ စကားဆုံးမှ ရှဲ့လွမ်က အနည်းငယ်ပြုံးကာ ပြောလိုက်လေသည်။
"မင်းတို့က တကယ်ကို အမြင်ကျဉ်းနေသေးတာပဲ။ အမြင်ကျဉ်းလွန်းတယ်"
"ဟမ်"
ချွီလော့နှင့် မိုရဲ့တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားသည်။ သူ ဘာကိုဆိုလိုသည်မှန်း လုံးဝ နားမလည်နိုင်ပေ။
"မိုရဲ့၊ လုမင်ရဲ့ အရည်အချင်းက တုနှိုင်းမဲ့မှန်း မင်းတို့ နှစ်ယောက်လုံး သိတာပဲ။ ရှမ်းဟွမ်တိုက်ကြီးရဲ့ သမိုင်းမှာတောင် သူလိုလူက တွေ့ရခဲလှတယ်။ ဒီလို အရည်အချင်းမျိုးနဲ့ သူ့အနာဂတ်က ဘယ်လိုဖြစ်မယ် ထင်ကြလို့လဲ"
"ဒီကောင်လေးသာ မသေဘူးဆိုရင် သူ့အနာဂတ်ကတော့ မှန်းဆလို့တောင်မရနိုင်ပါဘူး"
ချွီလော့က ခဏစဉ်းစားကာ ပြောလိုက်သည်။
မိုရဲ့လည်း ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်၊ လုမင်ရဲ့ အရည်အချင်းက ငါ ငယ်ငယ်ကထက်တောင် အများကြီးပိုပြီး အားကောင်းတယ်။ ဒါ့ထက် ကြောက်စရာအကောင်းဆုံးအရာက သူ့ကို လုံးဝမမြင်နိုင်တော့ဘူး"
"ဒီကောင်လေးရဲ့ ပထမဆုံးသွေးမျိုးဆက်က နဝမနဂါးသွေးမျိုးဆက်ပဲ။ ပြောစရာမလိုအောင်... ဒါက အဆုံးမဲ့ အလားအလာရှိတဲ့ ထိပ်တန်း စစ်သားရဲဆယ်ကောင်ထဲက တစ်ကောင်ပေါ့"
"ဒါပေမဲ့ ဒီကောင်လေးရဲ့ ဒုတိယသွေးမျိုးက ပိုလို့တောင် တုန်လှုပ်စရာကောင်းတယ်။ အဲဒါက ငရဲဖိနှိပ်ကျောက်စာချပ်ပဲ။ ဒါကိုတော့ မင်းတို့ကြားဖူးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာခြားက ရှေးဟောင်းစာအုပ်တစ်အုပ်မှာ အဲဒီအကြောင်းကို ယောင်ဝါးဝါး ဖတ်ဖူးတယ်။ သူ့ရဲ့ မူလအစက တကယ်ကို ကြောက်စရာပဲ"
"နောက်ဆုံး ဒီကောင်လေးရဲ့ တတိယသွေးမျိုးဆက်အကြောင်းကို ငါ လုံးဝ မမြင်နိုင်ဘူး။ ဒါပေမဲ့ အဲဒီအထဲမှာ ငါတို့နားလည်နိုင်တဲ့ အတိုင်းအတာကို ကျော်လွန်နေတဲ့ စွမ်းအားတွေ ရှိနေပုံရတယ်။ အဲဒါကို လုံးဝ နားမလည်နိုင်ဘူး"
"အဲဒါကြောင့်ပဲ ငါ သူနဲ့ မဟာမိတ်ဖွဲ့လိုက်တာ။ အနာဂတ်မှာ သူ ယွမ်လုတိုက်ကြီးကို သွားမယ်ဆိုရင် အဲဒီက ဂိုဏ်းကြီးတွေထဲက တစ်ခုခုနဲ့ ပူးပေါင်းလိုက်နိုင်ခြေ များတယ်။ ပြီးတော့ သူက ယွမ်လုတိုက်ကြီးရဲ့ အဓိကအင်အားစုတစ်ခုနဲ့ ငါတို့ ပူးပေါင်းနိုင်အောင် ကူညီပေးနိုင်တယ်"
"မင်းတို့ နှစ်ယောက်စလုံးက ဧကရာဇ်တွေပဲလေ။ မင်းတို့လည်း ပိုမြင့်မားတဲ့ နယ်ပယ်တွေကို သွားသင့်တယ်။ မင်းတို့ရဲ့အမြင်ကို ပိုပြီး ကျယ်ပြန့်စေသင့်တယ်"
ရှဲ့လွမ် သူ့အတွေးများကို အသေးစိတ်ရှင်းပြလိုက်သည်။
