← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁)

နေ့လယ်စာအတွက် PX စစ်စတိုးဆိုင်ကနေ အေးခဲထားတဲ့ ကျန်ပုန်းခေါက်ဆွဲပြုတ်နဲ့ ဖက်ထုပ်တွေဝယ်ပြီး မိုက်ခရိုဝေ့ဗ်နဲ့ နွှေးလိုက်တယ်။

တက်ဂယူက ပြောတယ်။

"အကြာကြီးနေမှ ဒါမျိုးပြန်စားရတာ တကယ်ကောင်းတယ်နော် "

ကျွန်တော်လည်း တစ်လုပ်စားပြီး ခေါင်းညိတ်ပြလိုက်တယ်။

"ဒါတော့ ဟုတ်တယ်"

"အိမ်ယူဖို့ပါ နည်းနည်းလောက်ဝယ်သွားရမလား"

"အိမ်မှာစားရင် ဒီအရသာမျိုး ရမှာမဟုတ်ဘူး"

ဒါပေမဲ့ စစ်တပ်ထဲမှာ စားရတာဖြစ်လို့ Michelin ကြယ်သုံးပွင့်အဆင့် စားသောက်ဖွယ်ရာတစ်ခုလိုပဲ အရသာရှိလှပါတယ်။

စားသောက်ပြီးနောက် အချိုပွဲအတွက် ရေခဲမုန့်ဝယ်ခဲ့တယ်။ အလုပ်ရှုပ်ပြီး အပြေးအလွှားဖြစ်နေတဲ့ လက်ထောက်တွေကို ကြည့်ရင်း ကျွန်တော်က ပြောလိုက်တယ်။

"အဲဒီကောင်တွေလည်း တော်တော်ပင်ပန်းနေမှာပဲ"

အမှန်အတိုင်းပြောရရင် အရန်တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးရတာ မလွယ်ကူတဲ့အလုပ်ပါ။

အထူးသဖြင့် စကားနားမထောင်တဲ့အခါမျိုးမှာပေါ့။

"မင်းအားနာတယ်ဆိုရင် PX မှာ ဝမ်သန်း ၁၀၀ လောက် ကြိုတင်ရှင်းပေးခဲ့ပြီးမှ ထွက်သွားလိုက်လေ"

ဘာလို့ သူတို့တွေကို ကောင်းကောင်းမွန်မွန်မကျွေးဘဲ အေးခဲစာတွေပဲ ကျွေးနေရတာလဲ။

"မင်းပဲ လုပ်လိုက်ပါ"

လူသိပ်မသိပေမဲ့ သူက ဝမ်သန်းပေါင်းများစွာကို လက်ငင်းငွေအဖြစ် ပိုင်ဆိုင်ထားပြီး ပိုင်ဆိုင်မှုကလည်း ဝမ်သိန်းကုဋေပေါင်းများစွာ ရှိတာပါ။

တချို့အရန်တပ်ဖွဲ့ဝင်တွေက ရင်းရင်းနှီးနှီးနဲ့ ကျွန်တော့်ကို လာစကားပြောကြတယ်။ အရန်တပ်သင်တန်းကျောင်းဆိုတော့ လူပေါင်းစုံရှိတာပေါ့။

သူတို့က ဘယ်အစုရှယ်ယာတွေက ရင်းနှီးမြှုပ်နှံဖို့ကောင်းလဲ၊ အခုအချိန်မှာ အိမ်ဝယ်သင့်လားဆိုပြီး ကျွန်တော့်ကို ဘာလို့လာမေးနေကြတာလဲ။

မွန်းလွဲပိုင်းမှာတော့ စစ်ကြောင်းအဆင့် တိုက်ပွဲဝင်လေ့ကျင့်ခန်း ရှိပါတယ်။

လေ့ကျင့်ရေးကွင်းကို ရွှေ့နေတုန်း မိုးဖွဲဖွဲလေး စရွာလာတယ်။

ဒီလိုရာသီဥတုက အာရုံအနောက်ဆုံးပဲ။ အပြင်ဘက်လေ့ကျင့်ရေး ဖျက်သိမ်းပြီး အထဲမှာပဲ နေလို့ရအောင် မိုးကို သည်းသည်းမည်းမည်း ရွာချလိုက်စေချင်တယ်။ ဒါပေမဲ့ မိုးထဲရေထဲမှာ လေ့ကျင့်ရနိုင်ခြေလည်း ရှိနေပြန်တယ်။

လေ့ကျင့်ရေးကွင်းမှာ ထိုင်ပြီး နည်းပြရဲ့ ရှင်းလင်းချက်ကို နားထောင်နေတုန်း မိုးပေါက်တွေက တဖြည်းဖြည်း ကြီးလာတယ်။

အရန်တပ်ဖွဲ့ဝင်တွေက ဝမ်းသာအားရ အော်ဟစ်ကြတယ်။

"မိုးရွာပြီ"

"အခု အထဲဝင်သင့်ပြီ မဟုတ်လား"

"မြေကြီးက ဗွက်ထနေပြီ၊ ဒီမှာထိုင်ရတာ ခက်တယ်"

"အထဲသွားကြရအောင်"

ဒီအချိန်မှာတော့ အထဲကို သေချာပေါက် ဝင်သင့်နေပါပြီ။

နည်းပြတွေလည်း လေ့ကျင့်ရေး ဆက်လုပ်ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ပုံရပြီး ရေဒီယိုကနေ အခြေအနေကို လှမ်းအစီရင်ခံကြတယ်။ ဒါပေမဲ့ ရုတ်တရက် အရေးပေါ်အခြေအနေ ကြေညာလိုက်သလိုမျိုး အရာရှိတွေက အပြေးအလွှား ဖြစ်ကုန်ကြတယ်။

တက်ဂယူက သူတို့ကို ကြည့်ရင်း ရေရွတ်လိုက်တယ်။

"ဘာလဲဟ။ မြောက်ကိုရီးယားတွေ ကျူးကျော်လာလို့လား"

အဲဒီအချိန်မှာ ရေဒီယိုသတင်းရရှိတဲ့ နည်းပြတစ်ယောက်က လှမ်းအော်တယ်။

"ကိစ္စအကြီးကြီး ဖြစ်နေပြီ"

"ဘာဖြစ်လို့လဲ"

"ကြည်းတပ်ဦးစီးချုပ် လာနေတယ်"

အရန်တပ်ဖွဲ့ဝင်တွေက မယုံနိုင်သလို တုံ့ပြန်ကြတယ်။

"ဘာဖြစ်တယ်။ ကြည်းတပ်ဦးစီးချုပ် ဟုတ်လား"

"ကြည်းတပ်ဦးစီးချုပ်က အရန်တပ်လေ့ကျင့်ရေးစခန်းကို လာတယ်ဆိုတာ အဓိပ္ပာယ်ရှိလို့လား"

"ငါ စစ်မှုထမ်းနေတုန်းကတောင် တပ်မမှူးထက် မြင့်တဲ့သူကို တစ်ခါမှ မမြင်ဖူးဘူး"

"ကြည်းတပ်ဦးစီးချုပ်ရဲ့ ရာထူးအဆင့်က ဘာလဲ"

"ကြယ်လေးပွင့်ဗိုလ်ချုပ်။ ဗိုလ်ချုပ်ကြီးပေါ့ဟ"

"ဘာလို့ ကြယ်လေးပွင့်ဗိုလ်ချုပ်က ဒီကို လာရတာလဲ"

လူတိုင်းရဲ့ အကြည့်တွေက ကျွန်တော့်ဆီ ရောက်လာတယ်။

ကျွန်တော့်ကြောင့်များ ဖြစ်နိုင်မလား။

အဲဒီလိုဆိုရင်တော့ ဒါက ကျွန်တော့်ရဲ့ ချမ်းသာကြွယ်ဝမှုကြောင့်ထက် အမေရိကန်နဲ့ ရှိတဲ့ ဆက်ဆံရေးကြောင့် ဖြစ်ဖို့များပါတယ်။ တောင်ကိုရီးယားစစ်တပ်က အမေရိကန်စစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတာလေ။ လူတိုင်းသိကြတဲ့အတိုင်း ကျွန်တော်က အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်သေနာပတိချုပ်ဖြစ်တဲ့ အမေရိကန်သမ္မတ ရိုနယ်စတန်ပါနဲ့ အရမ်းရင်းနှီးတာကိုး။

ဒါပေမဲ့ လေ့ကျင့်ရေးကွင်းအထိ တကူးတက လာဖို့ လိုအပ်လို့လား။

သေချာတာကတော့ ကြည်းတပ်ဦးစီးချုပ်က တစ်ယောက်ထဲ လာမှာမဟုတ်ပါဘူး။ ခြံရံထားတဲ့ အဖွဲ့အစည်းတစ်ခုလုံး ပါလာမှာပါ။ ဖြစ်နိုင်တာကတော့ ဗိုလ်မှူးချုပ်တစ်ယောက်က ရာထူးအငယ်ဆုံး နေရာကနေ လိုက်ပါလာလိမ့်မယ်။

စစ်တပ်ထဲ ရောက်ဖူးတဲ့သူတိုင်း သိကြတဲ့အတိုင်း အဆင့်မြင့်အရာရှိတစ်ယောက် လာရောက်လည်ပတ်တာထက် ပိုပင်ပန်းတာ မရှိပါဘူး။ ကြယ်တစ်ပွင့်ဗိုလ်ချုပ် လာရင်တောင် တပ်ဖွဲ့တစ်ခုလုံးက တစ်ပတ်အလိုကတည်းက ဇောက်ထိုးမိုးမျှော် ဖြစ်နေတာပါ။

