အခန်း ၁၁၉၀
Vol. 80 Ch. 1190
အပိုင်း ( 1190 ) ဖိနှိပ်ခြင်း။
"ချိုးဖြတ်စမ်း"
လုမင်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်တွင်းမှ နဂါးစွမ်းအားရှစ်ခု ပေါက်ကွဲထွက်လာပြီး သစ်ပင်ကြီးကို ထိုးနှက်လိုက်သည်။
"ဝုန်း"
လုမင်၏လက်သီးက သစ်ပင်ကြီးကို ထိမှန်သွား၏။
ထို့နောက်တွင်ကား၊ လူတိုင်း၏ မျက်စိရှေ့တွင် သစ်ပင်ကြီးက ပေါက်ကွဲသွားကာ အစိမ်းရောင်စွမ်းအင်များအဖြစ်သို့ မိုးနှင့်မြေကြားတွင် ပျံ့ကြဲသွားတော့သည်။
မာနကြီးသော လူငယ်လေးငယ်လေး၏ ခန္ဓာက ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ဤအခိုက်တွင် သူ့မျက်နှာာက မောက်မာမှုတို့ မရှိတော့ပေ။ ထိုအစား မယုံကြည်မှု၊ ထိတ်လန့်မှုနှင့် တုန်လှုပ်မှုတို့သာ ရှိခဲ့သည်။
သွေးမျိုးဆက်ပေါင်းစပ်ခြင်းအား အသုံးပြုပြီးနောက် သူထုတ်လွှတ်လိုက်သည့် အသန်မာဆုံး တိုက်ခိုက်မှုကို လုမင်က တစ်ချက်တည်းနှင့် အနိုင်ယူသွား၏။ ယင်းက ယုံကြည်ရခက်သည်။
ရှမ်းဟွမ်တိုက်ကြီးတွင် ဤကဲ့သို့သော ပါရမီရှင်တစ်ဦး ရှိနေခြင်းက ယုံရခက်ပေသည်။ ထို့အပြင် လုမင်၏ သွေးမျိုးဆက်က နတ်ဘုရားအဆင့်ရှစ်တွင်သာ ရှိခဲ့သည်။
သူတင်မကဘဲ တခြားသူများပါ တုန်လှုပ်သွားခဲ့ကြလေသည်။
"လုမင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ပိုပြီးတော့ ကြောက်စရာကောင်းလာပြီ"
"အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်ကိုတောင် တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့တာ။ ဒီလို တိုက်ခိုက်နိုင်စွမ်းမျိုးနဲ့ လုံချန်တောင် ယှဉ်နိုင်ပါ့မလား"
"ဒါကတော့ ဘယ်သူသိမှာလဲ"
လူတော်တော်များများ ဆွေးနွေးခဲ့ကြသည်။ ဧကရာဇ်အချို့ပင် တုန်လှုပ်သွားခဲ့ကြလေသည်။
လူအုပ်ကြားထဲမှ လုံချန်၏ အမူအရာလည်း လေးနက်သွားခဲ့သည်။ သူက လုမင်ကို စိုက်ကြည့်လိုက်သော်လည်း ခဏချင်း တည်ငြိမ်မှုနှင့် ငြိမ်သက်မှုကို ပြန်လည်ရရှိခဲ့ပေသည်။
"သေစမ်း"
ခြင်္သေ့မင်းနှင့် မင်ကျစ်တို့က လုမင်အပေါ်တွင် ရန်ငြိုးထားသူများ ဖြစ်သည်။ ဤအခိုက်တွင် သူတို့အားလုံး တုန်လှုပ်ပြီး တိတ်တဆိတ် အံကြိတ်လိုက်လေသည်။
လုမင်က ပို၍ သန်မာလာသည်။ လုမင်ကို အနိုင်ယူပြီး လက်စားချေလိုသော သူတို့၏မျှော်လင့်ချက်များမှာလည်း ပို၍ ပါးလျလာခဲ့လေသည်။
အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏နောက်မှ လူငယ်လေးလည်း အပြုံးများ ကွယ်ပျောက်ကာ လေးနက်သောအမူအရာဖြင့် အစားထိုးလာခဲ့သည်။
"စိတ်ဝင်စားစရာပဲ"
အနက်ရောင်၀တ် လူလတ်ပိုင်း အမျိုးသားလည်း အံ့သြသွားခဲ့မိလေသည်။
လုမင်က မာနကြီးသော လူငယ်ကိုလေးကို ကြည့်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။
"ဒါက မင်းရဲ့ ခွန်အားလား၊ ဒါက မင်း မာနကြီးရတဲ့ အကြောင်းရင်းပဲလား။ မင်းက ငါ့ဆီကနေ တစ်ချက်တောင် မခံနိုင်ဘူး။ ရယ်စရာကောင်းလိုက်တာ။ မင်းက ငါ့ကို အမှိုက်လို့ ခေါ်တယ်။ ဒါဆိုရင် မင်းက ဘာလဲ"
သူ့အသံက လျစ်လျူရှုပြီး ရှုံ့ချမှုတို့ ပြည့်နေခဲ့ပေသည်။
"ခွေးကောင်၊ မင်း သေချင်နေတာပဲ"
မာနကြီးသော လူငယ်လေး၏ မျက်နှာက နီရဲလာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက လုမင်ကို အပိုင်းပိုင်း ဖြတ်ပစ်ချင်ဟန်ဖြင့် အေးစက်စက်နှင့် စိုက်ကြည့်လိုက်၏။
