← Chapters

အခန်း ၁၂၀၀

Vol. 80 Ch. 1200

အခန်း ၁၂၀၀

Vol. 80 Ch. 1200

အပိုင်း ( 1200 ) အိခွမ်းနှင့် တိုက်ခိုက်ခြင်း။

ကျောက်ကြမ်းတစ်သန်းကို တိုက်ရိုက် တိုးမြှင့်ခြင်းဖြင့် ရှန်းအဲ့တိုက်ကြီးမှ ပါရမီရှင်မှာ ကောင်းကင်မိုးကြိုးသစ်သားကို အရယူရန် စိတ်ပိုင်းဖြတ်ထားကြောင်း ပြသခဲ့သည်။ ထိုအတွက် လူတော်တော်များများက လက်လျှော့ရန် ရွေးချယ်ခဲ့ပေသည်။

သို့သော်လည်း ဆက်လက်ပြီး လေလံဆွဲသူများ ရှိနေဆဲ ဖြစ်သည်။

"နှစ်သန်းနဲ့ တစ်သိန်းပေးမယ်။"

"နှစ်သန်း နှစ်သိန်း"

နောက်ထပ် လေလံဆွဲသူနှစ်ဦး ရှိနေသေးကာ ဈေးကို နှစ်သန်းနှစ်သိန်းအထိ တိုးမြှင့်စေခဲ့သည်။

"သုံးသန်း"

ရှန်းအဲ့တိုက်ကြီးမှ ပါရမီရှင်က ထပ်မံပြောဆိုလိုက်၏။ ၎င်းက အလွန်ပြတ်သားကာ ဈေးကို သုံးသန်းအထိ တိုက်ရိုက် ပေးလိုက်သည်။

"အိခွမ်း၊ မင်းက ဒီကောင်းကင်မိုးကြိုးသစ်သားကို အရမ်းလိုချင်နေမှတော့ မင်းကို ပေးလိုက်မယ်"

နောက်ဆုံးတွင် လေလံဆွဲသူ လူငယ်တစ်ဦးက ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့သည်။

အိခွမ်းက ရှန်းအဲ့တိုက်ကြီးမှ အသန်မာဆုံး ပါရမီရှင်၏ အမည်ဖြစ်သည်။

"မေ့လိုက်ပါ၊ သုံးသန်းက မတန်ဘူး။ ငါလက်လျှော့လိုက်ပြီ၊ တခြားတစ်ခုခုကိုပဲ ဝယ်တော့မယ်"

အခြားလူငယ်ကလည်း ခေါင်းယမ်းပြီး ပြိုင်ပွဲကို စွန့်လွှတ်လိုက်လေသည်။

အိခွမ်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ၏ မိုးကြိုးတာအိုက ပိတ်ဆို့မှုတစ်ခု ကြုံနေရပေသည်။ ဤကောင်းကင်မိုးကြိုးသစ်သားက ပိတ်ဆို့မှုကို ဖြတ်ကျော်ရန် ကူညီပေးနိုင်သည်။ ယခုတော့ ပြိုင်ဘက်များ လက်လျှော့သွားပြီဖြစ်ရာ သဘာဝအတိုင်းပင် ဝမ်းသာနေတော့သည်။

"ဟားဟားဟား၊ ဒီလိုဆိုမှတော့ ဒီကောင်းကင်မိုးကြိုးသစ်သားကို ငါဝယ်..."

အိခွမ်းက ရယ်မောကာ ပြောလိုက်သည်။

"ခဏစောင့်ဦး၊ သုံးသန်းငါးသိန်းပေးမယ်"

ထိုအချိန်တွင် အသံတစ်ခုထွက်ပေါ်လာပြီး အိခွမ်း၏စကားကို ဖြတ်ပြောလိုက်သည်။ ထို့နောက် စကားပြောလာသူကို ကြည့်မိသောအခါ သူ့မျက်လုံးများ လင်းလက်သွား၏။

"မင်းက ရှမ်းဟွမ်တိုက်ကြီးကလူ မဟုတ်လား"

ဈေးပေးသူကိုကြည့်ရင်း အိခွမ်းက ပြောလိုက်သည်။

လေလံဆွဲသူက သဘာဝအတိုင်း လုမင် ဖြစ်ချေသည်။

"သုံးသန်းငါးသိန်း ပေးမယ်။ လိုချင်လား၊ မလိုချင်လား။ မင်းမလိုချင်ရင် ကောင်းကင်မိုးကြိုးသစ်သားက ငါ့အတွက်ပဲ"

လုမင်က အိခွမ်းကိုကြည့်ပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။

"လေးသန်းပေးမယ်"

အိခွမ်း အံကိုကြိတ်လိုက်သည်။

"ငါးသန်း"