စစ်တန်းလျားတစ်ခုလုံးကို သွားတိုက်ဆေးတွေနဲ့ တိုက်ချွတ်ရပြီး သေနတ်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ပြောင်လက်နေအောင် ပွတ်တိုက်ရတယ်။ လမ်းပေါ်က သစ်ရွက်ခြောက်တွေနဲ့ ဖုန်မှုန့်မှန်သမျှကို ဖယ်ရှားပစ်ရပြီး တပ်ဖွဲ့တစ်ခုလုံးကို ခွဲစိတ်ခန်းတစ်ခုလို သန့်ရှင်းနေအောင် လုပ်ရတယ်။ (စစ်သားတွေက ဒါကိုလုပ်ရင်း ရက်အတော်ကြာ အပင်ပန်းခံ သေလုမတတ် ဖြစ်ရတာပေါ့။ ဒါပေမဲ့ အားလုံးလုပ်ပြီးတဲ့အခါ အစီအစဉ်က ပြောင်းသွားပြီး လုံးဝရောက်မလာတာမျိုးလည်း ရှိတတ်ပြန်တယ်)

ပုံမှန်ဆိုရင် အရန်တပ်ဖွဲ့ဝင်တစ်ယောက်ဟာ မြောက်ကိုရီးယား စစ်သားတွေ မျက်စိရှေ့မှာ ပေါ်လာရင်တောင် တုန်လှုပ်မှုမရှိဘဲ တည်တည်ငြိမ်ငြိမ် ရှိနေသင့်တာပါ။ ဒါကြောင့် ကြည်းတပ်ဦးစီးချုပ် လာနေတယ်ဆိုတာ ကြားတာတောင် တုံ့ပြန်မှု သိပ်မရှိကြဘူး။

ကျွန်တော်တို့က အရပ်သားတွေပဲလေ။ ဘယ်နှပွင့်ရှိရှိ ဘာဂရုစိုက်ရမှာလဲ။

ကျွန်တော် အဲဒီလို တွေးနေတုန်း အရန်တပ်ဖွဲ့ဝင်တွေရဲ့ ရှေ့မှာ ရပ်နေတဲ့ တပ်စုမှူးက ပြောလိုက်တယ်။

"အခုအချိန်ကစပြီး စည်းကမ်းအတိုင်း တိတိကျကျ လေ့ကျင့်ရမယ်။ သင်တန်းသားအားလုံး မြေကြီးပေါ်မှာ ဝပ်ပြီး အတားအဆီးတွေကို တွားသွားပြီး ဖြတ်ကျော်ကြပါ"

အဲဒီစကားကြောင့် လူတိုင်း အံ့အားသင့်ကုန်ကြတယ်။

"ဟေ့…. တပ်စုမှူး။ ဘာတွေ ပြောနေတာလဲ"

"ကျွန်တော်တို့ကို တွားသွားခိုင်းတာလား"

"မိုးရွာနေတာလေ"

"လူကြီးမင်း။ မြေကြီး ဗွက်ထနေတာ မမြင်ဘူးလား"

ပုံမှန်ဆိုရင် အရန်တပ်ဖွဲ့ဝင်တွေ ကန့်ကွက်ရင် သူတို့က အတိုင်းအတာတစ်ခုအထိ ညှိနှိုင်းပေးလေ့ရှိပါတယ်။

ဒါပေမဲ့ တပ်စုမှူးက မျက်တောင်တစ်ချက်တောင် မခတ်ပါဘူး။

"အမိန့်မနာခံတဲ့ အရန်တပ်ဖွဲ့ဝင်တွေကို ထုတ်ပယ်ပါမယ်။ ရှေ့ကိုသွားပြီး တွားသွားခြင်းကို စတင်ပါ"

"……"

ဒီတပ်စုမှူးဆီကနေ ပြဿနာရှာတဲ့ စစ်သားတစ်ယောက်ရဲ့ အနံ့အသက်ကို ပြင်းပြင်းထန်ထန် ရနေပါတယ်။ သူ အခုထိ မသိသေးပုံရပေမဲ့ အရန်တပ်ဖွဲ့ဝင်တွေကို ရန်စတာက ဘယ်သူ့အတွက်မှ မကောင်းပါဘူး။

အရန်တပ်ဖွဲ့ဝင်တစ်ယောက်က သေနတ်ကို မြေကြီးပေါ် ပစ်ချပြီး အော်လိုက်တယ်။

"ကျွန်တော် မလုပ်ဘူး။ ကြည်းတပ်ဦးစီးချုပ် လာတာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"

အဲဒီအခါ တပ်စုမှူးက သူ့ကို စိုက်ကြည့်ပြီး ပြောတယ်။

"မင်း သေနတ်ကို ချက်ချင်းပြန်ကောက်ပြီး လေ့ကျင့်ရေးမှာ မပါဝင်ရင် ထုတ်ပယ်ခံရလိမ့်မယ်"

စစ်သားတွေ အကြောက်ဆုံးက ဘာလဲ။ ပြင်းထန်တဲ့ စစ်သင်တန်းလား။ CBR လေ့ကျင့်ရေးလား။ အတားအဆီး ဖြတ်ကျော်တဲ့ သင်တန်းလား။ ဆောင်းရာသီလေ့ကျင့်ရေးလား။

လေ့ကျင့်ရေးက ဘယ်လောက်ပဲ ခက်ခဲပါစေ၊ သူတို့ သည်းခံနိုင်ကြပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းသက် တိုးသွားတာကိုတော့ မခံနိုင်ကြပါဘူး။ ဒါကြောင့် အချုပ်ခန်းထဲ အကျဉ်းချခံရတာက စစ်တပ်ထဲမှာ အဆိုးဆုံး ပြစ်ဒဏ်ပါပဲ။ အချုပ်ခန်းမှာ ကုန်ဆုံးခဲ့တဲ့ ရက်တွေက စစ်မှုထမ်းသက်ထဲ ပေါင်းထည့်ခံရတာလေ။

ဒါဆို အရန်တပ်ဖွဲ့ဝင်တွေ အကြောက်ဆုံးက ဘာလဲ။ အဲဒါကတော့ ထုတ်ပယ်ခံရတာပဲ။ ဘာလို့လဲဆိုတော့ လွတ်သွားတဲ့ နာရီတိုင်းအတွက် သူတို့က ပြန်လာပြီး ပြန်လည်လေ့ကျင့်ရမှာမလို့ပါ။ နောက်ထပ်တစ်ရက်လေးတောင် ထပ်မလေ့ကျင့်ချင်ကြဘူး မဟုတ်လား။

ခဏလောက် ဝေခွဲမရဖြစ်ပြီးနောက် နောက်ဆုံးတော့ သူ သေနတ်ကို ပြန်ကောက်လိုက်တယ်။

"ချီး။ တကယ်ပါပဲ"

တပ်စုမှူးရဲ့ အမိန့်အရ ကျွန်တော်တို့တွေဟာ ဗွက်ထနေတဲ့ မြေကြီးပေါ်မှာ တွားသွားရင်း အေးစက်တဲ့ မိုးထဲမှာ စိုရွှဲကုန်ကြတယ်။

အရန်တပ်ဖွဲ့ဝင်တွေက အံကြိတ်နေကြတယ်။

"မအေဘေးကြီး"

"ရူးတော့မှာပဲ"

"ဒါက အရန်တပ်သင်တန်းလား၊ အတားအဆီး ဖြတ်ကျော်တဲ့ သင်တန်းလား"

"ငါ စစ်မှုထမ်းတုန်းကတောင် ဒါမျိုး မလုပ်ခဲ့ဖူးဘူး"

ကျွန်တော့်ဘေးမှာ တွားသွားနေတဲ့ တက်ဂယူက ပြောတယ်။

"ဒါတွေအားလုံး မင်းကြောင့်ပဲ"

ကျွန်တော်က မခိုးမခန့် ပြန်ပြောလိုက်တယ်။

"ဘာလို့ ငါ့ကြောင့် ဖြစ်ရမှာလဲ"

"ဒါဆို သူက ဒီအရန်တပ်က အဖိုးကြီးတွေကို လာကြည့်တာလား"

"……"

နောက်ဆုံးတော့ ကျွန်တော့်ကြောင့်ပဲ ဖြစ်နေတာလား။

စစ်တပ်ရဲ့ စုပေါင်းနေထိုင်ရတဲ့ သဘာဝအရ လူတစ်ယောက် မှားရင် အားလုံး ဒုက္ခရောက်ရတာပဲ။ ဒါကြောင့် တပ်ဖွဲ့ထဲမှာ ပြဿနာရှာတဲ့ စစ်သားတစ်ယောက်ရှိနေတာက ခေါင်းခဲစရာကောင်းတာလေ။

ပြဿနာရှာတဲ့ စစ်သား တည်မြဲခြင်းနိယာမအရ တပ်ဖွဲ့တိုင်းမှာ အနည်းဆုံး တစ်ယောက်တော့ ရှိတတ်ပါတယ်။ (တကယ်လို့ သင် စစ်မှုထမ်းတုန်းက ဒါမျိုးတစ်ယောက်မှ မရှိခဲ့ရင် သင်ကိုယ်တိုင်က ပြဿနာရှာတဲ့ စစ်သား ဖြစ်နေဖို့ အခွင့်အရေး အများကြီးရှိပါတယ်)

ကျွန်တော် တပ်သားသစ်တန်းတုန်းက ဂျူနီယာစစ်သား တစ်ယောက်က ပိတ်ရက် ကင်းစောင့်တပ်ကူညီမှုမှာ ကျည်အလွတ်တစ်တောင့် ပျောက်ဆုံးခဲ့ဖူးတယ်။

ကျည်အလွတ်တစ်တောင့် ပျောက်တာက ကိစ္စအကြီးကြီး မဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပေမဲ့ စစ်တပ်ထဲမှာ ကျည်ခွံအလွတ်တစ်ခွံ ပျောက်ရင်တောင် ကမ္ဘာပျက်မတတ် ဖြစ်သွားတာပါ။

ကျွန်တော်တို့ရဲ့ နားရက်ဟာ ချက်ချင်းဖျက်သိမ်းခံလိုက်ရပြီး တပ်ဖွဲ့တစ်ခုလုံးက ကျည်အလွတ်ကို ရှာဖို့ လှုပ်ရှားခဲ့ရတယ်။