"ဟမ့်"
လုမင်က သူနှင့် အပိုစကားပြောရန် ပျင်းရိလွန်းလှသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အရိပ်တစ်ခုကဲ့သို့ မာနကြီးသော လူငယ်လေး၏ ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့၏။ ထို့နောက်မှာတော့ ပါးကို ဖြတ်ရိုက်လိုက်တော့သည်။
မာနကြီးသော လူငယ်လေး ထိတ်လန့်သွားခဲ့သည်။ လုမင်မှ သူ့ကို တိုက်ခိုက်ဝံ့မည်ဟု မမျှော်လင့်ခဲ့ပေ။ သူက အလျင်စလို ခုခံရန် အတတ်နိုင်ဆုံး ကြိုးစားသည်။ သို့သော်လည်း လုမင်ကို မည်သို့တားဆီးနိုင်မည်နည်း။ လုမင်၏ ပါးရိုက်ချက်ကြောင့် လွင့်စဉ်သွားတော့သည်။
"ဒုန်း ဒုန်း"
လုမင်က နဝမနဂါးခြေလှမ်းဖြင့် ခြေခုနစ်လှမ်း ဆက်တိုက်လှမ်းလိုက်သည်။ ခြေလှမ်းတိုင်းက မာနကြီးသော လူငယ်လေး၏ မျက်နှာကို ဦးတည်နေခဲ့၏။
"ဒုန်း ဒုန်း"
ခြေလှမ်း ခုနစ်လှမ်းက မာနကြီးသော လူငယ်လေး၏ မျက်နှာပေါ်သို့ တိတိကျကျ ရောက်သွားကာ ခြေဖဝါးရာတစ်ခု အထင်အရှား ထွက်ပေါ်လာတော့သည်။
မာနကြီးသော လူငယ်လေး၏ ခန္ဓာကိုယ်က ဥက္ကာခဲတစ်စင်း ကြွေကျသကဲ့သို့ မြေအမြုတေရေကန်ထဲကို ပြုတ်ကျသွားခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ မာနကြီးသော လူငယ်လေး ခန္ဓာကိုယ်က ရေလှိုင်းကြီးများ ဖြစ်ပေါ်စေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကတော့ ရေကန်အောက်ခြေထိ နစ်မြုပ်သွား၍ မမြင်ရတော့ပေ။
လူတိုင်း ပင့်သက်ရှိုက်လိုက်သည်။ လုမင်သည် အမှန်တကယ် သတ္တိကောင်း၏။ သူက ရှန်းရွှီတိုက်ကြီးမှ ပါရမီရှင်ကိုပင် အပြတ်ဖိနှိပ်ပြီး ရိုက်ဝံ့သည်။
နောက်အခိုက်အတန့်တွင်၊ မြေအမြုတေရေကန်အတွင်းမှ မာနကြီးသော လူငယ်လေး ပြေးထွက်လာခဲ့သည်။
ယခုအချိန်တွင် သူ့ပုံစံက လွန်စွာ ဖရိုဖရဲဖြစ်နေသည်။ သူ့ဆံပင်များ ရှုပ်ပွနေကာ တစ်ကိုယ်လုံး စုတ်ပြဲသွား၏။ အထူးသဖြင့် သူ့မျက်နှာမှ တန်းစီနေသည့် ခြေရာများကအလွန်ရှင်းလင်းသည်။ ပါးစပ်ထောင့်၊ မျက်လုံးထောင့်နှင့် နှာခေါင်းပေါက်များမှ သွေးများ အဆက်မပြတ် ထွက်နေခဲ့၏။ သူ့ကိုကြည့်ရသည်မှာ ရုပ်ပျက်ဆင်းပျက်နိုင်လှသည်။
"အား...အား၊ ခွေးမသား၊ ငါမင်းကို သတ်မယ်။ သတ်... သတ်"
မာနကြီးသော လူငယ်လေးက သွေးရူးသွေးတန်းဖြင့် အော်လိုက်သည်။
"တော်လောက်ပြီ"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသား၏ အေးစက်စက် ငေါက်သံတစ်ချက်ကို ကြားလိုက်ရ၏။
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသား၏ အသံကြောင့် ရပ်သွားသော်လည်း မာနကြီးသော လူငယ်လေးက ဆက်လက်ပြောလိုက်သည်။
"အကြီးအကဲ၊ ဒီကောင်က ရဲတင်းလွန်းတယ်။ သူ့ကို မြန်မြန်သတ်ရမယ်"
"တော်ပြီနော်"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။ သူ့အသံကလည်း အေးစက်သွား၏။ မာနကြီးသော လူငယ်လေးလည်း တကိုယ်လုံး အေးစက်သွားကာ စကားတစ်ခွန်းမှ မပြောဝံ့တော့ပေ။
"အခုလေးတင် သူက သက်ညှာပေးခဲ့လို့၊ မဟုတ်ရင် မင်းသေတာကြာပြီ။ ဒါကို ဘာဖြစ်လို့အော်နေသေးတာလဲ၊ အရှက်ကွဲတာ မလုံလောက်သေးဘူးလား။ နောက်ကိုဆုတ်စမ်း"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက ဆူပူမာန်မဲလိုက်သည်။
