← Chapters

အခန်း ၁၁၈၈

Vol. 80 Ch. 1188

အခန်း ၁၁၈၈

Vol. 80 Ch. 1188

အပိုင်း ( 1188 ) ပါရမီရှင်အားလုံး စုစည်းကြပြီ။

"ယွမ်လုတိုက်ကြီးရဲ့ အင်အားစုက တပည့်တွေစုဆောင်းဖို့ ဒီရှန်းရွှီတိုက်အဖွဲ့အစည်းကို တကယ်ရောက်လာခဲ့တာလား"

ရှဲ့လွမ်လည်း ပို၍ တုန်လှုပ်သွားခဲ့သည်။

သို့သော်လည်း ဧကရာဇ်များစွာ သက်ပြင်းချခဲ့ကြရ၏။ ဤအခွင့်အလမ်းမှာ မျိုးဆက်သစ်လူငယ်များအတွက်သာ ဖြစ်သည်။ သက်ကြီးရွယ်အိုများအတွက်တော့ မျှော်လင့်ချက် လုံးဝ မရှိပေ။

တစ်ဖက်တွင်၊ မျိုးဆက်သစ်လူငယ်အချို့၏ မျက်လုံးများက စူးစူးရှရှ တောက်ပလာခဲ့သည်။

"မေးပါရစေ၊ ဒါက ဘယ်တော့စမှာလဲ"

ရှဲ့ရှန့်က မေးလိုက်သည်။

"ဆယ်ရက်၊ ငါတို့ ဒီမှာ ဆယ်ရက်လောက်စောင့်မယ်။ ဆယ်ရက်အကြာမှာ ပါဝင်ချင်တဲ့ ပါရမီရှင်တွေ ဒီမှာ စုဝေးရလိမ့်မယ်။ ဒါပေမဲ့ ကြိုပြောချင်တာက ယွမ်လုမဟာအင်အားကြီးရဲ့ တပည့်စုဆောင်းမှု စံနှုန်းတွေက အရမ်းတင်းကျပ်တယ်။ ထိပ်တန်းထဲက ထိပ်သီး ပါရမီရှင်တွေကိုပဲ ရွေးချယ်ရမှာပါ။ ဒါကြောင့် ဆယ်ရက်အကြာမှာ ငါက စမ်းသပ်မှုတစ်ခု ပြုလုပ်မယ်။ အောင်မြင်သူတွေက မဟာဂိုဏ်းကြီးရဲ့ ရွေးချယ်မှုမှာပါဝင်ဖို့ ငါ့အနောက်ကို လိုက်ခဲ့ကြရမယ်"

အနက်ရောင်ဝတ် အမျိုးသားက ပြောလိုက်သည်။

"ကောင်းပါပြီ"

ရှဲ့ရှန့် ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ၊ သတင်းဖြန့်လိုက်ပါ"

အနက်ရောင်ဝတ်လူက လက်ဝှေ့ယမ်းကာ စစ်သင်္ဘောပေါ် ပြန်တက်သွားတော့သည်။

စစ်သင်္ဘောပေါ်မှ လူများလည်း ကွယ်ပျောက်သွားခဲ့သည်။ လေထဲမှာတော့ စစ်သင်္ဘောတစ်စင်းသာ ငြိမ်သက်စွာ ကျန်ရစ်ခဲ့တော့သည်။

တော်ဝင်ရှဲ့မိသားစုနှင့် နတ်ဘုရားတပ်ကြားမှ တိုက်ပွဲသည်လည်း သဘာဝအတိုင်း ရပ်တန့်သွားခဲ့သည်။ ယွမ်လုမဟာဂိုဏ်းကြီး၏ အမိန့်ဖြင့် ရှန်းရွှီတိုက်ကြီး ရောက်ရှိလာခြင်းနှင့် တပည့်များ စုဆောင်းခြင်းနှင့်ပတ်သက်သော သတင်းများမှာ ရှမ်းဟွမ်တိုက်ကြီးအနှံ့ တောမီးကဲ့သို့ ပျံ့နှံ့သွားတော့သည်။

လုမင်နှင့် ရှဲ့လွမ်လည်း နတ်ဆိုးဘုရားတောင်ကြားသို့ ပြန်လာခဲ့ကြသည်။

ရှဲ့လွမ်၊ လုမင်၊ ချွီလော့နှင့် အခြားသူများလည်း နတ်ဆိုးဘုရားတောင်ကြားမှ ခန်းမကြီးတစ်ခုတွင် စုဝေးခဲ့၏။