ဒီအထိကတော့ ဘယ်သူမဆို မှားနိုင်တဲ့ အမှားတစ်ခုပါပဲ။

မရေမရာဖြစ်စရာ ကောင်းတာက အဲဒီကျည်အလွတ်ကို ဂျူနီယာစစ်သားရဲ့ အိတ်ကပ်ထဲမှာ ပြန်တွေ့ခဲ့တာပါ။ အဲဒီအခါကျမှ သူက ကျည်အိမ်ပြုတ်ကျသွားပြီး ကျည်အလွတ် ထွက်ကျသွားတာကြောင့် အိတ်ကပ်ထဲ ထည့်ထားမိပေမဲ့ မေ့သွားတာလို့ ဝန်ခံခဲ့တယ်။ သူက အိတ်ကပ်ထဲထည့်ထားမိတာကို ချက်ချင်းသိပေမဲ့ ပြောဖို့ အလွန်ကြောက်နေခဲ့တာကိုလည်း ဝန်ခံခဲ့တယ်။

အဲဒီတုန်းက သူတို့က ဂျူနီယာစစ်သားကို ကြည့်ခဲ့တဲ့ အကြည့်မျိုးနဲ့ အခု ကျွန်တော့်ကို ကြည့်နေကြတာပဲ… ဒါမှမဟုတ် ကျွန်တော့်စိတ်ထင်လို့ပဲလား။

မသိလိုက်ဘဲနဲ့ ပြဿနာရှာတဲ့ စစ်သား ဖြစ်သွားခဲ့တဲ့အတွက် အားနာမိတယ်။

ကျွန်တော်တို့တွေ မိုးထဲရေထဲမှာ မြေကြီးပေါ် တက်တက်ကြွကြွ တွားသွားနေတုန်း ကြည်းတပ်ဦးစီးချုပ်နဲ့ သူ့ရဲ့ ဗိုလ်ချုပ်တွေက တပ်ရင်းမှူးရဲ့ လမ်းညွှန်မှုနဲ့ တန်းစီပြီး ပေါ်လာကြတယ်။

တခြားလူတွေအားလုံးက ထီးတွေဆောင်းထားပြီး ကျွန်တော်တို့ကတော့ မိုးမိနေပါတယ်။ သူတို့နောက်မှာ ကင်မရာကိုင်ထားတဲ့ အရာရှိတစ်ယောက်လည်း ရှိနေတယ်။ ကာကွယ်ရေးသတင်းစာကများလား။

တပ်စုမှူးက အလေးပြုလိုက်တယ်။

"အလေးပြုပါတယ်။ ဆရာ"

ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချွိုင်းဟျွန်ဝူးက လေ့ကျင့်ရေးကွင်းကို ဝေ့ကြည့်ပြီး မေးတယ်။

"အခု ဘယ်လိုလေ့ကျင့်ရေး လုပ်နေတာလဲ"

"စစ်ကြောင်းအဆင့် တိုက်ပွဲဝင်လေ့ကျင့်ခန်းပါ။ ဆရာ"

"မင်းတို့ အမြဲတမ်း ဒီလိုပဲ လေ့ကျင့်တာလား"

တပ်စုမှူးရဲ့ မျက်နှာမှာ ဂုဏ်ယူမှုတွေ ပေါ်နေတယ်။

"ဟုတ်ပါတယ်။ ဆရာ"

အဲဒီအချိန်မှာ တက်ဂယူက ရုတ်တရက် ချောင်းဆိုးပြီး အော်လိုက်တယ်။

"အဟွတ်။ အဟွတ်။ ကျွန်တော် အရမ်းအေးပြီး ဖျားနေလို့ ဒါကို မလုပ်နိုင်တော့ဘူး"

အဲဒီအခါ အရန်တပ်ဖွဲ့ဝင်တွေကလည်း ဒါကို စောင့်နေကြသလိုမျိုး လှဲချလိုက်ပြီး ညည်းတွားကြတော့တယ်။

"အား။ ငါ့ တံတောင်ဆစ်"

"ငါ့ ပခုံး ပြန်ပြုတ်ထွက်သွားပြီ"

"ငါ့ခြေထောက် ကျိုးသွားပြီ ထင်တယ်"

"အဟွတ်။ ငါ့ရဲ့ ကင်ဆာရောဂါ ပြန်ထလာပြီ"

"ကယ်ကြပါဦး"

အရန်တပ်ဖွဲ့ဝင်တွေက တစ်ပြိုင်ထဲ သပိတ်မှောက်ကြတဲ့အခါ တပ်ရင်းမှူးနဲ့ တပ်စုမှူးရဲ့ မျက်နှာတွေ တင်းမာသွားတယ်။

ဗိုလ်ချုပ်ကြီး ချွိုင်းဟျွန်ဝူးက တပ်စုမှူးကို ပြောလိုက်တယ်။

"ဒီနေ့ ရာသီဥတုက ဆိုးနေတာကို အရန်တပ်ဖွဲ့ဝင်တွေကို ဘာလို့ ဒီလောက် ခက်ခဲတဲ့ လေ့ကျင့်ရေးတွေ ပေးနေတာလဲ။ သူတို့ နှာစေးချောင်းဆိုးဖြစ်ပြီး တိုက်ပွဲဝင်အသင့်ဖြစ်မှု လျော့နည်းသွားရင် ဒါက ကြီးမားတဲ့ အမျိုးသားအဆင့် ဆုံးရှုံးမှုပဲ"

"တောင်း- တောင်းပန်ပါတယ်။ ဆရာ"

တပ်ရင်းမှူးက ချက်ချင်း လှမ်းအော်တယ်။

"ဘာလုပ်နေတာလဲ။ လေ့ကျင့်ရေးကို ချက်ချင်းရပ်လိုက်"

"ဟု-ဟုတ်ကဲ့ပါ။ ဆရာ။ လေ့ကျင့်ရေး ရပ်နားတော့"

နာကျင်စွာ အော်ဟစ်နေကြတဲ့ အရန်တပ်ဖွဲ့ဝင်တွေက ချက်ချင်း ထရပ်ပြီး အဝတ်အစားပေါ်က ဗွက်တွေကို ခါချလိုက်ကြတယ်။

သူ့နောက်က ဒုတိယဗိုလ်ချုပ်ကြီးနဲ့ ဗိုလ်ချုပ်က လျှာသပ်ပြီး ပြောကြတယ်။

"လေ့ကျင့်တဲ့အခါ အခြေအနေကို ထည့်သွင်းစဉ်းစားရမယ်"

"ဒီဘက်ခေတ်က အရာရှိငယ်လေးတွေက အတိုင်းအဆကို မသိကြဘူး။ အတိုင်းအဆကို မသိကြဘူးပဲ"

တပ်ရင်းမှူးက ဖြူဖတ်ဖြူလျော် ဖြစ်နေပေမဲ့ တပ်စုမှူးကတော့ သူ ဘာမှားသွားလဲဆိုတာ အခုထိ မသိသေးတဲ့ပုံပါ။

သူကတော့ သေချာပေါက် ပြဿနာရှာတဲ့ စစ်သားပဲ။ တပ်ရင်းမှူးနဲ့ စစ်သားတွေကတော့ သူ့ကြောင့် အခက်တွေ့ရတော့မယ်။

ဗိုလ်ချုပ်ကြီး ချွိုင်းဟျွန်ဝူးက ကျွန်တော့်ဆီ ချဉ်းကပ်လာတယ်။

"အို။ စီအီးအို ကန်ဂျင်ဟူလည်း ဒီမှာ လေ့ကျင့်ရေး လာဆင်းနေတာပဲ"

အဲဒီအခါ တက်ဂယူက သူ ကြားနိုင်လောက်အောင် အသံကျယ်ကျယ်နဲ့ ရေရွတ်လိုက်တယ်။

"သူက လာမယ်ဆိုတာ မသိခဲ့သလိုမျိုး ပြောနေတာလား။ ကန်ဂျင်ဟူကြောင့် ရောက်လာတာ အသိသာကြီးပဲကို"

ဗိုလ်ချုပ်ကြီး ချွိုင်းဟျွန်ဝူးက အဲဒီစကားကြောင့် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး လည်ချောင်းရှင်းလိုက်တယ်။

"အဟမ်း"

သူ့နောက်က တပ်ရင်းမှူးက ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ တကယ်လို့ တက်ဂယူသာ စစ်မှုထမ်းဆဲဆိုရင် သူ့ကို ချက်ချင်း အချုပ်ခန်းပို့မိမှာဖြစ်ပေမဲ့ သူက အရပ်သားဖြစ်နေလို့ ဘာမှလုပ်လို့မရပါဘူး။

ဗိုလ်ချုပ်ကြီး ချွိုင်းဟျွန်ဝူးက ကျွန်တော့်ကို မေးတယ်။

"အရန်တပ်သင်တန်းမှာ ဘာအခက်အခဲတွေ ရှိလဲ"

"……"

ဒီလူက ဘယ်တုန်းကစပြီး ကျွန်တော့်ကို ဒီလိုမျိုး ရင်းရင်းနှီးနှီး စကားပြောလာတာလဲ။

ကျွန်တော် ဘာမှမပြောတဲ့အခါ သူက ပြုံးပြီး ပြောတယ်။

"ဟားဟား။ ဘာတွေ ခက်ခဲလဲဆိုတာ စိတ်အေးလက်အေးပဲ ပြောပါ"

"……"

ခင်ဗျားကြောင့် ခက်ခဲနေတာ အထင်သားပဲလေ။ အဲဒါကို ဘယ်လိုဖြစ်ပြီး မသိနိုင်ရတာလဲ။ ခင်ဗျားလည်း ပြဿနာရှာတဲ့ စစ်သားပဲလား။

ကျွန်တော် မိုးမိနေတဲ့ ကြွက်စုတ်တွေလို ဖြစ်နေတဲ့ အရန်တပ်ဖွဲ့ဝင်တွေကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။

"မြင်တဲ့အတိုင်းပဲ။ အားလုံးက လေ့ကျင့်ရေးမှာ အကောင်းဆုံး ကြိုးစားနေကြတာပါ။ အခုက အေးလည်းအေး၊ မိုးလည်း ရွာနေသေးတော့ စောစော ဆင်းခွင့်ရရင် ကောင်းမှာပါ"

