အခန်း ၁၁၈၅
Vol. 79 Ch. 1185
အပိုင်း ( 1185 ) ဧကရာဇ်ရီဝူဟွမ်၏ နယ်ပယ်။
ကောင်းကင်ယံတွင် ရာနှင့်ချီသာ နေများ ပေါက်ကွဲသွားသကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်နေခဲ့သည်။
အကယ်၍ ထိုစွမ်းအားများသာ မြေပြင်ပေါ်ကို ကျရောက်ပါက ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးတစ်ခုကဲ့သို့ ဖြစ်လာပေလိမ့်မည်။
ထိုအချိန်တွင် ကောင်းကင်ကြီးက ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။ အတက်အကျအားလုံးလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ပုံရ၏။
"ဘာဖြစ်သွားတာလဲ"
ရင်ခုန်မြန်လွန်း၍ လူတိုင်း၏ နှလုံးသားများက လည်ချောင်းထဲကို ရောက်လာပုံရသည်။
"ဝှစ်"
ထိုအချိန်တွင် အလင်းတစ်ခု တောက်ပလာပြီး ရှဲ့လွမ် ပေါ်လာခဲ့သည်။
ဤအခိုက်တွင် ရှဲ့လွမ်၏ အရှိန်အဝါက အားနည်းသွားခဲ့သည်။ သူ့နှုတ်ခမ်းထောင့်မှာလည်း သွေးများစီးကျနေခဲ့၏။ သူ ဒဏ်ရာရသွားပုံရသည်။
လူရိုင်းဧကရာဇ်၊ ချွီလော့နှင့် အခြားသူများလည်း တိရီနှင့်တိုက်ပွဲမှ ရှဲ့လွမ် ဒဏ်ရာရသွားကြောင်း မြင်ရသောအခါ မယုံကြည်နိုင် ဖြစ်သွားခဲ့လေသည်။
"နတ်ဆိုးဘိုးဘေး၊ တိရီ ဘယ်လိုရှိလဲ"
ချွီလော့ မေးလိုက်သည်။
"တိရီ ဆုတ်သွားပါပြီ"
ရှဲ့လွမ်က လေးနက်သော အကြည့်တို့ဖြင့် ပြောလိုက်သည်။
"အရှေ့တိုင်းမှာ ဒီလိုလူတစ်ဦး ရှိနေမယ်လို့ မမျှော်လင့်ထားဘူး။ ငါ့ရဲ့ လက်ရှိ တိုက်ခိုက်နိုင်စွမ်းအရ သူ့ကို ဘာမှ မလုပ်နိုင်ဘူး"
"ဆရာကြီးရှဲ့၊ တိရီက ဘယ်အဆင့်ကို ရောက်နေပြီလဲ"
လုမင် မေးလိုက်၏။
ရိုးရိုးသားသားပြောရလျှင် တိရီ၏ တိုက်ခိုက်နိုင်စွမ်းကက သူ့စိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ပထမက တိရီကို သာမန်ဧကရာဇ်တစ်ပါးဟု ထင်ခဲ့သော်လည်း ယခုတော့ ထိုသို့ဟုတ်ပုံမရပေ။ သူက သာမန်သိုင်းအုပ်ချုပ်သူများထက် များစွာ အားကောင်းသည်။
ဤအတောအတွင်း၌ ရှဲ့လွမ်သည် ယခင်ကထက် အနည်းငယ်ပို၍ အားကောင်းလာခဲ့သည်။ သို့တိုင်၊ တိရီနှင့် တိုက်ပွဲတွင် ဒဏ်ရာရရှိနေဆဲပင်။
"လုမင်၊ သိုင်းအုပ်ချုပ်သူနယ်ပယ်ကလည်း တခြားနယ်ပယ်တွေနဲ့ အတူတူပါပဲ။ ဒီမှာ အဆင့် ကိုးခုရှိတယ်၊ ဒါပေမဲ့ အဆင့်တစ်ခုချင်းစီကြားက ကွာဟမှုက ကြီးမားလွန်းပါတယ်"
