အခန်း ၁၁၉၄
Vol. 80 Ch. 1194
အပိုင်း ( 1194 ) ပဋိပက္ခဖြစ်ရန် လှုံ့ဆော်ခြင်း။
လူအားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ရှမ်းဟွမ်တိုက်ကြီးမှ ပါရမီရှင်များကတော့ တိတ်တဆိတ် တုန်လှုပ်သွား၏။ ရှမ်းဟွမ်တိုက်ကြီးတစ်ဝိုက်တွင် စုစုပေါင်း တိုက်ကြီး လေးဆယ့်နှစ်ခု ရှိသည်။ ကြီးမားကျယ်ပြန့်သော ရှမ်းဟွမ်တိုက်ကြီးက အမှန်တကယ်ပင် ၎င်းတို့ထဲမှ တစ်ခုသာ ဖြစ်၏။ ယင်းက တကယ့်ကို တုန်လှုပ်စရာပါပင်။
ယွမ်လောကစကြာဝဠာ တစ်ခုလုံးတွင် ထိုသို့သော တိုက်ကြီးများစွာ ရှိနေသည်ဟု ဆိုသည်။ ၎င်းက ရိုးရိုးရေတွက်ရန် မဖြစ်နိုင်ဘဲ ယွမ်လောကစကြာဝဠာ မည်မျကြီးမားမှန်း မည်သူမျှ မသိခဲ့ကြပေ။
"ကိုင်း၊ အခုတော့ ဒီလောက်ပဲ သိထားကြဦး။ ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ တပည့်ရွေးချယ်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တိုက်ကြီးကိုးခု စုံညီတဲ့အခါမှ အားလုံးကို ပြောပြမယ်။ အခုတော့ ငါတို့ တောင်ပိုင်းနတ်ဘုရားနန်းတော်ထဲကို သွားကြမယ်"
အနက်ရောင်ဝတ် လူလတ်ပိုင်းအမျိုးသားက ပြောဆိုပြီးနောက် ခြေတစ်ချက်လှမ်းကာ သင်္ဘောအတွင်းမှ ပျံသန်းထွက်လိုက်သည်။
မုဖုန်း၊ ရဲ့ချွမ်၊ လုမင်နှင့် အခြားသူများလည်း သင်္ဘောတွင်းမှ ပျံသန်းထွက်လာခဲ့၏။
ထို့နောက်မှာတော့ ပင်လယ်ကူး သင်္ဘောက အခြားလမ်းကြောင်းတစ်ခုကို လှည့်၍ ပျံသန်းသွားတော့သည်။
သူတို့လူစုလည်း လေထဲမှပင် တောင်ပိုင်းနတ်ဘုရားနန်းတော်ဆီသို့ ပျံသန်းသွားကြသည်။
သူတို့ရှေ့တွင် ရှေးဟောင်းမြို့ကြီးတစ်ခု ပေါ်လာခဲ့၏။ ၎င်းက တောင်ပိုင်း နတ်ဘုရားနန်းတော်၏ နယ်မြေဖြစ်ကာ အလွန်ကျယ်ဝန်းပြီး မရေမတွက်နိုင်သောလူများနေထိုင်လျက်ရှိသည်။
ရှေးဟောင်းမြို့ကို စောင့်ကြပ်နေသော ကျွမ်းကျင်သူများက အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်ရသောအခါ လေးလေးစားစား ဦးညွတ်လိုက်လေသည်။ သူတို့လူစုလည်း ရှေးဟောင်းမြို့ထဲကို ဆက်လက် ဝင်လာခဲ့ကြသည်။
ရှေးဟောင်းမြို့တော်ကြီးသည် တောင်များ၊ မြစ်ချောင်းများနှင့် ရေကန်များရှိပြီး ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ ကြီးမားလွန်းလှသည်။
မကြာမီပင် သူတို့အားလုံး ရင်ပြင်တစ်ခုပေါ်သို့ ဆင်းသက်လာခဲ့ကြလေသည်။
