အခန်း ၁၁၉၂
Vol. 80 Ch. 1192
အပိုင်း ( 1192 ) ထွက်သွား။
"အိုး၊ သတိပေးတာ ကျေးဇူးတင်ပါတယ် ညီနောင်ရဲ့"
လုမင်က လက်ယှက်ပြကာ ပြောလိုက်သည်။
"ဟားဟားဟား၊ ယဉ်ကျေးလွန်းပါပြီ။ ညီနောင်လုနဲ့ မိန်းကလေး၊ ဒီသင်္ဘောက မသေးပါဘူး။ အထဲမှာ တခြားအရာတွေ ရှိသေးတယ်။ ငါ မင်းကို လိုက်ပြပါရစေ"
ရဲ့ချွမ်က ပြုံးလျက် ပြောလိုက်သည်။
ရဲ့ချွမ်က အလွန်စိတ်အားထက်သန်နေသောကြောင့် လုမင်လည်း မငြင်းနိုင်တော့ပေ။ သူနှင့် ရှဲ့နျန်ချင်းလည်း တံခါးပေါက်မှ ရဲ့ချွမ်နှင့်အတူ ဝင်လိုက်သွားခဲ့သည်။
ထိုပါ့ရှီကလည်း လုမင်အနောက်ကို လိုက်သွားခဲ့၏။
ယခုအခါ သားရဲတစ်ရာမျိုးနွယ်စုက လုမင်ထံသို့ သစ္စာခံပြီးပြီ ဖြစ်သည်။ သူကိုယ်တိုင်လည်း လုမင်ထံတွင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့၍ အလွန် လေးစားမိခဲ့၏။ ထို့ကြောင့် သူက လုမင်၏ လက်အောက်ခံဖြစ်လာကာ သူ့ဘေးတွင် လိုက်ပါခဲ့ပေသည်။
ဤစစ်သင်္ဘောက တကယ်ကြီးမားသည်။ ဧည့်ခန်း၊ လေ့ကျင့်ခန်း၊ ဆေးဝါးဖော်စပ်ခန်းနှင့် ပန်းပဲပညာအခန်းများအပါအဝင် အရာအားလုံး ရှိလေသည်။
အစားအသောက်နှင့် အဖျော်ယမကာများ မှာယူနိုင်သည့် စားသောက်ဆိုင်များပင် ရှိသည်။ သို့သော်လည်း ၎င်းတို့ကို ကျောက်ကြမ်းများနှင့် ပေးချေကြရပေသည်။
ရဲ့ချွမ်က လုမင်နှင့် အခြားသူများကို အမြင်ကျယ်စေခဲ့သည်။
အဆုံးမှာတော့၊ လုမင်နှင့် တခြားသူများလည်း အနားယူရန် ကျပန်း အခန်းတစ်ခုကို ရွေးချယ်ခဲ့လေသည်။
သင်္ဘော၏အမြန်နှုန်းက အလွန်လျင်မြန်သော်လည်း ရှမ်းဟွမ်တိုက်ကြီးနှင့် ရှန်းရွှီတိုက်ကြီးကြားရှိ အကွာအဝေးက ဝေးကွာလွန်းလှသည်။ ဤစစ်သင်္ဘောနှင့်ပင် ပျံသန်းသွားရန် တစ်လခန့် ကြာမြင့်ပါဦးမည်။
ထို့ကြောင့် သင်္ဘောပေါ်တွင် အချိန်ဖြုန်းကြရမည်ဖြစ်သည်။
"ဝမ်"
ရုတ်တရက်၊ စစ်သင်္ဘောက အနည်းငယ် တုန်ခါသွားခဲ့သည်။ စစ်သင်္ဘောက အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် မြောက်ဘက်ကို တိုးထွက်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်သင်္ဘောက မြေအမြုတေ ရေကန်အထက်မှ ကွယ်ပျောက်သွားတော့သည်။
သင်္ဘောက စတင်ပျံသန်းပြီးနောက်တွင် မြေပြင်ကဲ့သို့ ပြန်လည် တည်ငြိမ်သွားခဲ့သည်။
လုမင်လည်း အခန်းထဲသို့ဝင်ကာ မျက်လုံးမှိတ်ပြီး အနားယူလိုက်လေသည်။