"ရှမ်းဟွမ်တိုက်ကြီးရဲ့ ပတ်ဝန်းကျင် အခြေအနေတွေက နိမ့်ကျလွန်းလှတယ်။ ဒါက သိုင်းအုပ်ချုပ်သူတွေ လေ့ကျင့်ဖို့အတွက် မသင့်လျော်တော့ဘူးလေ။။ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်နိုင်တာက အကန့်အသတ်ပဲ။ သူတို့အတွက် ရှေ့ဆက်သွားဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ အဲဒါကြောင့်ပဲ ရှမ်းဟွမ်တိုက်ကြီးရဲ့ ဧကရာဇ်အများစုက အဆင့်တစ်မှာ ရှိနေခဲ့ကြတာ။ ဥပမာပြောရရင် လူရိုင်းဧကရာဇ်၊ ချွီလော့နဲ့ အလယ်ပိုင်းတိုက်ကြီးရဲ့ ဧကရာဇ်အများစုက အဆင့်တစ် သိုင်းအုပ်ချုပ်သူနယ်ပယ်မှာ ရှိကြတယ်"
ရှဲ့လွမ်က ရှင်းပြလိုက်သည်။
ချွီလော့နှင့် လူရိုင်းဧကရာဇ်လည်း ခေါင်းညိတ်လိုက်လေသည်။
လုမင်လည်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ယခင် သူမြင်ဖူးသော ဧကရာဇ်များက သိုင်းအုပ်ချုပ်သူနယ်ပယ်၏ အနိမ့်ဆုံးအဆင့်တွင် ရှိနေကြပုံပင်။
ရှဲ့လွမ်က ဆက်လက်ရှင်းပြသည်။
"တစ်စုံတစ်ယောက်က သိုင်းအုပ်ချုပ်သူနယ်ပယ် ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်သရွေ့ သူတို့ရဲ့စွမ်းအားကလည်း ကြီးကြီးမားမား တိုးတက်လာလိမ့်မယ်။ သူတို့က အခြား ဧကရာဇ်တွေကိုတောင် အလွယ်တကူ သတ်နိုင်ကြဦးမယ်။ တော်ဝင်ရှဲ့မိသားစုနဲ့ ကောင်းကင်နတ်ဘုရားတပ်မဟာမှာလည်း ဒီအဆင့် တန်ခိုးရှင်တွေ ရှိနေမယ်လို့ ထင်တယ်"
"ဟိုးအရင်က ငါ အထွတ်အထိပ်ကို ရောက်ခဲ့ချိန်ကဆိုရင် ငါက တတိယအဆင့် သိုင်းအုပ်ချုပ်သူတစ်ပါးပဲ။ အခုတော့ ငါ့ခွန်အားက ဒုတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်ကို ပြန်ရောက်သွားပါပြီ။ ဒါပေမဲ့လည်း တတိယအဆင့် သိုင်းအုပ်ချုပ်သူ ပြန်ဖြစ်လာနိုင်ဖို့ကတော့ အင်မတန်ထံ ခက်ခဲတယ်။ ပထမအနေနဲ့ ရှမ်းဟွမ်တိုက်ကြီးရဲ့ သဘာဝပတ်ဝန်းကျင်က နိမ့်ကျလွန်းလှတယ်။ ဒုတိယအချက်ကတော့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရပြီးနောက် ငါ့ရဲ့ အခြေခံအုတ်မြစ်က ပျက်စီးသွားခဲ့ပါပြီ"
"တိရီရဲ့ ကျင့်ကြံခြင်းက အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီလား"
လုမင် မေးလိုက်သည်။