"မင်းတို့ ဒီမှာခဏစောင့်ပါ၊ ခဏနေရင် မင်းတို့ရဲ့နေအိမ်ကိုစီစဉ်ပေးဖို့ တစ်ယောက်ယောက် လာလိမ့်မယ်"
အနက်ရောင်ဝတ် လူလတ်ပိုင်းအမျိုးသားက ပြောလိုက်သည်။ ထို့နောက်မှာတော့ လေထဲတွင် ပျံသန်းပျောက်ကွယ်သွားတော့သည်။
နောက်မှာတော့ အေးစက်စက်အမူအရာနှင့် မုဖုန်းရှိနေခဲ့သည်။ ၎င်းက အသံလွှင့်အဆောင်တစ်ခုကို လက်ထဲတွင်ကိုင်ထားကာ တိတ်တဆိတ် သတင်းပို့လိုက်၏။ ထို့နောက်မှာတော့ သူ့မျက်နှာတွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာတော့သည်။
မကြာမီပင်၊ လူလတ်ပိုင်း အမျိုးသားနှစ်ယောက် ပျံသန်းလာပြီး လုမင်နှင့် အခြားသူများရှေ့တွင် ဆင်းသက်လိုက်သည်။
"မင်းတို့ ရှမ်းဟွမ်တိုက်ကြီးက ပါရမီရှင်တွေ၊ ငါတို့နောက်ကနေ လိုက်ခဲ့ပါ"
ပြောဆိုပြီးနောက် လူလတ်ပိုင်းနှစ်ယောက်က လှည့်ကာ ပျံသန်းသွား၏။ လုမင်နှင့် အခြားသူများလည်း အနောက်မှ ပျံသန်း လိုက်ပါသွားတော့သည်။
ရင်ပြင်နှင့် မနီးမဝေးတွင် တောင်ထိပ်နှစ်ခု ရှိခဲ့သည်။
တောင်ထိပ်နှစ်ခုက အမွှာများကဲ့သို့ အနိမ့်၊ အမြင့် နီးကပ်စွာ တည်ရှိနေခဲ့ကြ၏။
အဝေးမှ လှမ်းကြည့်လျှင်တော့ တောင်ထိပ်နှစ်ခုပေါ်တွင် တည်ဆောက်ထားသော သီးခြား ခြံဝင်းကြီးများကို မြင်တွေ့ကြရပေလိမ့်မည်။
ကျွမ်းကျင်သူနှစ်ဦးက သူတို့ကို ဦးဆောင်ကာ ပိုမြင့်မားသောတောင်ဆီသို့ ပျံသန်းသွားကြသည်။
ခဏအကြာတွင် တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ကြ၏။
တောင်ထိပ်တွင် သဘာဝစွမ်းအင် ကြွယ်ဝပြီး မြင့်မားသော ရှေးဦးသစ်ပင်ကြီးများရှိကာ နတ်သားရဲများလည်း သွားလာနေသည်။ ပတ်ဝန်းကျင်က အလွန်ကောင်းမွန်ကာ အဆောက်အဦးများကလည်း သပ်ရပ်၏။ အချို့ ခြံဝင်းများက သစ်တောများထဲတွင် တည်ဆောက်ထားလေသည်။
"ဒီတောင်ကို စစ်သူကြီးတောင်လို့ ခေါ်တယ်၊ အဲဒီ ပိုနိမ့်တဲ့ တောင်ကတော့ တပ်သားတောင်တဲ့။ ဒီတောင်နှစ်လုံးကိုကြည့်ရင် တပ်သားတစ်ယောက်က စစ်သူကြီးဆီကို လာလည်သလို ခံစားရလိမ့်မယ်"
ကျွမ်းကျင်သူတစ်ယောက်က ပေါ့ပေါ့ပါးပါး မိတ်ဆက်ပေးလိုက်သည်။
လုမင်နှင့် အခြားသူများ ကြည့်လိုက်ကြသော အခါမှာလည်း စစ်သူကြီးဆီကို လာရောက်လည်ပတ်သော တပ်သားတစ်ဦးနှင့်တူကြောင်း ခံစားလိုက်ရလေသည်။
သူတို့ဘက်မှ တပ်သားတောင်ကို အပေါ်စီးမှ ငုံ့ကြည့်ကြနိုင်သည်။