မာနကြီးသော လူငယ်၏ မျက်နှာက အလွန် အကြည့်ရဆိုးသွားသည်။ သူဟာ လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်ရင်း မုန်းတီးမှုအပြည့်ဖြင့် နောက်ဆုတ်သွားတော့သည်။
"မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက လုမင်ကို လှမ်းကြည့်လိုက်သည်။
"လုမင်"
လုမင်က မာနကြီးခြင်း၊ နှိမ့်ချမှုမရှိသော ပုံမှန်လေသံဖြင့် ပြန်ပြောလိုက်၏။
"လုမင်၊ မဆိုးဘူး။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ တိုက်ခိုက်နိုင်စွမ်းက ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်ရွေးချယ်မှုမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီနေပြီ။ ဒါကြောင့် မင်း ငါတို့နဲ့ အတူ ရှန်းရွှီတိုက်ကြီးကို လိုက်ခဲ့နိုင်တယ်"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။
"အကြီးအကဲ၊ သူ့သွေးမျိုးဆက်က နတ်ဘုရားအဆင့်ရှစ်..."
မာနကြီးသော လူငယ်က ထပ်ပြောသည်။
"တိတ်စမ်း"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက စကားဖြတ်ပြီး အော်ဟစ်လိုက်၏။
"သွေးမျိုးဆက်က အင်အားစုကြီးတွေအတွက် အမှန်တကယ် အရေးကြီးပါတယ်၊ ဒါပေမဲ့ တစ်ဦးတစ်ယောက်ရဲ့ အရည်အချင်းကို ဆုံးဖြတ်ဖို့အတွက် တစ်ခုတည်းသော စံနှုန်းမဟုတ်ဘူး။ အခြားကဏ္ဍတွေကလည်း အင်မတန် အရေးကြီးတယ်"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။
"စိတ်မရှိပါနဲ့ ဆရာကြီး၊ ကျုပ် မသွားချင်ဘူး"
လုမင်က အနက်ရောင်ဝတ် လူလတ်ပိုင်းအမျိုးသားကို လက်ယှက်ပြီး ပြောလိုက်သည်။
ဤစကားများက လူတိုင်းကို အံ့အားသင့်စေခဲ့၏။
လုမင်က ယွမ်လုမှ အင်အားစုကြီး၏ တပည့်ရွေးချယ်ပွဲတွင် ပါဝင်ခွင့်ရခဲ့သည်။ သို့သော်လည်း ယခုအခါ သူက မသွားချင်ဘူးလား။
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားသည်ပင် အံ့ဩသွားမိသည်။ ဤအခွင့်အရေးမျိုးကို တစ်ယောက်ယောက်က ငြင်းပယ်မည်ဟု ယုံရခက်ပေသည်။
"မင်းက ဘာဖြစ်လို့ မသွားချင်ရတာလဲ"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက ထပ်မံမေးလိုက်သည်။
လုမင်က မာနကြီးသော လူငယ်လေးကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ရှန်းရွှီတိုက်ကြီးက သူ့လိုအမှိုက်တွေ ပြည့်နေတဲ့နေရာဆိုရင် ကျွန်တော် မသွားချင်ဘူး"
"ဟားဟားဟား"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက သဘောကျစွာ ရယ်မောလိုက်၏။ လုမင် စိတ်ခုနေသေးကြောင်း သူ နားလည်လိုက်သည်။
"လုမင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းက ဒီရွေးချယ်မှုကို အတော် အလေးထားပုံရတယ်။ မင်းကို ရွေးချယ်လိုက်တာနဲ့ မြင့်မားတဲ့ အဆင့်အတန်းကို ရရှိနိုင်မှာ။ ငါတို့ ရှန်းရွှီတိုက်ကြီးအတွက်လည်း ဒီရွေးချယ်မှုက အင်မတန် အရေးကြီးတယ်လေ။ ကောင်းကင်နတ်ဘုရားဂိုဏ်းသား ဖြစ်လာရင် ကောင်းကောင်း ဆုချီးမြှင့်မှာပါ"
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက လုမင်ကိုကြည့်ကာ နူးညံ့သော အပြုံးဖြင့် ပြောလိုက်သည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းကြောင့် သူ အံ့အားသင့်သွားခဲ့ရလေသည်။
နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက်နှင့် ထိုသို့သော တိုက်ခိုက်နိုင်စွမ်း ပိုင်ဆိုင်ထားခြင်းက အမှန်ပင် ရှားပါးသည်။
"နောက်ပြီးတော့..."