ချွီလော့နှင့် အခြားသူများလည်း ရှန်းရွှီတိုက်ကြီး၏ ရည်ရွယ်ချက်ကို သိရသောအခါ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားတော့သည်။

"လုမင်၊ ဒါက မင်းရဲ့အခွင့်အလမ်းလို့ ငါထင်တယ်။ ဒါက အခွင့်ကောင်းကြီးပဲ"

ရှဲ့လွမ်က ပထမဆုံး ပြောလိုက်သည်။

"ဆရာကြီးရှဲ့၊ ခင်ဗျားက ရွေးချယ်မှုမှာ ပါဝင်စေချင်လို့လား"

လုမင် ပြောလိုက်၏။

"အမှန်ပဲ၊ မင်းရဲ့ အရည်အချင်းက ရှန်းရွှီတိုက်အဖွဲ့အစည်းမှာတောင် ရှားပါးတယ်။ မင်းမှာ ကောင်းကင်နတ်ဘုရားဂိုဏ်းက ရွေးချယ်ခံရပြီး ယွမ်လုအင်အားစုကြီးရဲ့ တပည့်ဖြစ်လာဖို့ အခွင့်ကောင်းရှိတယ်လေ။ မိန်းကလေးနျန်ချင်းမှာလည်း အခွင့်အရေးရှိတယ်"

ရှဲ့လွမ်က ပြောသည်။

လုမင်လည်း အနည်းငယ် မျက်မှောင်ကြုတ်ပြီး လေးလေးနက်နက် စဉ်းစားလိုက်လေသည်။

အမှန်အတိုင်းပြောရလျှင် သူလည်း အလွန်သွေးဆောင်ခံရသည်။ ဤသည်က အခွင့်ကောင်းတစ်ခုပင်။

ထို့ပြင်၊ ယခုအခါ သိုင်းအုပ်ချုပ်သူနယ်ပယ်က လုမင်၏ပန်းတိုင် မဟုတ်တော့ပေ။ သူ့ရည်မှန်းချက်က ပိုမြင့်မားသည့်နယ်ပယ်ကို တက်လှမ်းရန် ဖြစ်သည်။

ရှမ်းဟွမ်တိုက်ကြီးမှာဖြစ်လျှင် သိုင်းအုပ်ချုပ်သူ ဖြစ်လာသည်နှင့် နောက်ထပ် ရှေ့ဆက်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ ထို့ကြောင့်ပင် ဆက်လက်တိုးတက်လိုပါက ရှမ်းဟွမ်တိုက်ကြီးမှ ထွက်ခွာသွားရမည် ဖြစ်သည်။

သို့သော်လည်း သူ ဧကရာဇ်ဖြစ်လာမှဆိုလျှင် တစ်ယောက်တည်း ထွက်ခွာသွားရပေတော့မည်။ ဤအတွက် လမ်းခရီးက ရှည်လျားရုံသာမကဘဲ ဂိုဏ်းကြီးတစ်ခုသို့ပါ၀င်ရန်လည်း အလွန်ခက်ခဲမည် ဖြစ်သည်။

ဤသည်က အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်မှာ သေချာလှပေသည်။

သို့သော်လည်း သူဟာ ဧကရာဇ်ရီနှင့်ပတ်သက်ပြီး စိုးရိမ်နေမိဆဲ ဖြစ်သည်။ အကယ်၍ ဧကရာဇ်ရီကို မဖြေရှင်းရသေးပါက ယွမ်လုတိုက်ကြီးသို့ စိတ်အေးလက်အေး သွားရောက်နိုင်မည် မဟုတ်ပေ။

"လုမင်၊ မင်း တိရီအတွက် စိတ်ပူနေတာလား"

လုမင်၏ အတွေးများကို မြင်နေရဟန်ဖြင့် ရှဲ့လွမ်က မေးလိုက်သည်။

"ဟုတ်တယ်။ အဲဒီလူကို မဖယ်ရှားရသေးသရွေ့ ကျွန်တော် စိတ်မအေးနိုင်ဘူး"