လုမင်က စျေးနှုန်းကို တစ်သန်းနှုန်းဖြင့် တိုက်ရိုက်တိုးမြှင့်ခဲ့၏။

ယခုအချိန်တွင်၊ ကျောက်ကြမ်းများက သူ၏သိုလှောင်လက်စွပ်အတွင်း၌ တောင်ကြီးတစ်ခုလို စုပုံနေခဲ့သည်။ သူ့တွင် ကျောက်ကြမ်းအများကြီး ရှိ၏။ ကျောက်ကြမ်းတစ်သန်းခန့် ထပ်မံဖြည့်ရသည့်အတွက် မျက်တောင်ပင်မခတ်ပေ။

အိခွမ်း၏မျက်နှာက လုံးဝ မည်းမှောင်သွားသည်။

ကျောက်ကြမ်းငါးသန်းက သူ၏ အသုံးပြုနိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီ။

"ကောင်လေး၊ မင်းက ငါ့ကိုဆန့်ကျင်ဖို့ စိတ်ပိုင်းဖြတ်ထားတာလား"

အိခွမ်းက လုမင်ကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"ဟာသပဲ၊ လူတိုင်းက ရတနာတွေကို လိုချင်တယ်။ ကောင်းကင်မိုးကြိုးသစ်သားကို အသုံးပြုနိုင်တာက မင်းတစ်ယောက်တည်း မဟုတ်ဘူးကွ၊ ငါလည်း သုံးလို့ရတယ်။ အဲဒါကြောင့် ငါလည်း သဘာဝအတိုင်း လိုချင်တာ၊ အဲဒါ မင်းနဲ့ ဘာဆိုင်လဲ။ လိုချင်ရင် ဈေးထပ်ပေးပါ။ ကျောက်ကြမ်းတွေမရှိရင်လည်း ပါးစပ်ပိတ်ထား"

လုမင်က တည်ငြိမ်စွာပြောသည်။

"ခွေးဝဲစား၊ ရှမ်းဟွမ်တိုက်ကြီးမှာ လုံချန်ရှိတာနဲ့ မင်းလိုအမှိုက် လုပ်ချင်တာကို လုပ်လို့ရပြီ မထင်နဲ့ကွ။ လုံချန်သာမရှိရင် မင်းကို ငါ့လက်မှောက်လှန်သလို ဖိနှိပ်နိုင်တယ်"

အိခွမ်း ဒေါသတကြီးဖြင့် ရှူးရှူးရှားရှားဖြစ်သွားသည်။

"အရူး"

လုမင်က နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

"လူတိုင်းပဲ၊ ရတနာလဲလှယ်ခြင်းမျှော်စင်မှာ မတိုက်ခိုက်ရဘူးဆိုတဲ့ စည်းမျဉ်းမရှိဘူး မဟုတ်လား"

အိခွမ်းက ရုတ်တရက် အခြားသူများကို မေးလိုက်၏။

"ဒါပေါ့၊ ရတနာလဲလှယ်ခြင်းမျှော်စင်မှာ မတိုက်ခိုက်ဖို့ စည်းကမ်း တကယ်မရှိပါဘူး"

လူတစ်ယောက်က ပြပွဲကောင်းကို ကြည့်လိုဟန်ဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကောင်းပြီ၊ ဒီကောင်က ငါ့ကို တမင်တကာ ရန်စပြီး စျေးတက်နေတာ။ ငါ သူ့ကို သင်ခန်းစာတစ်ခုပေးပြီး လူတစ်ဦးရဲ့ အပြုအမူနဲ့ စကားလုံးတွေက သူ့ကိုယ်ပိုင်ခွန်အားနဲ့ ဆက်စပ်နေတယ်ဆိုတာ သိအောင် ပြောလိုက်မယ်။ ခွန်အားမရှိရင် တစ်ချို့ လုပ်ဆောင်ချက်တွေက ပြီးစီးနိုင်မှာ မဟုတ်ဘူး၊ တစ်ချို့စကားတွေကိုလည်း ပြောချင်တိုင်း ပြောလို့မရဘူး"

အိခွမ်းက ထိုင်နေရာမှထပြီး လုမင်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများလည်း ရေခဲတမျှ အေးစက်သွား၏။

"ဟားဟားဟား၊ အိခွမ်း ဒေါသထွက်နေပြီပဲ။ အဲဒီကောင်လေးတော့ နာတော့မယ်ထင်တယ်"

ဝစ်ယောက်က လှောင်ပြောင်လိုက်သည်။

"အမှန်ပါပဲ၊ ရှမ်းဟွမ်တိုက်ကြီးမှာ လုံချန်က တကယ်ကို အစွမ်းထက်ပေမဲ့ သူ့အပြင် အခြားသူတွေကတော့ အမှိုက်ပါပဲ။ ဒါပေမဲ့ သူတို့က လုံချန်အားကိုးနဲ့ လုပ်ချင်တာလုပ်ဖို့ ကြိုးစားနေတယ်၊ ဒီလိုဆိုမှတော့ အရိုက်ခံတာ ပုံမှန်ပါပဲ"

