← Chapters

အခန်း ၁၁၉၆

Vol. 80 Ch. 1196

အခန်း ၁၁၉၆

Vol. 80 Ch. 1196

အပိုင်း ( 1196 ) သံတူကဲ့သို့ ထုနှက်ခြင်း။

"ဒုန်း ဒုန်း ဒုန်း"

ဧကရာဇ်မိကျောင်း၏ ခြေလက်လေးချောင်းက မင်ကျစ်ဆီသို့ နင်းချလိုက်သည်။ ကျယ်လောင်သော မြည်သံနှင့်အတူ သူ့ခန္ဓာက အရှိန်အဟုန်ဖြင့် ထိုးဆင်းသွား၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အကြေးခွံများက တောက်ပလာကာ ပါးစပ်ကိုဟပြီး ဟိန်းဟောက်လိုက်သည်။ သူ့ပုံစံမှာ တကယ်ကို ကြောက်စရာပင်။

"ဝုန်း"

ကြီးမားသော ခြေသည်းကြီးက မင်ကျစ်ဆီသို့ ကျရောက်သွားခဲ့သည်။

မင်ကျစ်၏ ဦးခေါင်းထက်တွင် သေမင်းနတ်ဘုရားပေါ်လာသည်။ ထိုအခါ သူ့ပတ်ဝန်းကျင်မှ အမှောင်စွမ်းအင်များက ပို၍ပင် သိပ်သည်းလာခဲ့၏။

သူက ဘာကိုမှ ဖုံးကွယ်မထားပေ။ ထိုကဲ့သို့ အင်အားကြီးသောရန်သူကို ရင်ဆိုင်ရသောအခါ မင်ကျစ်က မတုံ့ဆိုင်းဘဲ သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် သေမင်းနတ်ဘုရားအသွင် ပြောင်းလိုက်သည်။

သေမင်းနတ်ဘုရား တံစဉ်ကောက်ကြီးက ဧရာမမိကျောင်းကြီးထံ ဖြတ်သန်းသွား၏။

"ထန်"

သေမင်းနတ်ဘုရားတံစဉ်ကောက်က ဧကရာဇ်မိကျောင်း၏ ခြေသည်းများကို ထိမှန်သောအခါ သံသံချင်းထိခတ်သံနှင့် မီးပွားများ ထွက်ပေါ်လာခဲ့သည်။ သေမင်းနတ်ဘုရားက မင်ကျစ်အသွင် ပြန်ပြောင်းသွားပြီး အဆက်မပြတ် ဆုတ်သွားရ၏။

သို့သော်လည်း ဧရာမမိကျောင်းကြီး၏ ခန္ဓာကိုယ်က တုန်ခါသွားကာ ချက်ခြင်း မလိုက်နိုင်တော့ပေ။

"အိုး၊ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်တဲ့ နည်းလမ်းပဲ။ ကံမကောင်းချင်တော့ ငါ့ကို ထိခိုက်စေအောင် အစွမ်းမထက်သေးဘူး။ သတ်"

ဧကရာဇ်မိကျောင်းက အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်း တုံ့ပြန်လာသည်။ ၎င်းက မင်ကျစ်ဆီသို့ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်၏။

မင်ကျစ်၏အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သေမင်းနတ်ဘုရား ခန္ဓာကိုယ်ကလည်း ကွဲထွက်စပြုလာခဲ့၏။ နောက်ဆုံးမှာတော့၊ ၎င်းက သေမင်းနတ်ဘုရား ဆယ့်နှစ်ပါးအဖြစ်သို့ ပြောင်းလဲသွားကာ မိကျောင်းကြီးကို ဝန်းရံလိုက်တော့သည်။

မင်ကျစ်ဆယ့်နှစ်ယောက်က တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

"ဝုန်း ဝုန်း ဝုန်း"

သေမင်းနတ်ဘုရား ဆယ့်နှစ်ပါး၏ သေမင်းတံစဉ်ကောက် ဆယ့်နှစ်ချောင်းက ဧကရာဇ်မိကျောင်းကို ခုတ်ပိုင်းလိုက်ကြသည်။

"အရေးမပါတဲ့လှည့်ကွက်တွေ"

