ထိုဓားချက် ( ၁ )
Vol. 3 Ch. 43
ရွှေရောင်အလင်းကို သူ မြင်လိုက်ရသည်။
ထိုအလင်းတန်းသည် ဘုရားကျောင်း၏ အတွင်းနံရံများပေါ်ရှိ မပီမပြင်ဖြစ်နေသော လူရုပ်ထုများအားလုံးထံမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထိုလူရုပ်ထုတစ်ခုတစ်ခုချင်းစီက အလင်းဖျော့ဖျော့ ထုတ်လွှတ်နေကြပြီး ထိုအလင်းများ ပေါင်းစည်းသွားသောအခါ ဘုရားကျောင်းတစ်ခုလုံးကို လင်းထိန်သွားစေနိုင်သည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ သို့သော်လည်း အလင်းထိန်ဆုံး အလင်းတန်းက ထိုရုပ်ထုများထံမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။
ဘုရားကျောင်းအတွင်းရှိ အမြတ်တနိုး ထုဆစ်ထားသော ဓားမော့ကြီးကိုင်ဆောင်ထားသည့် ကျောက်ရုပ်ထုကြီးထံမှ ဖြစ်ပေသည်။
ရွှေရောင်အလင်းတန်းများကြောင့် ရွှီချင်း၏ စိတ်အစဉ် တုန်ရီသွားရသည်။ ဘုရားကျောင်း၏အဝင်ဝတွင် မားမားမတ်မတ်ရပ်နေသော အနက်ရောင်မြူခိုးအရိပ်တစ်ခုကိုလည်း သူ မြင်လိုက်ရသည်။ ၎င်း၏ပုံပန်းသွင်ပြင်ကို သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါသော်လည်း ရွှေရောင်အလင်းတန်းများကြောင့် ရှုံ့တွနေသော မှုန်ဝါးဝါးလူရိပ်တစ်ရိပ်ဖြစ်သည်ကို သူ ကောင်းစွာ သိနေသည်။
သူ့နောက်ရှိ ဘုရားကျောင်းအပြင်ဘက်၌ မပီမပြင် လူရိပ်များအသွင်ဖြင့် အနက်ရောင်မြူခိုးအရိပ် ရာပေါင်းများစွာ ရှိနေသည်။ လူသားများသာမက သားရဲများလည်း ရှိနေပေသည်။
ထိုအခိုက် ၎င်းတို့အားလုံးက အအေးဓာတ်များကို ထုတ်လွှတ်လိုက်ရာ ထိုအအေးဓာတ်များ စုပေါင်း၍ ကြောက်ခမန်းလိလိ အေးစိမ့်သော အငွေ့အသက်များ ဖြစ်တည်လာပြီး ဘုရားကျောင်းထဲသို့ စိမ့်ဝင်နေသော အနက်ရောင်မြူခိုးနှင့် ဆက်စပ်သွားဟန်တူသည်။
ထိုအခါမှသာ ဘုရားကျောင်းထဲ ဝင်ရောက်နေသော အနက်ရောင်အရိပ်သည် ရွှေရောင်အလင်းတန်းအောက်တွင် ခေါင်းကို ဖြည်းညင်းစွာ မော့လာသည်။ ၎င်းက ဝိညာဉ်များကို တုန်ရီသွားစေနိုင်လောက်အောင် ဟိန်းဟောက်လိုက်ပြီး နောက်တစ်လှမ်း တိုးသွားသည်။
ထိုခြေလှမ်းသည် တားမြစ်ထားသော စည်းမျဉ်းကို ဖောက်ဖျက်လိုက်ဟန်တူသည်။
သူ ခြေချလိုက်သည့်အခိုက် စူးရှတောက်ပသည့် အလင်းတန်းကို ထုတ်လွှတ်နေသော ဓားမော့ကိုင်ဆွဲထားသည့် ရုပ်တုကြီးက အသက်ဝင်လာသည့်အလား မြေပြင်ပေါ် ခြေချလိုက်သည်ကို ရွှီချင်း ထိတ်လန့်တုန်လှုပ်စွာ မြင်လိုက်ရသည်။
ထိုရုပ်ထုကြီးသည် ဖော်ပြ၍မရနိုင်လောက်သော ဂုဏ်အရှိန်အဝါကြီးမြတ်ခြင်းမျိုးဖြင့် လူသားလောကသို့ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား ထင်မှတ်ရပေသည်။ ၎င်းသည် ခြေလှမ်းကျဲကြီးများဖြင့် တဝုန်းဝုန်းမြည်ဟည်းနေသော အနက်ရောင်မြူခိုးထံသို့ လျှောက်သွားသည်။