"ဒါက တကယ်ကို ထိတ်လန့်ပါပဲလား။ နတ်ဆိုးဘိုးဘေးရဲ့ အမြော်အမြင်က ကျုပ်တို့ထက် အများကြီး ကျော်လွန်နေခဲ့ပြီ"
ချွီလော့နှင့် မိုရဲ့လည်း ထိုစကားများကို ကြားရပြီးနောက် မျက်လုံးများ လှုပ်ရှားသွားကြသည်။
လုမင်၏ အရည်အချင်းက ယုတ္တိမတန်မှန်း သူတို့သိသော်လည်း ရှဲ့လွမ်လောက်တော့ မမြင်ခဲ့ကြပေ။
သူတို့သာ ယွမ်လုရှိ အဓိကဂိုဏ်းတစ်ခုတွင် ပါဝင်နိုင်မည်ဆိုက ပြင်းထန်သော သွေးဆောင်မှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။
အလယ်ပိုင်းတိုက်ကြီး၏ ဖရိုဖရဲစစ်ပွဲ စတင်ရသည့်အကြောင်းရင်းမှာ ကောင်းကင်ဘုရင် တံဆိပ်ပြားကြောင့် ဖြစ်သည်။ ၎င်းက ယွမ်လုတိုက်ကြီးရှိ အဓိကအင်အားစုကြီးတစ်ခုကို ဝင်ခွင့်ရစေနိုင်သော တံဆိပ်ပြားတစ်ခု ဖြစ်ချေသည်။
"လုမင်ရဲ့စွမ်းရည်က အင်မတန်မြင့်မားတယ်။ တစ်နေ့ သူသာ သိုင်းအုပ်ချုပ်သူ ဖြစ်သွားမယ်ဆိုရင် ငါက ဘာဖြစ်လို့ စိတ်နှလုံးအကြွင်းမဲ့ မကူညီရမှာလဲ။ နောင်ကို မင်းတို့နှစ်လုံး သူ့ရဲ့အမိန့်ကို စိတ်ရောကိုယ်ပါ နားထောင်ရမယ်။ မင်းတို့ နားလည်လား"
ရှဲ့လွမ်က ပြောလိုက်သည်။
"ကောင်းပါပြီ၊ နတ်ဆိုးဘိုးဘေး စိတ်မပူပါနဲ့"
ချွီလော့နှင့် မိုရဲ့လည်း ခေါင်းညိတ်လိုက်လေသည်။
"အင်း၊ ချွီလော့... နတ်ဆိုးဘုရားတောင်ကြားကို ပြန်ပြီး လုမင်အတွက် နတ်ဆိုးဘုရားတောင်ကြားကို ကူညီထိန်းချုပ်ပါ"
ရှဲ့လွမ်က ညွှန်ကြားလိုက်သည်။
.....……
လုမင်ကတော့ ထိုသို့သောအကြောင်းများ ဖြစ်ပျက်ခဲ့သည်ကို သဘာဝအတိုင်း မသိပေ။ နောက်ရက်အနည်းငယ်အတွင်း၌ လုမင်ဟာ အဓိပဓိသွေးအနှစ်သာရများကို ဆက်လက် သန့်စင်နေခဲ့သည်။
လုမင်က နောက်ထပ် အဓိပဓိနှစ်ပါး၏ သွေးအနှစ်သာရများကို အပြည့်အဝ သန့်စင်ခဲ့၏။ သို့သော်လည်း သူ၏ နဝမနဂါးသွေးမျိုးဆက်က အဆင့်မတက်သေးပါ။ နတ်ဘုရားအဆင့်ရှစ်တွင် ရှိနေဆဲ ဖြစ်သည်။
အစမှအဆုံးထိ လုမင်ဟာ အဓိပဓိလေးပါး၏ သွေးအနှစ်သာရ လေးခုကို သန့်စင်ခဲ့သည်။
"နောက်ထပ် အဆင့်တက်ဖို့ အဓိပဓိ သွေးအနှစ်သာရတွေကို ဘယ်လောက်တောင် လိုနေဦးမှာလဲ"
လုမင်လည်း အနည်းငယ် ဆွံ့အသွားကာ သက်ပြင်းချလိုက်သည်။
ယခုအခါတွင်၊ သူ့တွင်ရှိသော အဓိပဓိသွေးအနှစ်သာရအားလုံး သန့်စင်ပြီးသွားပြီ။
"မေ့လိုက်ပါ၊ ငါ ဖြည်းဖြည်းချင်းပဲ အဆင့်မြှင့်တော့မယ်"
လုမင်လည်း သွေးမျိုးဆက်ကိစ္စကို ခဏမေ့ထားရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပါ။ ထိုအတွက် သူ၏ တာအိုများကို သန့်စင်စေရန် ကြိုးစားလိုက်သည်။