"သူ ဒီလိုဆက်လုပ်နေရင် အနှေးနဲ့အမြန် အသတ်ခံရလိမ့်မယ်"

နေရာအနှံ့မှ စကားသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။

လုမင်လည်း ထိုစကားများကို သဘာဝအတိုင်း ကြားရ၏။

လုမင် ဆွံ့အသွားမိသည်။ သူလိုချင်တာမှန်သမျှ လုပ်နိုင်ရန် လုံချန်၏အမည်ကို ဘယ်တုန်းက သုံးခဲ့ပါသနည်း။ သူလိုချင်သောရတနာကိုရရှိရန် ဈေးပိုပေးခြင်းက လုံချန်၏အရှိန်အဝါကို ငှားယူအသုံးပြုခြင်း ဖြစ်သလော။

ဤလူများက အတွေးခေါင်လွန်းသည်။

သို့သော်လည်း ဤသည်မှာ အံ့ဩစရာတော့မဟုတ်ပေ။

ယခင်ကတည်းက ရှမ်းဟွမ်တိုက်ကြီးကို တိုက်ကြီးများထဲတွင် အားကောင်းသည်ဟု မဆိုနိုင်ပေ။

ဤတစ်ကြိမ်မှသာ အံ့ဖွယ် တိုက်ခိုက်နိုင်စွမ်းရှိသည့် လုံချန်ကဲ့သို့တည်ရှိမှု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အခြားသူများ၏ အမြင်တွင် လုံချန်တစ်ဦးသာ အထူးတည်ရှိမှု ဖြစ်သည်။ ရှမ်းဟွမ်တိုက်ကြီးမှ ကျန်လူများက အမှိုက်ဖြစ်နေဆဲပင်။

ယခုတော့ အမှိုက်တစ်စသည် မောက်မာလွန်းပြီး လုံချန်၏အမည်ဖြင့် လုပ်ချင်တာလုပ်ရန် စိတ်ကူးယဉ်နေသည်။

"ဟမ့်၊ ကောင်စုတ်လေး... မင်း ဒီကနေ ထွက်သွားပြီး ငါနဲ့အပြိုင်ကမ်းလှမ်းမှုကို စွန့်လွှတ်လိုက်၊ ဒါဆိုရင် ငါ မင်းကို လွှတ်ပေးလိုက်မယ်"

အိခွမ်းက ပြောလိုက်သည်။

နောက်ဆုံးတွင်၊ သူက လုံချန်ကို အနည်းငယ်ကြောက်နေဆဲပင်။ သူတို့နေသော တပ်သားတောင်နှင့် စစ်သူကြီးတောင်က အလွန်နီးကပ်သည်။ နောင်အခါ လုံချန်လာပြီး ပြဿနာရှာမည်ကို သူ ကြောက်မိပေသည်။

လုမင်က ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။

"ရှောင်ချင်း၊ ဒီလိုအမှိုက်တွေကလည်း ကောင်းကင်နတ်ဘုရားဂိုဏ်းရဲ့ ရွေးချယ်မှုမှာ ပါဝင်ကြတာလား။ ကိုယ်တို့ အနိုင်ရဖို့ အခွင့်အလမ်းတွေ အရမ်းများလာပြီလို့ ဘာဖြစ်လို့ ခံစားလာရတာလဲ"

"ငါလည်း ထင်တယ်။ ယို၊ ကြည့်ပါဦး။ အဲဒီလူရဲ့ မျက်နှာက ဝက်အသည်းထက် မည်းနေပြီ"

ရှဲ့နျန်ချင်းကလည်း မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း လုမင်နှင့်အတူ လိုက်လျောညီထွေ ရေရွတ်လိုက်၏။

သူတို့နှစ်ယောက်၏ အပြန်ပြန်အလှန်လှန်ပြောဆိုကြခြင်းက အိခွမ်း၏မျက်နှာကို ဝက်အသည်းရောင်အဖြစ်သို့ အမှန်တကယ် ပြောင်းသွားစေခဲ့သည်။

"မင်း သေချင်နေတာပဲ၊ ငါမင်းရဲ့နယ်ပယ်ကို ဖျက်ဆီးမယ်"

အိခွမ်းက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ ချွန်ထက်သော လက်သည်းများက သူ့လက်တွင်ပေါ်လာသလို အကြေးခွံများလည်း ဖုံးအုပ်သွား၏။ ၎င်းက လျှပ်စီးများလည်း လင်းလက်နေသေးသည်။

"ဝှစ်"