ထို့နောက် ၎င်းသည် လက်ကိုမြှောက်၍ ဓားမော့အား ခုတ်ချလိုက်သည်။
ထိုဓားချက်သည် ရိုးရှင်းပြီး မည်သည့်အကွက်အလှည့်အပြောင်းမှ မပါချေ။ သို့စေကာမူ ၎င်းတွင် ကောင်းကင်နှင့်မြေပြင်၏ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော မဟာတာအိုသဘောတရားများ ပါဝင်နေဟန်တူသည်။
နားဖြင့်မကြားနိုင်ပါသော်လည်း ဝိညာဉ်အသိဖြင့် အနက်ရောင်အရိပ်ထံမှ ဆွဲဆွဲငင်ငင် ငိုညည်းသံ ထွက်ပေါ်နေသည်ကို အာရုံခံနိုင်ပေသည်။
မြူခိုးများ ချက်ချင်း အငွေ့ပျံသွားပြီး စုတ်ပြတ်နေသော အဝတ်အစားများနှင့် ပုပ်ပွနေသော ခန္ဓာကိုယ်တစ်ခု ပေါ်လာသည်။
၎င်းသည် မျက်တွင်းဟောက်ပက်ဖြစ်နေသော အဘိုးအိုတစ်ဦးဖြစ်ကြောင်း သူ ကောင်းစွာ ပြောနိုင်သည်။
ထို့နောက် ၎င်း၏ခန္ဓာကိုယ်က ပြိုလဲသွားပြီး မြူခိုးများကဲ့သို့ အငွေ့ပျံသွားလေသည်။
အပြင်ဘက်ရှိ အနက်ရောင်အရိပ် တစ်ရိပ်ပြီးတစ်ရိပ် သက်ရောက်သွားသည်။ ၎င်းတို့၏ခန္ဓာကိုယ်ပတ်လည်ရှိ အနက်ရောင်မြူခိုးများက ဝိုးတဝါးဖြစ်လာကာ ရွှီချင်းသည် ရွှေရောင်အလင်းတန်း၏ အကူအညီဖြင့် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ သွေးအရိပ်အဖွဲ့ခေါင်းဆောင်ပင်။
ယခုအခါ သူသည် အရိပ်နက်အုပ်စုထဲတွင် ရှိနေပြီး သူ၏ပိန်သွယ်သွယ်မျက်နှာတွင် ခံစားချက်များ လုံးဝမရှိချေ။ ရွှေရောင်အလင်းတန်းများ ပျံ့နှံ့လာသည်နှင့် သူ၏တစ်ကိုယ်လုံး သန့်ရှင်းစင်ကြယ်သွားကာ လွင့်ပါးပျောက်ကွယ်သွားဟန်တူသည်။
အချိန်အနည်းငယ်ကြာပြီးနောက် လွင့်ပါးမသွားဘဲ ကျန်နေခဲ့သည့် အရိပ်များသည် တဖြည်းဖြည်း နောက်ဆုတ်သွားကြပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
တချိန်တည်းမှာပင် ဘုရားကျောင်းထဲရှိ ရွှေရောင်အလင်းတန်းသည်လည်း တဖြည်းဖြည်း ဖျော့တော့လာသည်။ ထို့နောက် အရှိန်အဝါကြီးမားသော ရုပ်ထုကြီးသည်လည်း အလင်းတန်းများ ဖြာထွက်နေလျက် မူလနေရာသို့ လှည့်ပြန်သွားသည်။ သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ ပျောက်ကွယ်သွားသောအခါမှသာ သူသည် ကျောက်ရုပ်ထုကဲ့သို့ ပြန်ဖြစ်သွားဟန်တူသည်။ သူသည် နေရာမှာပင် မားမားမတ်မတ်ရပ်နေကာ ဝင်ပေါက်ကို စောင့်ကြပ်နေသည့်အလား မမှိတ်မသုန်ဖြင့် ကြည့်နေသည်။
ခဏအကြာ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ ကျောက်သားအက်ကွဲကြောင်းမှတစ်ဆင့် ထိုဖြစ်ရပ်ကို အစအဆုံး မြင်တွေ့ခဲ့ရသော ရွှီချင်းသည်သာ ပြတ်တောင်းပြတ်တောင်းဖြင့် အသက်ရှူနေလေသည်။ မယုံကြည်နိုင်သော အရိပ်အယောင်များ သူ့မျက်ဝန်းများထဲ ပေါ်လွင်နေသည်။
