အခန်း ၁၁၈၄
Vol. 79 Ch. 1184
အပိုင်း ( 1184 ) ရှဲ့လွမ်နှင့် တိရီ။
"ဘယ်သူလဲ"
လူရိုင်းဧကရာဇ်က ဟိန်းဟောက်လိုက်သည်။ သူ့ထံမှ ဧကရာဇ်အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။ သူက ကောင်းကင်သို့ ပျံတက်သွားကာ ဧရာမလက်ကြီးကို ထိုးနှက်လိုက်တော့သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လူရိုင်းဧကရာဇ်၏ ခန္ဓာကိုယ်က တုန်ခါသွား၏။ သူက လက်ကြီးကို မယဉ်သာဘဲ ပြန်လည် ပြုတ်ကျသွားတော့သည်။
သို့ရာတွင် ဧရာမလက်ကြီးက နောက်မဆုတ်ဘဲ လုမင်ထံသို့ ဆက်လက် ကျဆင်းလာခဲ့သည်။
ဧရာမလက်ကြီး ကျဆင်းပြီးနောက် လုမင်သည် သူ့ပတ်ဝန်းကျင်ကို ပိတ်လှောင်ထားသလို ခံစားလိုက်ရသည်။ လုမင်၏ ခန္ဓာကိုယ်ကို အကန့်အသတ်မဲ့ ဆွဲအားများက ဖိထားသဖြင့် လှုပ်ရှားရန်ပင် မလွယ်တော့ပေ။
"တိရီ"
လုမင် အော်ဟစ်လိုက်သည်။ လုမင်သည် ဤဧရာမလက်ကြီးမှ အရှိန်အဝါများနှင့် အလွန် ရင်းနှီးခဲ့၏။ ၎င်းက ဧကရာဇ်ရီ ဖြစ်သည်။
ဤခိုက်တွင်က တိရီမှ လှုပ်ရှားလာမည်ဟု လုမင် မမျှော်လင့်ထားပေ။
ယခင်ကတော့ လုမင်ဟာ တိရီ လှုပ်ရှားမည်ဟု မှန်းဆထားခဲ့သည်။ သို့သော်လည်း ယခုအခါ သူက ဧကရာဇ်များရှိသော နတ်ဆိုးဘုရားတောင်ကြားတွင် ရှိနေခဲ့၏။ ထိုအတွက် တိရီ ကြောက်ရွံ့မည်ဟု ထင်မှတ်ခဲ့မိသည်။
ယခုတော့ တကယ်ကို မမျှော်လင့်ထားပေ။
"ဝုန်း ဝုန်း ဝုန်း"
လုမင်၏ ခန္ဓာကိုယ်အတွင်း၌ နဂါးစွမ်းအင်ရှစ်ခုက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ တတိယသွေးမျိုးဆက်မှ အားကောင်းသော စွမ်းအင်များ ပို့လွှတ်လာခဲ့၏။
"ချိုးဖြတ်လော့"
လုမင်က သူ့နှလုံးသားထဲမှ အော်လိုက်သည်။ သူက ခွန်အားအပြည့်ဖြင့် ပေါက်ကွဲထွက်ကာ သူ့ပတ်ဝန်းကျင်အတားအဆီးကို ချိုးဖြတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ့အနီးနားရှိ ဟင်းလင်းပြင်က အလွန်ခိုင်မာသည်။ လုမင်၏ လက်ရှိ ခွန်အားနှင့်ပင် လုံး၀ မလှုပ်ရှားနိုင်ပေ။
"ဘယ်သူလဲ၊ မင်းသေချင်နေပြီ"
ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နတ်ဆိုးဘုရားတောင်ကြား၏ အခြားတစ်ဖက်မှ ကြောက်စရာကောင်းသော နတ်ဆိုးအလင်းများ ဖြာထွက်လာခဲ့၏။ ဧရာမ နတ်ဆိုးဓားကြီးတစ်လက်က ဧရာမလက်ကြီးကို ခုတ်ပိုင်းလိုက်တော့သည်။
"ဝုန်း"
ပထမအချက်က လူရိုင်းဧကရာဇ်၏ လက်သီးချက် ဖြစ်သည်။ ယခု ဓားတစ်ချက်က ထပ်မံ ကျဆင်းခဲ့၏။ ဧရာမလက်ကြီးလည်း နောက်ဆုံးတွင် ဘယ်တုန်းကမှ မရှိခဲ့သည့်နှယ် ပြိုကျပျောက်ကွယ်သွားတော့သည်။