"ဟုတ်တယ်၊ တိရီရဲ့ ကျင့်ကြံခြင်းအခြေခံက အဆင့်နှစ် သိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီ။ သူက အဆင့်သုံးနဲ့တောင် မဝေးနိုင်တော့ဘူးလေ။ အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ်ကို အချိန်မရွေး ဖြတ်သွားနိုင်မယ်လို့ ငါ ခံစားခဲ့ရတယ်။ အဲဒီအခါကျရင် သူက ရှမ်းဟွမ်တိုက်ကြီးရဲ့ အထွတ်အထိပ် ဖြစ်လာလိမ့်မယ်"
ရှဲ့လွမ်က လေးလေးနက်နက် ပြောလိုက်သည်။
"တိရီက တကယ်ကို ဒီလောက်တောင် သန်မာနေတာလား"
ရန်ခွမ်းစုလည်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
လုမင်၏ မျက်လုံးများလည်း လေးနက်လာခဲ့၏။ သူနှင့် တိရီကြားတွင် ပြဿနာများရှိသော်လည်း ယခုတော့ တိုက်ပွဲဟာ ပို၍ခက်ခဲလာမည့်ပုံ ရသည်။
'ငါ့ရဲ့ ခွန်အားကို အမြန်ဆုံး မြှင့်တင်ရမယ်။ အခု ငါ့ရဲ့ ဒုတိယခန္ဓာက ထျန်းရွှမ်သူတော်စင်ရဲ့ အမွေကို ရယူခဲ့ပြီး အရှိန်အဟုန်နဲ့ တိုးတက်နေခဲ့ပြီ။ ငါ့ရဲ့ သိုင်းတာအိုကလည်း အနောက်မှာ ကျန်နေခဲ့လို့ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ ဒုတိယခန္ဓာနဲ့ ငါ့သိုင်းတာအို နှစ်ခုလုံးသာ တိုးတက်ခဲ့ရင် တိရီက သိုင်းအုပ်ချုပ်သူနယ်ပယ် တတိယအလွှာကို ဖြတ်သွားရင်တောင် ငါရင်ဆိုင်နိုင်လိမ့်မယ်"
လုမင်၏ မျက်လုံးများက ခိုင်မာသော ယုံကြည်မှုနှင့် တိုက်ခိုက်ချင်စိတ်တို့ကို လှစ်ဟလာခဲ့သည်။
သူ၏ မူလခန္ဓာနှင့် ဒုတိယခန္ဓာနှစ်ခုစလုံးသည် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့လျှင်... ပူးပေါင်းကာ တိုက်ခိုက်နိုင်စွမ်းက သူတို့၏ စိတ်ကူးယဉ်မှုထက် ကျော်လွန်သွားခဲ့ပေလိမ့်မည်။
"မင်းတို့အားလုံး အခုထွက်သွားလို့ရပြီ"
ရှဲ့လွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သိုင်းအုပ်ချုပ်သူ နယ်ပယ်အောက်မှ လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
ရှဲ့လွမ်က လုမင်ကို တစ်ဖန်ကြည့်ပြီး ပြောလေသည်။
"လုမင်၊ မင်း သိပ်လည်းစိုးရိမ်နေစရာ မလိုပါဘူး။ ရှမ်းဟွမ်တိုက်ကြီးရဲ့ အခြေအနေတွေက တကယ့်ကို နိမ့်ကျလွန်းလှတယ်။ သာမန် သိုင်းအုပ်ချုပ်သူနယ်ပယ် တန်ခိုးရှင်တွေအတွက်တောင် မလွယ်တာ၊ တိရီအတွက် အဆင့်သုံးသိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်နိုင်ဖို့က မလွယ်ပါဘူး။ ဖြစ်ကောင်းဖြစ်နိုင်တာက နှစ်အနည်းငယ်အတွင်း အဆင့်သုံး သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး၊ ဒါမှမဟုတ် သူ့တစ်သက်လုံးပေါ့။ အဲဒီတုန်းက ငါဆိုရင်လည်း အဆင့်သုံးသိုင်းအုပ်ချုပ်သူနယ်ပယ် အထွတ်အထိပ်မှာ ပိတ်မိသွားပြီး အဆင့်လေးကို မချိုးဖြတ်နိုင်တော့ဘူး"