ချွမ်ရှန်ဂိုဏ်း တိုက်ပွဲအတွင်း၌ လုမင်သည် အလွန်တိုးတက်ခဲ့၏။ အထူးသဖြင့် သူ၏ တာအိုငါးခုစလုံးက ကြီးကြီးမားမား တိုးတက်ခဲ့လေသည်။ ထိုအတွက် ၎င်းတို့ကို တဖြည်းဖြည်းချင်းသန့်စင်ကာ သူ၏ အခြေခံအုတ်မြစ်ကို တည်ငြိမ်စေရန် လိုအပ်သည်။
အချိန်များ ကုန်လွန်သွားခဲ့ပြီ။ မျက်စိတစ်မှိတ်အတွင်း နှစ်လတာအချိန် ကုန်ဆုံးသွားခဲ့သည်။
နှစ်လကြာပြီးနောက်၊ နောက်ဆုံးတွင်ကား လုမင်၏ အခြေခံအုတ်မြစ်လည်း လုံးဝတည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။
ဤနှစ်လအတွင်း၌ ပြင်ပကမ္ဘာသည် များစွာပြောင်းလဲခြင်း မရှိပေ။
အလယ်ပိုင်းတိုက်ကြီးမှ တိုက်ပွဲများကလည်း ရပ်တန့်မည့်အရိပ်အယောင်မရှိဘဲ ဆက်လက်ဖြစ်ပွားနေကြဆဲ ဖြစ်သည်။
နတ်ဆိုးဘုရားတောင်ကြားမှ တောင်ထိပ်တစ်ခုတွင် ကျောက်စားပွဲတစ်ခု ရှိနေသည်။ လုမင်နှင့် လူရိုင်းဧကရာဇ်က တစ်ဖက်စီတွင် ထိုင်နေကြလေသည်။
လုမင်က လူရိုင်းဧကရာဇ်ထံမှ လမ်းညွှန်မှုတောင်းနေခြင်း ဖြစ်သည်။
လူရိုင်းဧကရာဇ်က မြေတာအိုကို လေ့ကျင့်ခဲ့ပေသည်။ ယခုတော့ လူရိုင်းဧကရာဇ်က မြေတာအိုကို မြေပိုင်နက်အဖြစ်သို့ ပြောင်းလဲလိုက်သောကြောင့်... မြေတာအိုအပေါ် သူ၏နားလည်မှုကလည်း သဘာဝအတိုင်း အလွန်နက်နဲလာခဲ့သည်။
လူရိုင်းဧကရာဇ်က သူသိသမျှကို ပြောပြခဲ့ပေသည်။ လုမင်လည်း ဉာဏ်အလင်းပွင့်ပြီး များစွာသင်ယူခဲ့ရသည်။ မြေတာအိုက မကြာမီ အဆင့်တက်တော့မည်ကဲ့သို့ သူ ခံစားခဲ့ရလေသည်။
"လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ဆရာကြီးနတ်ဆိုးဧကရာဇ်"
လုမင် လူရိုင်းဧကရာဇ်ကို အရက်ခွက် မြှောက်ပြလိုက်သည်။
"ဟားဟားဟား၊ စစ်ဦးစီးချုပ်လု... မင်းက ယဉ်ကျေးလွန်းပါပြီ။ မင်းရဲ့ နားလည်နိုင်စွမ်းက ငါ့ကို အံ့အားသင့်စေတယ်"
လူရိုင်းဧကရာဇ်က ရယ်မောကာ ပြောလိုက်သည်။
လုမင်က စစ်ဦးစီးချုပ်ဖြစ်သောကြောင့် လူရိုင်းဧကရာဇ်နှင့် အခြားသူများသည်ပင် စစ်ဦးစီးချုပ်လုအဖြစ် ခေါ်ခဲ့ရလေသည်။
သူတို့နှစ်ယောက်ကြားတွင် အသက်အရွယ် ကွာခြားသော်လည်း လိုက်လျောညီထွေ ရှိကြသည်။ သိုင်းတာအိုအကြောင်း ဆွေးနွေးရင်း အရက်သောက်ခဲ့ကြပေသည်။
"ဝုန်း"
ထိုအချိန်တွင် ကောင်းကင်သည် ရုတ်တရက် ပွင့်သွားသည်။ ကြီးမားသော လက်ကြီးတစ်ဖက်က ကောင်းကင်မှ ဆင်းသက်လာကာ လုမင်ကို ဖမ်းဆုပ်လိုက်၏။ ထိုလက်ကြီးမှ အကန့်အသတ်မဲ့ အရှိန်အဝါများကြောင့် လုမင်ကော လူရိုင်းဧကရာဇ်ပါ အမူအရာ ပြောင်းလဲသွားတော့သည်။