လုမင်အပေါ်မှ ဖိအားများလည်း ပျောက်ကွယ်သွားခဲ့သည်။ ဤတော့မှ လုမင်၏ ခန္ဓာကိုယ်လည်း ပေါ့ပါးသွားကာ လွတ်လပ်မှုကို ပြန်လည်ရရှိခဲ့ပေသည်။
"ဝှစ်"
နတ်ဆိုးအလင်းတန်းတစ်ခု ပေါ်လာပြီး ချွီလော့က လုမင်အနားကို ရောက်လာခဲ့သည်။ လူရိုင်းဧကရာဇ်လည်း လုမင်အနားကို ရောက်ရှိလာခဲ့၏။ လူရိုင်းဧကရာဇ်၏ ဦးခေါင်းထက်တွင် လှံတစ်ချောင်း ရှိနေသည်။ ထိုလှံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။ ၎င်းက ဧကရာဇ်ဝိညာဉ်လက်နက် ဖြစ်သည်။
နှစ်ယောက်သား လေးနက်သော အမူအရာများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ကောင်းကင်မှ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။ ဟင်းလင်းပြင်က ကွဲအက်သွားကာ ပုံရိပ်တစ်ခု ထွက်လာခဲ့၏။
ဧကရာဇ်ရီ၊ ၎င်းက တကယ်ကို ဧကရာဇ်ရီဝူဟွမ်ပင်။
"အရှေ့တိုင်းက တိရီ၊ ငါ့နတ်ဆိုးဘုရားတောင်ကြားကို လာတိုက်ခိုက်ပြီး မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ငါတို့နဲ့ စစ်ဖြစ်ချင်လို့လား"
ချွီလော့က အေးစက်စက်ဖြင့် အော်လိုက်သည်။
ရှမ်းဟွမ်တိုက်ကြီးတွင် ဧကရာဇ်အများအပြား မရှိသောကြောင့် သဘာဝအတိုင်း အချင်းချင်း သိပေသည်။
"ငါက လုမင်ကိုခေါ်သွားဖို့ ရောက်လာတာ၊ မင်းနဲ့ဘာမှမဆိုင်ဘူး"
တိရီ၏ တကိုယ်လုံးက ရွှေရောင်အလင်းများ ထွန်းလင်းတောက်ပနေခဲ့သည်။ ၎င်းက အမြင့်တွင်ရပ်ပြီး တန်ခိုးကြီးသော ဧကရာဇ်တစ်ပါးကဲ့သို့ ကမ္ဘာကြီးကို ငုံ့ကြည့်နေပေသည်။
"စစ်ဦးစီးချုပ်လုကို ခေါ်သွားမှာလား၊ ဟာသပဲ။ တိရီ၊ ဒီနေ့ မင်း အခြားသူကို ခေါ်သွားဖို့မပြောနဲ့၊ ကိုယ်တိုင်တောင် ထွက်သွားလို့မရစေရဘူး"
လူရိုင်းဧကရာဇ်၏ မျက်လုံးများက ဒေါသစိတ်ဖြင့် တဖျပ်ဖျပ်လက်လာခဲ့သည်။
"ဝုန်း"
ဤအခိုက်အတန့်တွင်၊ နတ်ဆိုးဘုရားတောင်ကြား၏ အရပ်ရပ်မှ လှုပ်ရှားသံများ ထွက်ပေါ်လာခဲ့သည်။ ပုံရိပ်များစွာ ပျံသန်းပြီး ထွက်လာခဲ့၏။ ယခုလေးတင် ဖြစ်သွားခဲ့သော လှုပ်ရှားမှုများက နတ်ဆိုးဘုရားတောင်ကြား တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
"ရပ်လိုက်ကြ၊ တစ်ယောက်မှ အနားမလာကြနဲ့"
လုမင်၏အသံ ထွက်ပေါ်လာပြီး အားလုံး အဝေးတွင် ရပ်သွားခဲ့ကြသည်။
ဧကရာဇ်များ တိုက်ခိုက်သောအခါ အခြားသူများက မည်သို့မျှ အကူအညီမပေးနိုင်တော့ပေ။