"ဒါပေါ့"

ဗိုလ်ချုပ်ကြီး ချွိုင်းဟျွန်ဝူးက ခေါင်းညိတ်ပြီး တပ်ရင်းမှူးကို မေးတယ်။

"အရန်တပ်ဖွဲ့ဝင်တွေက ဒီနေ့ တော်တော်လေး ကြိုးစားပြီး လေ့ကျင့်ခဲ့ကြပုံရတယ်။ စောစော ဆင်းခွင့်ပေးဖို့ ဖြစ်နိုင်မလား"

အဲဒီအခါ တပ်ရင်းမှူးက စည်းကမ်းသေဝပ်တဲ့ တပ်သားသစ်တစ်ယောက်လို ကျယ်လောင်တဲ့ အသံနဲ့ ပြန်ဖြေတယ်။

"ရပါတယ်။ ဆရာ။ အရန်တပ်ဖွဲ့ဝင်အားလုံးကို ချက်ချင်း ဆင်းခွင့်ပေးပါ့မယ်"

အဲဒီစကားကြောင့် စောနကတင် ကျွန်တော့်ဆီ ဦးတည်နေတဲ့ မကျေနပ်မှုတွေက နှင်းတွေလို အရည်ပျော်သွားတော့တယ်။

အရန်တပ်ဖွဲ့ဝင်တွေအားလုံး လက်တွေမြှောက်ပြီး ဝမ်းသာအားရ အော်ဟစ်ကြတယ်။

"ယေး"

[ကြည်းတပ်ဦးစီးချုပ် ချွိုင်းဟျွန်ဝူး အရန်တပ်လေ့ကျင့်ရေးစခန်းသို့ ရုတ်တရက် လာရောက်လည်ပတ်]

(သတင်းဆောင်းပါး)

ဗိုလ်ချုပ်ကြီး ချွိုင်းဟျွန်ဝူးက တပ်ဖွဲ့တွင်း အသုံးအဆောင်ပစ္စည်းများနှင့် လေ့ကျင့်ရေး အခြေအနေများကို စစ်ဆေးရန် အရန်တပ်လေ့ကျင့်ရေးစခန်းသို့ လာရောက်ခဲ့ပြီး နည်းပြများနှင့် အရန်တပ်ဖွဲ့ဝင်များကို အားပေးစကား ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး ချွိုင်းဟျွန်ဝူးက အရန်တပ်လေ့ကျင့်ရေးရဲ့ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး "အရန်တပ်ဖွဲ့ဝင်တွေက အရေးပေါ်အခြေအနေတွေမှာ ရန်သူ့ကျူးကျော်မှုကနေ ကိုရီးယားသမ္မတနိုင်ငံကို ကာကွယ်ရာမှာ အဓိကအင်အားစု ဖြစ်ပါတယ်" လို့ ဆိုသည်။ သူက အရပ်ဘက် အလုပ်အကိုင်တွေ ရှိနေလင့်ကစား လေ့ကျင့်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေကြတဲ့ အရန်တပ်ဖွဲ့ဝင်တွေအတွက်လည်း ဂုဏ်ယူကြောင်း ဖော်ပြခဲ့သည်။

သတင်းရဲ့အောက်မှာ မှတ်ချက်တွေ အများကြီး စီးဆင်းလာတယ်။

– ကျွန်မက လွန်ခဲ့တဲ့ သုံးလက ရည်းစားကို စစ်တပ်ထဲ ပို့လိုက်တဲ့ စစ်သားရည်းစားပါ။ သိပ်မသေချာလို့ပါ၊ ကြည်းတပ်ဦးစီးချုပ်က ရာထူး အရမ်းမြင့်တာလား။

– ကြည်းတပ်ဦးစီးချုပ်က ကြယ်လေးပွင့်ဗိုလ်ချုပ်ဆိုတော့ တပ်စုမှူး ဒါမှမဟုတ် တပ်ခွဲမှူးနဲ့ ရာထူးတူတူပဲ ဖြစ်မှာပေါ့။ ကျွန်မလည်း စစ်သားရည်းစားပါ။ ကျွန်မရည်းစားက အရာရှိ၊ အခု တပ်စုမှူး လုပ်နေတာလေ^^

– နေပါဦး၊ ဘာတွေ ပြောနေတာလဲ။ တပ်စုမှူးက ကြည်းတပ်ဦးစီးချုပ်နဲ့ ရာထူး တူစရာလား။

– ဒါက ဆိုဆောင်း အီလက်ထရောနစ် က ဝန်ထမ်းအသစ်က လင်ဂျင်ယုံ နဲ့ တူတူပဲလို့ ပြောတာနဲ့ အတူတူပဲ။

– အတိအကျပဲ။ တပ်စုမှူးဆိုတာ ဒုဗိုလ်ပဲ ရှိသေးတာကို။ lol

– ဒီဘက်ခေတ် ဒုဗိုလ်တွေက လေးစားမှု မရှိကြဘူး။ ပြဿနာရှာတဲ့ စစ်သားတွေချည်းပဲ။ ပြီးခဲ့တဲ့လက စစ်မှုထမ်းပြီးလို့ တော်သေးတာပေါ့။

– ပိုအရေးကြီးတာက ကြည်းတပ်ဦးစီးချုပ်က အရန်တပ်လေ့ကျင့်ရေးစခန်းကို ဘာလို့ သွားတာလဲ။

– Lol….ကန်ဂျင်ဟူကို သွားတွေ့တာပေါ့ဟ။

– ကန်ဂျင်ဟူကြောင့် နည်းပြတွေအတွက်တော့ မိုးကြိုးပစ်သလို ဖြစ်သွားတာပေါ့။

– ဓာတ်ပုံထဲက တပ်သားက သူ့လက်ကို ဆွဲနှုတ်ပြီး နှုတ်ဆက်နေတုန်း ဘာတွေးနေမလဲ သိချင်မိတယ်။

– အနောက်က တပ်ရင်းမှူး မျက်နှာကို ကြည့်ပါဦး။ lol။ ရာထူးတိုးဖို့ ငြင်းပယ်ခံလိုက်ရတာ သေချာသလောက်ပဲ။

– အရန်တပ်ဖွဲ့ဝင်တွေအားလုံး ပြုံးစိစိနဲ့ဟ။ ဟဲဟဲ။

– ကြည်းတပ်ဦးစီးချုပ်ပဲဖြစ်ဖြစ်၊ ပူးတွဲစစ်ဦးစီးချုပ်ပဲဖြစ်ဖြစ်၊ အရန်တပ်ဖွဲ့ဝင်တွေအတွက်တော့ သူတို့က ဘာမဟုတ်တဲ့ အဖိုးကြီးတစ်ယောက်ပဲ။

– ဦးစီးချုပ် ချွိုင်းဟျွန်ဝူးရဲ့ စိတ်တွင်းအတွေး = ချီး… ဒီကောင်တွေသာ စစ်မှုထမ်းဆဲဆိုရင် ၁၄ ညနဲ့ ၁၅ ရက် အချုပ်ထဲ ပို့ပစ်မှာ။ အရပ်သားတွေ ဖြစ်နေလို့ ဘာမှလုပ်လို့မရဘူး။

– အရန်တပ်ဖွဲ့ဝင်တွေရဲ့ စိတ်တွင်းအတွေး = လဖွတ်ပဲ။ မင်းဘာမင်း ကြယ်လေးပွင့်ဗိုလ်ချုပ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။ အိမ်ကို စောစောပဲ ပြန်လွှတ်ပေး။

– နောက်ဆုံးရက်မှာ ဘယ်သူလာမလဲ သိချင်မိတယ်။

– သမ္မတ ဟိုချန်မင်း က ပိတ်ပွဲအခမ်းအနားကို လာကြည့်မှာ မဟုတ်ဘူးလား။

– သမ္မတက အခု ဥရောပခရီးစဉ် ရောက်နေတာလေ။

– ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူး လာလိမ့်မယ်လို့ ငါ ခံစားနေရတယ်။

တက်ဂယူက ပြောတယ်။

"တစ်ယောက်ကတော့ ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူးလည်း လာနိုင်တယ်လို့ ပြောနေတယ်ကွ"

ကျွန်တော်က မယုံနိုင်သလို ရယ်လိုက်တယ်။

"အဓိပ္ပာယ်မရှိတာ"

ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူးက အရန်တပ်လေ့ကျင့်ရေးစခန်းကို ဘာလို့ လာရမှာလဲ။

"ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ချာလီ ရှုဇ် ဂိတ်တံခါးဝကို ရောက်ရှိလာပါတယ်"

…ပြီးတော့ အဲဒီအတိုင်း တကယ်ပဲ ဖြစ်လာခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ အရန်တပ်ဖွဲ့ဝင်တွေတောင် တီးတိုးပြောလာကြတယ်။

"မနေ့က ကြည်းတပ်ဦးစီးချုပ်၊ ဒီနေ့က ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူးလား"

"သူက အမေရိကန်ကြည်းတပ်ဗိုလ်ချုပ်ဆိုတော့ သူ့ရာထူးက ကြည်းတပ်ဦးစီးချုပ်နဲ့ တူတူပဲ မဟုတ်ဘူးလား"

"ဟေ့…. သူ့ကို ကိုရီးယားစစ်တပ်က လူကြီးမင်းနဲ့ မနှိုင်းယှဉ်စမ်းနဲ့"

"သူ့ရဲ့ လုပ်ပိုင်ခွင့်က နှိုင်းယှဉ်လို့မရဘူး"

စစ်တပ်ဝါသနာအိုးတစ်ယောက်က တခြားအရန်တပ်ဖွဲ့ဝင်တွေကို ရှင်းပြတယ်။

"ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူးက ကိုရီးယား-အမေရိကန် ပူးတွဲစစ်ဆင်ရေးစစ်ဌာနချုပ်ရဲ့ တပ်မှူးလည်း ဖြစ်သလို စစ်ပွဲဖြစ်ပွားတဲ့အခါ ကုလသမဂ္ဂစစ်ဌာနချုပ်ရဲ့ တပ်မှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ရတာ"