"တကယ်လို့ သူသာ အဆင့်သုံး သိုင်းအုပ်ချုပ်သူ ဖြစ်မလာရင် မင်းကို ဘာမှလုပ်လို့မရပါဘူး"
ရှဲ့လွမ်က ပြုံးပြီး နှစ်သိမ့်လိုက်သည်။
"ဆရာကြီးရှဲ့၊ ကျွန်တော် အဆင်ပြေပါတယ်။ တိရီက ပိုအားကောင်းလေလေ၊ ကျွန်တော်ရဲ့ စိတ်အားထက်သန်မှုက ပိုအားကောင်းလာလေပဲ။ တိရီကို ကျွန်တော်လက်နဲ့ ကိုယ်တိုင်သတ်မှာ၊ အဲဒီနေ့ကလည်း သိပ်ဝေးတော့မှာ မဟုတ်ဘူး"
လုမင်၏ မျက်လုံးများတွင် ခိုင်မာပြတ်သားသော အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။
"သိပ်ကောင်းတယ်၊ ဟားဟားဟား"
ရှဲ့လွမ်လည်း လုမင်၏ ပခုံးကိုပုတ်ကာ ရယ်မောလိုက်လေသည်။
"ဟမ်"
ရုတ်တရက်၊ ရှဲ့လွမ်က မြောက်ဘက်ကောင်းကင်ယံကို လှမ်းကြည့်လိုက်သည်။
အခြားသူများလည်း အံ့အားသင့်သွားခဲ့ကြ၏။ ရှဲ့လွမ်က ဘာကိုတွေ့သွားခဲ့သနည်း။ တိရီများ ပြန်ရောက်လာရော့သလား။
သို့သော်လည်း မကြာမီ သူတို့အားလုံး တစ်စုံတစ်ခုကို တွေ့ရှိခဲ့ကြသည်။
မြောက်ဘက်ကောင်းကင်ယံ၌ ကြီးမားသော စစ်သင်္ဘောတစ်စင်းသည် အရှိန်ပြင်းစွာ ပျံသန်းသွားခဲ့သည်။
"ဝုန်း ဝေါ"
စစ်သင်္ဘော ဖြတ်ကျော်သွားစဉ်တွင် ကျယ်လောင်သောအသံများ ထွက်ပေါ်လာခဲ့၏။ ၎င်းက ဟင်းလင်းပြင်ကို ခွဲထွက်သွားသည့် နတ်ဓားတစ်လက်ကဲ့သို့ပင်။
လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ၎င်းက သူတို့ဆီကို လာနေပါသလော။ ရှမ်းဟွမ်တိုက်ကြီး၌ မည်သူက ထိုသို့စွမ်းနိုင်ပါသနည်း။
ထို့အပြင် မြောက်အရပ်မှ ဆင်းသက်လာနေခြင်း ဖြစ်သည်။
သို့သော်လည်း၊ များမကြာမီ သူတို့အတွေးလွန်နေမှန်း သိလိုက်ကြရသည်။ စစ်သင်္ဘောက သူတို့အတွက်မလာဘဲ နတ်ဆိုးဘုရားတောင်ကြားကို ဖြတ်ကျော်သွား၏။
ကောင်းကင်ယံမှ စစ်သင်္ဘောက လှပသော ကမ္ပည်းများဖြင့် ရေးထွင်းထားကာ နတ်အလင်းများလည်း ရှိနေခဲ့လေသည်။
"ကြည့်ကြစမ်း၊ စစ်သင်္ဘောပေါ်မှာ တစ်ယောက်ယောက်ရှိနေတယ်"
ချွီလော့က အော်ပြောလိုက်သည်။
စစ်သင်္ဘောရှေ့တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ၎င်းက အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေခဲ့၏။ သူသည် ထိုနေရာတွင် ပေါ့ပေါ့ပါးပါး ရပ်နေသော်လည်း လွှမ်းမိုးကြီးစိုးနေသည့် အရှိန်အဝါများ ရှိခဲ့သည်။