နေ့ဝက်ခန့် ကြာမြင့်ပြီးနောက် လုမင်နှင့် ရှဲ့နျန်ချင်းလည်း စားသောက်ဆိုင်သို့ ထမင်းစားရန် ထွက်ခဲ့သည်။
စားသောက်ဆိုင်သို့ ရောက်သောအခါတွင် ရင်းနှီးသောမျက်နှာအချို့အား တွေ့လိုက်ရ၏။
ခြင်္သေ့မင်းနှင့် ခုန်းလင်းတို့က စားပွဲတစ်ခုတွင် ထိုင်နေကြသည်။ လုမင်ကို တွေ့လိုက်ရသောအခါ သူတို့ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့၏။
ယခင်က၊ လုမင်သည် မုဖုန်းကို အလွယ်တကူ အနိုင်ယူခဲ့သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ၎င်းတို့ကို ထိတ်လန့်သွားစေခဲ့ပေသည်။
ထို့အပြင်၊ စားပွဲတစ်ခုတွင် တစ်ယောက်တည်းထိုင်ကာ အေးအေးလူလူ အရက်သောက်နေသော လုံချန်ကိုလည်းတွေ့ခဲ့ရသည်။
အခြားစားပွဲတစ်ခုမှာတော့ ပြောင်ပြောင်လက်နေသော ခေါင်းနှစ်လုံးကို တွေ့လိုက်ရလေသည်။
၎င်းက ဝူယွဲ့သီလရှင်နှင့် ရဟန်းဝူလျန့် ဖြစ်သည်။
ဤအခိုက်တွင် ဝူယွဲ့သီလရှင်က လက်ဖက်ရည်သောက်နေသည်။ ရဟန်းဝူလျန့်ကတော့ နတ်ဆိုးသားရဲ အသားတစ်တုံးကို အရသာခံ ဝါးနေခဲ့၏။ သူ၏ ပါးစပ်တဝိုက်သည်ပင် ဆီများ ရွှဲနစ်နေခဲ့ပြီ။
လုမင်နှင့် ရှဲ့နျန်ချင်းကိုတွေ့တော့ ရဟန်းဝူလျန့်က နှုတ်ဆက်လိုက်သည်။
"ဒကာတော်လုနဲ့ မိန်းကလေးရှဲ့ပါလား။ ဒီကိုလာကြပါ"
"ကျေးဇူးတင်ပါတယ်၊ ငါမင်းကို မနှောင့်ယှက်တော့ဘူး"
လုမင်က ပြုံးပြီး ရှဲ့နျန်ချင်းနှင့်အတူ ဆက်လျှောက်သွားခဲ့သည်။
အခြား စားပွဲတစ်ဖက်တွင်မူ၊ အဖြူရောင်ဝတ်စုံနှင့် အဆင်းလှသော မိန်းကလေးတစ်ဦး ထိုင်နေခဲ့၏။ သူမက ရှဲ့နျန်ကျွင်း ဖြစ်သည်။
လုမင်နှင့် ရှဲ့နျန်ချင်းကိုမြင်တော့ ရှဲ့နျန်ကျွင်း၏ မျက်လုံးများက အေးစက်သွားခဲ့သည်။ သူမက ရှဲ့နျန်ချင်းကိုကြည့်ပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။
"ငါတို့ ရှမ်းဟွမ်တိုက်ကြီးကို ပြန်ရောက်တဲ့အခါ နင့်ကို ငါကိုယ်တိုင်ဖမ်းပြီး ငရဲကိုးခု နတ်ဆိုးနယ်မြေမှာ ဖိနှိပ်မယ်"
"နင်က လား၊ စိတ်မပူပါနဲ့။ ရှမ်းဟွမ်တိုက်ကြီးကို ပြန်သွားစရာ မလိုဘူး၊ ရှန်းရွှီတိုက်ကြီးမှာပဲ နင့်ကို ငါ့ခြေထောက်အောက်မှာ နင်းချေမယ်"
ရှဲ့နျန်ချင်းက လျစ်လျူရှုစွာ ပြောလိုက်သည်။
ထို့နောက်မှာတော့ လုမင်ကို ဆွဲခေါ်ကာ အခြား စားပွဲတစ်ခုဆီသို့ လျှောက်သွားတော့သည်။
ထိုမြင်ကွင်းကို အခြားတစ်ဖက်မှ မုဖုန်းက မြင်လိုက်ရသည်။