"အို…. အဲဒီလိုလား"

"ကုလသမဂ္ဂစစ်ဌာနချုပ်ရဲ့ တပ်မှူးက စစ်ပွဲအတွင်း စစ်ဆင်ရေးထိန်းချုပ်ခွင့် ရှိတယ်။ စစ်ပွဲဖြစ်ပွားရင် ကိုရီးယားကျွန်းဆွယ်အတွင်းရှိတဲ့ တပ်ဖွဲ့အားလုံးကို ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူးက ကွပ်ကဲတာ"

အရန်တပ်ဖွဲ့ဝင်တွေ လန့်သွားကြတယ်။

"ဘာ။ ဒါဆို သူက စစ်တပ်ထဲမှာ အမြင့်ဆုံးအာဏာပိုင်ပေါ့"

"သူက အမေရိကန်စစ်တပ်ထဲမှာတောင် ထိပ်ဆုံး ဆယ်ယောက်ထဲ ပါလိမ့်မယ်"

"အဲဒီလိုလူက ဘာလို့ အရန်တပ်လေ့ကျင့်ရေးစခန်းကို လာရတာလဲ……"

လူတိုင်းရဲ့ အကြည့်တွေက ကျွန်တော့်ဆီ ရောက်လာပြန်တယ်။

ခဏအကြာမှာတော့ တပ်မှူး ရှုဇ် က တကယ်ပဲ ပေါ်လာခဲ့တယ်။ သူ့နောက်မှာ အမေရိကန်ဗိုလ်ချုပ်တွေ တန်းစီနေသလို ကိုရီးယားဗိုလ်ချုပ်တွေလည်း ပါလာကြတယ်။

ကြယ်တွေ ဘယ်နှပွင့်တောင် ရှိနေတာလဲဟ။

ပြီးတော့ တပ်ရင်းမှူးကလည်း ရူးတော့မယ့်ပုံ ဖြစ်နေပါတယ်။

ဒါတွေအားလုံးကလည်း ကျွန်တော့်ကြောင့်ပဲလား။

အခန်း (၂၃၂)

ချာလီ စီ ရှုဇ်ဟာ ရိုနယ်ရဲ့ အာရှတိုက်ကြီးမဟာဗျူဟာအရ ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူးအဖြစ် ခန့်အပ်ခံရတဲ့သူဖြစ်ပြီး အာဖရိကန်-အမေရိကန်နွယ်ဖွားတစ်ယောက် ဖြစ်ပါတယ်။ အရပ်အမောင်းက သိပ်မမြင့်ပေမဲ့ တောင့်တင်းတဲ့ ကိုယ်ထည်နဲ့ စူးရှတဲ့ မျက်လုံးတွေ ရှိတယ်။ ပထမဆုံး မြင်လိုက်ရုံနဲ့တင် စစ်သားစစ်စစ်တစ်ယောက်ရဲ့ ပုံစံမျိုး ပေါက်နေတာပါ။

တကယ်တော့လည်း အမေရိကန်ရဲ့ ကြယ်လေးပွင့်ဗိုလ်ချုပ်ဆိုတာ စစ်တပ်ရဲ့ ထိပ်တန်းအထူးသင်တန်းတွေကို သေချာပေါက် တက်ရောက်ခဲ့ရမှာပဲလေ။

ဒါပေမဲ့ ဘာလို့ ဒီလိုလူမျိုးက အရန်တပ်လေ့ကျင့်ရေးစခန်းကို လာရတာလဲ။

အရန်တပ်ဖွဲ့ဝင်တွေက စစ်ပွဲဖြစ်ပွားချိန်မှာ အဓိကအင်အားစု ဖြစ်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားရင် စစ်ပွဲအတွင်း စစ်ဆင်ရေးတပ်မှူးက သူတို့ရဲ့ လေ့ကျင့်ရေးအခြေအနေကို လာရောက်စစ်ဆေးတာက လုံးဝ ထူးဆန်းတယ်လို့တော့ ပြောလို့မရပါဘူး။

"……"

မဟုတ်ဘူး၊ ဒါက ထူးဆန်းတယ်။ ဒီအခြေအနေက ဘယ်သူကြည့်ကြည့် သေချာပေါက် ထူးဆန်းနေတာပဲ။

အရန်တပ်ဖွဲ့ဝင်တွေက တီးတိုး ပြောကြတယ်။

"ဒါကို ရုပ်မြင်သံကြားလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်နေတာ မဟုတ်ဘူးလား"

"ရုပ်မြင်သံကြားလိုင်း တင်ဘယ်ကမလဲ။ နိုင်ငံခြားသတင်းဌာနတွေ ကပါ သတင်းတင်ကြလိမ့်မယ်"

"အခုအချိန်မှာ မြောက်ကိုရီးယားရဲ့ ဗဟိုရုပ်မြင်သံကြားလိုင်း ကနေတောင် ထုတ်လွှင့်နေလောက်ပြီ"

ဒါက ဖြစ်နိုင်ချေ အများကြီး ရှိပါတယ်။ မြောက်ကိုရီးယားဘက်က ကြည့်ရင် သူတို့က ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ် တပ်မှူးရဲ့ လှုပ်ရှားမှုတိုင်းကို အထူးစိတ်ဝင်စားကြမှာပဲလေ။

အမေရိကန်စစ်တပ် ရုတ်တရက် ပေါ်လာတာကြောင့် အရန်တပ်ဖွဲ့ဝင်တွေ သတိကပ်သွားကြတယ်။ ငိုက်နေတဲ့သူ ဒါမှမဟုတ် အိပ်ပျော်နေတဲ့သူအားလုံး ချက်ချင်း နိုးကြားသွားကြတော့တယ်။

တပ်ရင်းမှူးက တုန်ရင်နေတဲ့ အသံနဲ့ ပြောလိုက်တယ်။

"အာ…. အဟမ်း။ ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ရှုဇ် က အရန်တပ်ဖွဲ့ဝင်တွေကို အားပေးဖို့ ရောက်လာတာပါ။ ကျေးဇူးပြုပြီး လက်ခုပ်တီးကာ ကြိုဆိုပေးကြပါဦး"

သူ့ရဲ့ မျက်နှာအမူအရာက 'ကျေးဇူးပြုပြီး လက်ခုပ်တီးပေးကြပါ။ တောင်းပန်ပါတယ်' လို့ ပြောနေသလိုပဲ။

ကံကောင်းထောက်မစွာနဲ့ အရန်တပ်ဖွဲ့ဝင်တွေကလည်း ဝတ္တရားအရ လက်ခုပ်တီးပေးကြတယ်။

ဖြောင်း။ ဖြောင်း။ ဖြောင်း

တပ်မှူး ရှုဇ် က ရှေ့ကို တက်လာပြီး စကားပြောတယ်။ သူက အင်္ဂလိပ်လို ပြောတာဖြစ်လို့ ကိုရီးယား-အမေရိကန်နွယ်ဖွားဖြစ်ပုံရတဲ့ အမေရိကန်စစ်အရာရှိတစ်ယောက်က ချက်ချင်း ဘာသာပြန်ပေးတယ်။

"မင်္ဂလာပါ။ ကိုရီးယားအရန်တပ်ဖွဲ့ဝင်တို့။ ကျွန်တော်က ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူး ချာလီ ရှုဇ် ဖြစ်ပါတယ်။ အခုလို အခြေအနေမျိုးမှာ အရန်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ ကိုရီးယားနိုင်ငံကို ကာကွယ်ရာမှာ အရန်တပ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ နိုင်ငံတော်အတွက် ဒီလိုခက်ခဲတဲ့ လေ့ကျင့်ရေးကို တက်တက်ကြွကြွ လုပ်ဆောင်ပေးနေတဲ့ အရန်တပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ နောက်ဆုံးအနေနဲ့……"

တပ်မှူး ရှုဇ် က အစည်းအဝေးခန်းမထဲမှာ ထိုင်နေတဲ့ အရန်တပ်ဖွဲ့ဝင်တွေကို ဝေ့ကြည့်ပြီး ပြုံးလျက် ပြောလိုက်တယ်။

"ဒီနေ့ လူတိုင်း စောစောဆင်းနိုင်အောင် ကျွန်တော် လုပ်ပေးပါ့မယ်"

နှစ်ရက်ဆက်တိုက် စောစောဆင်းခွင့် ကံစမ်းမဲ ပေါက်တာပဲ။

ဘာသာပြန်တာကို ကြားရတဲ့အခါ အရန်တပ်ဖွဲ့ဝင်တွေက နောက်တစ်ကြိမ် လက်တွေမြှောက်ပြီး ဝမ်းသာအားရ အော်ဟစ်ကြပြန်တယ်။

"ယေး"

ကျွန်တော် တော်တော်လေး အံ့သြသွားတယ်။

ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူးက ကိုရီးယားအရန်တပ်ဖွဲ့ဝင်တွေ ဘာလိုချင်လဲဆိုတာကို ဒီလောက်အထိ တိတိကျကျ နားလည်ထားလိမ့်မယ်လို့ မထင်မိဘူး။

တပ်မှူး ရှုဇ် က စစ်သားတွေ၊ အရန်တပ်ဖွဲ့ဝင်တွေနဲ့ တစ်ယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်ပြီး အားပေးစကား ပြောကြားခဲ့တယ်။

သူနဲ့ လက်ဆွဲနှုတ်ဆက်တဲ့သူတိုင်းက တက်တက်ကြွကြွ အော်ဟစ်ကြတယ်။

"တပ်သားသစ် ကင်ဟီးချန်။ အကောင်းဆုံး ကြိုးစားပါ့မယ်"

"ဗိုလ်မှူး လီဟန်ဂျွန်။ တပ်မှူးနဲ့ တွေ့ရတာ အလွန် ဂုဏ်ယူမိပါတယ်"

အရန်တပ်ဖွဲ့ဝင်တွေကတော့ ပေါ့ပေါ့ပါးပါးပဲ (ဒါပေမဲ့ လေးလေးစားစားနဲ့) လက်ဆွဲနှုတ်ဆက်ကြတယ်။