လုမင်က ပြောသည်။

"လုမင်၊ မင်း တကယ်အမြင်နိမ့်သေးတာပဲ။ မင်း စဉ်းစားကြည့်၊ မင်းကို ကောင်းကင်နတ်ဘုရားဂိုဏ်းက ရွေးချယ်ခဲ့ရင်တောင်မှ လေ့ကျင့်ဖို့ ယွမ်လုတိုက်ကြီးကို ချက်ချင်းသွားစရာ မလိုဘူး။ ဒီမှာ စီစဉ်စရာရှိတာတွေကို ပြန်ပြီး စီစဉ်လို့ရတယ်"

"မင်းမလုပ်နိုင်ရင်တောင်မှ၊ ယွမ်လုမဟာအင်အားစုကြီးဖြစ်တဲ့ ကောင်းကင်နတ်ဘုရားဂိုဏ်းက မင်းကို ရွေးချယ်လိုက်ပြီဆိုရင် ကျွမ်းကျင်သူတွေ အများကြီး ခယလာလိမ့်မယ်။ သူတို့ထဲမှာ တစ်ယောက်ယောက်ကတော့ တိရီကို သတ်နိုင်မှာပဲလေ။ သူတို့ကို အကူအညီတောင်းပြီး တိရီကို ဖြေရှင်းလိုက်မယ်ဆိုရင်၊ ဒါက ပြီးပြီပေါ့"

ရှဲ့လွမ် ပြောလိုက်သည်။

သူ့စကားကြောင့် လုမင်၏ မျက်လုံးများ တောက်ပလာခဲ့၏။

မှန်သည်၊ အကယ်၍ သူသာ ယွမ်လုဂိုဏ်းကြီးသို့ အမှန်တကယ်ဝင်ရောက်ပြီး ၎င်းတို့၏ တပည့်ဖြစ်လာပါက၊ တိရီကိုသတ်ရန် တစ်စုံတစ်ဦးကို စေလွှတ်ပေးဖို့ ဂိုဏ်းကိုတောင်းဆိုခြင်းမှာ အလွန်ခက်ခဲမည်မဟုတ်ပေ။

တိရီကို ဖယ်ရှားနိုင်သရွေ့ ရှမ်းဟွမ်တိုက်ကြီးအတွက် စိတ်ပူစရာ မလိုတော့ပါ။ သူ့အတွက် အေးအေးချမ်းချမ်းလေ့ကျင့်ရန် ယွမ်လုသို့ သွားနိုင်သည်။

"ကောင်းပြီ၊ ကျွန်တော် ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ရွေးချယ်မှုမှာ ပါဝင်မယ်"

ခဏ စဉ်းစားပြီးနောက် လုမင် ခေါင်းညိတ်လိုက်သည်။

"ရှောင်ချင်း၊ မင်းကော ဘယ်လိုလဲ"

လုမင်က ရှဲ့နျန်ချင်းကို လှည့်မေးသည်။

"နင် ဘယ်ကိုပဲသွားသွား၊ နင့်ရဲ့ဘေးမှာ ရှိမှာပါ"

ရှဲ့နျန်ချင်းက ပြုံးပြီးပြောလိုက်၏။

"ကောင်းပြီ၊ ကျုပ်တို့ ရက်ပိုင်းအတွင်း ထွက်ခွာမယ်"

လုမင် ခေါင်းညိတ်လိုက်တော့သည်။

...........

ယွမ်လုအင်အားစုကြီးမှ တပည့်စုဆောင်းမည့်သတင်း ပြန့်နှံ့သွားသောအခါ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

အုပ်စိုးရှင်အင်အားစုအားလုံးလည်း အချင်းချင်း တိုက်ခိုက်မှုများမှ ရပ်တန့်သွားကြ၏။ လူငယ် ပါရမီရှင်များစွာလည်း မြေအမြုတေရေကန်ရှိရာကို အပြေးအလွှား ထွက်လာကြတော့သည်။

အရှေ့တိုင်း၊ တောင်ပိုင်း၊ အနောက်တိုင်းနှင့် အခြားနေရာများမှ ပါရမီရှင်များလည်း မြေအမြုတေရေကန်တွင် စုရုံးခဲ့ကြသည်။