"မင်းတို့ ဒီမှာ ကိုယ်ကြိုက်တဲ့ခြံဝင်းကို ရွေးချယ်ပြီးတော့ နေလို့ရပါတယ်။ ငါတို့ သွားမယ်"
ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။ ထို့နောက်မှာတော့ နှစ်ယောက်စလုံး ပျံသန်းထွက်ခွာသွားတော့သည်။
"ငါ့ဆံပင်၊ ဒီရဟန်းက ဒီခြံဝင်းကိုပဲ ရွေးရမယ်၊ ဂိုဏ်းတူညီမလေးဝူယွဲ့ကော... မင်း ငါနဲ့ အတူနေချင်ရဲ့လား"
ရဟန်းဝူလျန့်က ခြုံဝင်းတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။ ထို့နောက အထဲသို့မဝင်ခင် ဝူယွဲ့သီလရှင်အား လှည့်မေးလိုက်၏။
ဝူယွဲ့သီလရှင်လည်း ရဟန်းဝူလျန့်ကို လျစ်လျူရှုကာ အခြား ခြံဝင်းတစ်ခုကိုရှာရန် ထွက်သွားတော့သည်။
ဤနေရာတွင် ခြံဝင်းများစွာရှိ၍ စိတ်ကြိုက်ရွေးချယ်ယူနိုင်သည်။
လုမင်နှင့် ရှဲ့နျန်ချင်းလည်း အတူယှဉ်တွဲကာ လျှောက်လှမ်းသွားခဲ့ကြလေသည်။ သူတို့နှစ်ဦးက ချောက်ကမ်းပါးနားမှ ခြံဝင်းတစ်ခုကို ရွေးချယ်ကာ ဝင်သွားခဲ့ကြသည်။
ခြံဝင်းက အလွန်ကျယ်ဝန်းကာ လူပေါင်းများစွာ တည်းခိုနိုင်သော အခန်းများစွာ ရှိသည်။ ထို့အပြင် ပတ်ဝန်းကျင်ကလည်း သပ်ရပ်သောကြောင့် နှစ်ယောက်လုံး စိတ်ကျေနပ်သွားကြလေသည်။
..........
အချိန်များ ကုန်လွန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လုမင်တို့တတွေ တောင်ပိုင်းနတ်ဘုရားနန်းတော်သို့ ရောက်ရှိလာသည်မှာ သုံးရက်ကြာသွားပြီ ဖြစ်သည်။
ယနေ့တွင် နောက်ထပ် ကြယ်ပင်လယ်ကူး သင်္ဘောကြီးတစ်စင်း ရှေးဟောင်းမြို့အပြင်ဘက်ကို ရောက်လာသည်။ အတွင်းမှ လူတစ်စု ပြေးထွက်လာခဲ့၏။
"ဒါက ရှန်းရွှီတိုက်ကြီးရဲ့ တောင်ပိုင်းဘုရားနန်းတော်ပဲလား"
လူအုပ်ကြားတွင် လူငယ် တစ်ဒါဇင်ကျော် ရှိသည်။ သူတို့ရှေ့မှ ရှေးဟောင်းမြို့တော်ကိုကြည့်ရင်း အားလုံး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုအလင်းများ တောက်ပလာခဲ့ကြလေသည်။
ထို့နောက်တွင်၊ သူတို့က လုမင်တို့ တစ်ထောက်နားရာဖြစ်သည့် ရင်ပြင်ပေါ်တွင် ဆင်းသက်ခဲ့ကြသည်။
မကြာမီပင်၊ ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်နှင့် လူလတ်ပိုင်း အမျိုးသားတစ်ယောက် ထွက်လာခဲ့၏။
ထိုလူငယ်ကတော့ အမှန်တကယ် မုဖုန်း ဖြစ်သည်။
"ရှန်းအဲ့တိုက်ကြီးက ရောင်းရင်းတွေ၊ မင်းတို့အတွက် တည်းခိုဖို့ကို စီစဉ်ပြီးပါပြီ။ ငါတို့နောက်ကို လိုက်ခဲ့ကြ"
မုဖုန်းက ပြောလိုက်သည်။