'ရုပ်ချင်း ဒီလောက်ဆင်တဲ့ မိန်းမလှလေးနှစ်ယောက်က တစ်မိသားစုထဲက ဖြစ်ရမယ်၊ ဒါပေမဲ့ သူတို့ကြားမှာ ရန်စတွေ ရှိနေတဲ့ပုံပဲ။ ဟီးဟီး၊ ဒါဆိုရင် ငါအရင်ဆုံး အဖြူရောင်ဝတ်ထားတဲ့ မိန်းမကို ဖြုတ်ချလိုက်မယ်။ ဟိုမိန်းမကိုတော့ ရှန်းရွှီတိုက်ကြီးကိုရောက်မှ ဆက်ပြီး စီစဉ်မယ်"
မုဖုန်းက စိတ်ထဲမှ အေးစက်စက်ဖြင့် ကြုံးဝါးလိုက်သည်။
ရှဲ့နျန်ချင်းနှင့် ရှဲ့နျန်ကျွင်းတို့ ညီအစ်မ နှစ်ယောက်စလုံးက ယုတ္တိမတန်သော အလှလေးများ ဖြစ်သည်။ သို့သော်လည်း သူတို့၏ စိတ်နေစိတ်ထားများကား ကွဲပြား၏။ ဤသည်က မုဖုန်း၏ နှလုံးသားကို အမှန်တကယ် လှုပ်ခတ်ကာ ပူလောင်စေခဲ့သည်။
မူလက ရှဲ့နျန်ချင်းနှင့် လုမင်က အလွန်ရင်းနှီးပုံရကြောင်းမြင်ရသောအခါ ရှဲ့နျန်ကျွင်းကိုလည်း လုမင်နှင့် ရင်းနှီးသူဟု ထင်ခဲ့မိသည်။ ထိုအတွက် သူသည် လုမင်ကိုကြောက်ပြီး မလှုပ်ရှားဝံ့ခဲ့ပေ။ သို့သော်လည်း ယခုအခါ ရှဲ့နျန်ကျွင်းက လုမင်နှင့် တစ်ဖွဲ့တည်းမဟုတ်ကြောင်း သူမြင်လိုက်ရသည်။ ထိုအတွက် သူ့နှလုံးသားက ခဏချင်းပင် တက်ကြွလာတော့သည်။
မုဖုန်းက လွန်စွာ ဆွဲဆောင်မှုရှိပြီဟု သူယူဆသော အပြုံးတစ်ခုကို ထုတ်ဖော်ကာ ရှဲ့နျန်ကျွင်းဆီသို့ လျှောက်သွားလိုက်သည်။
"မိန်းကလေး၊ ငါ ဒီမှာ ထိုင်လို့ရမလား"
ရှဲ့နျန်ကျွင်းက မုဖုန်းကို အေးစက်စက်ဖြင့် ကြည့်လိုက်၏။ သို့သော်လည်း ဘာမျှတော့ မပြောပေ။
ထိုင်ခုံတွင် ဝင်ထိုင်ရင်းနှင့် မုဖုန်းက မျက်မှောင်အနည်းငယ်ကုတ်ကာ ပြောလိုက်သည်။
"ငါ့နာမည်က မုဖုန်းပါ၊ မိန်းကလေးလည်း ငါ့အကြောင်းကို အရင်က ကြားဖူးမယ်လို့ ယုံကြည်တယ်။ မင်း ရှန်းရွှီတိုက်ကြီးကို သွားတဲ့အခါ သတိထားရမဲ့အရာတွေ အများကြီးရှိတယ်လေ။ ရှန်းရွှီတိုက်ကြီးက ရှမ်းဟွမ်တိုက်ကြီးနဲ့ မတူဘူး။ ရှမ်းဟွမ်တိုက်ကြီးက သေးငယ်တဲ့နေရာဖြစ်ပေမဲ့ ရှန်းရွှီတိုက်ကြီးမှာတော့ ကျွမ်းကျင်သူတွေနဲ့ ပါရမီရှင် မရေမတွက်နိုင်အောင် ရှိကြတယ်။ မိန်းကလေးကို သတိထားရမဲ့ အချက်တချို့အကြောင်း အရင်ပြောထားတဲ့အခါ မတော်တဆမှုတွေကို ရှောင်လွှဲနိုင်တာပေါ့"
မုဖုန်း၏ လေသံက မောက်မာမှု အရိပ်အမြွက်တို့ ပေါ်လွင်နေခဲ့၏။
'မင်းတို သေးငယ်တဲ့ အရပ်က လူတွေ ကြီးမားတဲ့ နေရာကို သွားတဲ့အခါ ပိုပြီး အာရုံစိုက်ရမယ်၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါ မင်းကို အကြံဉာဏ် ပေးလို့ရတယ်'ဟု ပြောနေသကဲ့သို့ပင် ဖြစ်သည်။