ကျွန်တော့်အလှည့်ရောက်တော့ တပ်မှူး ရှုဇ် က ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး ပြောတယ်။

"မစ္စတာ ကန်နဲ့ တွေ့ချင်နေတာ ကြာပါပြီ"

ကျွန်တော်က ပြုံးပြီး ပြောလိုက်တယ်။

"ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်"

ကျွန်တော်က အမေရိကန်စစ်တပ်နဲ့ တော်တော်လေး ပတ်သက်မှု ရှိခဲ့တာပါ။

မဟာငလျင်ကြီး ကိစ္စတုန်းက အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တွေရော ဖက်ဒရယ်တပ်ဖွဲ့ဝင်တွေပါ ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ ဖြန့်ကြက်ချထားခဲ့ရတယ်။ ကျွန်တော်က ရိုနယ်နဲ့ လိုက်ပါသွားရင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး၊ ကြည်းတပ်ဝန်ကြီး၊ ရေတပ်ဝန်ကြီးနဲ့ ကြည်းတပ်ဦးစီးချုပ်တို့နဲ့ တွေ့ဆုံခွင့် ရခဲ့ဖူးတယ်။

သူတို့အားလုံးက ကျွန်တော့်ကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောခဲ့ကြတယ်။

"မစ္စတာ ကန် လုပ်ပေးခဲ့တာတွေကို အမေရိကန်နိုင်ငံက ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စစ်အခြေစိုက်စခန်းတွေကို ဘယ်အချိန်မဆို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်"

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

"နားလည်ပါပြီ။ အခွင့်အရေးရရင် သေချာပေါက် လာခဲ့ပါ့မယ်"

အမေရိကန်စစ်တပ်နဲ့ ကျွန်တော့်ရဲ့ ပတ်သက်မှုက ဒီလောက်အထိကို နက်ရှိုင်းတာပါ။

ဒါကို ဘာလို့ ကွန်ဆာဗေးတစ်အုပ်စုတွေနဲ့ တချို့နိုင်ငံရေးသမားတွေက ကျွန်တော့်ကို မြောက်ကိုရီးယား လိုလားတဲ့ ကွန်မြူနစ်လို့ ခေါ်နေကြတာလဲ။

သတ်မှတ်ထားတဲ့ အချိန်ထက် နှစ်နာရီစောပြီး ပိတ်ပွဲအခမ်းအနား ပြီးဆုံးသွားခဲ့တယ်။

သေနတ်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ပြန်အပ်ပြီးတဲ့နောက် နောက်ဆုံးတော့ လွတ်လပ်သွားပါပြီ။ ပခုံးပေါ်က အလေးကြီး ပြုတ်ကျသွားသလိုပဲ။

"ဒီနှစ်အတွက် အရန်တပ်သင်တန်းက ဒီလောက်နဲ့ ပြီးပြီလား"

"မင်းကလည်း ဘာဖြစ်နေတာလဲ၊ အပျော်တမ်းသမားလိုပဲ။ ငါတို့တွေ စစ်ပွဲကာလ စစ်အင်အားစုဆောင်းရေး လေ့ကျင့်ဖို့ ကျန်သေးတယ်လေ"

"……"

ကျွန်တော် တကယ်ပဲ နိုင်ငံသား ပြောင်းသင့်ပြီ ထင်တယ်။

ဒါမှမဟုတ် ဌာနချုပ်ကိုပဲ အမေရိကန်ဆီ ရွှေ့လိုက်ရမလား။

ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်ရဲ့ တပ်မှူး လာရောက်လည်ပတ်ခဲ့လို့ပဲလားမသိဘူး။ တံခါးဝရှေ့မှာ သတင်းထောက်တွေ အုပ်စုလိုက် ရှိနေကြတယ်။ ကံကောင်းထောက်မစွာနဲ့ သတင်းထောက်တွေ ကျွန်တော်တို့ဆီ မရောက်ခင်မှာပဲ သက်တော်စောင့် မောင်းနှင်တဲ့ ကားထဲကို ဝင်နိုင်ခဲ့ကြတယ်။

လမ်းမှာ ပြည်သူ့ဆက်ဆံရေးအဖွဲ့ရဲ့ ခေါင်းဆောင်ကို ကျွန်တော် ဖုန်းခေါ်လိုက်တယ်။

"အခု လေ့ကျင့်ရေး ဆင်းနေတာ မဟုတ်ဘူးလား"

"အခုတင် ပြီးသွားလို့"

"အဲဒီလိုလား။ ခက်ခဲတဲ့ လေ့ကျင့်ရေးကြောင့် တော်တော် ပင်ပန်းနေမှာပဲ"

တပ်ဖွဲ့ထဲမှာ ထိုင်နေရတာတင် ပင်ပန်းလှပါပြီ။

ကျွန်တော် ကားထဲမှာ စစ်ဝတ်စုံအကျီကို ချွတ်လိုက်ရင်း ပြောလိုက်တယ်။

"ကျွန်တော့်အတွက် လူတစ်ယောက် ရှာပေးပါ"

အိမ်ပြန်ရောက်တော့ ကျွန်တော်တို့တွေက သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေ လဲပြီး ဆိုဖာပေါ်မှာ အနားယူလိုက်ကြပါတယ်။ စောစောစီးစီး ပြီးတာနဲ့ ရုံးခန်းကို ဝင်ဖို့ စဉ်းစားခဲ့ပေမဲ့ အိမ်ပြန်ရောက်တာနဲ့ ဘာမှမလုပ်ချင်တော့ဘူး။

ကုမ္ပဏီက ကျွန်တော်မရှိလည်း ကောင်းကောင်း လည်ပတ်နေတာပဲလေ။

ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ် တပ်မှူးရဲ့ အရန်တပ်လေ့ကျင့်ရေးစခန်း လာရောက်လည်ပတ်မှုက မျှော်လင့်ထားတဲ့အတိုင်း အရေးပါတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေတယ်။ သတင်းကို ဖွင့်လိုက်တာနဲ့ တပ်မှူး ချာလီ ရှုဇ် ရဲ့ ပုံရိပ် ပေါ်လာပါတယ်။

သူက သတင်းထောက်တွေ ခေါ်မလာခဲ့တာကြောင့် ကျွန်တော်နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံတွေတော့ မရှိပါဘူး။ အဲဒါအစား အဲဒီမှာရှိခဲ့တဲ့ အရန်တပ်ဖွဲ့ဝင်တွေရဲ့ အင်တာဗျူးတွေကို ထုတ်လွှင့်နေတာပါ။

ညနေပိုင်းမှာ အယ်လီ က လာလည်တယ်။ သူက အလုပ်ကနေ တန်းလာတာဖြစ်လို့ လုပ်ငန်းခွင်ဝတ်စုံနဲ့ပဲ ရှိသေးတယ်။

"ဟိုင်း။ ငါရောက်ပြီနော်"

"ကြိုဆိုပါတယ်"

"ညစာအတွက် ဆူရှီ ဝယ်လာတယ်"

ထမင်းစားပွဲမှာ သွားစားမယ့်အစား ဧည့်ခန်းစားပွဲမှာပဲ စားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အယ်လီ က ဆူရှီတွေကို ပန်းကန်ထဲ ထည့်နေတုန်း ကျွန်တော်က ရေခဲသေတ္တာထဲကနေ ဝိုင်ဖြူတစ်ပုလင်း ထုတ်လိုက်တယ်။

"ကောင်းကောင်း စားပါ့မယ်"

ကျွန်တော်တို့ ဝိုင်ခွက်တွေကို ပေါ့ပေါ့ပါးပါး တိုက်လိုက်ကြတယ်။

"နှစ်ယောက်လုံး လေ့ကျင့်ရေးကြောင့် ပင်ပန်းနေမှာပဲ"

"ပင်ပန်းစရာလား။ ထိုင်နေရင်း ပြန်လာတာပဲဟာ"

"ဒါပေမဲ့ ငါကတော့ နည်းနည်းလေး စိတ်ပူနေခဲ့တာ။ ကိုရီးယားစစ်တပ်ထဲမှာ မတော်တဆမှုတွေ အများကြီး ရှိတယ်လို့ ကြားဖူးလို့လေ"

တက်ဂယူက ခေါင်းညိတ်တယ်။

"မှန်တယ်။ ငါတို့ ကန်ဂျင်ဟူ လည်း စစ်တပ်ထဲမှာ တုန်းက မတော်တဆမှု အကြီးကြီး တစ်ခု ဖြစ်ဖူးတယ်"

သူ့စကားကြောင့် အယ်လီ ရဲ့ မျက်လုံးတွေ ဝိုင်းသွားတယ်။

"မတော်တဆမှု ဟုတ်လား"

"အဲဒါကတော့…."