မကြာမီ ဆယ်ရက်ပြည့်တော့မည်။

ရှဲ့လွမ်က လုမင်၊ ရှဲ့နျန်ချင်း၊ ထိုပါ့ရှီနှင့် အခြားပါရမီရှင်များကိုခေါ်ကာ မြောက်ပိုင်းမှ မြေအမြုတေရေကန်သို့ ထွက်ခဲ့သည်။

ရှန်းရွှီတိုက်ကြီးမှ စစ်သင်္ဘောကတော့ မြေအမြုတေရေကန်အတွက်တွင် ရပ်တည်နေဆဲပင်။

ဤအခိုက်တွင် စစ်သင်္ဘောကို လူအုပ်ကြီးက ဝိုင်းထားခဲ့ကြသည်။ ၎င်းတို့အားလုံးက သက်ဆိုင်ရာ ပါရမီရှင်များကို ခေါ်ဆောင်လာခဲ့ကြသော ဂိုဏ်းပေါင်းစုံမှ ကျွမ်းကျင်သူများ ဖြစ်ပေသည်။

၎င်းတို့အပြင် ပွဲကြည့်ရန် လာရောက်သူလည်း အများအပြားရှိ၍ လွန်စွာ စည်ကားသက်ဝင်နေခဲ့သည်။

လူအုပ်ကြီးက တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။ မကြာမီ စစ်သင်္ဘောမှ အလင်းရောင်များ ထွန်းတောက်လာခဲ့သည်။ စစ်သင်္ဘောဘေးတွင် လူတစ်စု ပေါ်လာခဲ့၏။ သူတို့ကို ဦးဆောင်သူမှာ အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသား ဖြစ်သည်။

အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ထွက်လာပြီးနောက် စစ်သင်္ဘောပေါ်မှ ဆင်းလိုက်သည်။ သူ့နောက်တွင် လူငယ်နှစ်ယောက် ရှိ၏။ ၎င်းတို့ကလည်း မျိုးဆက်သစ် ပါရမီရှင်များဖြစ်ကြောင်း ထင်ရှားသည်။

လူငယ်နှစ်ယောက်တွင် တစ်ယောက်က နူးညံ့သိမ်မွေ့ပုံရပြီး ပြုံးနေသည်။ နောက်တစ်ယောက်ကတော့ အေးစက်ကာ မာနကြီးပုံရ၏။ သူ့အမူအရာက ရှမ်းဟွမ်တိုက်ကြီးမှ လူများကို အထင်မြင်သေးပုံရသည်။

"မျိုးဆက်သစ်တွေ ရှေ့ကို လာပါ"

အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသား၏ အသံကို ကြားလိုက်ရသည်။

"ဝှစ် ဝှစ်"

လူငယ်များ တစ်ယောက်ပြီး တစ်ယောက် ပြေးသွားပြီး အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသား အရှေ့တွင် ရပ်လိုက်ကြ၏။

စုစုပေါင်း လူတစ်ထောင်ကျော် ရှိခဲ့သည်။

အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်မှောင်ကြုတ်ကာ အေးစက်စက်ဖြင့် ပြောလိုက်၏။

"ဝိညာဉ်နတ်ဘုရားနယ်ပယ်အောက်ကလူတွေ ထွက်သွားစမ်း။ မင်းတို့က ယွမ်လုဂိုဏ်းကြီးရဲ့ ရွေးချယ်မှုမှာ ပါဝင်ချင်လို့လား"

လူငယ်အများစုလည်း အကူအညီမဲ့ကာ နောက်ပြန်ဆုတ်သွားရတော့သည်။

ခဏချင်းမှာပင် လူဒါဇင်အနည်းငယ်ပဲ ကျန်ခဲ့သည်။

လုမင်က တစ်ချက်ဝေ့ကြည့်လိုက်သောအခါ ရှမ်းဟွမ်တိုက်ကြီးမှ ပါရမီရှင်အားလုံးနီးပါး ဤနေရာတွင် ရှိနေကြကြောင်း မြင်လိုက်ရလေသည်။

အလယ်ပိုင်းမှ လုံချန်၊ ရှဲ့နျန်ကျွင်း၊ ရန်ပိုထျန်း၊ ခြင်္သေ့မင်းနှင့် အခြားသူများ...

တောင်ပိုင်းမှ မင်ကျစ်၊ ခေါင်းသုံးလုံး ငရဲခွေးနှင့် အခြားသူများ...