ဧကရာဇ်မိကျောင်းကြီးထံမှ လှောင်ပြောင်သရော်သံ ထွက်ပေါ်လာသည်။ ၎င်းက အမြီးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် ဟင်းလင်းပြင် အက်ကွဲသွား၏။

သေမင်းနတ်ဘုရား ခုနစ်ပါး၊ ရှစ်ပါးခွင့် လွင့်စဉ်သွားခဲ့သည်။ ကျန်သော သေမင်းနတ်ဘုရားများကလည်း ဧကရာဇ်မိကျောင်း၏ ခြေသည်းများအောက်တွင် လွင့်ထွက်သွား၏။ ဧကရာဇ်မိကျောင်းဘက်မှာတော့ ၎င်း၏ ခန္ဓာကိုယ်ကြီးက အကြိမ်အနည်းငယ် တုန်လှုပ်ရုံမျှသာ ဖြစ်ခဲ့သည်။ ထို့အတူ သေမင်းနတ်ဘုရား၏ ဝိညာဉ်တိုက်ခိုက်မှုကို ပိတ်ဆို့ထားသကဲ့သို့ အလင်းတန်းများလည်း ပျံ့နှံ့သွားတော့သည်။

ထို့နောက်တွင် သူက ဘာမှမဖြစ်သကဲ့သို့ မင်ကျစ်ကို ဆက်လက် တိုက်ခိုက်ခဲ့သည်။

"ဒုန်း"

သူက အမြီးရိုက်ချက် ထုတ်ဖော်လိုက်သည်တွင် သေမင်းနတ်ဘုရား ပေါက်ကွဲသွား၏။

ဧကရာဇ်မိကျောင်း၏ ပါးစပ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သေမင်းနတ်ဘုရားတစ်ပါး လုံးဝ ဖျက်ဆီးပစ်လိုက်တော့သည်။

နောက်ဆုံးတွင်၊ မင်ကျစ်က သူ၏ပြိုင်ဘက် မဖြစ်နိုင်ဘဲ ဆယ်ကွက်ကျော်အတွင်း လုံးဝ ဖိနှိပ်ခဲခဲ့ရသည်။ သူ့ကိုယ်ပွား ဆယ့်နှစ်ခုစလုံး တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူခံခဲ့ရ၏။

မကြာမီ သေမင်းနတ်ဘုရား ဆယ့်နှစ်ပါးက တစ်ပါးတည်းသာ ကျန်တော့သည်။ ဧကရာဇ်မိကျောင်းက ခြေသည်းနှစ်ချောင်းနှင့် တိုက်ရိုက်ဖမ်းဆုပ်လိုက်သည်။ မင်ကျစ်၏ မူလခန္ဓာ ပြန်ပေါ်လာကာ သွေးအန်ရင်း အရူးအမူး ဆုတ်သွားရ၏။

မင်ကျစ်သည်လည်း အလားတူစွာ ပြိုင်ဘက်မဟုတ်ခဲ့ပေ။

"တစ်ချက်တောင်မှ မခံနိုင်ဘူး။ ရှမ်းဟွမ်တိုက်ကြီးရဲ့ အသန်မာဆုံး‌ဆိုတာက ဒီအဆင့်မှာပဲ ရှိတာလား"

ဧကရာဇ်မိကျောင်းက လုမင်နှင့် အခြားသူများကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

ထိုအခါ၊ လုမင်နှင့် ရှဲ့နျန်ချင်းတို့၏ အမူအရာများက မပြောင်းလဲသော်လည်း ကျန်လူများမှာ မျက်နှာအမူအရာ သိပ်ပြီးမကောင်းတော့ပေ။

မင်ကျစ်တောင်မှ ရှုံးနိမ့်သွားခဲ့ပြီဖြစ်ရာ ရဟန်းဝူလျန့်နှင့် ရန်ပိုထျန်းကဲ့သို့ ကျန်လူများလည်း ယုံကြည်မှု မရှိကြတော့ပေ။ နောက်ဆုံးတွင် သူတို့၏ တိုက်ခိုက်နိုင်စွမ်းက မင်ကျစ်ကို မယှဉ်နိုင်ကြပေ။