ရှန်းအဲ့တိုက်ကြီး၏ ပါရမီရှင်များလည်း ခေါင်းညိတ်လိုက်လေသည်။ စုစုပေါင်း လူ ဆယ့်ငါးယောက်ရှိသည်။ သူတို့အားလုံးက မုဖုန်းနှင့် လူလတ်ပိုင်း အမျိုးသားနောက်မှ ပျံသန်းသွားကြသည်။
သူတို့က စစ်သူကြီးနှင့် တပ်သားတောင်ဘက်ကို ပျံသန်းလာခဲ့၏။ သို့သော်လည်း စစ်သူကြီးတောင်သို့ မရောက်ကြဘဲ တပ်သားတောင်တွင် ဆင်းသက်လိုက်ပေသည်။
"ညီနောင်မု၊ ဟိုတောင်ပေါ်က ရှုခင်း ပိုကောင်းမယ်ထင်တယ်။ အဲဒီတောငိပေါ်မှာ ငါတို့နေလို့ ရမလား"
ရှန်းအဲ့တိုက်ကြီးမှ လူငယ်တစ်ဦးသည် စစ်သူကြီးတောင်ကို မျှော်ကြည့်ရင်းမှ မေးလိုက်သည်။
"စိတ်မကောင်းပါဘူးညီနောင်၊ အဲဒီတောင်ကို တိုက်ကြီးတစ်ခုက သိမ်းပိုက်ထားပြီးပြီ"
မုဖုန်းက ပြုံးလျက် ပြော၏။
"တိုက်ကြီးတစ်ခုက သိမ်းပိုက်ထားတာလား။ ဘယ်တိုက်ကြီးလဲ"
ထိုလူငယ်အပြင် ရှန်းအဲ့တိုက်ကြီးမှ အခြားလူငယ်များလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
တပ်သားတောင်သည် စစ်သူကြီးတောင်ထက် ပို၍ နိမ့်၏။ သူတို့က တစ်ပါးသူကို မျှော်ကြည့်ရသော ပုံစံမျိုးဖြစ်ရာ အားလုံး စိတ်မသက်မသာ ဖြစ်သွားကြလေသည်။
"အဲဒါက ရှမ်းဟွမ်တိုက်ကြီးက လူတွေပါပဲ။ ရှမ်းဟွမ်တိုက်ကြီးကလူတွေ နေတဲ့တောင်ကို စစ်သူကြီးတောင်လို့ ခေါ်တယ်။ ဒီတောင်ကိုတော့ တပ်သားတောင်တဲ့"
မုဖုန်းက ရှင်းပြလိုက်သည်။
"စစ်သူကြီးတောင်၊ တပ်သားတောင်လား။ ဟာသပဲ၊ ရှမ်းဟွမ်တိုက်ကြီးရဲ့ လူတွေကျတော့ စစ်သူကြီးတောင်မှာနေပြီး ငါတို့ကျမှ ဘာဖြစ်လို့ တပ်သားတောင်မှာ နေကြရမှာလဲ။ ရှမ်းဟွမ်တိုက်ကြီးက စစ်သူကြီးတောင်မှာနေရအောင် ဘယ်အခွင့်အရေး ရှိလို့လဲ"
"ရှမ်းဟွမ်တိုက်ကြီးအကြောင်းကို ငါကြားဖူးတယ်။ ရှေးခေတ်က ရှန်းရွှီတိုက်အဖွဲ့အစည်းမှာ တိုက်ကြီးဇယားရှိတယ်လေ။ ရှမ်းဟွမ်တိုက်ကြီးကတော့ ငါတို့ရဲ့ ရှန်းအဲ့တိုက်ကြီးရဲ့နောက်မှာပဲ။ အခုမှ သူတို့က ဘာဖြစ်လို့ အဲဒီမှာ နေနေကြရတာလဲ"
မုဖုန်း၏ စကားများက ရှန်းအဲ့တိုက်ကြီးမှ ပါရမီရှင်များကို ဒေါသထွက်သွားစေခဲ့သည်။
စစ်သူကြီးတောင်နှင့် တပ်သားတောင်၏ အဓိပ္ပာယ်က သိသာထင်ရှားသည်။ ၎င်းက ရှန်းအဲ့တိုက်ကြီးမှာ တပ်သားဖြစ်၍ ရှမ်းဟွမ်တိုက်ကြီးက စစ်သူကြီးဖြစ်သည့် အဓိပ္ပာယ်ပင် မဟုတ်လော။
ဤသည်က စိတ်တိုစရာ ဖြစ်သည်။