အနောက်တိုင်းမှာတော့ ရဟန်းဝူလျန့်နှင့် ဝူယွဲ့သီလရှင်အပြင် နောက်ထပ် မျက်နှာစိမ်းငါးဦးတို့ကို မြင်လိုက်ရသေးသည်။ ဤသည်က အံ့ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။

‌အရှေ့တိုင်းမှာတော့ လုမင်သည် တိရှန်တစ်ဦးကိုသာ မြင်ခဲ့ရ၏။

တိရှန်မှလွဲ၍ အခြားသူများက ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို မရောက်ကြသေးကြောင်း ထင်ရှားသည်။

၎င်းတို့ထဲတွင် တစ်ချို့က လုမင်အား အေးစက်စက်ဖြင့် ကြည့်ကြ၏။ ဥပမာအားဖြင့် ခြင်္သေ့မင်း၊ ဝူချန်ခုန်း၊ တိရှန်နှင့် အခြားသူများ ဖြစ်သည်။

"တိရှန်"

လုမင်က တိရှန်ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးများထဲတွင် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့၏။

တိရီက သူ့ကို သတ်ပစ်ချင်နေသည်။ ထိုအတွက် အခွင့်သာပါက တိရှန်ကိုသတ်ကာ စိတ်ဝင်စားစရာတချို့ ပြုလုပ်မိလိမ့်မည်။

အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားနောက်ကွယ်မှ လူငယ်နှစ်ဦးက လုမင်နှင့် အခြားသူများကို ကြည့်လိုက်သည်။ ထိုနှစ်ဦးတွင် အပြုံးမျက်နှာနှင့် လူငယ်လေးကတော့ ပြုံးရွှင်စွာဖြင့် ရှိနေဆဲပင်။

သို့သော်လည်း မာနကြီးသော လူငယ်လေး၏ မျက်လုံးများက မီးတောက်တစ်ခု ပေါ်လာသည်။

သူသည် ရှဲ့နျန်ကျွင်း၊ ရှဲ့နျန်ချင်း၊ စန္ဒကူးနတ်သမီး၊ ကျင်းခုန်းလင်နှင့် အခြားသူများအား ဝေ့ကြည့်လိုက်၏။ သူ့မျက်လုံးထဲမှ မီးတောက်များကလည်း ပို၍ပင် ပူလောင်လာတော့သည်။

'ရှမ်းဟွမ်တိုက်ကြီးမှာ ဒီလောက်ချောမောလှပတဲ့ မိန်းမလှလေးတွေ အများကြီးရှိဖို့ မမျှော်လင့်ထားဘူး။ ဟီးဟီးဟီး'

မာနကြီးသော လူငယ်လေး၏ နှုတ်ခမ်းများက တွန့်ကွေးသွားခဲ့သည်။ သူ့နှလုံးသားကလည်း အလွန် ပူလောင်သွားလေသည်။

"ကောင်းပြီလေ၊ မင်းတို့အားလုံးက ဝိညာဉ်နတ်ဘုရား နယ်ပယ်ကိုတော့ ရောက်ကြပြီ။ ဒါပေမဲ့ ငါ့မှာ လိုအပ်ချက်တွေ ရှိနေတုန်းပဲ။ မဟုတ်လို့ သာမာန် ပါရမီရှင်တွေ လိုက်လာခဲ့ရင် ကိုယ့်ကိုကိုယ်ပဲ အရှက်ရစေလိမ့်မယ်"

"ကိုင်း၊ မင်းတို့အားလုံး မတ်တပ်ရပ်ပြီး မလှုပ်ကြနဲ့။ မင်းတို့ရဲ့ သွေးမျိုးကို ငါစမ်းသပ်မယ်"

အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက လုမင်နှင့် အခြားသူများကို စိုက်ကြည့်လိုက်သည်။ သူ့လက်ထဲတွင် အလင်းစက်ဝိုင်းတစ်ခု ပေါ်လာခဲ့၏။ အလင်းစက်ဝိုင်းက ကောင်းကင်သို့ ထိုးတက်သွားကာ လျင်မြန်စွာ ကျယ်ပြန့်လာတော့သည်။

နောက်ဆုံးတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လုမင်နှင့် အခြားသူများကို ဖုံးအုပ်သွားခဲ့သည်။

All Chapters