ထိုအချိန်တွင် လူလတ်ပိုင်းအမျိုးသားက လုမင်နှင့် အခြားသူများ၏ အကြည့်များကို ခံစားမိသွားဟန်ဖြင့် တချက်ကြည့်လိုက်သည်။
အကြည့်တစ်ချက်ဖြင့်ပင် လုမင် ရင်ထိတ်သွားပင်။ သူ၏တည်ရှိမှုက အဆုံးမဲ့ကျယ်ပြောသော ကြယ်ကောင်းကင်မှ ကြယ်တစ်ပွင့်လို အလွန်သေးငယ်သည်ဟု ခံစားရလိုက်ရသည်။
သူ့အနားမှ ရှဲ့နျန်ချင်းလည်း လုမင်၏လက်ကို တင်းတင်းဆုပ်ကိုင်ရင်း မျက်နှာဖြူဖျော့သွားခဲ့သည်။
သို့သော်လည်း ထိုလူလတ်ပိုင်းက သူတို့ကို တစ်ချက်မျှသာကြည့်ကာ နောက်တဖန် မကြည့်တော့ပေ။
"သူက အရမ်းအစွမ်းထက်လွန်းတယ်။ သူ့ခွန်အားက ခန့်မှန်းလို့ မရလောက်အောင်ပဲ"
လူရိုင်းဧကရာဇ်က ပြောလိုက်သည်။
လုမင်လည်း ခေါင်းကိုလှည့်ကာ အံ့အားသင့်သွား၏။ ဤအခိုက်တွင် လူရိုင်းဧကရာဇ်၏နဖူးက ချွေးစေးများ စီးကျနေကာ မျက်လုံးများမှာလည်း ကြောက်ရွံ့မှုတို့ ဖြစ်ပေါ်နေခဲ့သည်။
"တတိယအဆင့် သိုင်းအုပ်ချုပ်သူ"
ရှဲ့လွမ်လည်း မျက်မှောင်ကြုတ်ပြီး တီးတိုး ရေရွတ်လိုက်၏။
လူတိုင်း တုန်လှုပ်သွားပြန်တော့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ရှမ်းဟွမ်တိုက်ကြီးမှာ တတိယအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဘယ်လိုရှိနိုင်မှာတဲ့လဲ"
ချွီလော့က မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။
"သူတို့က ရှမ်းဟွမ်တိုက်ကြီးကပါလို့ ဘယ်သူပြောလို့လဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသောင်းကလည်း အဲဒီစစ်သင်္ဘောပေါ်က ကမ္ပည်းတွေကို ငါမြင်ဖူးတယ်။ ငါထင်တာမမှားရင် သူတို့က ရှန်းရွှီတိုက်ကြီးက လာတာ"
ရှဲ့လွမ်က ပြောသည်။
"ရှန်းရွှီတိုက်ကြီးလား။ ရှန်းရွှီတိုက်ကြီးရဲ့ လူတွေက ကျုပ်တို့ ရှမ်းဟွမ်တိုက်ကြီးကို ဘာဖြစ်လို့ ရုတ်တရက် ရောက်လာကြတာလဲ"
လူရိုင်းဧကရာဇ်က အံ့အားသင့်ဟန်ဖြင့် ပြောလိုက်၏။
တစ်ဖက်တွင်လည်း လုမင်၊ ရှဲ့နျန်ချင်းနှင့် ရန်ခွမ်းစုတို့အားလုံး အံ့ဩသွားကြသည်။
ရှန်းရွှီတိုက်ကြီး၊ ယင်းက ဘယ်နေရာမှာ ရှိသနည်း။
နာမည်အရတော့ နိုင်ငံရပ်ခြားမှ တိုက်ကြီးတစ်ခု ဖြစ်နိုင်သည်။ သို့ရာတွင် နိုင်ငံရပ်ခြား တိုက်ကြီးတစ်ခုမှ လူများက ရှမ်းဟွမ်တိုက်ကြီးကို အဘယ်ကြောင့် ရုတ်တရက်ရောက်လာကြသနည်း။