“လူတိုင်းပဲ၊ ဒါက တောင်ပိုင်းနတ်ဘုရားနန်းတော်က အကြီးအကဲရဲ့ အစီအစဉ်ပါ။ ရှမ်းဟွမ်တိုက်ကြီးရဲ့ ပါရမီရှင်တွေက ပိုအားကောင်းတယ်လို့ ထင်နေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ တောင်ပိုင်းနတ်ဘုရားနန်းတော်က ခွန်အားကို အခြေခံထားတာပါ။ သန်မာသူတွေကပဲ သဘာဝအတိုင်း ပိုပြီး ကောင်းမွန်တဲ့နေရာမှာ နေထိုင်နိုင်လိမ့်မယ်။ ကောင်းပြီလေ၊ အားလုံးပဲ ဒီမှာ ကြိုက်တဲ့နေရာမှာ နေကြပါ။ ငါ အရင်ဆုံး ထွက်သွားလိုက်တော့မယ်"
မုဖုန်းက ပြောလိုက်သည်။ ထို့နောက်မှာတော့ လူလတ်ပိုင်းအမျိုးသားနှင့်အတူ လှည့်ထွက်သွားတော့သည်။
တစ်ဖက်ကို လှည့်လိုက်ပြီးနောက် မုဖုန်း၏ နှုတ်ခမ်းများက မှုန်ကုပ်ကုပ် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
"ရှမ်းဟွမ်တိုက်ကြီး၊ မင်းတို့က သိပ်ပြီး လက်စောင်းထက်နေကြတယ် မဟုတ်လား။ ဒါဆိုရင် ရှန်းအဲ့တိုက်ကြီးက ပါရမီရှင်တွေနဲ့ စမ်းကြည့်ကြရအောင်"
မုဖုန်းက တိတ်တဆိတ် လှောင်ပြောင်လိုက်လေသည်။
ဟုတ်သည်၊ အရာအားလုံးက မုဖုန်း၏ အကြံအစည်များပင်။ သူ၏ အဆက်အသွယ်များအရ နေရာထိုင်ခင်း စီစဉ်ရန်မှာ ပြဿနာမရှိပေ။
သူဟာ ရှမ်းဟွမ်တိုက်ကြီးကို စစ်သူကြီးတောင်သို့ ပို့လွှတ်ပြီး ရှန်းအဲ့တိုက်ကြီးကိုတော့ တပ်သားတောင်တွင် နေရာချရန် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ဤသည်က တိုက်ကြီးနှစ်ခုကြားမှ ပဋိပက္ခများကို လှုံ့ဆော်ပေးရန်ပင်။
မုဖုန်း ထွက်ခွာသွားပြီးနောက် ရှန်းအဲ့တိုက်ကြီးမှ ပါရမီရှင်များက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"အခုလေးတင် မုဖုန်းက တောင်ပိုင်းဘုရားနန်းတော်မှာ အရာအားလုံးက ခွန်အားကို အခြေခံထားတယ်လို့ ပြောခဲ့တယ်။ ရှမ်းဟွမ်တိုက်ကြီးက ငါတို့ ရှန်းအဲ့တိုက်ကြီးရဲ့အထက်မှာ ဘယ်လိုနေထိုင်ဝံ့တာလဲ။ သူတို့မှာ ဘာအခွင့်အရေးရှိလို့လဲ"
"ဒီမှာ အင်အားကို အခြေခံတဲ့အတွက်၊ ရှမ်းဟွမ်တိုက်ကြီးကလူတွေကို မောင်းထုတ်လိုက်ကြမယ်။ စစ်သူကြီးတောင်က ငါတို့ရဲ့တောင်ပဲ"
"ဘယ်သူ အရင်တိုက်ခိုက်မှာလဲ"
"ငါသွားမယ်။ ငါတစ်ယောက်တည်းက ရှမ်းဟွမ်တိုက်ကြီးကို ရင်ဆိုင်ဖို့အတွက် လုံလောက်တယ်"
နောက်ဆုံးမှာတော့ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က လေထဲသို့ ခြေတစ်လှမ်းတိုးကာ စစ်သူကြီးတောင်ထွတ်ကို ပျံသန်းသွားတော့သည်။