အခုအချိန်မှာ ဖုံးကွယ်ထားဖို့ မလိုတော့ဘူး မဟုတ်လား။

အတိတ်က လေ့ကျင့်ရေးလုပ်နေတုန်း ဖြစ်ပွားခဲ့တဲ့ စိန်ပြောင်းပေါက်ကွဲမှု မတော်တဆမှုအကြောင်းကို ကျွန်တော် သူ့ကို ပြောပြလိုက်တယ်။ သေချာတာကတော့ အနာဂတ်မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ခဲ့ရတဲ့ အပိုင်းကိုတော့ ချန်လှပ်ထားခဲ့တာပေါ့။

အယ်လီ က လန့်ဖျန့်သွားပြီး လက်နှစ်ဖက်နဲ့ ပါးစပ်ကို ပိတ်လိုက်တယ်။

"တ-တကယ်ကြီးလား။ အဲဒီလိုမျိုး ဖြစ်ခဲ့တာလား"

"တက်ဂယူ ကလွဲရင် ဒါကို ဘယ်သူမှ မသိကြဘူး"

ကျွန်တော်လည်း အမေ စိတ်ပူမှာစိုးလို့ အမေ့ကို မပြောခဲ့ဘူး။ အမေ အခုထိ မသိသေးပါဘူး။

"ဒဏ်ရာ မရခဲ့ဘူးလား"

"မရပါဘူး။ မြင်တဲ့အတိုင်းပဲ။ ငါလုံးဝ အကောင်းတိုင်းပဲလေ"

ကံကောင်းထောက်မစွာနဲ့ မတော်တဆမှု မဖြစ်ခင်လေးမှာတင် အနာဂတ်မြင်ကွင်းကို မြင်လိုက်ရလို့ ဝပ်ချလိုက်နိုင်တာကြောင့် အပြင်းအထန် ဘာမှမဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ခဏလောက်တော့ နားအူတဲ့ ဝေဒနာ ခံစားခဲ့ရတယ်။

တကယ်လို့ ကျွန်တော့်ရဲ့ တုံ့ပြန်မှုက တစ်စက္ကန့်လောက် နောက်ကျခဲ့ရင် အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးတာ ဒါမှမဟုတ် ပြင်းထန်တဲ့ ဒဏ်ရာ ရသွားနိုင်ပါတယ်။

"ဒါနဲ့ စိန်ပြောင်းက ဘာလို့ ပေါက်ကွဲရတာလဲ"

ကျွန်တော် ခါးခါးသီးသီး ပြုံးလိုက်တယ်။

"အစကတည်းက အပြစ်အနာအဆာ ရှိနေလို့လေ"

တက်ဂယူက သူ့ဖုန်းထဲကနေ အဲဒီတုန်းက သတင်းဆောင်းပါးတစ်ခုကို ရှာပြီး သူ့ကို ပြလိုက်တယ်။

KM188 ဆိုတာ Hwa-an Precision Chemicals က တီထွင်ထားတဲ့ စိန်ပြောင်းအမျိုးအစားသစ် ဖြစ်ပါတယ်။ ဒါကို ကိုရီးယားစစ်တပ်ဆီ ပထမဆုံး ထောက်ပံ့ခဲ့တာဖြစ်ပြီး တူရကီနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ပြည်ပပို့ကုန် စာချုပ်တွေလည်းချုပ်ဆိုကာ ပို့ဆောင်နေခဲ့တာပါ။

တကယ်လို့ ဒါက ရိုးရိုးရှင်းရှင်း ပေါက်ကွဲတာဆိုရင် သူတို့တွေ တစ်နည်းနည်းနဲ့ ဖုံးကွယ်ထားနိုင်ကောင်း ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီပေါက်ကွဲမှုကြောင့် လူတစ်ယောက် သေဆုံးခဲ့ပြီး နောက်တစ်ယောက်က ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့တာလေ။

ပေါက်ကွဲမှု မတော်တဆမှုက လူသိရှင်ကြား ဖြစ်သွားတာနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က KM188 တွေအားလုံးကို စုဆောင်းပြီး သေချာ စုံစမ်းစစ်ဆေးခဲ့ကြတယ်။ ရလဒ်က အံ့သြစရာပဲ။ အဲဒီစိန်ပြောင်းအသစ်က အစကတည်းက ပြင်းထန်တဲ့ အပြစ်အနာအဆာ ရှိနေခဲ့တာ။ သဘာဝကျစွာနဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုတွေနဲ့ ပြည်ပပို့ကုန်အားလုံး ဖျက်သိမ်းခံလိုက်ရတယ်။

ဒါပေမဲ့ ဒါနဲ့ တင်မပြီးသေးဘူး။

နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုအရ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးအဖွဲ့က အပြစ်အနာအဆာ ရှိနေတာကို သိလျက်နဲ့ စစ်ဆေးမှုရလဒ်တွေကို လိမ်လည်ပြီး တင်ပို့ခွင့်အောင်မြင်အောင် လုပ်ပေးခဲ့တာကို ဖော်ထုတ်နိုင်ခဲ့တယ်။

အယ်လီ က ဝေခွဲမရတဲ့ မျက်နှာအမူအရာနဲ့ မေးတယ်။

"ဒါဆို သူတို့က အပြစ်အနာအဆာ ရှိမှန်း သိရက်နဲ့ ထောက်ပံ့ဖို့ ခွင့်ပြုပေးခဲ့တာလား"

"ဟုတ်တယ်"

"ဘာဖြစ်လို့လဲ"

"လာဘ်ငွေတွေ ရထားလို့လေ"

တောင်ကိုရီးယားစစ်တပ်ရဲ့ လာဘ်ပေးလာဘ်ယူမှုက တော်တော်လေး သမိုင်းကြောင်း ရှည်လျားပါတယ်။

အကျော်ကြားဆုံး ဖြစ်ရပ်ကတော့ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်ရပ်ပါပဲ။

မြောက်ကိုရီးယားရဲ့ ကျူးကျော်မှုကြောင့် ကိုရီးယားစစ်ပွဲ ဖြစ်ပွားခဲ့တဲ့အခါ ဆင်းမန်းရီး အစိုးရက ရှေ့တန်းတက်လာတဲ့ ရန်သူ့တပ်တွေကို တုံ့ပြန်ဖို့ လူအင်အား ၅၀၀,၀၀၀ ခန့်ရှိတဲ့ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းဖို့ အရပ်သားတွေကို စစ်ထဲသွင်းခဲ့တယ်။ ဒါက အရန်တပ်ဖွဲ့ဝင် အမျိုးအစားမျိုးပေါ့။

ဒါပေမဲ့ အထက်က တပ်မှူးတွေက အဲဒီတပ်ဖွဲ့ဝင်တွေကို အဝတ်အထည်နဲ့ အစားအသောက် ကျွေးမွေးဖို့ သတ်မှတ်ထားတဲ့ ဘတ်ဂျက်တွေကို ခိုးယူခဲ့ကြတယ်။ စစ်သားတွေက သေချာတဲ့ ထောက်ပံ့မှု မရှိဘဲ ဆာလောင်မွတ်သိပ်မှု၊ အအေးဒဏ်နဲ့ ရောဂါဝေဒနာတွေကို ခံစားခဲ့ရတယ်။ နောက်ဆုံးတော့ တိုက်ပွဲဝင်တာမျိုး လုံးဝမရှိဘဲ တပ်ချီတက်နေတုန်း အင်အား ၂၀ ရာခိုင်နှုန်းလောက် ငတ်မွတ်ခေါင်းပါးမှု၊ အအေးမိမှု၊ ရောဂါဝေဒနာတွေကြောင့် သေဆုံးခဲ့ရတယ်။

မဟာမိတ်စစ်သား ၉၀,၀၀၀ လောက်ဟာ ရန်သူ့ကျည်ဆန်ကြောင့် မဟုတ်ဘဲ သူတို့တပ်မှူးတွေရဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သေဆုံးခဲ့ရတာပါ။

ဒါက ကမ္ဘာပေါ်မှာ လာဘ်ပေးလာဘ်ယူမှုတွေထဲက အဆိုးဆုံး ဖြစ်ရပ်တွေထဲက တစ်ခုပါပဲ။

အဲဒီကတည်းက ဆယ်စုနှစ်တွေ ကုန်လွန်ခဲ့ပြီ ဖြစ်ပေမဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးနဲ့ ဝယ်ယူရေး လာဘ်ပေးလာဘ်ယူမှုတွေက ပပျောက်မသွားသေးပါဘူး။ စစ်သားတွေက ငတ်ပြတ်ပြီး ဒါမှမဟုတ် အအေးမိပြီး မသေဆုံးတော့ဘူး ဆိုပေမဲ့ မတော်တဆမှုတွေကြောင့် သေဆုံးတာကတော့ အခုထိ အဖြစ်များနေတုန်းပါပဲ။

ဥပမာအားလုံးကို စာရင်းပြုစုရရင် စာအုပ်အတော်များများ ပြည့်သွားပါလိမ့်မယ်။

"နိုင်ငံကို ကာကွယ်ရမယ့် တာဝန်ရှိတဲ့ စစ်သားတွေက ဘာလို့ ဒီလိုမျိုး လုပ်နိုင်ရတာလဲ။ ဒါက နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အတူတူပဲ မဟုတ်ဘူးလား"

တက်ဂယူက ဆူရှီတစ်တုံးကို ယူလိုက်ရင်း ပြောတယ်။

"တချို့ကတော့ ဒါကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရာဇဝတ်မှုလို့ ခေါ်ကြတယ်"

အယ်လီ က ကြောင်အန်းအန်းနဲ့ မေးတယ်။

"နောက်နေတာလား"

ကျွန်တော် သက်ပြင်းချပြီး ပြောလိုက်တယ်။

"ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်က အဲဒီလို ပြောခဲ့တာ"

တက်ဂယူက ခေါင်းညိတ်တယ်။

"သမ္မတ ခန့်အပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီးလေ"

စိန်ပြောင်းပေါက်ကွဲမှုက ရိုးရိုးရှင်းရှင်း မတော်တဆမှု မဟုတ်ဘဲ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးအဖွဲ့ရဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် ဖြစ်ရတဲ့ လူဖန်တီးတဲ့ ဘေးအန္တရာယ်ဖြစ်မှန်း ပေါ်ပေါက်သွားတဲ့အခါ နိုင်ငံရေးလောကဟာ တုန်လှုပ်သွားခဲ့တယ်။

လွှတ်တော်ရဲ့ ကာကွယ်ရေးကော်မတီ စုံညီအစည်းအဝေးမှာ အာဏာရပါတီရော အတိုက်အခံပါတီကပါ လွှတ်တော်အမတ်တွေက စစ်ဘက်ဆိုင်ရာ ဝယ်ယူရေး လာဘ်ပေးလာဘ်ယူမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။ ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီး ဟန်မင်းဂူ က "အတိတ်နဲ့မတူဘဲ ဒီဘက်ခေတ် စစ်ဘက်ဆိုင်ရာ ဝယ်ယူရေး လာဘ်ပေးလာဘ်ယူမှု ဖြစ်ရပ်အများစုက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်" လို့ ပြောကြားပြီး ပြည်သူတွေကို ဒေါသထွက်စေခဲ့တယ်။

လွှတ်တော်အမတ်တစ်ယောက်က ဘယ်လောက်တောင် ဆွံ့အသွားလဲဆိုရင် ချက်ချင်းထရပ်ပြီး အော်ဟစ်ခဲ့တယ်။