သို့ရာတွင် လူနှစ်ယောက်က မရပ်ဘဲ ဆက်လက်ပျံသန်းလာခဲ့သည်။ ၎င်းတို့က ရှဲ့နျန်ချင်းနှင့် ရန်ခွမ်းစုတို့ ဖြစ်ချေသည်။
"လုမင်"
ရှဲ့နျန်ချင်းက လုမင်၏လက်ကိုဆုပ်ကိုင်ကာ စိုးရိမ်ပူပန်သောအမူအရာဖြင့် တိရီအား မော့ကြည့်လိုက်သည်။
"တိရီ"
ရန်ခွမ်းစုက နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။ ဧကရာဇ်ဝိညာဉ်လက်နက် မီးမျှော်စင်က သူ့ဦးခေါင်းထက်တွင် ပေါ်လာခဲ့၏။ သူ့ထံမှ သန်မာသော တိုက်ခိုက်ချင်စိတ်များလည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"မင်းမလွှဲပေးရင် ငါကိုယ်တိုင်ခေါ်မယ်"
တိရီထံမှ အေးစက်စက်အသံ ထွက်ပေါ်လာခဲ့သည်။ သူက လေထဲကိုဖမ်းဆုပ်လိုက်ရာ ရွှေရောင်ဓားတစ်လက် ပေါ်လာခဲ့၏။
"ဝုန်း"
ရွှေရောင်ဓားမှ အဆုံးမဲ့ ရွှေရောင်အလင်းများ ဖြာထွက်လာခဲ့သည်။ တောင်လုံးတမျှ ဓားအလင်းတစ်ခု ကြီးမားသောဖိအားကို သယ်ဆောင်ကာ ထွက်ပေါ်လာခဲ့၏။ ဓားအလင်းက လူရိုင်းဧကရာဇ်နှင့် အခြားသူများကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလာတော့သည်။
"တိုက်ခိုက်"
လူရိုင်းဧကရာဇ်က အော်ဟစ်ပြီး ကောင်းကင်သို့ ပြေးတက်သွားခဲ့သည်။ သူ့လက်ထဲမှ လှံရှည်က မီတာထောင်ချီရှည်လျားသော ဧရာမလှံတစ်လက်အဖြစ် ပြောင်းလဲသွား၏။ သူက ဧကရာဇ်ရီ၏ ဓားအလင်းကို ထိုးချလိုက်တော့သည်။
တစ်ချိန်တည်းမှာပင်၊ ချွီလော့၏ ခန္ဓာကိုယ်မှ နတ်ဆိုးအလင်းများ မြင့်တက်လာခဲ့သည်။ သူကလည်း ဓားအလင်းတစ်ခုနှင့် ဧရာမ ဓားအလင်းကြီးကို ခုတ်ချလိုက်၏။
နောက်ဆုံးတွင်ကား ရန်ခွမ်းစု ဖြစ်သည်။ သူ့ဦးခေါင်းထက်မှ ဧကရာဇ်ဝိညာဉ်လက်နက် မီးမျှော်စင်က လျင်မြန်စွာ ကြီးထွားလာခဲ့၏။ ၎င်းကလည်း ဓားအလင်းကို ဝင်ဆောင့်လိုက်တော့သည်။
"ဝုန်း ဝုန်း ဝုန်း"
သုံးကြိမ်ဆက်တိုက် ရင်ဆိုင်ပြီးနောက် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ပထမက လူရိုင်းဧကရာဇ်ဖြစ်သည်။ လှံက ဓားအလင်းကို ထိုးမိသောအခါ အနှိုင်းမဲ့အင်အားတစ်ခုကို ရင်ဆိုင်ရသကဲ့သို့ ပြင်းပြင်းထန်ထန် တုန်လှုပ်သွား၏။ သူ့ခန္ဓာကိုယ်က အမြောက်ကျည်လို လွင့်စဉ်သွားတော့သည်။
ထို့နောက်တွင် ချွီလော့၏ နတ်ဆိုးဓားအလင်း ပျက်စီးသွားပြီး ရန်ခွမ်းစု၏ ဝိညာဉ်လက်နက်မျှော်စင်နှင့် တိုက်မိသွားခဲ့သည်။
"ဝုန်း ဝုန်း ဝုန်း"
အသံသုံးခုနှင့်အတူ လူရိုင်းဧကရာဇ်၊ ချွီလော့နှင့် ရန်ခွမ်းစုတို့ တစ်ယောက်ပြီးတစ်ယောက် လွင့်စဥ်သွား၏။ သူတို့အားလုံး ကောင်းကင်ယံ၌ မိုင်ရာဂဏန်းခန့် ဆုတ်ခွာသွားရကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကြသည်။