"ကြည့်ရတာ ရှမ်းဟွမ်တိုက်ကြီးကို ရှုံးနိမ့်ရတော့မဲ့ပုံပဲ။ သူတို့မှာ ထူးထူးခြားခြား ပါရမီရှင်တွေ မရှိဘူး"

"ဟုတ်တယ်၊ အခုလှုပ်ရှားနေတဲ့သူက ရှန်းအဲ့တိုက်ကြီးမှာ ဘယ်အဆင့်ရှိမလဲမသိဘူး"

"အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်နဲ့ သူ့ရဲ့ အဆင့်က နိမ့်မယ်လို့တော့ မထင်ဘူး။ ရှန်းအဲ့တိုက်ကြီးကလည်း ဒီလောက်မိုက်မဲမှာ မဟုတ်ဘူးလေ။ သူတို့က ကျွမ်းကျင်သူကိုပဲ စေလွှတ်လိုက်မှာ သေချာတယ်"

ပတ်ဝန်းကျင်မှ လူများ ဆွေးနွေးလိုက်ကြသည်။

"နောက် ဘယ်သူ တိုက်ခိုက်ဦးမှာလဲ"

ဧကရာဇ်မိကျောင်းက ဆက်ပြောလိုက်သည်။ သူက အမှန်တကယ်ပင် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ချင်ပုံရ၏။

ရဟန်းဝူလျန့်၊ ရန်ပိုထျန်းနှင့် အခြားသူများ၏ အမူအရာများက ပြောင်းလဲသွားသော်လည်း ဘာမှ မပြောပေ။

"ဟမ့်၊ အမှိုက်တွေ ရှုပ်တယ်ကွာ။ ကိုင်း၊ မင်းတို့အားလုံး အတူတူလာရင်လည်းရတယ်၊ အားလုံးကို စစ်သူကြီးတောင်ထိပ်ကနေ တစ်ခါတည်း ကန်ချပေးမယ်"

ဧကရာဇ်မိကျောင်းက ပို၍ မာနကြီးလာသည်။

"ချီးပဲ"

အံကိုတင်းတင်းကြိတ်ရင်း ထိုပါ့ရှီ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာခဲ့၏။ အနိုင်မရမှန်း သေချာ၍သာမဟုတ်လျှင် သေချာပေါက် တိုက်ခိုက်ပြီးနေပြီ ဖြစ်သည်။

"အဲဒီအကြည့်က ဘာလဲ။ မင်းက လက်မခံချင်ဘူးလား၊ ဒါဆိုရင် မင်းနဲ့ စလိုက်မယ်"

ဧကရာဇ်မိကျောင်းက ထိုပါ့ရှီကို ငုံ့ကြည့်လိုက်သည်။ အေးစက်စက် အလင်းတစ်ခုက သူ့မျက်လုံးများတွင် တောက်ပလာခဲ့၏။ အကြေးခွံများနှင့် အမြီးရိုက်ချက်က ကြာပွတ်တစ်ချောင်းသဖွယ် ထိုပါ့ရှီဆီသို့ တိုးဝင်သွားတော့သည်။

"ဟူး"

အမြီးရိုက်ချက် ဖြတ်သန်းသွားရာတွင် ဟင်းလင်းပြင်က စက္ကူတစ်ရွက်ကဲ့သို့ ဆုပ်ပြဲသွားရသည်။ အမြီးကြီးက ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်မုန်တိုင်းကို သယ်ဆောင်လာကာ ထိုပါ့ရှီအား ရိုက်ချလိုက်၏။

ထိုပါ့ရှီ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက အဆင့်သုံး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်တွင်သာ ရှိသေးသည်။ ၎င်း၏ နယ်ပယ်ကိုက ပြိုင်ဘက်ထက် နိမ့်ကျနေရာ လုံးဝ မခုခံနိုင်တော့ပေ။

သူက အံကိုတင်းတင်းကြိတ်ပြီ ခွန်အားအပြည့်နှင့် ခုခံရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"ငါလုပ်လိုက်ပါရစေ"

"ဝုန်း"

လုမင်က ထိုပါ့ရှီ၏အရှေ့တွင် ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် နဂါးစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏။ လုမင်က သူ့လက်ကိုဆန့်ကာ ဧကရာဇ်မိကျောင်း၏ အမြီးကို ဖမ်းဆီးဆုပ်ကိုင်လိုက်တော့သည်။