သီချင်းသံမြူခိုးများထဲတွင် သေသွားခဲ့သော သွေးအရိပ်အဖွဲ့ခေါင်းဆောင်က ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။
ဤအရာသည် သာမန်ဘုရားကျောင်းတစ်ကျောင်းသာ ဖြစ်ပါသော်လည်း ညအခါတွင် မနှိုင်းယှဉ်သာအောင် စူးရှတောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်ပေသည်။
သက်ဝင်လှုပ်ရှားမှုကင်းမဲ့သော ကျောက်ရုပ်ထုကြီးသည်လည်း လူသားလောကသို့ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား လျှောက်လာခဲ့သည်။ ထိုဓားချက်သည်လည်း စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် လေးနက်သိမ်မွေ့သည်။
ထိုစဉ် အပြင်ဘက်မှ နေရောင်ခြည်တန်းများ ဖြာကျလာ၏။ နေ့သစ်ကို ရောက်ရှိလာခဲ့လေပြီ။
ရွှီချင်းအတွက် တည်ငြိမ်အောင်လုပ်ရန် အချိန်အတော် ယူလိုက်ရသည်။ ထို့နောက် သူက ကျောက်သားအက်ကွဲကြောင်းအပြင်ဘက်သို့ တွားသွား၍ ထွက်လာခဲ့သည်။
သူသည် အပြင်ဘက်ရှိ နေရောင်ခြည်တန်းများကို လှမ်းကြည့်လိုက်ပြီးနောက် နံရံများထက်ရှိ လူသားရုပ်ထုများကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏အကြည့်က ဓားမော့နှင့် ကျောက်ရုပ်ထုကြီးထံ ရောက်သွားသည်။
ထိုရုပ်တုကြီးက မည်သည့်အရာဖြစ်သည်ကို သူ မသိချေ။ ၎င်းက အသက်ရှင်နေသေးလား၊ သို့တည်းမဟုတ် သေဆုံးသွားခဲ့ပြီလား။
ဤဘုရားကျောင်းအစုအဝေးကြီးက မည်မျှသက်တမ်းရှည်ကြာနေပြီး မည်မျှအထိ ဂုဏ်အရှိန်အဝါကြီးမားခဲ့သည်ကို မသိပေ။
သို့စေကာမူ ယမန့်နေ့ညက အဖြစ်အပျက်သည် သူ့ကို အကြီးအကျယ် တုန်လှုပ်သွားစေ၏။
အထူးသဖြင့် အရှိန်အဝါကြီးမားသော နက်နဲသိမ်မွေ့သည့်ဓားမော့ဓားချက်ပင် ဖြစ်သည်။ ထိုဓားချက်သည် ရွှီချင်း၏စိတ်နှလုံးထဲတွင် ထွင်းထုလိုက်ပြီး ဘယ်သောအခါမှ မေ့မသွားအောင် ပြုလုပ်လိုက်သည့်အလား သူ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။
အန္တရာယ်များနှင့် ပြည့်နှက်နေသော ဤတားမြစ်နယ်မြေထဲ၌ အမှောင်ထုကြီး ချည်းနင်းဝင်ရောက်မလာနိုင်သည့် နေရာတစ်ခု ရှိနေမည်ဟု သူ မစဉ်းစားကြည့်နိုင်ခဲ့ပေ။
ခေါင်းဆောင်လဲ့သည်လည်း ထိုအကြောင်း သူ့ကို မပြောပြခဲ့ပေ။ သို့တည်းမဟုတ် ခေါင်းဆောင်လဲ့ကိုယ်တိုင်ပင် ထိုအဖြစ်အပျက်နှင့် မကြုံခဲ့ဖူးသည်လည်း ဖြစ်ပေမည်။
ယမန်နေ့ညက အဖြစ်အပျက်မျိုး မကြာခဏ မဖြစ်ပေါ်လာနိုင်ပေ။ အထူးသဖြင့် မည်သူတစ်ဦးတစ်ယောက်ကမှ သူကဲ့သို့ တားမြစ်နယ်မြေထဲ အချိန်ကြာမြင့်စွာ မနေနိုင်ကြသည် မဟုတ်ပါလား။