မုဖုန်း၏ အမြင်မှာတော့ ထိုသို့ဖြစ်လျှင်ပင် ရှဲ့နျန်ကျွင်းကို သူ ဂရုစိုက်ကြောင်း ဖော်ပြပြီးခဲ့ပြီ။
"ထွက်သွား"
ရှဲ့နျန်ကျွင်းထံမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့စကားသံက စားသောက်ဆိုင်တစ်ဝိုက်တွင် ပျံ့နှံ့သွား၏။
မုဖုန်း၏မျက်နှာက သုန်မှုန်သွားကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
"မိန်းကလေး၊ မင်းဘာတွေပြောနေတာလဲ"
"ထွက်သွားလို့ပြောတာ၊ နင် နား မကြားဘူးလား"
ရှဲ့နျန်ကျွင်းက အေးစက်စက်ဖြင့် ပြောလိုက်၏။ မုဖုန်းကိုကြည့်သော သူမ၏ မျက်လုံးများက ရွံရှာမှုအရိပ်အယောင်များပင် ပေါ်လွင်လာတော့သည်။
"မင်း... အတင့်ရဲလိုက်တဲ့ ခွေးမ၊ ငါ မင်းကို ကြင်နာမှုနဲ့ သတိပေးခဲ့တယ်၊ ဒါပေမဲ့ မင်းက ငါ့ရဲ့ ကြင်နာမှုကို ဘယ်လို တန်ဖိုးထားရမှန်းမသိဘူး။ ငါ့ကိုတောင် စော်ကားဝံ့တယ်။ အခု ဒူးထောက်ပြီး တောင်းပန်စမ်း"
မုဖုန်း၏မျက်နှာက မည်းမှောင်သွားကာ အေးစက်စက်ဖြင့် ကြိမ်းမောင်းလိုက်သည်။
သူ့နှလုံးသားထဲတွင် ဒေါသများ ပြည့်နှက်သွား၏။ ယခင်က လုမင်ဟာ သူ့ကို ဒဏ်ရာရအောင် လုပ်ဝံ့ခဲ့သည်။ ထိုစဉ်ကတည်းက သူ့နှလုံးသားထဲတွင် ဒေါသတို့ ပြည့်နေခဲ့ပေသည်။ ယခုဆိုလျှင်၊ ရှဲ့နျန်ကျွင်းသည်ပင် သူ့ကို ကြိမ်းမောင်းဝံ့နေပြီ ဖြစ်သည်။ သူ့ကို မည်သူဟု ထင်နေကြသနည်း။
ရှဲ့နျန်ကျွင်းက မုဖုန်းကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ပြီးနောက် ထရပ်ကာ လှည့်ထွက်သွားခဲ့သည်။
မုဖုန်းက အရှက်မဲ့ပြီး ထွက်မသွားသောကြောင့် သူမ ထွက်သွားလိုက်တော့မည်။
"ခွေးမ၊ မင်းထွက်သွားချင်ရင် ဒူးထောက်ပြီး မင်းအမှားကို ဝန်ခံလိုက်ပါ။ ပြီးရင် ငါ့ကျွန်အဖြစ် သုံးနှစ်ကြာအောင်နေရမယ်"
မုဖုန်က အေးစက်စက်ဖြင့် ကြိမ်းမောင်းရင်း ရှဲ့နျန်ကျွင်းကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ရှဲ့နျန်ကျွင်းလည်း ပြန်လှည့်ကာ လက်ဝါးနှင့် ရိုက်ချလိုက်၏။
"ဝုန်း"
လက်ဝါးနှစ်ဖက် ရိုက်မိသောအခါ ရှဲ့နျန်ကျွင်း၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး အနောက်ဘက်သို့ ခြေလှမ်းငါးလှမ်း ဆုတ်လိုက်ရသည်။ သို့သော်လည်း၊ မုဖုန်းပါ နောက်ပြန်ဆုတ်သွားခဲ့ရ၏။
"စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရား၊ မင်းမှာ အရည်အချင်းရှိတာပဲ။ ဒါပေမဲ့ မင်းက စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရား ဖြစ်လာရင်တောင် ငါ့ကို တိုက်ခိုက်ဖို့ စောလွန်းသေးတယ်"
မုဖုန်း၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ ရှမ်းဟွမ်တိုက်ကြီးတွင် လုမင်ကဲ့သို့သော ပါရမီရှင်တစ်ဦး ရှိနေဦးမည်ဟု မမျော်လင့်ထားခဲ့ပေ။ ဤမိန်းကလေး၏ ကျင့်ကြံမှုကလည်း အလွန်အားကောင်းကာ စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ချက်ချင်းဆိုသလိုပဲ မုဖုန်း၏ မျက်နှာက ပြန်လည် အေးစက်လာခဲ့၏။ သူ့မျက်လုံးထဲမှ မီးတောက်မီးလျှံများကလည်း ပို၍ အားကောင်းလာတော့သည်။
"ဝုန်း ဝုန်း"
မုဖုန်း၏ လက်ဝါးရိုက်ချက်များက ရှဲ့နျန်ကျွင်းကို အဆက်မပြတ် ဖုံးအုပ်သွားခဲ့သည်။
"ဝှစ်"
ထိုအခိုက်တွင် အရက်ခွက်တစ်လုံးက မုဖုန်း၏ မျက်နှာဆီသို့ ပြေးဝင်လာသည်။ အရက်ခွက်က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို သယ်ဆောင်လာကာ မုဖုန်း၏ လက်ဝါးရိုက်ချက်များအား အနှောင့်အယှက်ပေးသွားတော့သည်။
"ဘယ်ကောင်လဲကွ၊ သေချင်နေတာလား"
မုဖုန်းက အရက်ခွက်ကို လက်ဝါးဖြင့် ရိုက်ခွဲလိုက်သည်။ သူက အေးစက်စက်ဖြင့် ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်၏။ နောက်ဆုံးတွင်၊ သူ့အကြည့်က လုံချန်ဆီသို့ ကျရောက်သွားခဲ့သည်။
ဤအရက်ခွက်က လုံချန်ထံမှ လွင့်ထွက်လာခြင်း ဖြစ်ချေသည်။
"ဟေ့ကောင်၊ အဲဒါ မင်းလား"
မုဖုန်းက လုံချန်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။
"သူသွားပါစေ"
လုံချန်က တည်ငြိမ်စွာပြောသည်။
"ဟားဟားဟား၊ ကောင်လေး... မင်းကိုယ်မင်း ဘယ်သူထင်လို့လဲ။ ကိုယ့်ကိုယ်ကိုယ် ပိုတွက်နေတာပဲ။ ငါ မင်းကို အခုချက်ချင်း ဖိနှိပ်မယ်၊ မင်းဘာတတ်နိုင်မလဲ ကြည့်ရသေးတာပေါ့"
မုဖုန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။
သူ့စိတ်ထဲတွင် ဒေါသများ တလိပ်လိပ် တိုးလာခဲ့၏။
ရှမ်းဟွမ်တိုက်ကြီးမှ ဤအမှိုက်များက အမှန်တကယ်ပင် သူ့ကို သူတို့မျက်လုံးထဲ မထည့်ပေ။ သူတို့အားလုံးက တကယ်ကို သေသင့်သည်။
သူ့ကို စော်ကား၍လွယ်သည်ဟု သူတို့ ထင်နေကြသလော။
ပထမဆုံး လုမင်၊ ထို့နောက်တွင် ရှဲ့နျန်ချင်း၊ ယခုအခါ လုံချန်အထိ ရောက်လာပြီ ဖြစ်သည်။
သူ့စိတ်ထဲမှ သတ်ဖြတ်ချင်စိတ်များက အလွန် အားကောင်းလာတော့သည်။