"မင်းကများ ငါ့အမြီးကို လက်ဗလာနဲ့ ဖမ်းဝံ့တယ်။ မင်းရဲ့လက်တွေကို မလိုချင်တော့ဘူးလား"

ဧကရာဇ်မိကျောင်း၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှု၏ အရိပ်အယောင်များ ပေါ်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ့မျက်လုံးများက အံ့အားသင့်မှုဖြင့် ပြည့်နှက်သွား၏။

သူ၏အမြီးက လုမင်၏လက်ဝါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်မိသည်။ သို့သော်၊ လုမင်၏လက်ဝါးက မလှုပ်ရှားသကဲ့သို့ ခန္ဓာကလည်း မယိမ်းယိုင်ပေ။ သူက မိကျောင်းအမြီးကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။

"ဟား"

လုမင်က မာန်သွင်းပြီး မိကျောင်း၏အမြီးကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သံတူတစ်လက်ကဲ့သို့ မိကျောင်းကိုဆွဲလှည့်ကာ တောင်ထိပ်နှင့် တအား ရိုက်ချလိုက်၏။

"ဒုန်း"

ဧကရာဇ်မိကျောင်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက စစ်သူကြီးတောင်ကို ပြင်းထန်စွာရိုက်ခတ်သွားကာ တောင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားစေခဲ့သည်။ စစ်သူကြီးတောင်ထိပ်၏ မျက်နှာပြင်ပေါ်တွင် အဆုံးမဲ့ ကမ္ပည်းများ ထွက်ပေါ်လာခဲ့၏။ ၎င်းက ကြောက်မက်ဖွယ်စွမ်းအားများကို ဖယ်ရှားပစ်လိုက်သည်။

ထိုကမ္ပည်းများဖြင့်သာ ကာကွယ်မထားပါက ‌စစ်သူကြီးတောင်တစ်ခုလုံး ပြိုကွဲသွားပြီး ကျောက်တစ်စပင် ကျန်မည်မဟုတ်ပေ။

ရှန်းအဲ့တိုက်ကြီးမှ အခြားသူများ ခဏတာ အံ့အားသင့်သွားပြီး အဝေးမှကြည့်နေသော လူများမှာလည်း မှင်တက်သွားကြသည်။

ရှမ်းဟွမ်တိုက်ကြီးတွင် ဧကရာဇ်မိကျောင်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို သံတူတစ်လက်ကဲ့သို့ ထုနှက်နိုင်သည့် ငကြမ်းကောင် ရှိနေမည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပေ။

"မပြီးသေးဘူး၊ ထပ်လုပ်မယ်"

တစ်ယောက်က လှမ်းအော်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ လုမင်က ပထမရိုက်ချက်ပြီးသည်နှင့် ဧကရာဇ်မိကျောင်းကို နောက်တစ်ကြိမ် ကောက်ရိုက်လိုက်သည်။

"ဟေ့ကောင်၊ မင်း လွှတ်စမ်း"

ဧကရာဇ်မိကျောင်း ဟိန်းဟောက်ပြီး အရူးအမူး ရုန်းကန်လိုက်၏။

သို့သော်လည်း အသုံးမဝင်ပေ။ ဤအခိုက်တွင် လုမင်က နဂါးစွမ်းအားရှစ်ခုဖြင့် ပေါက်ကွဲထားခဲ့သည်။ ယခုအခါ သူ့အင်အားက အလွန်ကြီးမား၍ ဧကရာဇ်မိကျောင်း လုံးဝ မရုန်းကန်နိုင်ခဲ့ပေ။

"ဝုန်း"

ဧကရာဇ်မိကျောင်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက ထပ်မံ ရိုက်ချခံရကာ တဆတ်ဆတ်တုန်ယင်သွားသည်။

"ဒုန်း ဒုန်း ဒုန်း"

ထို့နောက်တွင်၊ တောင်ထိပ်မှ ကျယ်လောင်သော ပေါက်ကွဲသံများကို အဆက်မပြတ် ထွက်လာခဲ့၏။ ဧကရာဇ်မိကျောင်းက တောင်ထိပ်ပေါ်၌ အကြိမ်ကြိမ် ရိုက်ချခံရကာ သနားစဖွယ် အော်ဟစ်သံများ ထွက်လာတော့သည်။