အနက်ရောင်ဝတ် လူလတ်ပိုင်း အမျိုးသားက လုမင်ကိုကြည့်ကာ ပြောလိုက်သည်။
"မုဖုန်း၊ လုမင်ကို တောင်းပန်လိုက်ပါ"
"ဘယ်လိုဗျ၊ အကြီးအကဲ... သူ့ကို တောင်းပန်စေချင်တာလား။ မဖြစ်နိုင်ဘူး၊ ဒါက လုံးဝမဖြစ်နိုင်ဘူး"
မာနကြီးသော လူငယ်လေး ထအော်လိုက်သည်။
"တကယ်လား"
အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက စူးရှသော မျက်လုံးများဖြင့် မုဖုန်းကို ကြည့်လိုက်၏။
မုဖုန်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးမှာတော့ အံကိုတင်းတင်းကြိတ်ကာ ထွက်လာရတော့သည်။ သူက လုမင်ကို လက်ယှက်ပြပြီး ပြောလိုက်သည်။
"လုမင်၊ ငါ မှားသွားပါတယ်"
ပြောပြီးသည်နှင့် မျက်နှာမဲ့ကာ တစ်ဖက်လှည့်သွားတော့သည်။
လုမင်က အနည်းငယ်ပြုံးလိုက်သည်။ ၎င်းကို ဆက်လက် နှောင့်ယှက်နေရန် စိတ်ကူးမရှိပေ။
"လုမင်၊ မင်းဘယ်လိုထင်လဲ"
အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက မေးလိုက်သည်။
"ဆရာကြီးက အင်မတန် ရိုးသားတာပဲ၊ ကျွန်တော် ဘယ်လိုငြင်းနိုင်မှာလဲ"
လုမင် ပြောလိုက်သည်။
သူက စိတ်မကျေနပ်သောကြောင့်သာ အနက်ရောင်ဝတ် လူလတ်ပိုင်းအမျိုးသားကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်းမှာတော့ ဤသို့သော အခွင့်အလမ်းမျိုးကို လက်လွတ်မခံချင်ပေ။
"ကောင်းပြီ၊ မင်းတို့ဆယ့်နှစ်ယောက် သင်္ဘောပေါ်ကို တက်လိုက်ပါ။ ငါတို့နဲ့အတူ ရှန်းရွှီတိုက်ကြီးကို သွားကြရမယ်!"
အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက ကြေညာလိုက်သည်။
"ဆရာကြီး၊ ခဏလောက်နေပါဦး။ ကျွန်တော် လုပ်စရာရှိလို့၊ ဆယ်မိနစ်လောက်ဆိုရင် လုံလောက်ပါပြီ"
ဤအခိုက်တွင် လုမင်က ထပ်မံပြောလိုက်သည်။
အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား အံ့အာသင့်သွား၏။ သို့သော်လည်း ခေါင်းညိတ်ပြလိုက်သည်။
"အင်း၊ အဆင်ပြေတယ်"
"ကျေးဇူးတင်ပါတယ် ဆရာကြီး"
လုမင်က လက်ယှက်ပြပြီး တစ်စုံတစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
၎င်းက တိရှန်။
"ဝှစ်"
"သတ်"
လုမင်က နဝမဂါးခြေလှမ်းကိုသုံးကာ ခြေကိုးလှမ်း ဆင့်လှမ်းလိုက်၏။ သူ့ပုံရိပ်က တိရှန်အရှေ့တွင် ခဏချင်း ပြန်ပေါ်လာကာ လက်ဝါးနှင့် ရိုက်ချလိုက်တော့သည်။