" Jean Valjean (Les Misérablesဇာတ်လမ်းထဲက ဇာတ်ကောင်)က ဗိုက်ဆာလို့ ပေါင်မုန့်ခိုးတာက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရာဇဝတ်မှုပါ။ ဒါပေမဲ့ ကာကွယ်ရေးကန်ထရိုက်တာတွေဆီကနေ ဝမ်သန်းထောင်ပေါင်းများစွာ လက်ခံပြီး အပြစ်အနာအဆာတွေကို မျက်ကွယ်ပြုတာက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရာဇဝတ်မှုလို့ ပြောစရာလား"

ယုတ္တိကျကျကြည့်ရင် တပ်ကြပ်ကြီးတစ်ယောက် ဒါမှမဟုတ် ဒုဗိုလ်တစ်ယောက်က လာဘ်ငွေတွေ ရပါ့မလား။ သေချာတာကတော့ ပခုံးပေါ်မှာ ကြယ်တွေအများကြီး ရှိနေတဲ့ ဗိုလ်ချုပ်တွေကပဲ ငွေတွေကို ယူကြမှာပေါ့။

ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ကြောင့် စစ်ဘက်ဆိုင်ရာ ဝယ်ယူရေး လာဘ်ပေးလာဘ်ယူမှုအပေါ် စုံစမ်းစစ်ဆေးမှုကို ယေဘုယျအားဖြင့် တိုးချဲ့ခဲ့ရပြီး ရေတပ်ဦးစီးချုပ်ဟောင်းတစ်ယောက်တောင် ဖမ်းဆီးခံခဲ့ရတယ်။

ဒီအချိန်မှာတော့ စစ်တပ်တစ်ခုလုံးက လာဘ်ပေးလာဘ်ယူမှုတွေနဲ့ မမှန်မကန်မှုတွေရဲ့ ခိုအောင်းရာနေရာလို့ ပြောရင်လည်း ပိုမှာမဟုတ်ဘူး။

ကျွန်တော် ဝိုင်ခွက်ထဲက ဝိုင်တွေကို တစ်ကျိုက်တည်းနဲ့ ကုန်အောင် သောက်လိုက်တယ်။ ခွက်အများကြီး မသောက်ရသေးပေမဲ့ ဒီနေ့ညတော့ အရက်မူးဝေမှုက ကျွန်တော့်ဆီ ချက်ချင်း ရောက်လာသလိုပဲ။

"အဲဒီ 'အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရာဇဝတ်မှု' ကြောင့် လူတစ်ယောက် အသက်ဆုံးရှုံးခဲ့ရပြီး လူတစ်ယောက် ခြေထောက် ဆုံးရှုံးခဲ့ရတာ"

တပ်သား ကင်ဂျေဟတ် က သူ့ခြေထောက်ကို ဆုပ်ကိုင်ပြီး နာကျင်စွာ အော်ဟစ်နေတဲ့ အသံက အခုထိ ကျွန်တော့်စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေတုန်းပဲ။

"သေချာတဲ့ နစ်နာကြေး ရခဲ့ရဲ့လား"

"မရပါဘူး"

စစ်ဆေးရုံမှာ ဆေးရုံတက်နေတုန်း ကျွန်တော်တို့တွေဟာ ကုတင်ပေါ်မှာ လှဲနေတဲ့ တခြားစစ်သားတွေနဲ့ တွေ့ဆုံခွင့် ရခဲ့တယ်။

စစ်တပ်က စစ်သားတွေ တကယ်ကို ပြင်းပြင်းထန်ထန် မဖျားမချင်း ဆေးရုံကို လုံးဝ ပို့မှာမဟုတ်ပါဘူး။ ဒါကြောင့် စစ်ဆေးရုံမှာ ဆေးရုံတက်ရတယ်ဆိုတာ အပြင်းအထန် ဒဏ်ရာရထားလို့ပါပဲ။ ဆေးရုံတက်နေသူအများစုက နောက်ပိုင်း ကုသမှုခံယူဖို့စရိတ်တွေနဲ့ နစ်နာကြေးအတွက် စိတ်ပူနေခဲ့ကြတယ်။

တောင်ကိုရီးယားက စစ်သားတွေကို နိုင်ငံတော်အပေါ် နစ်နာကြေး တရားစွဲဆိုခွင့် ပိတ်ပင်ထားတယ်ဆိုတာကို ကျွန်တော် အဲဒီမှာမှ သိခဲ့ရတာပါ။

အယ်လီ က နားမလည်နိုင်တဲ့ မျက်နှာအမူအရာနဲ့ မေးတယ်။

"တကယ်ကြီးလား။ စစ်သားတွေကို နစ်နာကြေး တရားစွဲခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံက တော်တော် ရှားပါတယ်"

"အစိုးရက ဗီယက်နမ်စစ်ပွဲ စစ်တပ်ဖြန့်ကြက်ချထားမှုအတွင်း အသေအပျောက် အများကြီး ဖြစ်ပွားခဲ့ပြီးတဲ့နောက် တာဝန်ယူမှုကို ရှောင်လွှဲဖို့ အဲဒီစည်းကမ်းကို လုပ်ခဲ့ကြတာ"

ကျွန်တော် ကုသမှု ခံယူနေတုန်း တပ်ခွဲမှူး၊ တပ်ရင်းမှူးနဲ့ တပ်မမှူးတို့က တစ်ယောက်ပြီးတစ်ယောက် လာတွေ့ကြတယ်။ သူတို့အားလုံးက မီဒီယာတွေကို အင်တာဗျူးပေးတာမျိုး ဒါမှမဟုတ် အွန်လိုင်းမှာ စာတင်တာမျိုးလိုမျိုး စစ်တပ်အပေါ် အပျက်သဘောဆောင်တဲ့ အမြင်တွေ ဖြစ်စေနိုင်မယ့် အရာတွေကို မလုပ်ဖို့ အလေးအနက် ပြောခဲ့ကြတယ်။

တကယ်လို့ သတင်းပေါက်ကြားသွားရင် တပ်ဖွဲ့တစ်ခုလုံးအတွက် ပြဿနာ ဖြစ်လိမ့်မယ်လေ။

ကျွန်တော်ကလည်း အမေ စိတ်ပူမှာစိုးလို့ အိမ်ကို မဆက်သွယ်ဖို့ သူတို့ကို တောင်းဆိုထားပြီးသား ဖြစ်တာမလို့ ဘာမှပြောဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။

အယ်လီ က မေးတယ်။

"ကိုရီးယားမှာ နိုင်ငံတော်ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဒါမှမဟုတ် စစ်မှုထမ်းဟောင်းရေးရာလိုမျိုး စနစ်တွေ မရှိဘူးလား"

"ရှိတော့ ရှိပါတယ်။ ဒါပေမဲ့…"

အဲဒီလို ဖြစ်လာဖို့က ဆင်တစ်ကောင် အပ်ပေါက်ထဲကို ဖြတ်ဖို့ထက်တောင် ပိုခက်ခဲပါတယ်။

တက်ဂယူက ပြောတယ်။

"စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေက တောင်တက်ရင်း ခလုတ်တိုက်မိတာ ဒါမှမဟုတ် တံခါးခုံနဲ့ ခြေမစောင်းမိရင်တောင် နိုင်ငံတော်ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဖြစ်သွားကြတာ မဟုတ်ဘူးလား"

ဒီစကားက ကြားမိရင် ပြက်လုံးတစ်ခုလို ထင်ရကောင်း ထင်ရနိုင်ပေမဲ့ ပကတိအမှန်တရားပါ။ ယာဉ်တိုက်မှုဖြစ်ပွားစေပြီး တခြားလူတွေကို ဒဏ်ရာရစေခဲ့ပြီးနောက် နိုင်ငံတော်ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဖြစ်သွားတဲ့ ဝန်ထမ်းတစ်ယောက်တောင် ရှိသေးတာလေ။

အယ်လီ ရဲ့ မျက်နှာက ဝိုင်ရှိန်ကြောင့် နည်းနည်း နီမြန်းနေပါပြီ။

"ဘာလို့ ကိုရီးယားက နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရခဲ့တဲ့ စစ်သားတွေကို တာဝန်မယူပေးရတာလဲ"

"မပြောတတ်ဘူးလေ"

လူတွေကို စစ်ထဲသွင်းတုန်းကတော့ နိုင်ငံတော်ရဲ့ သားကောင်းရတနာတွေလို့ ခေါ်ကြပြီး ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတဲ့အခါကျတော့ တခြားလူရဲ့ သား ဖြစ်သွားတာပဲ။ ဒါကြောင့် လူတွေက စစ်တပ်ထဲမှာ သေတာက ခွေးသေ ဝက်သေ သေတာနဲ့ တူတူပဲလို့ ပြောကြတာပေါ့။

"ဒါနဲ့ မင်းနဲ့ ရင်းနှီးခဲ့တဲ့ အဲဒီစီနီယာစစ်သားကော။ သူ အခု ဘယ်လိုနေလဲ"

ကျွန်တော် ခွက်ထဲမှာ ကျန်နေတဲ့ ဝိုင်တွေကို ကုန်အောင် သောက်လိုက်တယ်။

"ငါလည်း အဲဒါကို သိချင်မိတယ်"

ရက်အနည်းငယ် ကြာပြီးနောက်

ကျွန်တော် ရုံးခန်းမှာ ရှိနေရင်း တက်ဂယူနဲ့ နေ့လယ်စာ ဘာစားမလဲဆိုတာ ဆွေးနွေးနေတုန်း ပြည်သူ့ဆက်ဆံရေး အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ် က စီအီးအိုရုံးခန်းထဲကို ဝုန်းဒိုင်းကြဲ ဝင်လာခဲ့တယ်။

"ဘာဖြစ်လို့လဲ"

စီနီယာ ကီဟုမ် က ကျွန်တော့်ကို ပြောလိုက်တယ်။

"စီအီးအိုပြောတဲ့လူ… ကင်ဂျေဟတ် ကို ကျွန်တော်တို့ ရှာတွေ့ပြီ"

All Chapters