မင်ကျစ်နှင့် ရန်ပိုထျန်းကဲ့သို့ ရှမ်းဟွမ်တိုက်ကြီးမှ ပါရမီရှင်များလည်း တုန်ယင်မောဟိုက်သွားကြသည်။ အထူးသဖြင့် ခြင်္သေ့မင်းဆိုလျှင် ခြေဖဝါး၊ လက်ဖဝါး ချွေးစို့လာတော့သည်။

လုမင်က ပို၍ သန်မာလာပြန်သည်။ ယင်းက ဘယ်လောက်တောင် ကြမ်းတမ်းလိုက်သနည်း။ သူတို့အားလုံး ဧကရာဇ်မိကျောင်းအတွက် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

သို့သော် သူတို့စိတ်ထဲတွင် အလွန်သက်တောင့်သက်သာဖြစ်သလို ခံစားခဲ့ရ၏။

မင်း ဧကရာဇ်မိကျောင်းက မာနကြီးတယ် မဟုတ်လား။ အခု ခွေးသေတစ်ကောင်လို ရိုက်ခံနေရပြီ မဟုတ်လား။

"ဝုန်း"

ဆယ်ကြိမ်ထက်မနည်း အရိုက်ခံရပြီးနောက်၊ ဧကရာဇ်မိကျောင်းမှာ ၎င်း၏ သွေးမျိုးဆက်ပေါင်းစပ်မှုအခြေအနေကို ဆက်လက် ထိန်းထားနိုင်ခြင်း မရှိတော့ပေ။ ၎င်း၏ လူသားပုံစံသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုအခါ လုမင်က ၎င်း၏မျက်နှာကို ဖြတ်ကန်ပြီး အဝေးသို့ လွင့်စဉ်သွားစေလိုက်တော့သည်။

ချက်ချင်းပင်၊ ရှန်းအဲ့တိုက်ကြီးမှ လူငယ်လေးတစ်ယောက် ပြေးထွက်လာပြီး ဧကရာဇ်မိကျောင်းကို ဖမ်းထားလိုက်သည်။ မဟုတ်ပါက ဧကရာဇ်မိကျောင်းမှာ အဘယ်မျှဝေးဝေး လွင့်သွားမည်မှန်း ဘယ်သူမှ သိနိုင်ကြမည်မဟုတ်ချေ။

"ရှမ်းဟွမ်တိုက်ကြီးမှာ ဒီလို ကျွမ်းကျင်သူတစ်ဦးရှိမယ်လို့ ငါမမျှော်လင့်ခဲ့ဘူး"

"စိတ်ဝင်စားစရာပဲ၊ အခု ရှန်းအဲ့တိုက်ကြီး ခေါင်းကိုက်ရမဲ့ အလှည့်ကိုရောက်ပြီ"

အဝေးမှ လူများက ဆွေးနွေးပြောဆိုလိုက်ကြသည်။ ဘယ်ဘက်ကပဲ အနိုင်ရပါစေ သူတို့နှင့် ဘာမှမဆိုင်ပေ။ သူတို့က ပွဲကြည့်ရုံသက်သက် ဖြစ်သည်။

"ဟမ့်၊ ဒီကောင်က အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ရှန်းအဲ့တိုက်ကြီးရဲ့ တကယ့် ကျွမ်းကျင်သူတွေ မပေါ်သေးဘူး"

မုဖုန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူ့မျှော်လင့်ချက်ထဲတွင် ရှိနေဆဲပင်။ လုမင်က သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သောကြောင့်၊ ရှန်းအဲ့တိုက်ကြီးမှ အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်ကို အနိုင်ယူခြင်းမှာ သူ့အတွက် ပုံမှန်ပင် ဖြစ်သည်။

သို့သော်လည်း ရှန်းအဲ့တိုက်ကြီးတွင် ကျွမ်းကျင်သူများ ရှိနေကြဆဲပင်။ သူတို့၏အင်အားက ဘယ်လိုလုပ်ပြီး ဤမျှရိုးရှင်းပါမည်နည်း။

All Chapters