သို့ဖြစ်၍ ထိုအဖြစ်အပျက်ကို မြင်တွေ့ခဲ့ဖူးသည့်လူ ရှိခဲ့မည်ဆိုလျှင်တောင် အလွန် နည်းပါးပေမည်။ ဤကိစ္စသည်လည်း သက်သေမရှိသော ဒဏ္ဍာရီတစ်ပုဒ်အဖြစ်သာ အဆုံးသတ်သွားမည်ဖြစ်သည်။
ရွှီချင်းသည် ငြိမ်သက်နေ၏။ ထို့နောက် သူက ကျောက်ရုပ်ထုကြီးနှင့် ဘေးပတ်လည်ရှိ လူရုပ်များကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
အနည်းငယ် တွေးတောပြီးနောက် သူသည် သားရေအိတ်ထဲမှ ဖယောင်းတိုင်တစ်ချောင်းကို ထုတ်၍ ကျောက်ရုပ်ထုကြီးရှေ့တွင် စိုက်လိုက်သည်။ ထို့နောက် ဖယောင်းတိုင်ကို မီးညှိကာ နောက်တစ်ဖန် အရိုအသေပေးလိုက်ပြန်သည်။
ပြီးသည်နှင့် ဘုရားကျောင်းထဲမှ သူ ထွက်လာခဲ့သည်။
ဘုရားကျောင်းအစုအဝေး အပြင်ဘက်သို့ ရောက်သည့်တိုင်အောင် ထိုနေရာကို သူ့စိတ်နှလုံးထဲတွင် ရေးထွင်းချင်နေသည့်အလား ဘုရားကျောင်းဘက်ကို အချိန်တိုင်း လှည့်ကြည့်နေသည်။ တချိန်တည်းမှာပင် ဓားချက်ထုတ်ဖော်လိုက်သည့်မြင်ကွင်းသည်လည်း သူ့စိတ်ထဲ အဆက်မပြတ် ပေါ်နေသည်။
ထိုမြင်ကွင်းသည် သူ့စိတ်ထဲ၌ မယုံနိုင်စရာကောင်းလောက်အောင် ရှင်းလင်းနေပေရာ ဘုရားကျောင်းပိုင်နက်မှ ထွက်ခွာလာသော သူသည် တောအုပ်ထဲ လျှောက်နေရင်း ညာလက်ကို အလိုလို မြှောက်လိုက်သည်။
ထိုဓားချက်ကို သူ တုပ၍ ပြုလုပ်လိုက်သည့်အချိန်တိုင်း သူ့စိတ်ထဲ နက်နက်နဲနဲ ခံစားသွားရသည်။
တောင်တန်းပင်လယ်ပညာရပ်သည် ရှောင်ပုံရိပ်ကို ကြည့်၍ ပုံဖော်လေ့ကျင့်ရသော ပညာရပ်ဖြစ်ရာ ရွှီချင်းသည် စိတ်ထဲတွင် ဓားမော့ခုတ်နေသော ရှောင်ကို ပုံဖော်လိုက်သည်။
ထိုသို့ သူ တုပနေစဉ်အတောအတွင်း သူ၏ကျင့်ကြံခြင်းအဆင့်သည် သူ သတိမထားမိဘဲ တိုးတက်နေပြီး တောင်တန်းပင်လယ်ပညာရပ်၏အဆင့်လေးကို ဖောက်ထွက်သွားသည်။
သူက ဓားမော့ဓားချက်ကို တုပလိုက်သည့်အတွက်ကြောင့်ပေလော၊ ဤတစ်ကြိမ် အဆင့်တက်ရာတွင် သူ၏အမြန်နှုန်းနှင့် ခွန်အားက အဆပေါင်းများစွာ တိုးတက်လာသည်သာမက သူ၏အသိစိတ်ကိုလည်း တိုးတက်သွားစေခဲ့သည်။
ထိုအဆင့်တက်ခြင်းကြောင့် သူ၏အတွေးများက ပို၍ပင် ရှင်းလင်းပြတ်သားလာ၏။ တချိန်တည်းမှာပင် သူသည် ညာလက်ကိုမြှောက်၍ အောက်သို့ ချလိုက်သောအခါ နတ်ဘုရားရုပ်ထုက ဓားမော့ကို ခုတ်ချလိုက်သည့်အလား ခံစားချက်ရေးရေး ရလာသည်။
ထိုအခြင်းအရာသည် ရွှီချင်းကို အလွန် အံ့အားသင့်သွားစေ၏။
နှစ်ရက်ဆိုသော အချိန်က တဖြည်းဖြည်း ကုန်လွန်သွားသည်။ သူသည် တောနက်ထဲ မဟုတ်သည့်အတွက်ကြောင့်ပေလော၊ ဘုရားကျောင်းမှ ခြိမ်းခြောက်လိုက်ခြင်းကြောင့်ပေလော အပြန်ခရီးလမ်းတွင် ထူးထူးဆန်းဆန်းခြေသံများကို မကြုံခဲ့ရပေ။