အိခွမ်းက လုမင်၏လည်မြိုကို ကြမ်းကြမ်းတမ်းတမ်း ကုပ်ဆွဲလိုက်သည်။ သူ့အမြန်နှုန်းက လျှပ်စီးလက်သကဲ့သို့ မယုံနိုင်လောက်အောင် မြန်ဆန်လွန်း၏။

ဤလက်သည်းကုပ်ချက်က အလွန်ကြောက်စရာကောင်းကာ သာမန် ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်ခုနစ်မှ ကျွမ်းကျင်သူတစ်ဦးကို အသက်နှုတ်နိုင်သည်။

"ဝုန်း ဝုန်း ဝုန်း"

လုမင်၏ ခန္ဓာကိုယ်အတွင်းမှ နဂါးစွမ်းအားရှစ်ခု ပေါက်ကွဲထွက်လာသည်။ သူ့ကြွက်သားများက ပေါက်ကွဲနိုင်စွမ်းအပြည့်ဖြင့် ဖောင်းကြွလာခဲ့၏။

"ဒုန်း"

လက်သီးနှင့်လက်သည်းကုပ်ချက် ထိပ်တိုက် တွေ့ဆုံသွားကြသည်။

"ဂျွတ် ဂျွတ်"

အရိုးကျိုးသံများ ထွက်ပေါ်လာကာ အိခွမ်း ညည်းညူလိုက်ရ၏။ သူ့မျက်နှာက ရှုံ့မဲ့သွားပြီး အနောက်ကို ဒယီးဒယိုင်ဖြင့် ဆုတ်သွားရတော့သည်။

ခန်းမအတွင်း၌ ထူထပ်သော ကမ္ပည်းစာများ ထွက်ပေါ်လာကာ အိခွမ်း၏ စွမ်းအားများကို ဖယ်ရှားပစ်လိုက်သည်။

"ဒီလူက တအားစွမ်းတယ်"

တစ်ဖက်တွင် တခြားသူများ အံ့အားသင့်ပြီး အနည်းငယ် ထိတ်လန့်သွား၏။

ဤအခိုက်တွင် အိခွမ်း၏ လက်သည်းများက လုံးဝ ပုံပျက်နေပြီး ခေါက်ကွေးသွားကြသည်။ လုမင်၏ လက်သီးချက်က အိခွမ်း၏ လက်ငါးချောင်းကို ကျိုးသွားစေသည်မှာ သိသာထင်ရှားလှပေသည်။

ဤလက်သီးချက်က အိခွမ်း၏ တိုက်ခိုက်မှုကို တားဆီးခဲ့ရုံသာမကဘဲ လက်ငါးချောင်းကိုလည်း ချိုးခဲ့သည်။ ဤစွမ်းအားမျိုးက တကယ်ကို အံ့မခန်းပင်။

"မင်း သေချင်နေတာပဲ"

အိခွမ်း ဒေါသထွက်သွားသည်။ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ၊ အဆင့်ငါး ဝိညာဉ်နတ်ဘုရားနယ်ပယ် အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။ တစ်ချိန်တည်းမှာပင် သူ့ဦးခေါင်းပေါ်၌ သွေးမျိုးဆက် ထွက်ပေါ်လာတော့သည်။

၎င်းက လျှပ်စီးလက်နေသော ဧရာမမိကျောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း၊ သူသည် ရတနာလဲလှယ်ခြင်းမျှော်စင်အတွင်း၌ ရှိနေသောကြောင့် အပြင်ဘက်မှာကဲ့သို့ တောင်လုံးတမျှ မကြီးမားနိုင်ပေ။ ထိုအစား ပို၍ သေးငယ်သွားခဲ့သည်။

ဤတွင် ဧရာမမိကျောင်း၏ ခန္ဓာကိုယ်က အလျား ဆယ်မီတာအထိ ကျုံ့ဝင်သွားခဲ့၏။ သို့သော်လည်း ၎င်း၏ စွမ်းအားမှာ အားနည်းမသွားဘဲ အလွန်ကြောက်စရာကောင်းနေဆဲပင်။

မိကျောင်းကြီးက ဟိန်းဟောက်ပြီး လုမင်ဆီသို့ ပြေးသွားသည်။

"ဒီနေ့ မင်းကို သင်ခန်းစာ‌ပေးမယ်"

လုမင်က ပြောဆိုရင်း တတိယသွေးမျိုးဆက်ကို ထုတ်ဖော်လိုက်သည်။ သူ့ဆံပင်များက နီရဲလာသလို ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်ကလည်း အိခွမ်းအား လွမ်းခြုံသွားခဲ့သည်။

"ဝုန်း"

တတိယသွေးမျိုးဆက်က ဓားတစ်လက်အသွင် ပြောင်းလဲသွား၏။ လုမင်က ဓားကိုဆုပ်ကိုင်ကာ ခုတ်ပိုင်းလိုက်တော့သည်။

All Chapters