၎င်းတို့ထဲတွင် ရန်ခွမ်းစုက ဒဏ်ရာအပြင်းထန်ဆုံးပင်။ သူ့မျက်နှာက သွေးဆုတ်ဖြူရော်သွားခဲ့သည်။
တိရီက ဧကရာဇ်နှစ်ပါးနှင့် ရန်ခွမ်းစုကို တစ်ချက်တည်းဖြင့် ဒဏ်ရာရစေခဲ့၏။ ထိုမှတဆင့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို မြင်နိုင်သည်။
"သူက ဘယ်လိုလုပ်ပြီး ဒီလောက် သန်မာနိုင်တာလဲ"
ချွီလော့ မယုံကြည်နိုင်စွာ အော်လိုက်သည်။
လူရိုင်းဧကရာဇ်နှင့် ရန်ခွမ်းစုတို့လည်း ထိတ်လန့်သွား၏။
သူတို့သုံးဦးက တိရီ၏ဓားကို တားဆီးရန် ဖိအားပေးခဲ့သော်လည်း ရလဒ်အနေဖြင့် ၎င်းတို့အားလုံး ဒဏ်ရာရသွားခဲ့သည်။ ယင်းက တကယ်ကို မယုံနိုင်စရာပင်။
ယခင်ကလည်း တိရီနှင့် ရင်ဆိုင်ဖူးကြသည်။ သို့ရာတွင် ၎င်း၏အင်အားက ဤမျှသန်မာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
"လုမင်ကို ငါ ခေါ်သွားချင်ရင် ဘယ်သူမှ တားလို့မရဘူး"
တိရီက အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ့လက်ကိုဆန့်ထုတ်လိုက်ရာ လေထဲတွင် ရွှေရောင်လက်ဝါးကြီးတစ်ဖက် ထပ်မံ ထွက်ပေါ်လာခဲ့၏။ ဧရာမလက်ဝါးကြီးက ကြီးမားသောဖိအားကို ထုတ်လွှတ်ကာ လုမင်အား ဖမ်းဆုပ်လာတော့သည်။
"မစဉ်းစားနဲ့"
လူရိုင်းဧကရာဇ်၊ ရန်ခွမ်းစုနှင့် ချွီလော့က အော်ဟစ်လိုက်သည်။ သူတို့သုံးဦးက အစွမ်းကုန်ပေါက်ကွဲပြီး တိရီကိုတားဆီးရန် အကောင်းဆုံး ကြိုးစားခဲ့သည်။
သို့သော်လည်း တိရီက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ လေထဲတွင် ရွှေရောင်ဓားအလင်းသုံးခု ထွက်လာခဲ့၏။ သူတို့ သုံးယောက်စလုံး နောက်တစ်ကြိမ် ထပ်မံဆုတ်သွားရတော့သည်။
ရွှေရောင်လက်ဝါးကြီးက မရပ်တန့်ဘဲ လုမင်ကို ဆက်လက် ဆုပ်ကိုင်လိုက်သည်။
"ဝုန်း"
ထိုအချိန်တွင် လုမင်အရှေ့မှ ဟင်းလင်းပြင်က အက်ကွဲသွားခဲ့သည်။ မှောင်မိုက်သော လက်သီးအင်အားတစ်ခု ထွက်ပေါ်လာကာ ရွှေရောင်လက်ဝါးကြီးနှင့် တိုက်မိသွား၏။ ပေါက်ကွဲသံတစ်ခုနှင့်အတူ နှစ်ခုစလုံး ကွယ်ပျောက်သွားတော့သည်။
ထို့နောက်တွင် လူရိပ်တစ်ခု ထွက်လာခဲ့သည်။
"နတ်ဆိုးဘိုးဘေး"
ထိုလူကိုမြင်တော့ ချွီလော့ အလွန်ဝမ်းသာသွားသည်။
"ရှဲ့လွမ်"
လုမင်၏ မျက်လုံးများလည်း တောက်ပသွားခဲ့သည်။
ရှဲ့လွမ်က လုမင်အရှေ့တွင်ရပ်ကာ တိရီကို စိုက်ကြည့်လိုက်၏။
"မင်းတို့ မျိုးဆက်သစ်တွေကြားမှာ ထူးချွန်တဲ့သူတစ်ယောက် ပေါ်လာတာက အင်မတန် ရှားပါတယ်။ ဒါပေမဲ့ ငါ ဒီမှာရှိနေမှတော့ လုမင်ကို မင်းခေါ်သွားလို့မရဘူး"
"ပျက်စီးခြင်းဧကရာဇ်၊ မင်းက နှစ်ပေါင်းသုံးသောင်းကြာ ဖိနှိပ်ခံခဲ့ရတာကြောင့် အရင်ကလို မဟုတ်တော့ဘူးဆိုတာ ငါသိပြီးသားပါကွာ။ မင်းက ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ တကယ် ထင်နေတာလား"
တိရီက ပြောလိုက်သည်။ ပျက်စီးခြင်းဧကရာဇ်နှင့် ရင်ဆိုင်နေရချိန်မှာပင် သူက ယုံကြည်မှုအပြည့်ရှိနေဆဲပင်။
"ငါ တိုက်ခိုက်နိုင်တယ်၊ မတိုက်ခိုက်နိုင်ဘူးက မင်း စမ်းကြည့်ပြီးရင် သိမှာပေါ့။ အခု အပေါ်တက်ပြီး တိုက်ခိုက်ကြရအောင်"
ရှဲ့လွမ်က ပြောလိုက်သည်။ သူက ခြေတစ်လှမ်းတိုးကာ ကောင်းကင်သို့ ထိုးတက်သွားသည်။
တိရီလည်း လုမင်ကို တစ်ချက်ကြည့်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ ၎င်းက ရှဲ့လွမ်နှင့်အတူ ကောင်းကင်ပေါ်သို့ ထိုးသွားတော့သည်။
"ဝုန်း"
မသိနိုင်သော အမြင့်တစ်ခုမှ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ဤအင်အားသည် အလွန်ကြောက်စရာကောင်း၏။ ကောင်းကင်ယံ၌ နေတစ်စင်း ပေါက်ကွဲသွားသလို အလင်းတန်းများ လင်းလက်နေတော့သည်။ ဤအလင်းများက စူးရှလွန်းရာ မိုင်သန်းချီ အကွာအဝေးမှပင် လှမ်းမြင်တွေ့နိုင်သည်။
"ဝုန်း ဝုန်း..."
ထို့နောက်တွင် ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် နေအစင်းများစွာ ပေါက်ကွဲသကဲ့သို့ အလင်းများ ထွက်ပေါ်လာခဲ့၏။ မြင်ကွင်းက အလွန်တုန်လှုပ်ချောက်ချားစရာကောင်းသည်။
လုမင်နှင့် အခြားသူများလည်း ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့မျက်လုံးထဲ၌ စူးရှသော အလင်းရောင်ကိုသာ မြင်ကြရ၏။ ဧကရာဇ်ရီနှင့် ရှဲ့လွမ်ကိုမူကား လုံးဝ မမြင်နိုင်ခဲ့ကြပေ။
"အစွမ်းထက်လွန်းတယ်"
လုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့စိတ်ထဲတွင် တုန်လှုပ်သွား၏။
ရှဲ့လွမ်နှင့် တိရီ၏ တိုက်ပွဲမှ ဖြစ်ပေါ်လာသော စွမ်းအင်အတက်အကျနှင့် အရှိန်အဝါများသည်ပင် သာမန် သိုင်းဧကရာဇ်များထက် များစွာ အားကောင်းနေသည်။
၎င်းတို့က မည်သည့်နယ်ပယ်သို့ ရောက်ရှိနေခဲ့ကြသနည်း။
"အား၊ ငါ့မျက်လုံး"
တစ်ယောက်က ထအော်လိုက်သည်။
ကျင့်ကြံခြင်းအခြေခံအားနည်းသော လူတချို့က ကောင်းကင်ယံမှ တိုက်ပွဲကို မော့ကြည့်သောအခါ အလင်းရောင်ကြောင့် မျက်စိစူးသွားခဲ့ရသည်။ ထိုအတွက် ထိတ်လန့်သွားကာ နောက်တစ်ဖန် မကြည့်ဝံ့တော့ပေ။